USAID ဆိုင်းငံ့ခံရမှု - ''မြန်မာငလျင်ကူညီရေးမှာ အမေရိကန်ကို ဘေးရောက်သွားစေ''

  • ရေးသားသူ, တွန် ဘိတ်မန်း
  • ရာထူးတာဝန်, နိုင်ငံခြားရေးရာ သတင်းထောက်

ပြည်ပအကူအညီပေးရေးကို ဖြတ်တောက်ပစ်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ဟာ မြန်မာမှာဖြစ်နေတဲ့ငလျင်ကို ပြည့်ပြည့်ဝဝ ကူညီတုံ့ပြန်နိုင်စွမ်းမရှိဖြစ်စေ တယ်လို့ အမေရိကန်အကြီးတန်းအရာရှိဟောင်း ၃ ဦးက ပြောပါတယ်။

နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ(USAID)က မြန်မာ့ရေးရာညွှန်ကြားရေးမှူးဟောင်း ကတော့ ''ဒီသဘာဝဘေးမှာ အမေရိကန်ဟာ ဘေးဘက်ကို ရောက်နေစေတယ်'' လို့ ဘီဘီစီကို ပြောပါတယ်။

''ကယ်ဆယ်ရေးအကြိတ်အနယ်လုပ်ရမယ့် ကာလမှာ အမေရိကန်(မြန်မာကို) မရောက်နိုင်ခဲ့ဘူး'' လို့ နောက်ထပ် အရာရှိတစ်ဦးကလည်း ပြောပါတယ်။ ဒီအရာရှိ သုံးဦးစလုံးကတော့ အကူအညီပေးရေးရန်ပုံငွေတွေ ဖြတ်လိုက်တာဟာ အသက်တွေကို စတေးလိုက်ရတာလို့ ညွှန်းဆိုရာရောက်ကြောင်း ပြောပါတယ်။

မြန်မာမှာ မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူပေါင်း ၃,၁၀၀ ကျော် သေဆုံးပြီး နောက်ထပ် လူပေါင်း ၄,၅၀၀ ကျော်အထိ ပျောက်ဆုံးနေတယ်လို့ မြန်မာစစ်ကောင်စီက ကြေညာပါတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းတွေဟာ မြင့်တက်လာနိုင်ခြေရှိပါတယ်။

USAID အရာရှိဟောင်းတွေကတော့ USAID အဖွဲ့ဟာ အရင်က ငလျင်ကြီးတွေ လှုပ်ခတ်တဲ့အခါမျိုးမှာ ငလျင်လှုပ်တဲ့နေရာတွေကို သဘာဝဘေးကူညီရေး တုံ့ပြန်အဖွဲ့တွေ(Darts) ကို အမေရိကန်ကနေ စေလွှတ်လေ့ရှိတယ်လို့ ပြောပါတယ်။

အဆင့်မြင့်ကျွမ်းကျင်ကယ်ဆယ်ရေး လုပ်သားတွေ၊ အနံ့ခံခွေးတွေ၊ အထူးကိရိယာတွေ ဖွဲ့စည်းပါဝင်တဲ့ ဒီအဖွဲ့တွေဟာ အသင့်အနေအထားရှိနေပြီး ဘေးဒဏ်သင့်နိုင်ငံက အကူအညီတောင်းခံတဲ့အခါမှာ သူတို့ကို စေလွှတ်လေ့ရှိပါတယ်။

အနီးစပ်ဆုံးဆိုရင် ၂၀၂၃ ခုနှစ်တုန်းက တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ လှုပ်ခဲ့တဲ့ငလျင်ဆီကို စေလွှတ်ခဲ့ပါတယ်။ အဲဒီတုန်းက လူပေါင်း ၂၀၀ နီးပါးပါဝင်ပါတယ်။ အများစုဟာ ကယ်ဆယ်ရေးလုပ်သားတွေဖြစ်ပါတယ်။ အမေရိကန်အဖွဲ့တွေဟာ မြေပြင်မှာ အကူအညီပေးတဲ့ ပြည်ပအကူအညီပေးရေးအဖွဲ့တွေကြား အကြီးမားဆုံးအဖွဲ့ဖြစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒေသတွင်းမှာရှိတဲ့ အမေရိကန်အဖွဲ့တစ်ဖွဲ့ဟာ မြန်မာကို သွားနေပြီလို့ တနင်္လာနေ့တုန်းက ပြောပါတယ်။ ဒါပေမဲ့ အဲဒီလူတွေဟာ အကြံပေး ၃ ဦးလို့ နားလည်ရပြီး ကယ်ဆယ်ရေးလုပ်သားတွေ မဟုတ်ကြပါဘူး။

ငလျင်ဒဏ်သင့် အသိုင်းအဝိုင်းတွေကို ထောက်ပံ့ဖို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့တွေကို အမေရိကန်ဒေါ်လာ ၂ သန်းလှူထားတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီပမာဏဟာ သဘာဝဘေးတွေဖြစ်လာတယ်ဆိုရင် အရင်အမေရိကန် အစိုးရလက်ထက်မှာ လှူခဲ့တာထက် နည်းလွန်းနေတယ်လို့ အရာရှိဟောင်းတွေက ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေး အီလွန် မက်စ် ဟာ USAID ကို ဖျက်ပြီး ဝန်ထမ်းတွေကိုလည်း လစာနဲ့ခွင့်ပေးထားပါတယ်။ သီတင်းပတ်ချီအကြာ လက်ရှိမှာတော့ USAID အဖွဲ့ကို ပိတ်ပစ်ဖို့ နောက်ဆုံးအဆင့် သူ သုံးသပ်နေပါတယ်။

ထရမ့်ဟာ အိမ်ဖြူတော်ကို ပြန်ရောက်တဲ့ ပထမဆုံးနေ့မှာပဲ နိုင်ငံခြားအကူအညီပေးမှုတွေကို ပစ်မှတ်ထားခဲ့ပါတယ်။ သူကတော့ ''ဒီနယ်ပယ်''ဟာ ''အမေရိကန်စံနှုန်းတွေနဲ့မညီညွတ်တဲ့ကိစ္စတွေ'' အများကြီးဖြစ်နေတာကြောင့်လို့ဆိုပါတယ်။

သောကြာနေ့တုန်းက ငလျင်လှုပ်ပြီးတဲ့နောက်မှာ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်ဟာ Dart အဖွဲ့ကို စေလွှတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သမ္မတ ဘုရှ် လက်ထက်တုန်းက USAID အဖွဲ့အကြီးအကဲလုပ်ခဲ့သူ အန်ဒရူး နက်စီယိုက ပြောပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်မှာ ဒီလိုမဖြစ်နိုင်တာဟာ USAID အဖွဲ့အကြီးအကဲတွေဟာ ခွင့်ပေး အနားယူခိုင်းခံထားရတာကြောင့်လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

''လူသားချင်းစာနာကူညီဖေးမမှုဆိုင်ရာ ဗြူရိုက လူ ၅၀၀ လောက်ကို သူတို့ အလုပ်ဖြုတ်လိုက်တာက ပြဿနာဖြစ်ကုန်တာ။ ဒီတော့ အဲဒီဗြူရိုမှာ Dart အဖွဲ့ကို လွှတ်မယ့်သူ မရှိတော့သလို ဒီလိုသဘာဝကပ်ဆေးဆိုင်ရာ လျော့ပါးသက်သာရေးလုပ်ငန်းတွေနဲ့ အကျွမ်းတဝင်ဖြစ်တဲ့ သူတွေလည်း မရှိတော့ဘူး'' လို့ သူက ပြောပါတယ်။

လူသားချင်းစာနာကူညီဖေးမမှုဆိုင်ရာ ဗြူရိုက ဝန်ထမ်းတွေဟာ မြန်မာမှာ ငလျင်လှုပ်တဲ့နေ့မှာပဲ အလုပ်ထုတ်ပယ်စာတွေ လက်ခံရရှိခဲ့ကြတယ်လို့ USAID ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံအဖြစ် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့သူ ခရစ် မီလီဂန်က ပြောပါတယ်။

''၁ နာရီတိတိမှာပဲ အိမ်ပြန်ကြတော့ ဆိုပြီး အဲဒီဝန်ထမ်းတွေ အကြောင်းကြားခံရတာ။ အကုန်လုံးပဲ။ အဲဒီအဆောက်အအုံက ဝန်ထမ်းတွေအားလုံး ၁ နာရီမှာ အိမ်ပြန်တော့လို့ အကြောင်းကြားခံရတာ။ ပြီးမှ ပြန်လာပေါ့'' လို့ မစ္စတာ မီလီဂန်က ပြောပါတယ်။

''ငလျင်လှုပ်ခဲ့တာက အဲဒီမတိုင်ခင် အစောပိုင်းလေးမှာပဲ ဖြစ်ပေမဲ့ ရှင်းလင်းတဲ့စီမံခန့်ခွဲမှု အားနည်းခဲ့တယ်။ သူတို့မှာ ''ဒီလူတွေကို ခဏ ခန့်ထားလိုက်ဦးမယ်'' ဆိုတာမျိုး ကြိုတွေးတောခဲ့တာမျိုး မရှိခဲ့ဘူး။

အမေရိကန်အစိုးရဟာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ အနံ့ခံခွေးတွေနဲ့ အထူးကိရိယာတွေကို မြန်မာကို မပို့နိုင်တာဟာ ဗာဂျီးနီးယားနဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကနေ မြန်မာကို ပို့ဆောင်မယ့် ထောက်ပို့ဆိုင်ရာစာချုပ်ချုပ်ဆိုမှုတွေ အီလွန်မက်စ်ရဲ့ အစိုးရ စွမ်းဆောင်ရည်ဌာန(Doge)ရဲ့ ဖြတ်တောက်မှုတွေထဲ ပါသွားတာကြောင့်လို့ USAID အရာရှိဟောင်း ၂ ဦးက ပြောပါတယ်။

''အမေရိကန်အနေနဲ့ ကပ်ဘေးကြီးတစ်ခုကို ပြည့်ပြည့်ဝဝ မတုံ့ပြန်နိုင်ခဲ့တာ အခုတစ်ကြိမ် ပထမဆုံးအကြိမ်လို့ ကျွန်တော် ထင်တယ်'' ဆိုပြီး USAID ရဲ့ ပြည်ပသဘာဝဘေးကူညီရေးဆိုင်ရာရုံး(OFDA) မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဂျယ်ရမီ ခနိုင်ဒိုက်က ပြောပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ဒီလောက်ပြင်းအားရှိတဲ့သဘာဝဘေးတိုင်းမှာ အမေရိကန်ဟာ မြေပြင်ကို အကူအညီစေလွှတ်မှု အများဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

''ပုံမှန်ဆို လူ ၁၀၀ ကနေ ၇၅ ဦးအထိ လွှတ်တယ်။ ခွေးတွေလည်းပါတယ်။ ဒါတကယ့်ကို အထောက်အကူဖြစ်စေတဲ့ အနေအထားပါ။ ကူညီကယ်ဆယ်ရေးနဲ့ အပျက်အစီးတွေဖယ်ရှားရေးအပိုင်းမှာပေါ့။ ငလျင်လှုပ်ပြီး ၄ ရက်အတွင်းကို လုပ်နိုင်ခဲ့တာမျိုး''

''အခုတော့ အမေရိကန်ဟာ ကယ်ဆယ်ရေးဦးစားပေးလုပ်ရမယ့်ကာလမှာ မရောက်နိုင်တာသေချာခဲ့ပြီ။ သိပ်ကို နောက်ကျနေပြီ'' လို့ သူကပြောပါတယ်။

Dart အဖွဲ့ကို မြန်မာကို စေလွှတ်ဖို့ ပြင်မယ်ဆိုရင် ထောက်ပို့ဆိုင်ရာစာချုပ်အသစ်တွေ ချုပ်ဖို့၊ အဲဒီ စာချုပ်အသစ်တွေကို ထုတ်ပြန်မယ့်သူ၊ နောက် တင်ဒါခေါ်မယ့်သူ ... စတဲ့ ဝန်ထမ်းတွေအားလုံး အလုပ်ဖြုတ်ခံထားရတာကိုလည်း သူက ရှင်းပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြည်တွင်းမှာ ဒီလိုဝန်ထမ်းတွေဖြတ်တောက်တာနဲ့ ရန်ပုံတွေဖြတ်တောက်တာတွေဟာ မြန်မာပြည်က ငလျင်ဘေး လျော့ပါးသက်သာရေးကို ရိုက်ခတ်နေတယ်ဆိုတဲ့အမြင်ကိုတော့ ပယ်ချပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သူနဲ့အတူ လက်တွဲလုပ်ကိုင်နေတဲ့အဖွဲ့အစည်းအစည်းတွေရှိနေတာကြောင့် ''အမေရိကန်အနေနဲ့ လူကိုယ်တိုင်သွားပြီး ကူညီဖို့ မလိုအပ်ကောင်း မလိုဘူး'' ဆိုပြီး နိုင်ငံခြားရေးပြောခွင့်ရ တမ်မီ ဘရုစ်က တနင်္လာနေ့တုန်းက ပြောထားပါတယ်။

''သမ္မတထရမ့်ဦးဆောင်မှုနဲ့ လုပ်ဆောင်နေတဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ... တချို့ကိစ္စရပ်တွေဟာ အရင်နဲ့ တစ်ထပ်တည်းတူဖို့ မလိုအပ်ဘူးလို့တော့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ လုပ်နေတဲ့ အလုပ်တွေဟာ အောင်မြင်ပြီး ထိရောက်မှုလည်း ဆက်ရှိနေပါတယ်'' လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မစ္စတာ ခနိုင်ဒိုက်ကတော့ ဒီပြောဆိုချက်ကို ''စိတ်ကူးယဥ်မှု'' လို့ ပုံဖော် ပြောပါတယ်။

''လူကိုယ်တိုင်မသွားဘဲနဲ့ အဆောက်အအုံ ပျက်အောက် ပိနေသူတွေကို အဝေးကနေ ဆွဲထုတ်လို့မရဘူး။ မြေပြင်မှာ ခြေမချဘဲနဲ့ ပြိုကျ အပျက်အစီးပုံအောက်ထဲ ရှာဖွေကယ်ဆယ်ရေးလုပ်လို့ မရဘူး'' လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ USAID အကြီးအကဲဟောင်း ခရစ် မီလီဂန်ကတော့ အမေရိကန်ကနေ ကူညီပေးနိုင်တဲ့ ကယ်ဆယ်ရေးအထောက်အပံ့ဖြစ်နိုင်စွမ်းဟာ မြန်မာမှာ လက်ရှိမြေပြင်မှာရှိနေတဲ့ အတိုင်းအဆကို နှစ်ဆတိုး အထောက်အကူဖြစ်စေလိမ့်မှာလို့ ဆိုပါတယ်။

''ဒါဟာ အသစ်ဖြစ်လာတဲ့ပုံမှန်အခြေအနေတစ်ရပ် ဖြစ်သွားပါပြီ။ နိုင်ငံတကာမှာ ဘေးကနေပဲနေတဲ့အခါ ဖြစ်လာတဲ့ အမေရိကန်ရဲ့ အခြေအနေပေါ့။ နိုင်ငံတကာအရေးမှာ အခရာကျတဲ့နိုင်ငံအဖြစ် အားလျော့သွားတဲ့အခါ မြင်ရမယ့် အမေရိကန်ပုံစံမျိုး။ တဖက်မှာလည်း တရုတ်လို ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုရှိတဲ့နိုင်ငံတွေ နေရာယူလာတဲ့အခါမှာ သူ့နေရာ ကျဥ်းသွားတာမျိုး'' လို့ မစ္စတာ မီလီဂန်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာကို Dart အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ ရည်ရွယ်ထားတာမျိုးမရှိပေမဲ့ ''ဝန်ကြီးဌာန မိတ်ဖက်တွေနဲ့ နိုင်ငံရဲ့ ကူညီပံ့ပိုးမှု ခိုင်မာစေမယ့်'' ရှိရင်းစွဲ အသက်ကယ် အစီအစဥ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ဆက်လုပ်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ''USAID ဟာ သဘာဝဘေးအန္တရာယ်တွေကို တုံ့ပြန်ရေးမှာ ကူညီနိုင်ဖို့ မြို့ပြရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စာချုပ်ချုပ်ထားခဲ့ပြီးဖြစ်ပါတယ်'' လို့ ပြောပါတယ်။

'' ဒေသတွင်းမှာရှိတဲ့ USAID က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကျွမ်းကျင်ပညာရှင် အဖွဲ့ တစ်ဖွဲ့ဟာ ဘာတွေ ထပ်လိုမလဲဆိုတာ သိနိုင်ဖို့ မြန်မာကို ထွက်ခွာနေပြီ'' လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

''Dart ဟာ တကယ်တော့ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာယန္တရား တစ်ခုပါပဲ။ ကျွန်မတို့ အနေနဲ့ ဒီလို သဘာဝဘေးမျိုးကို တုံ့ပြန်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက် ထားနိုင်ပါတယ်။ ဖြစ်လာတဲ့အခြေအနေပေါ် မူတည်ပြီး တုံ့ပြန်မှုတိုင်းကလည်း ကွဲပြားပါတယ်'' လို့ သူက ပြောပါတယ်။

ဒီသတင်းကို အဲလက်စ် လက်ဒါမန်းလည်း ပါဝင် တင်ဆက်ထားပါတယ်။