လေကြောင်းတိုက်ခိုက်ခံရမှုတွေနဲ့ တော်လှန်ရေးနယ်မြေတွေထဲကသင်္ကြန်ရက်များ

၂၀၂၅ ခုနှစ်သင်္ကြန်ကာလ အတွင်း စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ဒေသကြီး ၇ ခုထက်မနည်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မြူးကြွတဲ့ သင်္ကြန်သီချင်းသံတွေအစား "အုန်း" မြည်သွားတဲ့ ဗုံးကွဲသံတွေ၊ သင်္ကြန်ရေစက်တွေအစား ပေါက်ကွဲထွက်လာတဲ့ ဗုံးအစအနတွေနဲ့ ဖြတ်သန်းနေကြရတယ်လို့ လေကြောင်းတိုက်ခိုက်ခံဒေသက လူထုက ပြောဆိုကြပါတယ်။

ငလျင်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်ရပ်မယ်လို့ စစ်တပ်က ကြေညာထားတဲ့ကာလထဲမှာ မြန်မာ့ရိုးရာအခါသင်္ကြန်ရက်တွေအကျုံးဝင်နေပါတယ်။

ဒါပေမဲ့ လေကြောင်းရန်အတွက် ရတက်မအေးရလို့ တော်လှန်ရေးနယ်မြေတွေမှာ သင်္ကြန်ကာလကိုဘယ်လိုဖြတ်သန်းနေကြရလဲ။

စစ်တပ်ကဘာကြောင့်လေကြောင်းတိုက်ခိုက်နေတာလဲ

သင်္ကြန်ကာလ အခါကြီးရက်ကြီးလို့ သတ်မှတ်ကြတဲ့ ဧပြီ ၁၂ ရက်၊ သင်္ကြန်အကြို ၁၃ ရက်၊ သင်္ကြန်အကျ ၁၄ ရက်တွေမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၈ ဦးထက်မနည်းရှိခဲ့ပြီး ၂၀ ကျော် ပြင်းထန်ထိခိုက်ဒဏ်ရာရထားပါတယ်။

စစ်ကိုင်းထဲက ဒီပဲယင်း၊ ဝန်းသို၊ တန့်ဆည်၊ကနီ၊ ကောလင်း ၊ မန္တလေးတိုင်းထဲက သပိတ်ကျင်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် မင်းတပ်တို့ ဟာ သင်္ကြန်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုခံထားရတဲ့မြို့တွေဖြစ်ပါတယ်။

သင်္ကြန်မတိုင်ခင်ရက်မှာပဲ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းတော်ကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲခံခဲ့ရပါတယ်။ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ စစ်ဘေးရှောင် ၂ ဦးနဲ့ ကိုရင် ၃ ပါး နေရာမှာတင် သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့ ၉ ဦးကလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြပါတယ်။

မန္တလေးမှာ ငလျင်လှုပ်လို့ စစ်ကိုင်းဘက် ပြောင်းကြသူတွေလည်း လေကြောင်းအန္တရာယ်ကြုံကြရပါတယ်။

" ဗုံးကျတာ ဘုန်းကြီးကျောင်းကြီး ပွင့်ထွက်သွားတယ်။ ဗုံးထိလို့ ဆုံးသွားတဲ့ ကိုရင်လေးတွေက မန္တလေး ငလျင်လှုပ်လို့ ငလျင်လာရှောင်ရင်းနဲ့ ဒီမှာလေကြောင်းတိုက်ခံရတာနဲ့ကြုံပြီး ဆုံးသွားတာ"လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကိုရင်လေးတွေရဲ့ အလောင်းကို ကောက်ယူခဲ့ရတဲ့ ဒေသခံတစ်ယောက်ကတော့ "ကိုရင်တစ်ပါးဆို ခန္ဓာကိုယ်က မီးသွေးတုံးလိုဖြစ်သွားပြီးတော့ ခေါင်းရှာမတွေ့တော့ဘူး။ နောက် ကိုရင်နှစ်ပါးဆိုလည်း ဖြူဖြူဖွေးဖွေးနဲ့ ချောချောလေးတွေဗျာ၊ မိဘတွေ ရင်ကွဲတာပေါ့"လို့ ပြောပြပါတယ်။

ဒီပဲယင်းမြို့ဟာ ၂၀၂၄ ခုနှစ် ဩဂုတ် တုန်းက တော်လှန်ရေးတပ်ဖွဲ့တွေ မြို့သိမ်းပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ စစ်ကောင်စီရဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့တဲ့ လေကြောင်းရန်ကြောင့် တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာခဲ့ရတဲ့မြို့ပါ။

ဒါပေမဲ့ မြို့ပေါ်သာ စစ်ကောင်စီဘက်က တပ်စွဲထားနိုင်ပြီး ဒေသနေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ဒီပဲယင်းမြို့နယ်ထဲက စစ်ကောင်စီထောက်ခံတဲ့ ဒေသအခေါ် ပျူစောထီးရွာတွေကိုတော်လှန်ရေးတပ်တွေက ရိက္ခာပို့ လမ်းကြောင်းတွေဖြတ်တောက်ထားပါတယ်။

" ရိက္ခာလမ်းကြောင်းဖြတ်တောက်လိုက်တော့ သူတို့တွေကို စစ်ကူပို့ပါ။ လေကြောင်းပစ်ကူပါဆိုပြီး အကူအညီတွေတောင်းကြတယ်။ အဲဒါကြောင့်လာပစ်နေတာ။ ဒါပေမဲ့ အပစ်ခံရတာက ဘုန်းကြီးကျောင်းတွေ ဖြစ်နေတယ်။ အဲဒီမှာက တော်လှန်ရေးတပ်တွေမှ မရှိဘူး"လို့ ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦများ ပျက်စီးကာ ခရိုင်ပညာရေးရုံးနဲ့ လူနေအိမ်တွေပျက်စီးခဲ့ပါတယ်။

သင်္ကြန်အကြို ဧပြီ ၁၃ ရက် ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်တာက အဲဒီမြို့တွေနဲ့ ကပ်လျက်ရှိနေတဲ့ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့ ဆက်စပ်နေပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ အမှတ် ၇၇ ခြေမြန်တပ်မ ဌာနချုပ်ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆၀ ဝန်းကျင်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းမိခဲ့ကြပါသေးတယ်။

"အင်းတော်ကို လက်လွှတ်လိုက်ရလို့ မချိမဆန့်လည်း ဖြစ်ပြီး မဲတာလည်း ဖြစ်နိုင်တာပေါ့၊ အင်းတော်ကို ရလိုက်ပြီးရင် ကောလင်း၊ ဝန်းသိုဘက်ကို ဦးတည်မှာ စိုးတာလို့ ကြိုကာတဲ့သဘောပေါ့"လို့ စစ်ကိုင်းတိုင်း စစ်ရေးအခြေအနေတွေကို သိရှိသူ၊ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ပြောပါတယ်။

သင်္ကြန် အကျနေ့ ဧပြီ ၁၄ ရက်မှာတော့ စစ်ကောင်စီတပ်တွေ ဟာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက ပိန္နဲကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲသွားလို့ ဘုန်းကြီးကျောင်းပေါ်ကိုပဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ကနီမြို့နယ်၊ မုဌောရွာနဲ့ နတ်ကြီးရွာတို့မှာလည်း လေကြောင်းအပြင် စက်တပ်လေထီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက် သတင်းရင်းမြစ်တစ်ဦးကဖြေပါတယ်။

ဆက်သွယ်ရေးအခက်အခဲကြောင့် အဲဒီမြို့နယ်တွေမှာ ထိခိုက်သေဆုံးတဲ့ အရေအတွက်တွေကိုတော့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ဒီပဲယင်းပကဖ၊ ရွှေဘိုခရိုင် ပကဖ၊ အေအေ စစ်ရေးအရင်းအမြစ်၊ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကတော့ "စစ်ကောင်စီက အပစ်ရပ်တယ်ဆိုတာ ထုတ်ပြန်ချက် သက်သက်သာဖြစ်တယ်။ အရင်ကတည်းက ကတိမတည်တာဖြစ်လို့ ဘာမှမမျှော်လင့်ထားဘူး"လို့ တုံ့ပြန်ကြပါတယ်။

စစ်ကောင်စီကတော့ သူ့ အပစ်ရပ်ကြေညာချက်မှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့တခြား‌တော်လှန်ရေး တပ်ဖွဲ့တွေက အများပြည်သူ ဆက်သွယ်ရေး လမ်းကြောင်းတွေကို နှောင့်ယှက်တာ၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်စီးစေတာ၊ တပ်စခန်းတွေကို တိုက်ခိုက်တာ၊ အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေ လုပ်မယ်ဆိုရင် တုန့်ပြန်သွားမယ်လို့ ထည့်ပြောထားပါတယ်။

"တဖက်(တော်လှန်ရေးတပ်ဖွဲ့တွေဘက်) ကလည်း အပစ်ရပ်တယ်ပြောပေမဲ့ တိုက်ပွဲဖော်တာတွေရှိနေတယ်။ အပစ်ရပ်မယ်လို့ မည်သို့ပင် ကြေညာစေကာမူ နကစ အနေနဲ့ ဘယ်လိုအခြေအနေမှာ တုန့်ပြန်မယ်ဆိုတာပြောထားပြီးသား "လို့ သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက စစ်တပ်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ထောက်ပြပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဘက်ကလည်း ငလျင်ဒဏ်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးတွေအတွက် မတ် ၃၀ ကနေ ဧပြီ ၁၂ အထိ အပစ်အခတ်ရပ်စဲမယ်လို့ ထုတ်ပြန်ထားတဲ့ ကာလအတွင်း အင်းတော်မြို့ကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီ ထောက်ခံသူတွေက ဝေဖန်နေပါတယ်။

ကတိုက်ကရိုက် သင်္ကြန်ဥပုသ်သီလ

သင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေကို ကြည့်ရင် အများစုကဘုန်းကြီးကျောင်းတွေဖြစ်နေပါတယ်။

ဧပြီ ၁၂ ရက် ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ၊ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုမှာ တန့်ဆည် လယ်မရွာ၊ ဧပြီ ၁၄ ရက်က အင်းတော်မြို့နယ် ပိန္နဲကုန်းရွာတွေက ဘုန်းကြီးကျောင်းတွေ လေကြောင်းတိုက်ခိုက်ခံရမှုဟာ သင်္ကြန်ကာလ ဥပုသ်သတင်း ဆောက်တည်မယ့်သူတွေရဲ့ စိုးရိမ်စိတ်တွေကို မြင့်တက်စေခဲ့ပါတယ်။

ပုံမှန်သင်္ကြန်ကာလတွေမှာဆိုရင် ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ မနက် ၈ နာရီဝန်းကျင်လောက်ကတည်းက ဥပုသ်သီလဆောက်တည်သူတွေ ရောက်နေကြပြီး အများအားဖြင့် ညနေ ၄ နာရီလောက်မှ အိမ်ပြန်ကြတာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ လေကြောင်းရန်ကြောင့် တော်လှန်ရေးနယ်မြေတွေထဲ က ဥပုသ်ဆောက်တည်သူတွေ သီလယူပြီးတာနဲ့ အိမ်ပြန်ကြရပါတယ်။

"ဘုန်းကြီးတွေကိုလည်း လျှောက်ထားတယ် မြန်မြန် သီလပေးပါ။ ဥပုသ်သည်တွေကိုလည်း သီလယူပြီး မြန်မြန်သာပြန်ပါ။ လူမစုပါနဲ့။ ဘုန်းကြီးကျောင်းလည်း လေကြောင်း ပစ်မှတ်ဖြစ်နေတယ်"ဆိုပြီးသတိပေးနှိုးဆော်ထားရတယ်လို့ ရွှေဘိုခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အလားတူသတိပေးမှုတွေက မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုနယ်မြေတွေမှာလည်း ပြောဆိုကြပါတယ်။

"အရပ်သားနေအိမ်တွေမှာ နေရာယူထားရင် ၊ ဘာသာရေးအဆောက်အဦတွေမှာ နေရာယူထားရင်တော့ စစ်ရေးအရ ဒီနည်းလမ်းက သုံးရတာပဲ။ တဖက်က ဘယ်လိုနေရာယူထားလဲဆိုတာ ကွာတာပေါ့လေ" သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သူ့အမြင်ကို ပြောပါတယ်။

မြေပြင်အချက်အလက်တွေထွက်လာချိန်မှာတော့ ထိခိုက်သေဆုံးသူတွေဟာ ကိုရင်တွေ၊ အရပ်သားတွေဖြစ်နေတယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း လူအများကြီးစုပြီး လည်ပတ်ရေမကစားဖို့၊ သင်္ကြန်မဏ္ဍပ်တွေဆောက်ပြီး လူစုလူဝေးနဲ့ ရေမကစားဖို့၊ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်ဆောက်တည်တာနဲ့ အလှူအဒါန်းတွေကို လူစုလူဝေးနဲ့ မလုပ်ဖို့ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ အပါအဝင် စည်းကမ်းချက် ၆ ချက်ကို ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာထားကြပါတယ်။

"အခုက ဥပုသ်တောင် အေးအေးဆေးဆေး မဆောက်ရတဲ့ အချိန်ဖြစ်နေပြီ။ ဘာသာရေးကိုပါ ကန့်သတ်ရတဲ့ အခြေအနေမျိုး ဖြစ်လာလို့ ဒေသတွင်းပဲ ထုတ်ပြန်တာဖြစ်တယ်"လို့ အေအေ စစ်ရေး အရင်းအမြစ်က ပြောပါတယ်။

ငလျင်ဘေးအတွက် မြန်မာကိုလာပြီး စစ်ကောင်စီနဲ့တွေ့ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စဂျူလီ ဘစ်ရှော့ကတော့ ဘက်အသီးသီးရဲ့ ယာယီအပစ်ရပ်ကတိတွေကို ဆက်ထိန်းထားဖို့နဲ့ ပဋိပက္ခတွေ မရှိမှ အကူအညီပေး‌ရေးတွေထိရောက်မယ်လို့သူက သတိပေးပြီး ရေရှည်ငြိမ်းချမ်းရေးအတွက်လည်းတိုက်တွန်းထားပါတယ်။

တချိန်တည်းမှာပဲ ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဂူးတားရက်စ်ကတော့ ငလျင်ဘေးကြီး အတွက် စာနာမှု အကူအညီတွေ ပေးရေး ကိစ္စတွေ ပြောရင်းမှာပဲ တိုင်းပြည်ထဲက လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးဟာလည်း ရေရှည်အတွက် မဖြစ်မနေ လုပ်ဖို့ လိုတယ် ဆိုတာကို ထည့်သွင်းပြောထားပါတယ်။

'' အခု အပစ်ရပ်ပေးတာဟာ ရေရှည်အတွက် နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်လာစေမယ့် အစပျိူးမှု ဖြစ်သင့်တယ်'' လို့ မစ္စတာ ဂူးတားရက်စ် ကတိုက်တွန်းထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကတော့ ငလျင်သင့်ဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှုတွေ အကူအညီတွေပေးဖို့ ဧပြီ ၁၃ ရက် ကနေ ၂၀ ရက်အထိ အပစ်ရပ် သက်တမ်းထပ်တိုးတယ်လို့ ကြေညာပါတယ်။

ဒါပေမဲ့ ယာယီ အပစ်ရပ်ထားချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေဆက်ရှိနေလို့ အပစ်ရပ်ကာလ ပြီးဆုံးသွားရင် ဒီထက်ပိုဆိုးတဲ့ တုန့်ပြန်တိုက်ပွဲတွေ၊ ထိုးစစ်တွေ ပိုပြင်းထန်လာနိုင်ခြေတွေ ရှိတယ်လို့ သုံးသပ်ချက်တွေလည်းရှိပါတယ်။

"ကျွန်တော်တို့က အခု ခံစစ်နဲ့ပဲ စောင့်နေတာ၊ အပစ်ရပ်သက်တမ်းပြည့်တာနဲ့ ထိုးစစ်တွေ ပြန်စမယ်"လို့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။