ကလေးတွေကို အီလွန်မတ်စ် အလုပ်ထဲခေါ်လာတာ ဘယ်လိုသဘောဆောင်လဲ

အီလွန်မတ်စ် ရဲ့ကလေးတွေဟာ လူတော်တော်များများ ရောက်ခဲလှတဲ့ နေရာများစွာကို ရောက်ဖူးပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲတွေကနေ SpaceX ဒုံးပျံလွှတ်တင်တဲ့ ထိန်းချုပ်ရေးခန်းအထိပေါ့။

မတ်စ်ရဲ့ကလေးတွေဟာ သူ့တို့အဖေရဲ့ နည်းပညာနဲ့ စီးပွားရေးနယ်ပယ်မှာ ပွဲထွက်နေရာကနေ အခုဆို နိုင်ငံရေးနယ်ပယ်အထိ ရောက်လာကြပါတယ်။

နည်းပညာဆိုင်ရာဘီလျံနာတစ်ဦးဖြစ်သလို Tesla ကုမ္ပဏီ ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ မတ်စ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရအစွမ်းထက်မှုဌာန (DOGE) ဦးဆောင်ဖို့ တာဝန်ပေးလိုက်ချိန်ကစလို့ ဝါရှင်တန်ဒီစီမှာ မတ်စ်ရဲ့သားသမီးတွေကို မကြာခဏတွေ့လာရပါတယ်။

မတ်စ်ရဲ့ အသက် လေးနှစ်အရွယ် သားဖြစ်သူ Lil X(အိပ်စ်ကလေး)ကို ဗုဒ္ဓဟူးနေ့မှာ သမ္မတရဲ့ ဘဲဥပုံရုံးခန်းက သမ္မတစားပွဲစွန်းမှာ တွေ့လိုက်ရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က သူတို့ဖခင်ဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ နည်းပညာ၊ တီထွင်ဖန်တီးမှုတွေအကြောင်း ဆွေးနွေးနေချိန်မှာ X တို့ ညီအစ်ကိုတွေ ဝန်ကြီးချုပ်နဲ့ လက်ဆောင်ဖလှယ်ခဲ့ကြပါတယ်။

မတ်စ် ဝါရှင်တန်မလာခင်ကတည်းက သူ့ကလေးတွေကို အရေးကြီးနေရာတွေမှာ တွေ့ရပါတယ်။

မတ်စ်ရဲ့သားသမီးတွေကို တူရကီသမ္မတနဲ့တွေ့ဆုံပွဲ၊ အော့တဝစ်သေမင်းအကျဉ်းစခန်းက အောက်မေ့ဖွယ်ပွဲ၊ ၂၀၂၁ ခုနှစ်ရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ်အဖြစ် တိုင်းမ်မဂ္ဂဇင်းက သတ်မှတ်တဲ့ အခမ်းအနားတွေမှာ တွေ့ခဲ့ရပါတယ်။

မတ်စ်ဟာ ဘာဖြစ်လို့ သားသမီးတွေကို ဒီလိုနေရာတွေ အမြဲခေါ်လာတတ်တာလဲ။

အများပြည်သူဆိုင်ရာမြင်ကွင်းမှာ သားသမီးတွေကို ခေါ်လာတာက နိုင်ငံရေးအရ လုပ်ဆောင်မှုဖြစ်နိုင်သလို သူ့ကို လူသားဆန်တယ်လို့ မြင်လာအောင်လုပ်တာမျိုးဖြစ်နိုင်တယ် လို့ အမေရိကန်တက္ကသိုလ်က ပြည်သူ့ဆက်ဆံရေးဌာန ပါမောက္ခ ကတ် ဘရတ်ဒေါ့ကပြောပါတယ်။

ကလေးတွေ ဘာလို့ခေါ်လာလဲ

ဒါပေမဲ့ မတ်စ်က သူ့ မူကြိုအရွယ်သားငယ်ကို ဘဲဥပုံရုံးခန်းထဲခေါ်လာတာကတော့ ထူးခြားတယ်လို့ ဘရတ်ဒေါ့က ပြောဆိုခဲ့ပါတယ်။

သူ့အဖေက မိနစ် ၃၀ ကြာ မီဒီယာရှင်းလင်းပွဲလုပ်နေချိန် X ကလေး ပျင်းနေပုံရပြီး အဖေကို လိုက်ပြောင်လိုက် ကြမ်းပြင်ပေါ်မှာထိုင်လိုက် လုပ်ပါတယ်။

ဒေါ်နယ်ထရမ့် ဆီကနေ မကြာခဏ မျက်စောင်းထိုးကြည့်တာ၊ ပြုံးပြတာမျိုးနဲ့လည်း သူ ကြုံရပါတယ်။ တစ်ကြိမ်မှာလည်း အခန်းထဲက တစ်ယောက်ယောက်ကို ရှူးတိုးတိုးနေလို့ ပြောနေပုံလည်း တွေ့လိုက်ရသေးပါတယ်။

ကလေးတွေကို လူမြင်ကွင်းခေါ်လာတာဟာ ရည်ရွယ်ချက်ရှိပြီး မတ်စ်နဲ့ ထရမ့်တို့ အကျိုးရှိအောင် လုပ်ဆောင်တဲ့ အာရုံလွှဲနည်းတစ်မျိုးဖြစ်တယ်လို့ ဘရက်ဒေါ့ကပြောပါတယ်။

တစ်ခုခုကို အာရုံစိုက်လာစေဖို့အတွက် အခြားတစ်ခုခုဆီကို အာရုံလွှဲပစ်လိုက်တဲ့ မဟာဗျူဟာလို့ထင်တယ် လို့ သူကပြောပါတယ်။

မတ်စ်ရဲ့ ကလေးတွေ မကြာခဏပေါ်လာတာ၊ ပြောစမှတ်ဖြစ်အောင် လုပ်တာတွေဟာ ထရမ့်အတွက် အကျိုးရှိတယ်လို့ သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုငါးကြိမ်ပါဖူးတဲ့ မဟာဗျူဟာဆက်သွယ်ရေးဆိုင်ရာ အတိုင်ပင်ခံ ဂျွန်ဟာဘာ က ပြောပါတယ်။

ထရမ့်အတွက်တော့ ၀ရုန်း သုန်းကားတွေဖြစ်လေ၊ သူဝင်ရောက်ချင်တဲ့ နယ်ပယ်မှာ ပိုစိုးမိုးနိုင်လေ၊ အခြားလူတွေ အာရုံစိုက်နိုင်စွမ်းနည်းလေ၊ ၀ရုန်းသုန်းကား တွေက သူ့အတွက် အလုပ်ဖြစ်လေ လို့ ဟားဗတ်တက္ကသိုလ်မှာလည်း စာသင်တဲ့ ဟာဘာကပြောပါတယ်။

မတ်စ်ရဲ့ ချစ်သူဟောင်း X ရဲ့ မိခင် ဂရိုင်းစ်ကတော့ သူ့သား ဘဲဥပုံရုံးခန်းထဲရောက်တာကို ဝေဖန်ခဲ့ပါတယ်။

''သူဟာ အများပြည်သူမြင်ကွင်းမှာ ဒီလိုပေါ်မလာသင့်ဘူး၊ ဒါကိုသဘောမကျဘူး၊ ဒါပေမဲ့ သူ လိမ္မာလို့တော်သေးတယ်'' လို့ သူ က X ( အရင်တွစ်တာ) လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။

သူ့သား လူမြင်ကွင်းရောက်နေတာကို လက်ခုပ်တီးနေမယ့်သူမဟုတ်ဘူးလို့ သူက ဗနတီဖဲ မဂ္ဂဇင်းကို ၂၀၂၂ ခုနှစ်က ပြောခဲ့ပါတယ်။

''မိသားစုကိစ္စတွေဘာပဲဖြစ်နေပါစေ၊ ကလေးတွေ ပါမနေစေချင်ဘူး၊ ကလေးက အပြင်မှာရောက်နေတယ်။ အီလွန်မတ်စ်က သူ့သားကို ငယ်ငယ်လေးနဲ့ထူးချွန်သူလို့ ထင်နေပြီး နေရာတကာခေါ်သွားတာ၊ လုပ်ချင်တာလုပ်ခိုင်းတယ်၊ သူ့အခြေအနေက အဲ့ဒီလိုဖြစ်နေတယ်၊ ကျွန်မလည်းမသိတော့ဘူး'' လို့ ဂရိုင်းစ်က ပြောခဲ့ပါတယ်။

မတ်စ်နဲ့ သူ့ကလေးတွေ

နိုင်ငံရေးနယ်ပယ်မရောက်ခင်ကထဲက မတ်စ်က သူ့ကလေးတွေကို ပွဲထုတ်တတ်ပါတယ်။

သူ့ပုံရိပ်ကို တည်ဆောက်နေခဲ့တဲ့ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း သူ့ရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း တက်စ်လာကို လူသိအောင်လုပ်နေတဲ့အချိန် ကလေးတွေကို အများပြည်သူဆိုင်ရာအခမ်းအနားတွေမှာ မြင်ရတာဟာ မဆန်းခဲ့ပါဘူး။

၂၀၁၅ ခုနှစ်မှာ ဆီလီကွန်ဗယ်လီးက တက်စ်လာစက်ရုံမှာ အခမ်းအနားတစ်ခုစတင်ဖို့ စောင့်နေတဲ့ သုံးသပ်သူတွေ၊ သတင်းသမားတွေဟာ သူ့ကလေးငါးဦး စက်ရုံလျှောက်လမ်းမှာ အော်ဟစ်ပြေးလွှား၊ လိုက်တမ်းပြေးတမ်းလုပ်နေတာကို မြင်ခဲ့ရပါတယ်။

တက်ရောက်သူတွေဟာ နာရီပေါင်းများစွာ စောင့်ခဲ့ရပေမဲ့ မတ်စ်ကလေးတွေကိုမြင်ရတာမို့ အခြေအနေဟာ တင်းမာမှုလျော့ပြီး ပျော်စရာကောင်းနေပါတယ်။

တခြားကုမ္ပဏီတွေက ကျင်းပတဲ့ တင်းကျပ်ပြီး လုပ်ငန်းဆန်တဲ့ အခမ်းအနားတွေနဲ့ ကွဲပြားတာဖြစ်ပြီး အဲ့ဒီလုပ်ငန်းတွေအတွက်ဆိုရင် အမှုဆောင်အရာရှိချုပ်ရဲ့ကလေးတွေကို မြင်ရတဲ့အလားအလားဟာ ခွတိခွကျ ဖြစ်စေမှာဖြစ်ပါတယ်။

မတ်စ်က အမျိုးသမီးသုံးယောက်နဲ့ ကလေး ၁၂ ယောက် ရထားပါတယ်။

သူ့လူသိအများဆုံးသားကတော့ အိပ်စ်ကလေး လို့သိကြတဲ့ X Æ A-12? ဖြစ်ပါတယ်။

အသက်လေးနှစ်အရွယ်ကလေးငယ်ကို သူ့ကို စိတ်ခွန်အားပေးတဲ့ကလေးလို့ မတ်စ်က သတ်မှတ်ထားပါတယ်။

မတ်စ်ဟာ သားသမီးတွေအရေးကို လုံးဝစိတ်ဝင်စားပြီး ကလေးတွေနဲ့ပတ်သက်ရင် အရူးအမူးပဲလို့ မတ်စ်ရဲ့အတ္ထုပတ္တိရေးသားသူ ဝေါ်တာ အိုင်ဆက်ဆင်က The Diary of a CEO ပေါ့ဒ်ကတ်စ်မှာပြောပါတယ်။

သူ့သားသမီးတွေ၊ သူ့ချစ်သူတွေ၊ သူ့မိန်းမတွေနဲ့ ဆက်ဆံရေးလိုပဲ သူက ဘာလုပ်လုပ် အားစိုက်ပြီး ပြင်းပြင်းထန်ထန်လုပ်၊ ခံစားတတ်တယ် လို့ အိုင်ဆက်ဆင်ကပြောဆိုခဲ့ပါတယ်။

ကလေးတွေ သူ့ဘေးနားမှာရှိနေတာကို သဘောကျတယ်၊ အဖော်ရှိတာကိုသဘောကျတယ်၊ ဒါပေမဲ့ ဒါဟာ ငြိမ်သက်တာကို မကြိုက်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော် ဟု သူက ဆက်လက်ပြောခဲ့ပါတယ်။