"ငလျင် ထပ်လှုပ်နေတယ်။ အသစ်ပြိုစရာလည်း မရှိတော့ပါဘူး"

"အခုပြောရင်း ငလျင်အကြီး ထပ်လှုပ်ပါတယ်။ တော်တော်ကြမ်းပါတယ်"

အင်အားပြင်းငလျင်ဗဟိုဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့ခံ တစ်ဦးဆီက ပေးပို့လာတဲ့ မက်ဆေ့စာတိုတစ်စောင်ကို မတ် ၃၀ ရက်၊ မြန်မာအချိန် ၁ နာရီ ၃၇ မိနစ်အချိန်မှာ လက်ခံရရှိလိုက်ပါတယ်။

တဆက်တည်း သူပို့လာတာက အဆောက်အအုံတွေ ထပ်ပြိုကျလာမှာကို စိုးရိမ်တဲ့အကြောင်းပါ။

"ပြိုလက်စတွေပဲ ထပ်ပြိုတာပါ။ အသစ်ကတော့ ပြိုစရာမရှိတော့ဘူး" လို့ စစ်ကိုင်းမြို့ခံ မဝေရဲ့ စာမှာ ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ပြိုပျက်ထားတဲ့အဆောက်အအုံတွေကို ရှင်းလင်းကယ်ဆယ်ရင် လုံလောက်အောင် မလုပ်နိုင်ခင်မှာပဲ ထပ်မံပြိုကျမှာကို သူစိုးရိမ်နေခဲ့တာပါ။

ကမ္ဘာတဝန်းက ငလျင်တွေကို တိုင်းတာပေးနေတဲ့ ငလျင်စောင့်ကြည့်ရေးအဖွဲ့ USGS ရဲ့ မတ်လ ၃၀ ရက် ငလျင်လှုပ်ခတ်မှုမှတ်တမ်းမှာ အဲဒီငလျင်က ထိပ်ဆုံးမှာ ထင်းထင်းပေါ်နေပါတယ်။

မန္တလေးမြို့အနီး ၂၈ ကီလိုမီတာကို ဗဟိုပြုကာ ပြင်းအား ၅.၁ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။

မတ်လ ၃၀ ရက် ငလျင်ကြီး လှုပ်ခတ်အပြီးမှာ ငလျင်ဒဏ်သင့်ဒေသတွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေဆဲပါ။ ဒါကြောင့် ငလျင်ဒဏ်သင့်ဒေသခံတွေကို အင်တာနက်ကနေသာ ဆက်သွယ်နိုင်ပါတယ်။ ဒေသခံတွေဟာ မီးစက်နှိုးပြီး ဖုန်းအားသွင်း လို့ရတဲ့နေရာတွေကနေ သတင်းထောက်တွေကို မြေပြင်အခြေအနေ ပြောပြနေကြပါတယ်။

"ငလျင်အသေးတွေက အမြဲလှုပ်နေတော့ လူတွေလည်း ချာလည်နေပါပြီ" လို့ မဝေက ပြောပါတယ်။

အင်အားပြင်းငလျင်လှုပ်ပြီးတိုင်း ငလျင်တွေ ဆက်လှုပ်လေ့ ရှိပါတယ်။ မြန်မာမှာတော့ ၄၈ နာရီကျော်အတွင်းမှာပဲ အင်အားအသင့်အတင့်နဲ့ အင်အားသေးငလျင် အကြိမ်ရေ ၇၀ ထက်မနည်း လှုပ်ခတ်ခဲ့တာကို USGS စာရင်းအရ သိနိုင်ပါတယ်။

ဒီနောက်ဆက်တွဲငလျင်ကို စစ်ကိုင်းမြို့အပါအဝင် မန္တလေး၊ အမပူရ စတဲ့မြို့တွေက ဒေသခံတွေလည်း ခံစားလိုက်ရပါတယ်။

"နေ့လယ်က လှုပ်သွားတာက ၂၈ ရက်နေ့က အင်အားပြင်းနှစ်ကြိမ်ပြီးရင် အပြင်းဆုံးပဲ၊ လူတွေကတော့ ကြောက်တာပေါ့။ တိုက်တွေ ထပ်ပြို မပြိုတော့ သတင်းတက် မလာသေးဘူး" လို့ အမရပူရမြို့ပေါ်မှာ ကူညီကယ်ဆယ်‌ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

အင်အားပြင်းငလျင်ဗဟိုချက်အနီးက စစ်ကိုင်းမှာ ဘာတွေဖြစ်ခဲ့လဲ

မတ် ၂၈ ရက် မနက် ၁၂ နာရီကျော်မှာလှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်နားကို ဗဟိုပြုခဲ့ပါတယ်။ ငလျင်လှုပ်အပြီးနာရီပိုင်းအတွင်းမှာပဲ မန္တလေးမြို့ပေါ်က ပြိုကျနေတဲ့အဆောက်အအုံတွေရဲ့ မြင်ကွင်းတွေကို အင်တာနက်ကတဆင့်တွေ့မြင်ရပေမဲ့ ဗဟိုချက်အနီး စစ်ကိုင်းမြို့ကတော့ အသံတိတ်နေခဲ့ပါတယ်။

၄၈ နာရီကျော်ကြာမှာတော့ စစ်ကိုင်းမြို့ပေါ်ကနေရာတချို့မှာ အင်တာနက်ဆက်သွယ်လို့ရလာပါပြီ။

"မြို့ပေါ်မှာ မပြိုတဲ့အိမ်မရှိဘူး။ အုတ်ခံတိုက်တွေ အကုန်ပြို။ လူထုတ်လို့ မရသေးတာတွေလည်းအများကြီးပဲ" လို့ မဝေက သူတွေ့မြင်နေရတဲ့ မြို့မြင်ကွင်းက ပြောပြပါတယ်။

"မင်းလမ်းကို ငလျင်ကြောအလယ်က ဖြတ်သွားပြီး လမ်းတွေကအစ လှိုင်းတွေ ထသွားတာပါ။ အဲဒီလမ်းမှာ အစ္စလာမ်ဘာသာဝင်တွေ အများကြီးရှိပြီး ထူပါရုံ ဘုရားတို့ ရွှေကျောင်းဘုန်းကြီးကျောင်းတို့လည်း ရှိတယ်"

စာသင်ကျောင်း၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေအများစုမှာ ပိတ်မိသူများတယ်လို့ သူက ဆက်ပြောပါတယ်။

ငလျင်လှုပ်အပြီး ၄၈ နာရီအကြာမှသာ စစ်ကိုင်းမြို့ပေါ်မှာ ကယ်ဆယ်ရေးတွေ ပိုလုပ်နိုင်တဲ့အခြေအနေပါ။

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကလည်း စစ်ကိုင်းမြို့ပေါ်က သကျမိတာသီလရှင်စာသင်တိုက်၊ မြတ်ကိုယ်ပိုင်ကျောင်း၊ လေးကျွန်းမြေ အုတ်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီး ဘုန်းတော်ကြီးကျောင်းတိုက်တို့ကို ကယ်ဆယ်ရေးလုပ်ခဲ့တယ်လို့ မတ် ၃၀ ရက် မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ဘီဘီစီက မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတချို့နဲ့ မေးမြန်းခွင့်ရချိန်မှာတော့ ရုပ်အလောင်း ၈၈ လောင်းရထားပြီး ၃၆ ဦးကို အသက်ရှင်ရက်ကယ်ဆယ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့ပေါ်က အိုးဘိုကျန်းမာရေးနဲ့ Rescue(ကယ်ဆယ်ရေး) အသင်း ဦး‌ဆောင်သူတစ်ဦးကတော့ ၁၈၃ ယောက်ရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ပြီးစီးပြီလို့ မတ် ၂၉ ရက် ညနေပိုင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

"အခုတော့ နာရေးကားတွေ အများကြီးသွားလာနေကြပြီ။ မီးသင်္ဂြိုဟ်စက်မနိုင်လို့ အပုံလိုက်ရှို့နေရပြီတဲ့" လို့ မဝေက နာရေးပို့ခဲ့သူတွေရဲ့ပြောစကားကို ပြန်ပြောပြပါတယ်။

စစ်ကိုင်းမြို့ပတ်လည်က အနီးတဝိုက်က ကျေးရွာတချို့မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေ စိုးမိုးထားတာကြောင့် မြို့ပေါ်ကို ဘယ်သူတွေကယ်ဆယ်ရေးဆောင်ရွက်ပေးနေလဲလို့ ဘီဘီစီက မေးကြည့် ခဲ့ပါတယ်။

စစ်တပ်၊ ရဲ နဲ့ လူမှုကူညီရေးအဖွဲ့တွေရှိနေတယ်လို့ မဝေက ဖြေပါတယ်။ စစ်ကိုင်းမြို့ PDF တွေနဲ့ နီးစပ်သူ တစ်ဦးကတော့ စစ်ကိုင်းမြို့ပတ်လည်ကို ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ကားနဲ့ပတ်နေတယ်လို့ တုံ့ပြန်ပါတယ်။

"ကျွန်တော်တို့တက်ရင် သေချာပေါက်ပစ်မှာ သူတို့ အဲဒါချောင်းနေတာလေ။ တက်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ သူတို့ ကင်းပုန်းတွေရှိနေတယ်" လို့ သူက ပြောပါတယ်။

မတ် ၃၀ ရက် ညနေပိုင်းမှာတော့ စစ်ကိုင်းမြို့ကိုလာတဲ့ကယ်ဆယ်ရေးယာဉ်တန်းပစ်ခတ်ခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မတ် ၃၀ ရက် ကနေ ဧပြီ ၁၂ ရက်အထိ နှစ်ပတ်ကြာ ခုခံကာကွယ်စစ်ကလွဲလို့ ထိုးစစ်ရပ်ထားပြီး ပြည်တွင်းပြည်ပကူညီကယ်ဆယ်ရေး အဖွဲ့တွေကို လိုအပ်တဲ့အကူအညီပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

အစ္စလာမ် ဥပုသ်လ နောက်ဆုံးအပတ် ဝတ်ပြုနေ့မှာလှုပ်တဲ့ငလျင်

မတ် ၂၈ ရက်၊ သောကြာနေ့ ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လနောက်ဆုံးရက်ဖြစ်ပါတယ်။

"ဥပုသ်စောင့်တာ ၂၇ ရက်မြောက်တဲ့နေ့မှာ ငလျင်နဲ့ကြုံခဲ့ရတာပေါ့။ ဒီနေ့ (မတ် ၃၀ ရက်) လမြင်ရင်တောင် ကျွန်တော်တို့ ဥပုသ်ပြီးပြီ" လို့ မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးက ပြောပါတယ်။

ကိုမျိုးဟာ မန္တလေးမြို့ပေါ်က ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေမှာ ကူညီကယ်ဆယ်ရေးဝိုင်းဝန်းလုပ်ဆောင်နေတဲ့ အရပ်သားတစ်ဦးပါ။ ဗလီဆရာမိသားစုဝင်အကုန်လုံးနီးပါးသေဆုံးခဲ့တဲ့ ရွှေဘုန်းရှိန်ဗလီကယ်ဆယ်ရေး မှာလည်း သူပါခဲ့ပါတယ်။

ရွှေဘုန်းရှိန် ဗလီဆရာမိသားစုဝင် ၆ ဦးသေဆုံးခဲ့ပြီး တစ်ဦးကတော့ အဆုတ်ထိခိုက်ဒဏ်ရာနဲ့ ဆေးကုသနေရတယ်လို့ လွတ်မြောက်လာခဲ့တဲ့ ဗလီဆရာရဲ့သားဖြစ်သူက ဘီဘီစီကို ဖြေကြားပါတယ်။

ဥပုသ်လ ဝတ်ပြုရက်ဖြစ်တာကြောင့် ပြိုကျနေတဲ့ ဗလီတွေအောက်မှာပိတ်မိနေသူတွေများနိုင်တယ်လို့ ဆိုပါတယ်။

"မနေ့ (မတ် ၂၉) ရက်က ဈေးချိုနားက ဆူရကီဗလီမှာက အယောက် ၁၂၀၊ နောက် ကျောက်ဗလီလား ပန်းဆက်ဗလီလားတော့မသိ အဲဒီမှာက အယောက် ၂၄၀ စာအတွက် ဂျနာစာဖတ်ပေးတယ်လို့သိရတယ်" လို့ ကိုမျိုးက ပြောပါတယ်။

အမရပူရမြို့နယ်၊ ဗုံးအိုးရွာမှာ ဗလီ ၉ လုံးခန့်ရှိပြီး အဲဒီထဲက ၇ လုံးပြိုကျကာ လူ ရာဂဏန်းသေဆုံးတယ်လို့ အစ္စလာမ်ဘာသာဝင်အသိုင်းအဝိုင်းက တဆင့်သိရတဲ့အကြောင်း သူက ဘီဘီစီကို ပြန်ပြောပြပါတယ်။

အမရပူရမြို့ပေါ်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ ဗုံးအိုးရွာဘက်မှာ လူသေဆုံးမှုများပြီး လူ ၁၀၀ ကျော်ရဲ့ရုပ်အလောင်းရထားတယ်လို့ ဖြေပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရေးသားချက်အရ ဝတ်ပြုဆုတောင်းချိန်ဖြစ်တာကြောင့် အစ္စလာမ် ဘာသာဝင် အယောက် ၅၀၀ ထက်မနည်းသေဆုံးနိုင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ငလျင်ကြောင့် သေဆုံးစာရင်းမှာတော့ ဗလီတွေမှာရှာဖွေတွေ့ရှိရတဲ့ အစ္စလာမ် ဘာသာဝင်စာရင်းတွေဆိုကာ သီးသန့် ဖော်ပြတာမရှိသလို ဘီဘီစီအနေနဲ့လည်း သီးခြားအတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ငလျင်လှုပ်တာဟာ သောကြာနေ့ဖြစ်တာကြောင့် စာသင်ကျောင်းတွေ ရုံးတွေဖွင့်လှစ်သလို ဗုဒ္ဓဘာသာဝင် သံဃာတော်တွေလည်း စာဖြေနေကြချိန်ဖြစ်ပါတယ်။

ဒါကြောင့်စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်သာမက ငလျင်သက်ရောက်မှုပြင်းတဲ့ဒေသတွေမှာပြိုကျ အဆောက်အအုံတွေထဲ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ကျောင်းသားတွေ ပိတ်မိနေခဲ့ကြတာကို တွေ့ရပါတယ်။

ပျော်ဘွယ်မြို့မှာဆိုရင်လည်း မြို့မဈေးအနီးက မြင်းဘက်ဗလီနဲ့ ကမ္ဘောဇဘဏ် အဆောက်အအုံပြိုကျတာက လူအများဆုံးထိခိုက်သေဆုံးတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။

ပျော်ဘွယ်မီးသတ်ကတော့ သေဆုံးရုပ်အလောင်း ၁၆၁ လောင်းရရှိတယ်လို့ မတ် ၃၀ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာကယ်ဆယ်ရေးတွေလာပြီ

ငလျင်လှုပ်ခတ်တာ ၄၈ နာရီကျော်လာချိန်မှာတော့ ပြိုကျအဆောက်အအုံတွေကပြည်သူတွေကို ကယ်တင်ဖို့အတွက် အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်က ကူညီရေးအဖွဲ့တွေ မြေပြင်ဆင်းကူညီနေကြပါပြီ။ အများစုက မန္တလေးမြို့ပေါ်မှာ ရှင်းလင်းကယ်ဆယ်ရေးလုပ်နေကြတာပါ။

မန္တလေးမြို့ ၇၈ လမ်းပေါ်မှာရှိတဲ့ တိုက်တခြမ်းပြိုကျတိမ်းစောင်းခဲ့တဲ့ Great Wall ဟိုတယ်ကို အိန္ဒိယ နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက မြန်မာကယ်ဆယ်ရေးသမားတွေနဲ့အတူ နေရာယူထားပါတယ်။

မန္တလေးမြို့က ၁၁ ထပ်အမြင့်ရှိရာကနေ ၅ လွှာခန့်မြေအောက်ကျွံဝင်သွားတဲ့ Sky Villa ကိုတော့ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က မြန်မာမီးသတ်ဦးစီးဌာနက ရှာဖွေရေးသမားတွေနဲ့အတူ ပူးပေါင်းရှာဖွေနေကြပါ တယ်။

စာဖြေသံဃာတော်တွေ ပိတ်မိနေတယ်လို့ဆိုတဲ့ ဦးလှသိန်း သာသနာ့ဗိမာန်အပျက်အစီးတွေကြား ပိတ်မိနေသူတွေကိုတော့ ဟောင်ကောင်ကရှာဖွေ ကယ်ဆယ်ရေး သမားတွေက ကူညီနေတာပါ။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်က ပြိုကျအဆောက်အအုံတွေမှာတော့ စင်ကာပူ နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိနေပါတယ်။

ဒါအပြင် ရုရှားရော ဘယ်လာရုစ်နိုင်ငံက ကယ်ဆယ်ရေးသမားတွေလည်း မြန်မာကိုရောက်ရှိလာကြပြီလို့ သိရပြီး ဘယ်ဒေသမှာ ကယ်ဆယ်ရေးလုပ်မလဲဆိုတာကိုတော့ ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

ထိုင်ဝမ်ကလည်း ကယ်ဆယ်ရေးသမားတွေမြန်မာကို စေလွှတ်ဖို့အသင့်ရှိနေပြီး ပြည်ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့အကြောင်း ငလျင်စတင်လှုပ်ခတ်ခဲ့တဲ့နေ့ကတည်းက ပြောထားခဲ့တာပါ။

ပြည်ဝင်ခွင့်အခြေအနေနဲ့ပတ်သက်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကို အီးမေးလ်ပို့ဆက်သွယ်ထားပေမဲ့ မတ် ၃၀ ရက်ညနေပိုင်းအထိ တစုံတရာတုံ့ပြန်ဖြေကြားတာမရှိသေးပါဘူး။

အင်အားအလွန်ပြင်းထန်ငလျင်ဗဟိုချက်အနီးမှာရှိတဲ့ စစ်ကိုင်းမြို့ကိုတော့ စစ်ကိုင်းတိုင်းကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အဓိကဆောင်ရွက်နေကြပါတယ်။

"နေဖို့ သီးသန့်စီစဉ်ပေးတာမရှိတော့ နီးစပ်ရာလမ်းပေါ် ထွက်အိပ်ရတယ်။ မြို့က ဧရာဝတီမြစ်ကမ်းဘေးတင်ဆိုတော့ မြစ်ရေသွားခပ်ပြီး သောက်ရေလုပ်တယ်၊ သုံးရေလုပ်တယ်" လို့ မဝေက ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးတာ ၄၈ နာရီကျော်ကြာလာချိန်မှာတော့ နိုင်ငံတဝန်း သေဆုံးသူဦးရေ ၁၇၀၀ ကျော်ရှိလာပြီလို့ စစ်ခေါင်းဆောင်က မလေးရှားဝန်ကြီးချုပ်နဲ့ ဖုန်းပြောချိန်မှာ ထည့်ပြောခဲ့ပါတယ်။ ဒဏ်ရာရသူ ၃,၀၀၀ ကျော်နေချိန်မှာ သေဆုံးသူ အရေအတွက် တိုးလာနိုင်တဲ့အကြောင်းကိုလည်း သူက ထည့်ပြောပါတယ်။

သေဆုံးစာရင်းတွေကိုဆက်တိုက်ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီဟာ မတ် ၃၀ ရက်မှာတော့ အချိန်နဲ့ တပြေးညီ သေဆုံး၊ ထိခိုက်၊ ပျောက်ဆုံးစာရင်းတွေကို ထုတ်ပြန်လာတာလည်းမတွေ့ရသေးပါဘူး။

ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ချက်အရ မဝေ နဲ့ ကိုမျိုးနာမည်ကို အစားထိုး ဖော်ပြထားပါတယ်။