အေအေက စစ်မှုထမ်းသက်အကျုံးဝင်သူတွေကိုနယ်ခြားဖြတ်ကျော်ခွင့် ဘာကြောင့်တားမြစ်သလဲ

အာရက္ခတပ်တော်(အေအေ) က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ရခိုင်ပြည်နယ်ထဲက ထွက်ခွာခွင့် ပိတ်လိုက်တယ်လို့ မေတတိယအပတ်မှာ ကြေညာလိုက်ပါတယ်။

စစ်မှုမထမ်းလိုတာကြောင့် အကြောင်းပြချက်မခိုင်လုံဘဲ ပြင်ပကို ထွက်ပြေးဖို့ ကြိုးစားနေသူတွေကို သွားလာခွင့်မပြုဘဲ ပြည်တွင်းစစ်ရေးတည်ငြိမ်တဲ့အထိ တားမြစ်လိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကနေထွက်ခွာနေတဲ့ ဒေသခံတချို့ရှိနေပြီး ငါးရက်ကနေ ဆယ်ရက်အတွင်းကြာတဲ့ တောလမ်းကနေထွက်သူတွေရှိသလို ရေလမ်းကနေလည်း ထွက်သူတွေရှိနေပါတယ်။

အေအေရဲ့ တ‌ကျော့ပြန်ထိုးစစ် စတင်တဲ့ ၂၀၂၃ နိုဝင်ဘာကတည်းက ရခိုင်ပြည်နယ်ထဲက မြို့တွေကို စစ်တပ်က ဖြတ်လေးဖြတ်စနစ် ကျင့်သုံးထားတာကြောင့် ရခိုင်လူထုဟာ လက်နက်ကိုင်နှစ်ဖွဲ့လုံးရဲ့ နယ်မြေဖြတ်ကျော်ခွင့်ပိတ်ပင်မှုကို ခံလိုက်ရတာဖြစ်ပါတယ်။

မြေပြင်မှာ အေအေစစ်သား စုဆောင်းနေပြီလား

အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အထိ အမျိုးသမီးတွေနဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသားတွေအပေါ် အေအေက ပြည်ထွက်ခွင့်ပိတ်လိုက်တာပါ။

ကုသလို့ မရနိုင်တဲ့ ရောဂါပြင်းထန်နေသူတွေနဲ့ အသက်အန္တရာယ်စိုးရိမ်ရသူတွေကလွဲရင် ကျန်တဲ့သူအားလုံးကို ပြည်နယ်ထဲက ထွက်ခွင့်မပေးဘူးလို့ အေအေက ပြောပါတယ်။

အေအေရဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ဒီနှစ် မေလထဲမှာ ထုတ်ပြန်တာဖြစ်ပေမယ့် အေအေထိန်းချုပ်ထားတဲ့ တောင်ကုတ်၊ ကျောက်တော်နဲ့ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ မတ်လကတည်းက စစ်သားစုဆောင်းပြီး စစ်သင်တန်းပေးနေတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကျောက်တော်နဲ့ မြောက်ဦးမြို့တွေမှာ မတ်လတုန်းက အေအေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ရွာတွေမှာ အစည်းအဝေးလုပ်ပြီး ဆော်ဩခဲ့သလို ရပ်ရွာလူကြီးတွေကို မဲနှိုက်ပြီး အသုတ်လိုက် ခေါ်ယူပေးဖို့ ဖိအားပေးခဲ့တာတွေရှိတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

"သိမ်းထားတဲ့ မြို့နယ်တွေကို ကာကွယ်ဖို့ စစ်မှုထမ်းဖို့လိုအပ်တယ်" လို့ အေအေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖိအားပေးပြောခဲ့တဲ့အကြောင်း သူက ရှင်းပြပါတယ်။

တောင်ကုတ်မြို့နယ်ထဲမှာ ရန်ဖြစ်တာ၊ မူးပြီးသောင်းကျန်းတာ စတဲ့ အသေးစားပြစ်မှုတွေနဲ့ ဖမ်းချုပ်ခံခဲ့ရတဲ့ လူတချို့ကို ချုပ်ရက်ပြည့်တဲ့အခါ အေအေဘက်က ပြန်မလွှတ်ပေးဘူးလို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

"အေအေရဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက ချုပ်ရက်ပြည့်လည်း ပြန်မလွှတ်ဘဲ စစ်သင်တန်းကို ဖိအားပေးပြီး တက်ခိုင်းတယ်" လို့ သူက ဆက်ပြောပါတယ်။

ရခိုင်(တောင်ပိုင်း)က မြို့တွေကို အေအေထိန်းချုပ်လာနိုင်တဲ့နောက် သတင်းအမှောင်ချတာမျိုးရှိတာကြောင့် လူထုကြားက စစ်သားစုဆောင်းတဲ့ အခြေအနေတွေကို သိရဖို့ ခက်ခဲနေတယ်လို့ မြို့ခံတချို့က ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ အေအေ တိုက်ပွဲဖြစ်တဲ့အချိန်ကစလို့ ရခိုင်ထဲက မြို့နယ်တွေကို စစ်တပ်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပါတယ်။

ဒါပေမဲ့ တောင်ပိုင်းမှာတော့ ကမ်းရိုးတန်းဖုန်း (MEC ဆင်းကတ်) နဲ့ ဖုန်းဆက်သွယ်လို့ ရနေပါသေးတယ်။ တဖက်မှာလည်း အေအေက ဒေသခံတွေရဲ့ MEC ဆင်းကတ်တွေကို စစ်တပ်ရဲ့ လေကြောင်းရန် လုံခြုံအောင်ကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းယူထားတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ရခိုင်တောင်ပိုင်းမှာ ရခိုင်ပြည်နယ်တွင်းနဲ့ ပြင်ပ ဒါမှမဟုတ် ပြည်ပအထိ ဖုန်းအဆက်အသွယ်ရနိုင်ဖို့ မအီမြို့က ငွေလွှဲလုပ်တဲ့ဆိုင်တစ်ဆိုင်တည်းကိုပဲ သွားနေရတယ်လို့ သူက ဆိုပါတယ်။

ပြည်ပကနေ ရခိုင်ပြည်နယ်တောင်ပိုင်းကို ငွေလွှဲမယ်ဆိုရင် မအီမြို့ထဲက လုပ်ငန်းရှင်တစ်ဦးပိုင်တဲ့ ငွေပို့/ငွေလွှဲလုပ်တဲ့ ဆိုင်ကိုပဲ လွှဲလို့ရတဲ့အကြောင်း သူက ထည့်ပြောပါတယ်။

"အဲဒီဆိုင်မှာဆိုရင် စတားလင့်ခ် အင်တာနက်ကိုလည်း အေအေက သုံးခွင့်ပေးထားတယ်။ အေအေရဲ့ အုပ်ချုပ်ရေးအပိုင်းက လူတချို့ ခြေလိမ်နေတဲ့နေရာတစ်ခုပေါ့" လို့ ဘီဘီစီသတင်းရင်းမြစ်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့ ၁၄ မြို့အထိ လက်လွှတ်ထားရတဲ့ စစ်တပ်ကလည်း အေအေ ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မေလထဲမှာပဲ အေအေထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်ခဲ့လို့ လူတစ်ဒါဇင်သေဆုံးပြီး ၂၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအေက သတင်းထုတ်ပါတယ်။

အလားတူ ကျောက်တော်မြို့ လေကြောင်းတိုက်ခံရမှုမှာလည်း အရပ်သား ၈ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ အေအေက စာရင်းနဲ့ဖော်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ မေလအထိ အေအေက ရခိုင်ပြည်နယ်(တောင်ပိုင်း)က ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့တို့က လွဲရင် မြို့ပေါင်း ၁၄ မြို့ကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

ရခိုင်ထဲကထွက်ဖို့ ဒေသခံတွေ ဘယ်လမ်းကြောင်းသုံးနေလဲ

ပြည်နယ်ထဲက ထွက်ခွာခွင့်ပိတ်ထားတဲ့သူတွေကို အခကြေးငွေယူပြီး ကုန်းလမ်း၊ ရေလမ်းကတဆင့် သယ်ယူပို့ဆောင်ပေးနေတဲ့သူတွေကို တားမြစ်တဲ့အပြင် တည်ဆဲဥပဒေနဲ့ပါ အရေးယူမယ်လို့ အေအေက သတိပေးထားပါတယ်။

ကုန်သည်တွေ၊အရောင်းအဝယ်သမားတွေနဲ့ နွားကုန်သည်တွေ ကုန်ရောင်း/ဝယ်ဖို့ သွားလာချိန် လူပိုခေါ်ဆောင်တာ၊ အခကြေးငွေယူပြီးလူကယ်ရီပို့ဆောင်တာတွေ လုံးဝမလုပ်ဖို့ကိုလည်း အေအေက တားမြစ်ထားပါတယ်။

တိုက်ပွဲကြောင့် ရခိုင်လူထုမှာ အိုးအိမ်ဆုံးရှုံးလိုက်ရတဲ့အပြင် အေအေထိန်းချုပ်ထားတဲ့မြို့တွေမှာလည်း အုပ်ချုပ်ရေးအပြည့်အဝ မလည်ပတ်နိုင်သေးတာကြောင့် စီးပွားရေးလုပ်ငန်းအများစု ရပ်တန့်နေတုန်းပဲလို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အလုပ်အကိုင်ရှားပါးနေတာကြောင့် စားဝတ်နေရေးဒုက္ခဖြစ်နေတဲ့ ဒေသခံတွေဟာ ရခိုင်နဲ့ ထိစပ်နေတဲ့ စစ်တပ်ထိန်းချုပ်နယ်မြေ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတို့အပြင် ရန်ကုန်အထိပါ ပြောင်းရွှေ့လုပ်ကိုင်နေရပါတယ်။

စစ်တပ်ထိန်းချုပ်နယ်မြေမှာလည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်တဲ့နောက် လေဆိပ်နဲ့ နယ်စပ်ထွက်ပေါက်တွေကနေ စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်သူတွေကို ပြည်ပထွက်ခွာခွင့် ပိတ်ထားတဲ့အခြေအနေပါ။

အလားတူ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းအစပ်က ဒေသတွေမှာလည်း အေအေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဆက်ရှိနေတာကြောင့် ရခိုင်ရိုးမအစပ်တကြောမှာ အေအေနဲ့ စစ်တပ်က အပိုင်းလိုက် လုံခြုံရေးထိန်းချုပ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောထားပါတယ်။

ဒါကြောင့် ရခိုင်‌မြောက်ပိုင်းအပြင် တောင်ပိုင်းက ဒေသခံတွေဟာ အကျိုးဆောင်(ပွဲစား)တွေနဲ့ ချိတ်ဆက်၊ အခကြေးငွေပေးပြီး ရခိုင်ပြည်နယ်ထဲက ထွက်ခွာနေကြရတယ်လို့ အကျိုးဆောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာဆိုရင် နွားကုန်သည်အပါအဝင် တခြားလူသုံးကုန်ရောင်း/ဝယ်တဲ့ ကုန်သည်တွေက အခကြေးငွေယူပြီး ရိုးမတလျှောက် တောလမ်းအတိုင်းဖြတ်ပြီး ခေါ်သွားပေးတယ်လို့ ဆိုပါတယ်။

"တချို့ တောလမ်းတွေမှာ ဆင်တွေသုံးပြီးသွားရတာကြောင့် ဆင်ပွဲစားတွေနဲ့ ထပ်ချိတ်ရတယ်။ ရိုးမဆိုတော့ တော၊ တောင်ထူထပ်တယ်၊ မေလလို မိုးရာသီမှာ လမ်းချော်ပြီး အန္တရာယ်များတယ်" လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ရခိုင်တောင်ပိုင်းကနေ ပဲခူးဘက်ကို တောင်ကုတ်ကတဆင့် တောလမ်းသုံးပြီးထွက်နေကြသလို သံတွဲနဲ့ ဂွမြို့တို့ကတဆင့် ရေလမ်းကြောင်းသုံးပြီး ဧရာဝတီတိုင်းထဲ ဝင်လာကြသူတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ရိုးမတလျှောက် တောလမ်းကနေ သွားရင်တော့ တစ်ယောက်ကို ကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ ဈေးပေါက်နေပြီး ရေကြောင်းကနေ သွားမယ်ဆိုရင်တော့ တစ်ယောက်ကို ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ ဈေးပေါက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ မကွေးတိုင်း ဒါမှမဟုတ် ပဲခူးတိုင်းထဲကို "တောလမ်းကနေ သွားရင် အနည်းဆုံး ၅ ရက်ကနေ အများဆုံး ၁၀ရက်အထိကြာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ပြောပြထားပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ရိုးမထဲကနေ ထွက်လာပြီးတဲ့နောက် တစ်ဖက် စစ်တပ်ထိန်းချုပ်နယ်မြေထဲရောက်ချိန် အဖမ်းခံလိုက်ရတဲ့ ရခိုင်ဒေသခံတချို့ရှိတယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မေလထဲမှာပဲ ပဲခူးတိုင်းအစပ်နဲ့ မကွေးအစပ် ဒေသတွေမှာ အဖမ်းခံလိုက်ရတဲ့သူ စုစုပေါင်း ၇၀ ဝန်းကျင် ရှိတယ်လို့ သူကဆိုပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

"အစအနလည်း ရှာမရဘူး။ ဘယ်ရောက်နေပြီလဲဆိုတာလည်း မသိရဘူး။ ပွဲစားကတော့ တောလမ်းအဆုံးထိ ပို့ပေးလိုက်တယ်လို့ပြောတယ်" လို့ သူက ပြောခဲ့ပါတယ်။

အေအေ တားမြစ်ချက်တွေအပေါ် ရခိုင်လူထုဘယ်လိုမြင်လဲ

အေအေရဲ့ စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်တဲ့သူတွေ ပြည်နယ်ထဲက မထွက်ခွာနိုင်အောင် တားမြစ်လိုက်လို့ စစ်တပ်နဲ့ အေအေကြားထဲမှာ ဘေးကျပ်နံကျပ်ဒုက္ခရောက်ရတယ်လို့ ရခိုင်ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

စစ်ပွဲကြောင့် ရခိုင်ပြည်နယ်ကို စွန့်ခွာကြရတဲ့သူတွေရှိသလို တိုက်ပွဲပြီးတဲ့နောက် မြို့ကို အေအေထိန်းချုပ်လိုက်တဲ့ အခါမှာလည်း ဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံခဲ့ရတယ်လို့ မြို့ ၃ မြို့က ဒေသခံတချို့က ပြောလာပါတယ်။

"ဘုန်းကြီးကျောင်းမှာပဲသုံးလေ့ရှိတဲ့ အသားတံဆိပ်ရိုက်ထားတဲ့ ပစ္စည်းတွေလည်း ဈေးကွက်ထဲရောက်လာတယ်၊ အိမ်မှာဆိုရင် သောက်ရေခွက်တောင် မကျန်ဘူး၊ ခိုးသွားကြတယ်" လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲကြောင့် နေအိမ်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးတဲ့အထိ တင်းခံခဲ့ပေမယ့် တိုက်ပွဲပြီးတဲ့နောက်မှာလည်း နေအိမ်ဖောက်ထွင်း၊ ခိုးယူခံရတာတွေမဖြစ်အောင် အေအေက ထိန်းချုပ်တားဆီးနိုင်စွမ်းမရှိဘူးလို့ လူထုက ထောက်ပြပါတယ်။

အေအေရဲ့ စစ်မှုထမ်းရမယ့် အသက်တွေသတ်မှတ်ပြီး ပြည်နယ်ထွက်ခွင့်ပိတ်လိုက်တာက စစ်မှုမထမ်းလိုသူတွေအတွက် ဖိအားပေးခြိမ်းခြာက်လာတဲ့သ‌ဘောလို့ ဝေဖန်သူတချို့လည်းရှိကြပါတယ်။

တစ်ဖက်မှာလည်း အေအေဘက်က စစ်သားစုဆောင်းလာတာဟာ သိမ်းဖို့ကျန်နေသေးတဲ့ ၃ မြို့ကို တစ်ချိန်တည်းမှာ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာလို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ဟာ မြို့ပေါ်ဧရိယာလည်း ကျယ်ပြန့်တာကြောင့် စစ်တပ်အနေနဲ့ ခုခံစစ်ကောင်းကောင်းပြင်ထားတဲ့ အခြေအနေလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တွေရဲ့ "မြို့ပြင်ဧရိယာတွေကို အေအေက ဝိုင်းထားနိုင်ပေမယ့် မြို့ပတ်ပတ်လည်မှာတော့ စစ်တပ်ရဲ့ မြို့စောင့်တပ်တွေရှိတယ်" လို့ သူက ရှင်းပြပါတယ်။

အလားတူ ရခိုင်(တောင်ပိုင်း)ကျောက်ဖြူမြို့နယ်ထဲမှာလည်း ကျေးရွာတွေဘက်မှာ အေအေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ မေလနောက်ဆုံးအပတ်အထိ ဆက်ရှိနေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့မှာ အေအေက ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက စစ်ရေးလှုပ်ရှားမှုတွေ စတင်ခဲ့ပေမယ့် ၆ လနီးပါးကြာအထိ မြို့ကို မသိမ်းနိုင်သေးတာကြောင့် အေအေအတွက် လူအင်အားလိုအပ်နေတာမျိုးဖြစ်နိုင်တယ်ဆိုပြီး စစ်ရေးအကဲခတ်တချို့က သုံးသပ်နေကြပါတယ်။

အေအေရဲ့ စစ်မှုထမ်းနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်အပေါ် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

တစ်ဖက်မှာလည်း အေအေရဲ့ စစ်မှုထမ်းနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ထဲမှာ တိကျတဲ့ ပြဋ္ဌာန်းချက်၊ အခွင့်အရေးနဲ့ စည်းကမ်းချက်တွေ မပါရှိတာကြောင့် ရခိုင်လူထုတွေကြားထဲမှာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

စစ်မှုထမ်းရမယ့်ကာလအပိုင်းအခြားအပြင် စစ်မှုထမ်းရမယ့်သူတွေရဲ့ မိသားစုဝင်တွေအတွက် ထောက်ပံ့ပေးမယ့်အစီအစဉ်နဲ့ စစ်မှုထမ်းကာလမှာ ရရှိမယ့် လုပ်ခလစာ စတဲ့အချက်တွေကို လူထုသိအောင် ထုတ်ပြန်ကြေညာတာမျိုးလုပ်သင့်တယ်လို့ ရခိုင်ဒေသခံတွေက ထောက်ပြနေကြပါတယ်။

ဒါ့အပြင် အေအေအနေနဲ့ "စစ်မှုထမ်းဥပဒေမှာ ဘယ်လိုလူတွေကို ချန်လှပ်ထားမလဲ၊ အမိအဖ၊ သက်ကြီးရွယ်အိုတွေကို တစ်ဦးတည်း စောင့်ရှောက်နေရတဲ့လူငယ်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေ အတွက်လည်း သီးခြားဖော်ပြသင့်တယ်" လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုထားပါတယ်။

တိကျမှုမရှိတဲ့ ဒီထုတ်ပြန်ချက်လောက်နဲ့ပဲ ‌အေအေက ထိန်းချုပ်နယ်မြေတွေမှာ အတင်းအဓမ္မ စစ်သားစုဆောင်းနေမယ်ဆိုရင် "ရခိုင် လူထုကြားမှာ အကြောက်တရားပိုကြီးမားလာနိုင်တယ်" လို့ သူကပြောခဲ့ပါတယ်။