ငလျင်ဘေးနဲ့ စစ်ဘေးကြားက မြန်မာ

ငလျင်ဘေးသင့်ကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(AA) တို့က ငလျင်ကြောင့် ထိခိုက်သူတွေကို ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ထိုးစစ်တွေကို ရက်အကန့်အသတ်နဲ့ ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။

တချိန်တည်းမှာပဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်တွင်းစစ်ကို ရည်ညွှန်းပြီး လိုအပ်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ဆက်လုပ်မယ်လို့ ပြောပါတယ်။ မတ် ၁ ရက်က ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ငလျင်ဘေးအတွက်အလှူငွေလက်ခံတဲ့ပွဲက မိန့်ခွန်းထဲမှာ စစ်ခေါင်းဆောင်က အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ဒီပြောကြားချက်က စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်တွေနဲ့ပတ်သက်ပြီး တိုက်ပွဲတွေကို ဆက်ဖော်ဆောင်သွားမှာလို့ နားလည်ရကြောင်း စစ်ရေးအကဲခတ်တချို့က ပြောကြပါတယ်။

စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကပြောဆိုချက်ကြားမှာပဲ နိုင်ငံတွင်းမှာ ငလျင်ဘေးနဲ့ စစ်ဘေးက လူထုအပေါ် သက်ရောက်မှုဘယ်လောက်ကြီးလာလဲ။

တော်လှန်ရေးအဖွဲ့တွေရဲ့ ရပ်နားတဲ့ ထိုးစစ်နဲ့ စစ်ကောင်စီက ဆက်လုပ်မယ့် ကာကွယ်ရေး

အင်အားပြင်းထန်တဲ့ ငလျင်ကြောင့် လူသေဆုံးတာနဲ့ ပျောက်ဆုံးတာတွေအတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ နိုင်ငံတဝန်းက ထိုးစစ်တွေကို မတ် ၃၀ ရက် ကစလို့ နှစ်ပတ်ကြာ ရပ်နားမယ့်အကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ - NUG က မတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

NUG ရဲ့ ကြေညာချက်ထွက်အပြီး ၄ ရက်မြောက်နေ့မှာတော့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်တဲ့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ NUG နဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောတာတွေ့ရပါတယ်။

'' NUG နဲ့ ပတ်သက်လို့ နိုင်ငံ‌ရေးလမ်းစဉ်ကို မရွေးချယ်ထားတာဖြစ်လို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်မယ်'' လို့ စစ်ခေါင်းဆောင် ကပြောပါတယ်။

ဒါတင်မက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စုဖွဲ့မှုနဲ့ပတ်သက်လို့လည်း သူက ထည့်ပြောပါတယ်။

"တချို့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်တာ မရှိပေမဲ့လည်း တိုက်ခိုက်မှု လုပ်ဖို့ စုဖွဲ့တာ၊ လေ့ကျင့်မှု လုပ်တာတွေ သိရှိထားတာကြောင့် ဒီလိုလုပ်ဆောင်တာကလည်း တိုက်ခိုက်တာသာ ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ လိုအပ်တဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်သွားမှာဖြစ်တယ်"လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အဲဒီနေ့ ဧပြီ ၁ ရက် ညပိုင်းမှာပဲ ကိုးကန့်တပ် -MNDAA ၊ တအာင်းတပ် - TNLA ၊ အာရက္ခတပ်တော်- AA တို့ ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဧပြီ ၁ ကနေ ဧပြီ ၃၀ ရက်အထိ တစ်လတာ အပစ်အခတ် ရပ်ဆဲမယ်လို့ ထုတ်ပြန်လာပါတယ်။

"မြေပြင်မှာ ကျွန်တော်တို့တွေက တိုက်ပွဲရပ်ထားပေမဲ့လည်း စစ်တပ်ကတော့ ကောင်းကင်ကနေ ဗုံးကြဲရင် ပြန်ပစ်မှာပဲ။ အဲဒီအခါကျတော့လည်း သူတို့ ပစ်လို့ ကိုယ်ပစ်ရတယ်ဆိုပြီး ဖြစ်နေဦးမှာပဲ"လို့ အေအေ စစ်ရေးအရင်းအမြစ်က သူ့အမြင်ကို ပြောပါတယ်။

စစ်ရေးအကဲခတ်တချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေက ငလျင်ဒဏ်ထိခိုက်သူတွေကို စာနာထောက်ထားတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲပေမဲ့လည်း စစ်ကောင်စီကတော့ ရပ်တန့်မယ့် အနေအထား မတွေ့ရဘူးလို့ သုံးသပ်ကြပါတယ်။

တဖက်မှာလည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကဲခတ်တချို့ကတော့ တရုတ် - မြန်မာနယ်စပ်ကနေ တရုတ်ဘက်က ငလျင်ဘေး အကူအညီပေးရေးအဖွဲ့တွေ နယ်စပ်လမ်းကြောင်းတွေကနေ ဝင်ရောက်နိုင်ဖို့ တရုတ်ဖိအားနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေက အပစ်ရပ်ကြေညာတာလို့ ပြောဆိုချက်တွေရှိပါတယ်။

တရုတ်ရဲ့ ငလျင်ကူညီရေးယာဉ်တန်း စစ်ကောင်စီတိုက်ခိုက်

ငလျင်ဘေးအတွက် အကူအညီပေးမယ့် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီအသင်း ယာဉ်တန်းဟာ ဧပြီ ၁ ရက် မနက်ပိုင်းမှာ နောင်ချိုမြို့နယ်၊ အုမ္မတီးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တားမြစ်မှုကို ခံခဲ့ရပါတယ်။

တရုတ် -မြန်မာနယ်စပ်ကတဆင့် ဝင်ရောက်ပြီး မန္တလေးမြို့ကို ခရီးဆက်မယ့်အဲဒီယာဉ်တန်းမှာ ယာဉ်အစီးရေ ၉ စီးပါဝင်ပြီး အဲဒီယာဥ်တန်းကို စစ်တပ်ဘက်ကပစ်ခတ်မှုလုပ်ခဲ့တယ်လို့ တအာင်းတပ်- TNLA က ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

TNLA ရဲ့ ပြောဆိုချက်ထွက်ပေါ် ပြီးတဲ့နောက် စစ်ကောင်စီဘက်က အဲဒီပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားပါတယ်။

"လုံခြုံရေအဖွဲ့အနေနဲ့ တွေ့တဲ့အခါ တားဆီးပါတယ်။ တားဆီးလို့မရပါဘူး။ မီတာ ၂၀၀ လောက် အကွာကတည်းက မီးထိုးပြီး တားဆီးပါတယ်။ မီတာ ၁၀၀ အကွာမှာ မိုးပေါ် ထောင်ပြီး သေနတ်သုံးချက်ထောင်ဖောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ နောင်ချိုဘက်ကို ပြန်သွားတယ်လို့ အကြမ်းဖျဉ်း သိရပါတယ်"လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပါတယ်။

ငလျင်ဘေး ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာက အကူအညီထောက်ပံ့ရေး ပစ္စည်းတွေကို သံရုံး၊ စစ်သံရုံးတွေကနေတဆင့် ဆက်သွယ်ပြီးမှ ဆောင်ရွက်ကြတာဖြစ်ပြီး အခုဖြစ်သွားတဲ့ ကူညီကယ်ဆယ်ရေး ယာဉ်တန်းက ကြိုတင် အကြောင်းကြားတာ မရှိခဲ့ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီယာဉ်တန်းဟာ မန္တလေးမြို့ကို ခရီးဆက်မှာဖြစ်တဲ့အကြောင်း စစ်ကောင်စီကို သတင်းပေးပို့ခဲ့ပေမဲ့ အခုလို ပစ်ခတ်ခံရတာဖြစ်တာကြောင့် နောင်ချိုမြို့ကို ပြန်ဆုတ်ခွာလာတာတယ်လို့လည်း ပါရှိပါတယ်။

တရုတ်နိုင်ငံရဲ့ ထောက်ပံ့ရေးပစ္စည်းယာဉ်တန်း နောင်ချိုမြို့နယ်မှာ ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကလည်း စုံစမ်းမေးမြန်းနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောထားပါတယ်။

"ကားတွေကတော့ မြန်မာနိုင်ငံက နံပါတ်နဲ့ ကားတွေနဲ့ ဖြစ်ပါတယ်။ ကြိုတင်အကြောင်းကြားတာ၊ လုံခြုံရေး အကူအညီရယူဆောင်ရွက်တာတွေကိုတော့ လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်" ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအတွက် တရုတ်၊ ရုရှား၊ ထိုင်း၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လာရုစ်၊ ယူအေအီး၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှား၊ ဟူတန်၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေအပြင် ဟောင်ကောင်တို့က လေကြောင်း ၅၃ ခုကနေ ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိထားပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁,၅၀၀ ကျော်က ပြည်တွင်းမှာ ကယ်ဆယ်‌ရေးလုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံက ကယ်ဆယ်ရေးပစ္စည်းတွေကို သင်္ဘော နှစ်စီးနဲ့ ရေလမ်းကနေ ပို့ဆောင်ပေးသလို တရုတ်နိုင်ငံကလည်း ကုန်လမ်းခရီးကနေ ယာဉ် ၆ စီးနဲ့ မတ် ၃၁ ရက်က ပို့ဆောင်ထားတာ ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာက ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၅၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၄၉၅ တန်ကျော် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နာဂစ်တုန်းက နိုင်ငံတကာက အမှန်တကယ်ဒုက္ခရင်ဆိုင်ရသူတွေထံကို နိုင်ငံတကာက ထောက်ပံ့ရေးပစ္စည်းတွေ မရောက်ခဲ့တဲ့ဖြစ်စဥ်တွေကြောင့် လက်ရှိငလျင်ဘေးဒဏ်ထိ ဒေသတွေမှာ တကယ်လိုအပ်သူတွေကို ထောက်ပံ့ရေးပစ္စည်းတွေ မရောက်နိုင်မှာကိုလည်း စိုးရိမ်စိတ်ရှိတယ်လို့ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖူးတဲ့ အတွေ့အကြုံရှိသူတချို့ကလည်း ထောက်ပြပါတယ်။

ငလျင်အရေးပေါ်ချိန် လေကြောင်းတိုက်ခိုက်ခံရမှုတွေဆက်ရှိ

၇ ဒသမ ၇ ရစ်ခ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ရေးလှုပ်ရှားမှုပေါင်း ၂၉ ကြိမ် ရှိခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ရေးသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က "စစ်ကောင်စီက ငလျင်အတွက် ကယ်ဆယ်ရေးအပိုင်းတွေကို နိုင်ငံတကာက လာကူညီတဲ့သူတွေဆီ အပ်ထားပြီး သူလုပ်စရာရှိတဲ့ စစ်ရေးတွေ၊ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်လုပ်နေတာ"လို့ သူ့အမြင်ကို ပြောပါတယ်။

ငလျင်ပြင်းပြင်းထန်ထန် လှုပ်ခတ်တဲ့ မတ် ၂၈ တစ်ရက်တည်းမှာကိုပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်လင်ရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် -DPLA က တပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ပဲခူးတိုင်း ဖြူးမြို့နယ်တို့ကို ငလျင်လှုပ်ခတ်ချိန်နဲ့ လှုပ်ခတ်ပြီး နာရီပိုင်း အကွာမှာပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

စဉ့်ကူးမြို့နယ်ဟာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီ ကင်းစင်နယ်မြေဆိုပြီး ၂၀၂၄ ခုနှစ် ဇူလိုင်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မတ် ၂၈ ရက်မှာ ငလျင်ဒဏ်နဲ့ လေကြောင်းရန်ကို တစ်ရက်တည်း ခံစားလိုက်ရတာဖြစ်ပါတယ်။

"ငလျင်လှုပ်လို့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတုန်းမှာပဲ လေကြောင်းလာလို့ ဗုံးခိုကျင်းထဲ ရှောင်ကြရတယ်"လို့ ငလျင်ဘေးနဲ့ ဝေဟင်ဘေးကြား ဗျာများခဲ့ရတယ်လို့ စဉ့်ကူးမြို့နယ် ကာကွယ်ရေးတာဝန်ရှိသူက ပြောပါတယ်။

မတ် ၂၉ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နားက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်လို့ စစ်ဘေးရှောင်ရသူတွေ အယောက် ခြောက်ထောင်နီးပါး ရှိနေပါတယ်။

မတ် ၃၀ ရက်မှာဆိုရင် ငလျင်ဒဏ်ကြောင့် အဖျားခတ်ထိခိုက်မှုတွေရှိခဲ့တဲ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ မကွေးတိုင်း ပေါက်မြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

မတ် ၃၁ ရက်နဲ့ ဧပြီ ၁ ရက်တို့မှာလည်း ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ချင်းပြည်နယ် မင်းတပ်မြို့၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့တို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ အဲဒီဒေသတွေကိုထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

"အရင်ကလည်း တိုက်ပွဲမရှိဘဲ ပြည်သူတွေကို ဗုံးကြဲခဲ့တာပဲ။ နာဂစ်တုန်းကလည်း ပြည်သူတွေ သိန်းချီသေတုန်းကလည်း ရွေးကောက်ပွဲ လုပ်ခဲ့တာပဲ။ အခုလည်း ငလျင်ဒဏ်ခံနေရတာ ကယ်တင်စရာ အများကြီးရှိနေတာတောင် ဗုံးကြဲနေတော့ စစ်ကောင်စီ ဘာလဲဆိုတာ သိနေပြီးသားပဲ" လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုယောမာန်က ပြောပါတယ်။

ငလျင်ဒဏ်ကြား လေယာဥ်သံ နားစွင့်နေကြရသူတွေ

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မန္တလေး၊ စဉ့်ကူးမြို့နယ်ထဲက ဖက်တဲ၊ ရေမျက်၊ မင်းမန်းတောင်နဲ့ ၁၂၇ ကံတောင် ရွှေတွင်းလုပ်ကွက်တွေမှာ ငလျင်ကြောင့် မြေပြိုလို့ သေဆုံးသူ ၃၁ ယောက်အထိရှိနေတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိအချိန်အထိလည်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ကိုင်နေကြရပေမဲ့ တွင်းထဲမှာ နစ်မြုပ်နေသူ ၃ ယောက်ကို အသက်ရှိလျက် ကယ်တင်နိုင်ဖို့ မဖြစ်နိုင်တော့ဘဲ အသက်မဲ့ ခန္ဓာကိုယ်သာ ကျန်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

"သဲမြေဆိုတော့ ဖော်နေရင် လိုဏ်ဖြစ်သွားပြီး ပြန်ပြိုကျနေတာ၊ ကျွန်တော်တို့ မြို့လေးက သေးသေးလေးလည်းဖြစ်တော့ ဘယ်အကူအညီကမှတော့ မလာပါဘူးဗျာ။ မမျှော်လည်း မမျှော်လင့်ထားပါဘူး" လို့ မန္တလေး၊ စဉ့်ကူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စဉ့်ကူးမြို့ထဲမှာလည်း ငလျင်ဒဏ်ကြောင့် နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ ပြိုကျပျက်စီးတာတွေ ရှိနေပေမဲ့လည်း စက်ယန္တရား လိုအပ်ချက်တွေကြောင့် ဖြစ်ဖြစ်မြောက်မြောက် မကူညီနိုင်ကြသေးပါဘူး။

တဖက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်နိုင်ခြေများတဲ့အတွက်လည်း ငလျင်ဒဏ်ကြားကပဲ ဗုံးခိုကျင်းတွေ တူးပြီး ပုန်းဖို့ အသိပေးထားရတယ်လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအတိုင်း ဆက်လုပ်သွားမယ်လို့ ဧပြီ ၁ ရက်နေ့ ပြောကြားအပြီး ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ စဉ့်ကူးမြို့ပေါ် စာသင်ကျောင်းပေါ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့နယ် ပကဖက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီ လက်လွှတ်ရတဲ့ နယ်မြေတွေ၊ လက်မလွှတ်ရရေး ခုခံနေရတဲ့ မြို့နယ်တွေမှာဆိုရင် ငလျင်ဒဏ်ကြောင့် ဘယ်လောက်ပဲ ထိခိုက်ခံစားနေရပါစေ လေကြောင်းရန်ကို မဖြစ်မနေ သတိထားရမှာ ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သတိပေးထားကြပါတယ်။