တမူး ပကဖ ၁၀ ဦးကို အာသံရိုင်ဖယ်တပ်ရဲ့ သတ်ဖြတ်မှုဖြစ်စဥ်မှာတွေ့ရှိရတဲ့ ကွဲလွဲချက်များ

မြန်မာနဲ့ အိန္ဒိယနယ်စပ် အိန္ဒိယဘက်ခြမ်းက မဏိပူရပြည်နယ်၊ ချန်ဒယ်ခရိုင်၊ နယူးဆမ်တယ်ကျေးရွာမှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင် ၁၀ ဦး မေလ ဒုတိယပတ်ထဲမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

တပ်ဖွဲ့ဝင် ၁၀ ဦးကို မဏိပူရပြည်နယ်ရဲ့ နယ်စပ်လုံခြုံရေးနဲ့ သောင်းကျန်းသူနှိမ်နှင်းရေး တာဝန်ယူထားတဲ့ Assam Rifles (အာသံရိုင်ဖယ်)တပ်ကနေ ပစ်ခတ်ခဲ့တယ်လို့ အိန္ဒိယစစ်တပ် အပါအဝင် အိန္ဒိယသတင်းဌာနတွေကနေ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ နယူးဆမ်တယ်ကျေးရွာနားမှာ လက်နက်ကိုင်တချို့ လှုပ်ရှားမှုရှိတာကြောင့် စစ်ဆင်ရေးတစ်ခုအနေနဲ့ နှိမ်နင်းခဲ့တာလို့ အကြောင်းပြထားပါတယ်။

တမူးမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေ၊ ဒေသတွင်း အခြေအနေ သိရှိသူတွေ၊ ကိုယ်တိုင် အလောင်း ထုတ်ယူခဲ့ရသူတွေကို ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ အိန္ဒိယဘက်က ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဘယ်လိုအချက်တွေလဲ။

အိန္ဒိယစစ်တပ် ထုတ်ပြန်ချက်

အိန္ဒိယစစ်တပ်ရဲ့ မတ် ၁၅ ရက် ထုတ်ပြန်ချက်နဲ့ အိန္ဒိယသတင်းစာတွေမှာ ရေးထားတဲ့ အချက်အလက်တွေအရ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ကင်းလှည့်အဖွဲ့တစ်ဖွဲ့ဟာ လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှု သတင်းရတာကြောင့် မေ ၁၄ ရက် ဗုဒ္ဓဟူးနေ့မှာ စစ်ဆင်ရေးတခုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးအတွင်းမှာ တဖက်လက်နက်ကိုင်အဖွဲ့ထဲကလည်း ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားတဲ့ လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တွေကို ပြောက်ကျားယူနီဖောင်းဝတ်ထားတဲ့ လက်နက်ကိုင်တွေလို့သာ ရည်ညွှန်းထားပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံသားတွေလို့ ယူဆရလို့ သူတို့ရဲ့ ရုပ်အလောင်းတွေကိုလည်း မြန်မာတာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပေမဲ့ ဘယ်အဖွဲ့အစည်းက ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

စစ်ဆင်ရေးအတွင်း AK-47 သေနက် ခုနစ်လက်၊ RPG လောင်ချာတစ်လက်၊ M-4 ကာဘိုင်တစ်လက်၊ တစ်လုံးထိုး ရိုင်ဖယ် လေးလက်နဲ့ ကျည်မျိုးစုံကို အာသံရိုင်ဖယ်တပ်က သိမ်းဆည်းရမိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

တဖက်မှာတော့ အာသံရိုင်ဖယ်တပ်က နှိမ်နင်းလိုက်တယ်ဆိုတဲ့ လက်နက်ကိုင် ၁၀ ဦးဟာ တမူးခရိုင်တပ်ရင်းက တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ အဲဒီတပ်ရင်းနဲ့ နီးစပ်သူတချို့က အတည်ပြုပြောဆိုပါတယ်။

တပ်ဖွဲ့ဝင် ၁၀ ဦးသတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်ကို သိရှိသူတစ်ဦးက "အာသံရိုင်ဖယ်အနေနဲ့ မလုပ်သင့်တာကို လုပ်ခဲ့တယ်လို့ သုံးသပ်တယ်။ မြန်မာတော်လှန်ရေး ရဲဘော်တွေဆိုတာ လက်မောင်းတံဆိပ်တွေကိုလည်း ကြည့်တာနဲ့ တန်းသိနိုင်တာပဲ။ ဒါကို သိပါရဲ့နဲ့ လုပ်လိုက်တာ" လို့ ပြောဆိုပါတယ်။

အခြေအနေသိရှိသူတွေရဲ့ ပြောဆိုချက်တွေ

အိန္ဒိယ စစ်တပ် နှိမ်နင်းခံလိုက်ရတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၀ ဦးဟာ သူတို့ စခန်းနေရာအခြေအနေ သတင်းပေါက်ကြားတာကြောင့် အရင်တပ်စွဲထားတဲ့ နေရာကနေ မေ ၁၂ ရက်မှာ စခန်းပြောင်းရွှေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

စခန်းနေရာသစ် ပြောင်းတဲ့နေရာဟာ တမူးမြို့နယ်၊ ထင်းဇင်နဲ့ ကမ္မကြီးကျေးရွာကြား ဖြစ်ပြီး အဲဒီကျေးရွာတွေရဲ့တဖက်မှာတော့ အိန္ဒိယနိုင်ငံထဲက နယူးဆမ်သာကျေးရွာ ရှိနေတာဖြစ်ပါတယ်။

အဲဒီရွာဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲမှာ ပါဝင်ပါတယ်။

ရွာတလျှောက် နှစ်နိုင်ငံနယ်ခြားကိုလည်း မှတ်တိုင်တွေနဲ့သာ သတ်မှတ်ထားပြီး အိန္ဒိယ -မြန်မာချစ်ကြည်ရေး ကားလမ်းမကြီးနဲ့ လယ်ကွင်းတွေသာ ပိုင်းခြားထားတဲ့အတွက် နှစ်နိုင်ငံ နယ်စပ်ကို ကုန်းလမ်းကနေ သွားလာလို့ရတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ မြန်မာနယ်စပ်ဟာ ခြံစည်းရိုး ကာမထားဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတဲ့ FMR စနစ်အရ နယ်စပ်စည်းမျဉ်းနဲ့ ၁၀ ကီလိုမီတာ အကွာအဝေးအတွင်း ဗီဇာနဲ့ နိုင်ငံကူးလက်မှတ် မလိုဘဲ သွားရောက်လို့ရနေပါတယ်။

အဲဒီ မေ ၁၂ ရက် နေ့လယ်ပိုင်းမှာပဲ အိန္ဒိယဘက်က စစ်ယူနီဖောင်းဝတ်ဆင်ထားသူတွေက တမူးခရိုင် ပကဖ တပ်ဖွဲ့တွေရှိတဲ့ တဲနေရာတွေကို ရောက်လာကြသလို စကားစမြည် ပြောဆိုပြီးနောက် လက်ပြ နုတ်ဆက်သွားကြတာကိုလည်း ဒေသခံ တချို့ က မြင်တွေ့ခဲ့ကြပါတယ်။

နောက်တစ်ရက် မေ ၁၃ ရက်မှာတော့ အဲဒီတဲတွေဆီကို ဒေသခံတချို့ သွားကြတဲ့အခါမှာ တပ်ဖွဲ့ဝင်တွေရော လက်နက်တွေကိုပါ မတွေ့ကြရတော့ဘူးလို့ အဲဒီကအခြေအနေကို သိထားသူတစ်ဦးက ဘီဘီကို ပြန်ပြောပြပါတယ်။

"လူတွေလည်း မတွေ့၊ လက်နက်တွေလည်းမရှိဘူး။ ထမင်းတွေတောင် ခူးခပ်ထားပြီးလက်စ ထမင်းဝိုင်းတောင် ဒီအတိုင်းရှိနေတော့ အကြောင်းအရေးကြီးတာ တစ်ခုခုရှိလို့ ထွက်သွားတယ်လို့ ဒေသခံတွေက ထင်သွားကြတာ"လို့ သူက ပြောပါတယ်။

မေ ၁၄ ရက် အိန္ဒိယ သတင်းစာတွေက အာသံရိုင်ဖယ်နယ်ခြားစောင့်တပ်က လက်နက်ကိုင် ၁၀ ယောက်ကို သတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ တွေ့ကြချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဒေသခံတချို့က ဆက်သွယ်စုံစမ်းကြပါတယ်။

"အဲဒီဘက်မှာက ဖုန်းလိုင်းတွေကလည်းမရဘူး၊ အဆက်အသွယ်တွေကလည်း ပြတ်တောက်နေတော့ မေ ၁၅ ရက်မှ ဆက်သွယ်လို့ရကြတယ်။ တချို့ကလည်း အိန္ဒိယဘက်က ပကဖတွေကို လက်ပြန်ကြိုးတုတ်ပြီး ခေါ်သွားတယ်လို့လည်း တွေ့ကြတယ်။ မြင်တဲ့သူတွေရဲ့ လုံခြုံရေးကြောင့်တော့ ဘယ်နေရာကနေ ဘယ်လိုမြင်ခဲ့တယ်ဆိုတာတော့ မပြောတော့ဘူး"လို့ တမူးမြို့က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

သတင်း သိရရချင်း တမူးခရိုင် ပကဖတာဝန်ရှိသူတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့ က မတ် ၁၅ ရက် ညနေပိုင်းမှာပဲ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ အာသံရိုင်ဖယ်တပ်ဘက်ကို သွားရောက်စကားပြောခဲ့ကြပါတယ်။

အာသာရိုင်ဖယ်တပ် ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ဒုဗိုလ်မှူးတစ်ဦးက အိန္ဒိယနယ်မြေထဲကို ဝင်ရောက်လာလို့ သုံးနာရီကြာ တိုက်ပွဲဖြစ်ပြီးနောက် ပစ်ခတ်ရှင်းလင်းခဲ့တဲ့အကြောင်း ပြန်ပြောခဲ့တယ်လို့ဆိုပါတယ်။

တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းပြန်ပေးဖို့ တောင်းဆိုချိန်မှာလည်း စောင့်ဆိုင်းခိုင်းပြီးနောက် တော်တော်နဲ့ အကြောင်းမပြန်တဲ့အတွက် ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။

သေဆုံးပြီး ရက်ကြာမှ အလောင်းတွေပြန်ရ

မေ ၁၆ ရက် မနက်ပိုင်းမှာတော့ " ပစ္စည်းလာယူဖို့ ပြောခိုင်းလိုက်လို့ ဆိုပြီး လူလွှတ်လာတယ်။ ပစ္စည်းလို့ပဲပြောတာ၊ အလောင်းလာယူလို့ ပြောတာမဟုတ်ဘူး။ ဒါနဲ့ပဲ ချက်ချင်း လိုက်သွားကြတယ်"လို့ အလောင်းလိုက်ယူတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တော်လှန်‌ရေး တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို နယူးဆမ်တာကျေးရွာထဲက အာသာရိုင်ဖယ် တပ်စခန်းကနေ သွားယူခဲ့ကြရပါတယ်။

တမူးခရိုင်ပကဖ တပ်ဖွဲ့ဝင်တွေဟာ ပျောက်သွားတဲ့ ၃ ရက်အတွင်းမှာ ရုပ်ရည်ကို ခန့်မှန်းမရတော့အထိ ပျက်စီးနေကြတာကို တွေ့ကြရပါတယ်။

"ဘယ်သူ ဘယ်ဝါဆိုတာ ခန့်မှန်းလို့ မရတော့ဘူး။ တချို့ ရုပ်အလောင်းတွေဆို သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အပြင်ထွက်နေတာတွေ၊ ခေါင်းတွေဆို တုံးတဲ့ အရာတစ်ခုခုနဲ့ ရိုက်နှက်ခံထားရသလို ပိန်နေတာတွေတွေ့တယ်။ ဒါကလည်းမျက်မြင်တွေ့တာရော အလောင်းတွေကို ပြန်သယ်ပြီးမှ ဆရာဝန်ဆီက ယူခဲ့တဲ့ မှတ်ချက်အရပါ"လို့ ပြောပါတယ်။

အလောင်းတွေကို ရရချင်းမှာပဲ မြန်မာနိုင်ငံဘက်ကို ပြန်သယ်လာပြီး ခမ်းပတ် သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။ အိန္ဒိယ - မြန်မာနယ်ခြားနဲ့ မိုင်အနည်းငယ်ပဲ ဝေးတဲ့ခမ်းပတ်မြို့ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထိန်းချုပ်ထားပါတယ်။

ကွဲလွဲနေတဲ့ အချက်တွေ

အိန္ဒိယ စစ်တပ်က ထုတ်ပြန်တဲ့အချက်အလက်တွေနဲ့ အလောင်းသွားတောင်းချိန်မှာ အာသံရိုင်ဖယ် တာဝန်ရှိသူ ဒုဗိုလ်မှူးရဲ့ ပြောကြားချက်တွေဟာ တကယ့်အခြေအနေမှန်နဲ့ လွဲချော်နေတာတွေ ရှိခဲ့တယ်လို့ ‌ဒေသတွင်း အခြေအနေတွေကို သိရှိကြသူတွေ၊ အလောင်းထုတ်တဲ့အချိန်မှာ လိုက်ပါသွားသူတွေက ပြောပါတယ်။

ပထမတစ်ချက် - အိန္ဒိယနိုင်ငံထဲကို လက်နက်တွေ ယူနီဖောင်းတွေနဲ့ တမူးခရိုင် ပကဖ တပ်ဖွဲ့ဝင် ၁၀ ဦး က ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အချက်က ကွဲလွဲနေတယ်လို့ဆိုပါတယ်။

ဘာကြောင့်လဲဆိုရင် တမူးမြို့နယ်ဘက်ကို တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားပြီးနောက်ပိုင်း ယူနီဖောင်းတွေ လက်နက်တွေနဲ့ နယ်စပ်ကျော်ဝင်သွားတဲ့ တပ်ဖွဲ့ဝင်တွေကို အာသံရိုင်ဖယ်တပ်ဖွဲ့တွေက ဖမ်းဆီးရင် လက်နက်သိမ်းပြီး လူပြန်အပ်တဲ့ဖြစ်စဉ်တွေ အရင်ကရှိခဲ့ပါတယ်။

ဒါ့ကြောင့် အိန္ဒိယ နိုင်ငံထဲကို ဝင်မယ်ဆိုရင် လက်နက်မယူဖို့နဲ့ ယူနီဖောင်း မဝတ်ကြဖို့ကို တပ်ဖွဲ့ဝင်တွေအချင်းချင်း တားမြစ်ထားတာ တွေရှိခဲ့ကြတဲ့အတွက် အခုလိုအဖွဲ့လိုက် ဝင်သွားဖို့က မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။

"အလောင်းတောင်းဖို့ တွေ့ဆုံတဲ့အချိန်၊ အလောင်း လွှဲပြောင်းတဲ့အချိန်တွေမှာ မြန်မာကကျူးကျော်ဝင်လို့ တိုက်သလို ပြောတယ်ပေါ့နော်။ ဒါကိုတော့ မြန်မာဘက်က တာဝန်ရှိတဲ့သူတွေက လုံးဝမဟုတ်မမှန်ဘူး။ လုပ်ကြံဇာတ်လမ်းတွေပါ၊ လုံးဝမဖြစ်သင့်ဘူးလို့တော့ ပြောခဲ့ကြတယ်" လို့ အခြေအနေတွေကို သိရှိသူ နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒုတိယအချက် - အသတ်ခံရတဲ့တပ်ဖွဲ့ဝင်တွေ စခန်းအသစ်ပြောင်းတဲ့‌ နေရာဟာ နယ်စပ်မှတ်တိုင် ၅၉ ဖြစ်ပြီး အာသံရိုင်ဖယ် ဒုဗိုလ်မှူးပြောတဲ့ တိုက်ပွဲဖြစ်တဲ့နေရာဟာ မှတ်တိုင် ၆၁ လို့ ပြောတဲ့အတွက် နေရာကွာခြားချက်လည်း ရှိနေပါတယ်။

နောက်ပြီး အလောင်းသွားတောင်းတဲ့ ပကဖ တာဝန်ရှိသူတွေက တိုက်ပွဲဖြစ်တယ်ဆိုတဲ့နေရာကို ကြည့်ခွင့်တောင်းပေမဲ့လည်း အာသံရိုင်ဖယ် ဒုဗိုလ်မှူးက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

တတိယအချက် - တိုက်ပွဲဖြစ်ချိန်ဟာ ၃ နာရီကြာတယ်လို့ အာသံရိုင်ဖယ် ဒုဗိုလ်မှူးပြောတဲ့အချက်က မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ အသတ်ခံရတဲ့ ပကဖ တပ်ဖွဲ့ဝင်မှာ သုံးနာရီကြာအောင် ပစ်နိုင်တဲ့ ကျည်တွေ လုံလုံလောက်လောက် မရှိဘူးလို့ တမူးခရိုင်ပကဖနဲ့ နီးစပ်သူက မှတ်ချက်ပေးတာပါ။

စတုတ္တအချက် - တိုက်ပွဲက သုံးနာရီကြာအောင် ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ အိန္ဒိယဘက်က ပြောပေမဲ့ တိုက်ပွဲဖြစ်တဲ့ နေရာဝန်းကျင်က နေထိုင်သူတွေဟာ သေနတ်ပစ်ခတ်သံတွေ မကြားခဲ့ကြရဘူးလို့လည်း ပတ်ဝန်းကျင်အခြေအနေတွေကို မေးမြန်းခဲ့ကြတဲ့ ပကဖနဲ့ နီးစပ်သူက ပြောပါတယ်။

ပဥ္စမအချက် - အိန္ဒိယ အာသံရိုင်ဖယ်နယ်ခြားစောင့်တပ်က သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ အသတ်ခံလိုက်ရတဲ့ ပကဖအဖွဲ့ဝင်တွေမှာ ရှိမနေတဲ့ RPG လောင်ချာတစ်လက်နဲ့ M-4 ကာဘိုင်တစ်လက်ကိုပါ ဓာတ်ပုံမှတ်တမ်းနဲ့ ထုတ်ပြန်ထားတဲ့ အချက်ပဲလို့ ပြောကြပါတယ်။

"ဒါတွေကို အိန္ဒိယ အစိုးရအနေနဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့ဖွဲ့ပြီး စုံစမ်းပေးစေချင်တယ်။ ပြစ်မှုကျူးလွန်သူကို ကာကွယ်ပေးတဲ့ ပုံစံမျိုးလုပ်ရင် အိန္ဒိယနဲ့ မြန်မာကြားမှာ ပိုပြီးတင်းမာနိုင်သလို သမိုင်းမှာလည်း အမာရွတ် ဖြစ်ပြီး ကျန်ခဲ့လိမ့်မယ်"လို့ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ဆောင်ရွက်နေတဲ့ India For Myanmar က တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

တမူး ပကဖအဖွဲ့ဝင်တွေ ကို အာသံရိုင်ဖယ်တပ်ဘက်က ပစ်ခတ်လို့ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဘီဘီစီက ရန်ကုန်မှာရှိတဲ့ အိန္ဒိယ သံရုံးကို မေးခွန်းတချို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

တမူးတော်လှန်ရေးအင်အားစုတွေဘက်ကတော့ သေဆုံးခဲ့တဲ့ တမူး ပကဖတွေအရေး အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကို တင်ပြထားကြသလို NUG အနေနဲ့လည်း ထဲထဲဝင်ဝင် ကူညီဖြေရှင်းပေးသင့်တယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။

NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ''ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်ဆောင်ရွက်နေတာတွေ ရှိနေပေမဲ့ လတ်တလောမှာ အသေးစိတ်တွေကို ပြောလို့မရသေးတာကြောင့် ထုတ်ပြန်ဖို့ အဆင်ပြေတဲ့ အချိန်မှာ ထုတ်ပြန်မယ်'' လို့ တုံ့ပြန်ထားပါတယ်။