အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်တပ်မှူးတွေနဲ့ နျူပညာရှင်တွေ

အစ္စရေးရဲ့ ''ခေါင်းထောင်ထလာတဲ့ ခြင်္သေ့ စစ်ဆင်ရေး" ဆိုတဲ့ တိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းစစ်တပ်အကြီးအကဲတွေပါ သေဆုံးခဲ့ပါတယ်။

အီရန်နိုင်ငံတစ်ဝန်းက စစ်ဘက်ဆိုင်ရာနေရာတွေ၊ ပုဂ္ဂလိကနေအိမ်တွေနဲ့ နျူကလီးယားစက်ရုံတွေအပါအဝင် ပစ်မှတ်ဒါဇင်ပေါင်းများစွာကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။

နျူကလီးယားသိပ္ပံပညာရှင်ခြောက်ဦးအပါအဝင် အီရန်ရဲ့ နျူကလီးယားအစီအစဥ်နဲ့ ဆက်စပ်နေတဲ့ ဩဇာကြီးပုဂ္ဂိုလ်များစွာကိုလည်း အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်(IRGC) နဲ့ပတ်သက်မှုရှိတဲ့ သတင်းဌာန Tisnim က ဖော်ပြခဲ့ပါတယ်။

ကလေးငယ်များအပါအဝင် အရပ်သားဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

သေဆုံးသူတွေထဲက နာမည်ကျော်ပုဂ္ဂိုလ်တချို့အကြောင်း ဖော်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး မိုဟာမက် ဘာဂါရီ

ဗိုလ်ချုပ်ကြီးဘာဂါရီဟာ အီရန်မှာ ရာထူးအကြီးဆုံး စစ်ဘက်ဆိုင်ရာအရာရှိဖြစ်ပြီး အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်နဲ့ အီရန်စစ်တပ်တို့ပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။

ဘာဂါရီဟာ အသက် ၂၀ အရွယ် ၁၉၈၀ ပြည့်နှစ်မှာ IRGC မှာ စတင်အမှုထမ်းပြီး သူ့ညီတစ်ဦးနဲ့အတူ အီရန်-အီရတ်စစ်ပွဲအတွင်း IRGC ရဲ့ ထောက်လှမ်းရေးတပ်ခွဲကို တည်ထောင်ရာမှာ ပါဝင်ခဲ့ပါတယ်။

သူဟာ တခြားအီရန်တပ်မှူးတွေလောက် အစွန်းမရောက်ဘူးလို့ သတ်မှတ်ခံထားရပါတယ်။

ဧပြီတုန်းက ပါဆီပိုလစ်မြို့ဟောင်းအပျက်အစီးတွေရှေ့မှာ သူဟာ ငြိမ်းချမ်းရေးကို တောင်းဆိုပြီး စစ်ကိုရှောင်ရှားဖို့ တိုက်တွန်းတဲ့ မိန့်ခွန်းကိုပြောခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

စစ်ဦးစီးချုပ်သစ်အဖြစ် အက်ဒိုရာဟင် မိုဆာဗီကို ခန့်အပ်လိုက်ပြီလို့ အီရန်အစိုးရပိုင်မီဒီယာ Irna က ထုတ်ပြန်ပါတယ်။ မိုဆာဗီဟာ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး IRGC ကနေ လာခဲ့သူမဟုတ်ပါဘူး။

ဟူစိန် ဆာလာမီ

ဗိုလ်ချုပ် ဆာလာမီဟာ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် IRGC ရဲ့ တပ်မှူးကြီးဖြစ်ပါတယ်။

ဆာလာမီဟာ အီရန်-အီရတ်စစ်ပွဲအတွင်း ၁၉၈၀ ပြည့်နှစ်မှာ IRGC ကိုဝင်ရောက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဒုတိယတပ်မှူးဖြစ်လာပြီး ၂၀၁၉ ခုနှစ်မှာ တပ်မှူးကြီးဖြစ်လာခဲ့ပါတယ်။

အဟောအပြောကောင်းမှုကြောင့် နာမည်ကြီးတဲ့ ဆာလာမီဟာ အစ္စရေးနဲ့ပတ်သက်လို့ အစွန်းရောက်တဲ့ ရပ်တည်ချက်ရှိပါတယ်။

လွန်ခဲ့တဲ့လကပဲ အစ္စရေး ဒါမှမဟုတ် အမေရိကန်က တိုက်ခိုက်လာခဲ့ရင် "အီရန်က ငရဲတံခါးတွေကို ဖွင့်ပစ်မယ်" လို့ ကြွေးကြော်ခဲ့ပါတယ်။

IRGC ရဲ့ တပ်မှူးကြီးသစ်အဖြစ် မိုဟာမက်ပက်ပိုးကို ခန့်လိုက်ပြီလို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဂိုလာမာနီ ရာရှစ်

ဂိုလာမာနီ ရာရှစ်ဟာ အီရန်စစ်ဆင်ရေးတွေကို ညှိနှိုင်းကွပ်ကဲရတဲ့ ခါတမ်-အယ်လ်အန်ဘီယာ ဗဟိုကွပ်ကဲရေးရုံးချုပ်ရဲ့ အကြီးအကဲဖြစ်ပါတယ်။

ဒီရုံးချုပ်ဟာ IRGC လက်အောက်မှာရှိပါတယ်။ ရာရှစ်ဟာ အီရတ်နဲ့ဖြစ်တဲ့ ၁၉၈၀ ပြည့်နှစ်ကျော် စစ်မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အီရန်စစ်တပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်ပါတယ်။

ရာရှစ်ရဲ့ ဗဟိုကွပ်ကဲရေးရုံးချုပ် အကြီးအကဲရာထူးကို အလီ ရှတ်မာနီကို ခန့်အပ်လိုက်ပြီလို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

အမီရ် အလီ ဟာဂျီဇာဒါ

IRGC ရဲ့ လေတပ်တပ်မှူးဖြစ်တဲ့ ဟာဂျီဇာဒါဟာ အီရန်ဒုံးကျည်အစီအစဉ်ကို တာဝန်ယူရတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ အစ္စရေးကိုတိုက်ခိုက်ဖို့အတွက် ဟာဂျီဇာဒါဟာ IRGC ရဲ့ အခြားလေတပ်တပ်မှူးတွေနဲ့အတူ မြေအောက်ကွပ်ကဲရေးစခန်းတစ်ခုမှာ စုဝေးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ပြောပါတယ်။

အဆောက်အအုံကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမှာ အဲဒီတပ်မှူးတွေသေဆုံးခဲ့တယ်လို့ IDF က ထုတ်ပြန်ပါတယ်။

အရင်နှစ် အောက်တိုဘာနဲ့ ဧပြီ မှာ အစ္စရေးကို အီရန်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တုန်းက ဟာဂျီဇာဒါက ကြီးကြပ်ခဲ့တယ်လို့ IDF က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ လူ ၁၇၈ ဦးလိုက်ပါလာတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ် တီဟီရန်က ပျံတက်စဉ် ပစ်ချခဲ့မှုအတွက် တာဝန်ရှိတယ်လို့ ဟာဂျီဇာဒါ က ဝန်ခံပြီးနောက် အီရန်ပြည်သူတွေက သူ့အပေါ် အမြင်မကြည်ကြတော့ပါဘူး။

ဖရေဒွန်း အဘ္ဘာစီ နဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေ

နျူကလီးယားသိပ္ပံပညာရှင်ဖြစ်တဲ့ အဘ္ဘာစီဟာ အီရန်ရဲ့ အဏုမြူစွမ်းအင်အဖွဲ့ခေါင်းဆောင်အဖြစ် ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ ၂၀၂၀ ကနေ ၂၀၂၄ ခုနှစ်အထိ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ အီရန်ရဲ့ နျူဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ အစွန်းရောက်တဲ့ ရပ်တည်ချက်တွေကို အားပေးခဲ့သူဖြစ်ပါတယ်။

နျူလက်နက်တည်ဆောက်ရေးအလားအလာနဲ့ပတ်သက်လို့ သူဟာ အီရန်ရုပ်သံလိုင်းဖြစ်တဲ့ SNN.ir ကို မေလက ဖြေကြားခဲ့ပါတယ်။ အမိန့်သာရမယ်ဆိုရင် လက်နက်ထုတ်လုပ်မယ်လို့ သူက ပြောဆိုခဲ့တာပါ။

သေဆုံးသွားတဲ့ နျူသိပ္ပံပညာရှင် လေးဦးရဲ့ အမည်စာရင်းကိုလည်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

အဲဒီစာရင်းထဲ မြို့တော်တီဟီရန်က အာဇတ်တက္ကသိုလ်အကြီးအကဲ မိုဟာမက် မာဒီ တီဟီရန်ချီလည်း ပါဝင်ပါတယ်။

ကျန်တဲ့သံုဦးကတော့ ရှာဟစ် ဘဲဟက်စ်တီတက္ကသိုလ်က ပညာရှင်တွေဖြစ်ကြပါတယ်။

နျူအင်ဂျင်နီယာဌာနအကြီးအကဲ အဗ္ဗဒူဟာမစ် မီနိုချာ၊နျူအင်ဂျင်နီယာပါမောက္ခ အာမတ် ရီဇာ ဇိုဖက်ဟာရီနဲ့ နျူပါမောက္ခ အမီရ်ဟူစိန်ဖက်ဟီ တို့ဖြစ်ပါတယ်။