ကလေး ဒကစ ကနေ ချင်းတောင်ကိုတက်လာတဲ့စစ်တပ်ကို ချင်းတပ်တွေ ဘယ်လိုပြန်တိုက်နေကြလဲ

မြန်မာစစ်တပ်ရဲ့ တပ်မမှူးဦးဆောင်တဲ့ အင်အား ၈၀၀ ဝန်းကျင်ရှိစစ်ကြောင်းဟာ စကိုင်းနဲ့ ချင်းပြည်နယ်အစပ်၊ ကလေး-သိုင်းငင်း လမ်း‌ပေါ်က မွာလ်ပီးရွာနဲ့ ထင်းဇန်ရွာကြားမှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ချင်းပြည်နယ်အဝင်ဝကို ရောက်နေတဲ့ ဒီစစ်ကြောင်းဟာ တီးတိန်မြို့နယ်၊ သိုင်းငင်းဗျူဟာစခန်းကို ဦးတည်တယ်လို့ ချင်းတပ်ဖွဲ့တွေက ကောက်ချက်ချပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက "ဒီနှစ်မှာ ချင်းထဲဝင်လာတဲ့ အကြီးဆုံးစစ်ကြောင်း" လို့ ဘီဘီစီကို ပြောပါတယ်။

သိုင်းငင်းဟာ ချင်းတောင်ပိုင်းနဲ့ မြောက်ပိုင်းလမ်းဆုံဖြစ်ပြီး ချင်းထဲကို စိမ့်ဝင်ဖို့ ဗျူဟာ အကျဆုံးနေရာ တစ်ခု ဖြစ်ပါတယ်။

သိုင်းငင်းစခန်းကို ခြေကုတ်ယူထားနိုင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲမှာရှိတဲ့ သိုင်းငင်းရွာဟာ စစ်ကိုင်းတိုင်းထဲကနေ ချင်းပြည်နယ်ကို ဝင်ဖို့ ပြည်နယ်ဝင်ပေါက်ဖြစ်ပါတယ်။

ဒီကနေ ချင်းမြောက်ဖျားပိုင်းက CNF/CNA ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ တွန်းဇံကို တက်သွားလို့ရသလို ချင်းညီနောင်သိမ်းထားတဲ့ ဖလမ်းဘက်ကို ဆင်းသွားကာ တောင်ပိုင်းကို ဝင်ရောက်နိုင်ပါတယ်။

"ဒီ သိုင်းငင်ကိုသာ စကစပြန်ရသွားရင် ဟားခါးထိပါ အချိန်မရွေး အင်အားဖြည့်လို့ရသွားမယ်" လို့ ချင်းကာကွယ်ရေးတပ်- စီးယင်း (CDF CDM Siyin) ဥက္ကဋ္ဌ ကိုအီးဂဲလ်က ပြောပါတယ်။

သိုင်းငင်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းဟာ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရဲ့ ဗျူဟာကုန်းတစ်ခု ဖြစ်ပါတယ်။

အရေးပါတဲ့ ဒီစခန်းကို CNF/CNA နဲ့ ပူးပေါင်းတပ်တွေက သိမ်းထားတာ တစ်နှစ်ကျော်နေပါပြီ။၂၀၂၄ ဇန်နဝါရီ ၁၆ ရက်မှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အရေးပါတဲ့ ဗျူဟာကုန်းဖြစ်တာကြောင့် တိုက်ပွဲအတွင်းမှာ စစ်တပ်ဟာ စခန်းအတွင်းမှာ ကတုတ်ကျင်း၊ ဘန်ကာတွေ အခိုင်အမာတည်ဆောက်ပြီး အပြင်းအထန်ခုခံခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ ၃၀ ဝန်းကျင် သေဆုံးပြီး ချင်းတပ်တွေဘက်က ၈ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရပြီးမှ တိုက်ပွဲအဆုံးသတ်ခဲ့တာပါ။

စခန်းကျပြီးကတည်းက စစ်ကောင်စီတပ်ဘက်ကနေ အင်အားဆယ်ဂဏန်းနဲ့ ဒီလမ်းကြောကို စစ်ကြောင်း ထိုးတာတွေ ရှိခဲ့ပေမဲ့ သိုင်းငင်းအထိ ပြန်မတက်လာနိုင်ခဲ့ကြပါဘူး။

စစ်ရေးအရ အရေးပါနေတဲ့ အပြင် ကလေး-သိုင်းငင်းလမ်းပိုင်းဟာ အိန္ဒိယ-မြန်မာ အမှတ် ၂ ကုန်သွယ် ‌ရေးလမ်းနဲ့လည်း လမ်းတကြောတည်းတည်ရှိတာကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အခရာ ကျပါတယ်။

ဒီလမ်းကနေသွားရင် အိန္ဒိယ-မြန်မာနယ်စပ်က ရိဒ်ခေါဒါမြို့ နယ်စပ်ဂိတ်အထိ ခရီးလမ်းပေါက်ပါတယ်။

ချင်းကာကွယ်ရေးတပ်တွေ လက်ထဲကို ဒီစခန်းမကျသွားခင်က စစ်ကောင်စီဟာ ဒီလမ်းမှာဖြတ်သွားတဲ့ ပြည်သူတွေကို သိုင်းခင်းရွာမှာ ဂိတ်ချပြီး ငွေကြေးကောက်ခံတာတွေ လုပ်ခဲ့တာပါ။

CNF/CAN ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက "စစ်ကောင်စီကတော့ ဒီစခန်းကို ပြန်စိုးမိုးမယ်။ ပြီးရင် ဆုံးရှုံးနယ်မြေတွေ ပြန်ယူမယ့် ခြေလှမ်းပြင်လာတာ" လို့ ယူဆပါတယ်။

Chinland Council နဲ့ Chin Brotherhood ပထမဆုံးပူးပေါင်းတိုက်တဲ့ တိုက်ပွဲ

စစ်တပ်ရဲ့ ကလေးအခြေစိုက် ဒကစက ဦးစီးပြီး ထုတ်နုတ်အင်အားတွေနဲ့ တပ်ရင်း ၅ ရင်းစာ ချင်းပြည်နယ်ထဲကို တိုက်ဖို့ လုပ်လာချိန်မှာတော့ နှစ်ခြမ်းကွဲနေတဲ့ ချင်းတပ်တွေ ပြန်လည်သွေးစည်းတိုက်ကြဖို့ ဖြစ်လာပါတယ်။

"CC တွေ CB တွေ အဲဒီလို နိုင်ငံရေးတွေထက် စစ်ရေးအရ စစ်တပ်ကို အနိုင်ယူဖို့လိုတဲ့အချိန်မှာ စည်းရုံးစရာမလိုဘဲ ဖြစ်လာတာ"လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ချင်းပြည်ကောင်စီ (CC) ဖွဲ့စည်းခဲ့တဲ့ CNF/CNA ပူးပေါင်းတပ်တွေနဲ့ ချင်းညီနောင် (CB) တို့ဟာ ၂၀၂၃-၂၀၂၄ အကူးအပြောင်းကာလကစပြီး အကွဲအပြဲဖြစ်ခဲ့ကြတာပါ။

မနှစ်က မတူပီတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။

အခု ကလေး-သိုင်းငင်းလမ်းပိုင်းတိုက်ပွဲမှာတော့ ဒီနယ်မြေမှာရှိတဲ့ CCနဲ့ CB တပ်တွေ ပေါင်းတိုက်နေတယ်လို့ ချင်းကာကွယ်ရေးတပ်- စီးယင်း (CDF CDM Siyin) ဥက္ကဋ္ဌ ကိုအီးဂဲလ်က ဘီဘီစီကိုပြောပါတယ်။

"ပထမ ၃ ရက်တော့ CDF DM Siyin၊ PDF Zolandနဲ့ KKG တို့ ခုခံတိုက်ကြတာ။ မနေ့ကစပြီး တပ် ပေါင်းစု ပါဝင်လာကြပြီ"လို့ သူက ပြောပါတယ်။

တိုက်ပွဲမှာ ချင်းပူးပေါင်းတပ်တွေဘက်က တစ်ဦးကျဆုံးထားတယ်လို့ သူက ဆိုပါတယ်။

စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ သေချာပြင်ဆင်ပြီး စစ်ကြောင်းထိုးလာတာဟာ "ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နယ်မြေ ပြန်လည်စိုးမိုးဖို့ ဦးတည်ချက်နဲ့လာတာ ဖြစ်တယ်" လို့ CNF/CNA ပြောခွင့်ရက ယူဆပါတယ်။

ချင်းပြည်နယ်မှာ နယ်မြေစိုးမိုးတဲ့အနေအထားကိုကြည့်ရင် မြို့နယ် ၉ မြို့နယ်ထဲက ၃ မြို့နယ်မှာသာ စစ်တပ်ကျန်တော့တာပါ။

  • ချင်းညီနောင်ထိန်းချုပ်မြို့နယ် (မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း)
  • ချင်းပြည်ကောင်စီထိန်းချုပ်မြို့နယ် (တွန်းဇံ)
  • အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ် (ပလက်ဝ)
  • စစ်တပ်ထိန်းချုပ်မြို့နယ် (ဟားခါး၊ ထန်တလန်၊ တီးတိန်)

လက်ရှိမှာ စစ်ကောင်စီတပ်က ကလေးမြို့ကနေ ချင်းတောင်တန်းကို အတက် ၁၇ မိုင်ဝန်း ကျင် ခန့်မှာပဲ တန့်နေပြီး ချင်း ပူးပေါင်းတပ်တွေကလည်း ပိတ်ဆို့ ဟန့်တားထားတဲ့ အခြေအနေလို့ မြေပြင် အခြေအနေသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဟာ အခုတစ်ကြိမ် ချင်းတောင်ကို တက်တဲ့ စစ်ကြောင်းမှာ လေယာဉ်သုံးတိုက်ခိုက်တာထက် ဒရုန်းအသုံးပြုတိုက်ခိုက်တာပိုလုပ်လာတယ်လို့လည်း သူက ပြောပါတယ်။

ချင်းပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းမိထားတာရှိပြီး သူတို့အပြောအရဆိုရင် ချင်းတောင်ကို တက်တဲ့စစ်ကြောင်းမှာ စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေကို အသုံးပြုထားတယ်လို့ သိရတဲ့အကြောင်း ချင်းတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

မြို့တော် ဟားခါး၊ ထန်တလန်နဲ့ တီးတိန်တို့မှာ စစ်ကောင်စီ ရှိနေသေးတယ်ဆိုပေမဲ့ မြို့ပေါ်နဲ့တပ်စခန်း ထဲမှာသာရှိကြတာလို့ ဆလိုင်းထက်နီက ပြောပါတယ်။

ထန်တလန်မြို့ပေါ်မှာတော့ အရပ်သားတွေ စစ်ရှောင်ထွက်ခွာသွားကြပြီး CNF/CNA နဲ့ စစ်တပ် နှစ်ဖက်လုံး တပ်စွဲထားကြတာဖြစ်ပါတယ်။

"ရွေးကောက်ပွဲပတ်သက်ရင် ပြည်သူလူထုက ထန်တလန်မှာ မရှိတော့ဘူး။ ဟားခါးနဲ့ တီးတိန် အဲဒါပဲရှိမယ်" လို့ သူကပြောပါတယ်။

မြို့ပေါ်မဟုတ်တဲ့ နယ်ဒေသတွေမှာ CC က အုပ်ချုပ်ရေးဖော်ဆောင်ထားတာကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

မေ ၂၁ ကနေ ဒီနေ့အထိ ဖြစ်ပွားနေတဲ့ မွာလ်ပီးရွာနဲ့ ထင်းဇန်ရွာကြားတိုက်ပွဲကြောင့် ဒီရွာတွေအပြင် ဟဲန်ဇိန်၊ သိုင်းငင်းနဲ့ ဝုန်ဆဲမ်ရွာက ရွာသား တစ်ထောင်ကျော် စစ်ရှောင်နေရပါတယ်။

တိုက်ပွဲကြောင့် ကလေး-သိုင်းငင်းလမ်းကိုလည်း မေ ၂၀ ရက်၊ နေ့လယ် ၁၁ နာရီနောက်ပိုင်းကစလို့ အတက်အဆင်း အားလုံး ယာယီပိတ်ပိတ်ထားတယ်လို့ CDF CDM Siyin က ထုတ်ပြန်ထားပါ တယ်။

ဒီနေ့အထိတော့ ချင်းတပ်ပေါင်းစုက ပိတ်ဆို့ခုခံနေတဲ့အတွက် စစ်တပ်စစ်ကြောင်းဟာ မွာလ်ပီးရွာဘက်ကနေ မကျော်လာနိုင်သေးဘူးလို့ CNF/CNA ပြောခွင့်ရက ဆိုပါတယ်။

CDF CDM Siyin ဥက္ကဋ္ဌကတော့ "သိုင်းငင်းထိ စစ်တပ်က တက်နိုင်ရင်တော့ ကျွန်တော်တို့ တပ်ပေါင်းစု တွေ လှုပ်ရှားရခက်သွားနိုင်တာပေါ့" လို့ ပြောပါတယ်။

ချင်းကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်အရ စစ်တပ် စစ်ကြောင်းဟာ ကား ၁၅ စီးနဲ့ တက်လာတာ ကြောင့် ကာကွယ်ရေးတပ်တွေကသာ ပိတ်မတိုက်ခဲ့ရင် မွာလ်ပီးကနေ သိုင်းငင်းကို တစ်နာရီခွဲ ဝန်းကျင်သာ ထပ်သွားရတော့မှာ ဖြစ်ပါတယ်။

ဆလိုင်းထက်နီက " CC၊CB မခွဲခြားဘဲ ပူးပေါင်းမှသာ စစ်တပ်ကို တိုက်နိုင်မှာ ဖြစ်တယ်။ တခြား လက်နက်ကိုင် မဟာမိတ်တွေကလည်း စစ်ရေးအရသော်လည်းကောင်း ပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်" လို့ ပြောပါတယ်။