WHO ကနေ အမေရိကန် နုတ်ထွက်တာက ကမ္ဘာကို ဘယ်လို ရိုက်ခတ်မလဲ

အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်မှုစပြီး နာရီအနည်းငယ်အတွင်း ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် တစ်ပုံတစ်ပင်ကို နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ သူပြောထားခဲ့တဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကနေ အမေရိကန်နုတ်ထွက်ဖို့ဆိုတာလည်း လုပ်ပြခဲ့ပါတယ်။

ဒါဟာ အနာဂတ်မှာဖြစ်လာမယ့် ကပ်ရောဂါ ဘေးတွေကို တုံ့ပြန်တဲ့အခါ နှောင့်နှေးလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဘီဘီစီ ကမ္ဘာ့လူဦးရေရေးရာအစီအစဥ်ကို ပြောပါတယ်။

သမ္မတထရမ့် အခုလိုနုတ်ထွက်ဖို့ ကြေညာခဲ့တာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုတွေ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ကာလတုန်းကတည်းက အခုလို နုတ်ထွက်နိုင်တာကို သတိပေးခဲ့ပါတယ်။ အဲဒီနှစ်အတွင်းမှာပဲ သမ္မတဂျိုးဘိုင်ဒန် အာဏာရလာခဲ့ပြီးနောက် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဘိုင်ဒန်က ပြန်ပြင်ဆင်ခဲ့တာပါ။

ထရမ့်က WHO ရဲ့ ကိုဗစ်-၁၉ အရေး ကိုင်တွယ်ဖြေရှင်းမှုနဲ့ "အရေးတကြီးလိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်မဖော်နိုင်တာ" ကို ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ သူက အဖွဲ့အစည်းအတွင်းမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။

အမေရိကန်ဟာ WHOကို ထောက်ပံ့ငွေ အများဆုံးပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ WHO ရဲ့ နှစ်စဥ် ရန်ပုံငွေရဲ့ ၅ ပုံ ၁ ပုံဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆.၈ ဘီလျံကို အမေရိကန်က ထောက်ပံ့ပေးနေတာပါ။

ဝင်ငွေနည်းတိုင်းပြည်တွေက WHO ကို မှီခိုနေရပြီး ကျန်းမာရေးစောက်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေကို ထောက်ပံ့ရေးနဲ့ ရောဂါတိုက်ဖျက်ရေးအတွက် အဓိကဖြစ်တဲ့ ကာကွယ်ဆေးထိုးရေးလုပ်ငန်းတွေအတွက် WHO လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ WHO အသုံးစရိတ် ဖြတ်တောက်ခံရရင် အဲဒီ အစီအစဥ်တွေကို ထိခိုက်နိုင်တယ်လို့ ဘီဘီစီ ကမ္ဘာ့လူဦးရေရေးရာအစီအစဥ်က ပြောပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတွေကို ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို လေ့လာကြည့်ပါမယ်။

WHO ကိုမှီခိုနေရတဲ့ အာဖရိကဆင်းရဲတဲ့ နိုင်ငံတွေ

ဒေါ်ကက်စ် ဝမ်ဂီရာ၊ ဘီဘီစီအာဖရိက ကျန်းမာရေးသတင်းထောက်

အမေရိကန် နုတ်ထွက်မှုက အာဖရိကတိုက် နိုင်ငံတွေထဲက အိတ်ချ်အိုင်ဗီ၊ အဆုတ်ရောင်တီဘီ၊ သွေးလွန်တုပ်ကွေး တို့လို ရောဂါတွေ တိုက်ဖျက်ရေးလုပ်ငန်းတွေ အရင်နဲ့မတူဘဲ နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ ပြောပါတယ်။ အာဖရိကရဲ့ ဆင်းရဲတဲ့နိုင်ငံတွေဟာ ကာကွယ်ဆေးနဲ့ ကျန်းမာရေးဆိုင်ရာ နည်းပညာအထောက်အပံ့တွေအတွက် WHO အပေါ်မှာ လုံးဝနီးပါး မှီခိုနေရဆဲ ဖြစ်ပါတယ်။

WHO ရဲ့ အကြီးဆုံး ငွေကြေးထောက်ပံ့သူဖြစ်တဲ့ အမေရိကန် နုတ်ထွက်သွားမယ်ဆိုရင် အာဖရိကတစ်ခွင်လုံးမှာ ကျန်းမာရေးပြင်ဆင်မှု၊ အရေးပေါ်တုံ့ပြန်ရေးနဲ့ ကလေးကာကွယ်ဆေးထိုးနှံရေး အပါအဝင် အရေးကြီးတဲ့ စီမံကိန်းတွေအတွက် ငွေကြေးထောက်ပံ့မှုတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် WHO ဟာ ကျန်းမာရေးအရေးပေါ်အခြေအနေတွေကို တုံ့ပြန်ရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ အာဖရိကရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (Africa CDC) က မနှစ်က အာဖရိကတိုက်မှာ ကျန်းမာရေးအရေးပေါ်အခြေအနေ ၂၁၄ ခုကို တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်မှာ ၁၆၆ ခု ရှိခဲ့တာထက် မြင့်တက်လာတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အမ်ပေါက်စ်လည်း ပါဝင်ပြီး အလယ်အာဖရိကဒေသက အများဆုံး ထိခိုက်ခံစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း အမေရိကန်နဲ့ ရဝမ်ဒါတို့အပြင် WHO ပူးပေါင်းပြီး ရဝမ်ဒါ နိုင်ငံမှာ ကူးစက်ပျံ့နှံ့ခဲ့တဲ့ မားဘာ့ဂ်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ဆောင်ခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေးနဲ့ ဝက်သက်ရောဂါတွေလည်း အာဖရိတစ်လွှားမှာ ပြန်လည် ပျံ့နှံ့လာပါတယ်။ ဝမ်းရောဂါ ပျံ့နှံ့မှု ပိုတိုးလာပြီး ထိန်းချုပ်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်လာတယ်လို့ WHO က သတ်မှတ်ထားပါတယ်။

လွှမ်းမိုးမှုလျော့တာလား အခွင့်လမ်းသစ်လား

ဆဗီရားချန်၊ ဘီဘီစီတရုတ်ဘာသာစကားဌာန

WHO ကနေ အမေရိကန်နုတ်ထွက်မယ်လို့ ကြေညာချက်ဟာ ဦးဆောင်သူ မဲ့သွားတဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပြီး တရုတ်က ကမ္ဘာ့ကျန်းမာရေး စီမံခန့်ခွဲမှုမှာ သူ့ရဲ့ဩဇာလွှမ်းမိုးမှုကို ပိုမိုချဲ့ထွင်နိုင်စေမှာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီရဲ့ အဓိကထားတဲ့ ထိပ်တန်းအရာတွေထဲမှာ WHO လို နိုင်ငံတကာအဖွဲ့အစည်းတွေထဲမှာ အင်အားကောင်းကောင်းနဲ့ ပါဝင်ဖို့ဆိုတဲ့ အရာလည်းပါဝင်ပါတယ်။

တရုတ်က WHO ကို ပိုပြီး ငွေထောက်ပံ့ ပေးလာပါတယ်။ အထူးသဖြင့် ကိုဗစ် -၁၉ ကပ်ရောဂါ အတွင်းမှာ ကမ္ဘာ့ကျန်းမာရေးရဲ့ အရေးပါတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

၂၀၁၉ ဒီဇင်ဘာလမှာ ဝူဟန်မှာ ကိုဗစ်-၁၉ ပထမဆုံး ကူးစက်မှုတွေ တွေ့လာချိန်မှာ တရုတ်အာဏာပိုင်တွေက လူထုကို သတိပေးသူတွေကို နှုတ်ပိတ်သွားအောင် လုပ်ခဲ့ပြီး ရောဂါ ပြင်းထန်မှု သိပ်မဆိုးရွားသယောင် လုပ်ခဲ့ပါတယ်။

၂၀၂၀ ဇန်နဝါရီ လလယ် မှာ နိုင်ငံတကာကို ဗိုင်းရပ်စ် ပျံ့နှံ့သွားနေတာတောင် တရုတ် အာဏာပိုင်တွေက လူလူချင်း ကူးစက်မှု ထင်ရှားတဲ့ အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။

အခုလတ်တလော တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ကောင်းကျားကွန်က WHO အနေနဲ့ အားကောင်းလာသင့်ပြီး ချည့်နဲ့မသွားသင့်ဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် နိုင်ငံတကာပြည်သူ့ ကျန်းမာရေးအတွက် အကူအညီပေးနိုင်ဖို့ တရုတ် အနေနဲ့ ဆက်ပံ့ပိုးပေးမယ်လို့လည်း ပြောပါတယ်။

ရံပုံငွေလျော့ကျခြင်း သက်‌ရောက်မှု

အီရှာရာ ဒန်နစီကရာ၊ ဘီဘီစီ ဆင်ဟာလာဌာန

သီရိလင်္ကာနိုင်ငံရဲ့ ကျန်းမာရေးစနစ်၊ မရှိမဖြစ်လိုအပ်တဲ့ နည်းပညာကျွမ်းကျင်မှု၊ ရန်ပုံငွေနဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေကို ဗျူဟာမြောက် အကူအညီပေးတာ စတာတွေကို WHO က အဓိကကူညီပံ့ပိုးနေတာ ဖြစ်ပါတယ်။

မိခင်နဲ့ ကလေးကျန်းမာရေး လှုပ်ရှားမှု၊ ကာကွယ်ဆေးထိုးလုပ်ငန်း၊ တီဘီနဲ့ သွေးလွန်တုပ်ကွေး တို့လိုကူးစက်ရောဂါတွေက ကာကွယ်တားဆီး ထိန်းချုပ်ရေး စတဲ့လုပ်ငန်းမျိုးအတွက် WHO က အရေးပါတဲ့နေရာမှာ ရှိနေတာပါ။

အဲဒါကြောင့် WHO ရဲ့ ရန်ပုံငွေတွေလျော့ကျသွားရင် သီရိလင်္ကာနိုင်ငံအတွက် အဟန့်အတား ကြီးကြီးမားမား ဖြစ်လာမှာပါ။ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ နှောင့်နှေးလာတာ၊ ကာကွယ်ဆေးထိုးကာကွယ်ထားတဲ့ ရောဂါတွေ ပြန်လည်ပျံ့နှံ့လာတွေ ဖြစ်လာနိုင်ပါတယ်။

မကူးစက်နိုင်တဲ့ ဆီးချို၊ နှလုံး စတဲ့ရောဂါမျိုးတွေကို တိုက်ဖျက်နိုင်မှု ရပ်တန့်သွားနိုင်သလို နိုင်ငံရဲ့ ကျန်းမာရေးစနစ်အပေါ်လည်း နောက်ထပ်ဖိအားတွေ ရှိလာနိုင်ပါတယ်။

WHO ရဲ့ အကူအညီက သီရိလင်္ကာမှာ ၂၀၀၄ ဆူနာမီ နဲ့ ကိုဗစ်-၁၉ ကပ်ဘေးတို့လို ဘေးဒုက္ခကြီးတွေ ကြုံတွေ့ရချိန်တွေမှာ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။

အီမန် ကွာရီရှီ၊ ဘီဘီစီ ဟင်ဒီဘာသာဌာန

"ဥရောပသမဂ္ဂနဲ့ တရုတ်တို့ ပိုရှေ့ရောက် လာမလားဆိုတာကို စောင့်ကြည်ရပါမယ်" လို့ အိန္ဒိယအမျိုးသားကျန်းမာရေးဖောင်ဒေရှင်း အကြီးအကဲဟောင်း ပါမောက္ခ စရီနက်ရက်ဒီက ဘီဘီစီကို ပြောပါတယ်။

အမေရိကန် နုတ်ထွက်တာက တရုတ်နဲ့ ဥရောပသမဂ္ဂ တို့အတွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာအရေးကြီးတဲ့နေရာရရှိမယ့် ကြီးမားတဲ့အခွင့်အခါကောင်း ဖြစ်လာတာပါ။

ပါမောက္ခ ရက်ဒီကတော့ အိန္ဒိယရဲ့ စီမံကိန်းတွေထက် ရောဂါပိုး စောင့်ကြည့်ရေး၊ တီဘီနဲ့ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအစီအစဉ်တွေမှာ ပိုမိုကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ယူဆပါတယ်။

ဒါပေမဲ့ အမေရိကန်အမျိုးသား ကျန်းမာရေးဌာနနဲ့ ရောဂါတိုက်ဖျက်ရေးနဲ့ နှိမ်နင်းရေး ဌာန တို့ကနေ တစ်ဆင့် နိုင်ငံတကာ ပူးပေါင်းလုပ်ဆောင်မှုတွေ ပိုများလာနိုင်တယ်လို့ သူကယုံကြည် ထားပါတယ်။

" အကုန်အပြန်အလှန် ချိတ်ဆက်သက်ရောက်နေတဲ့ ခေတ်ကြီးမှာ အမေရိကန် WHO က နုတ်ထွက်တာက အခြားနိုင်ငံတွေပေါ်သာမက အမေရိကန် ကိုယ်တိုင်ကိုလည်း ဆိုးကျိုးသက်ရောက်မှု ရှိမှာပါ" လို့ သူက ပြောပါတယ်။

ကိုဗစ်-၁၉ ခေတ်ကာလပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေးစိန်ခေါ်မှုတွေ၊ ကပ်ရောဂါခြိမ်းခြောက်မှုတွေကနေ ရာသီဥတုပြောင်းလဲမှုအရေးအထိ ကိုင်တွယ်ဖြေရှင်းဖို့ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးဆဲဖြစ်တယ်ဆိုတာကိုလည်း သူက အလေးထား ပြောခဲ့ပါတယ်။

"WHO ရဲ့ အဓိက နိုင်ငံတကာ ငွေကြေးထောက်ပံ့သူကို ဆုံးရှုံးရတာဟာ တခြားနိုင်ငံတွေအနေနဲ့ 'သူတို့ရဲ့ထောက်ပံ့မှုတွေကို ကိုယ်တိုင် တိုးမြှင့်ဖို့နဲ့ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ လိုအပ်လာမယ်' ဆိုတာကို ဆိုတဲ့သဘောပါ'' လို့ သူက ထပ်ပြောပါတယ်။

"နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကိုယ့်အားကိုယ်ကိုးမှုတို့ဟာ အခုဆိုရင် ရည်ရွယ်ချက်သစ်နဲ့ ပုံစံသစ်တွေနဲ့ လုပ်ဆောင်ဖို့ လိုလာမှာပါ။''

တာဟတ် အစ်ဂျာ၊ ဘီဘီစီ အူရဒူဌာန

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်လို နိုင်ငံတွေအတွက် ပိုလီယိုတိုက်ဖျက်ရေးလုပ်ငန်းက အဓိက စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်တဲ့အတွက် ထရမ့်ရဲ့ဆုံးဖြတ်ချက်ဟာ အနာဂတ် ပိုလီယို အမြစ်ဖြတ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ မရေရာမှုတွေကို ဖြစ်စေနိုင်ပါတယ်။

အဲဒီနှစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပိုလီယိုရောဂါနဲ့ ရုန်းကန်နေရတဲ့ နောက်ဆုံးနိုင်ငံနှစ်ခု ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အားတက်သရော ပူးပေါင်းကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ ပါကစ္စတန်ဟာ ကြီးမားတဲ့ အဟန့်အတားနဲ့ ရင်ဆိုင်ခဲ့ရပြီး ပိုလီယိုရောဂါဖြစ်ပွားမှုတွေလည်း ဆက်မြင့်တက်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပါကစ္စတန်မှာ ပိုလီယိုရောဂါဖြစ်ပွားခဲ့တဲ့ ကလေးတွေရဲ့ တစ်ဝက်ကျော်ဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုတွေကို တစ်ကြိမ်မှ မထိုးနှံခဲ့ကြရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပါကစ္စတန်ရဲ့ လက်ရှိ ဒီမသန်စွမ်းဖြစ်စေနိုင်တဲ့ရောဂါကို ကိုင်တွယ်ဖြေရှင်းရေးမှာ ပြည်တွင်း အထောက်အပံ့ထက် နိုင်ငံတကာ အလှူရှင်တွေရဲ့ ငွေကြေးထောက်ပံ့မှုကို အဓိက မှီခိုနေရပါတယ်။

WHO နဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ကာကွယ်ဆေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို ဆက်ထိန်းသိမ်းနိုင်ဖို့ ငွေကြေးနဲ့ နည်းပညာဆိုင်ရာ အများအပြား ထောက်ပံ့ပေးခဲ့ပါတယ်။

၂၀၂၃ မှာ WHO ဟာ သူတို့ရဲ့ အကြီးဆုံး ထောက်ပံ့မှု တစ်ခု အဖြစ် ပါကစ္စတန် ပိုလီယို တိုက်ဖျက်ရေး စီမံကိန်းကို အကူအညီပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ နုတ်ထွက်မှုကြောင့် ချက်ချင်းလက်ငင်း သက်ရောက်မှု ရှိလာနိုင်တာမျိုးကို ပါကစ္စတန်ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာ ဇာဖာမာဆာကတော့ အရေးတကြီး စိုးရိမ်ဖို့မလိုဘူးလို့ ယူဆပါတယ်။ အမေရိကန်ရန်ပုံငွေက ရောဂါတိုက်ဖျက်ဖို့ တစ်ခုတည်းသော လမ်းကြောင်းမဟုတ်ဘဲ နိုင်ငံတကာက အများအပြားပံ့ပိုးနေဦးမှာလို့ ဆိုပါတယ်။

အမေရိကန်နုတ်ထွက်လိုက်တာနဲ့ ချက်ချင်း ရန်ပုံငွေတွေ မရပ်သွားနိုင်ပါဘူးလို့ ကျန်းမာ ရေးကျွမ်းကျင်သူတွေက ဆိုပြီး ကမ္ဘာ့ကျန်းမာရေး အသိုင်းအဝိုင်းကိုတော့ သိသိသာသာအနှောင့်အယှက်ဖြစ်နိုင်ပါတယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ ပါကစ္စတန်အတွက်ကတော့ ဒါဟာ ပိုလီယိုတိုက်ဖျက်ရေးလုပ်ငန်းမှာ မရေရာမှုတွေကို မလွဲမသွေ ရင်ဆိုင်ရမယ့်သဘော ဖြစ်ပါတယ်။

ဒေသတွင်းက အားထားရသူ

ဟာနန် ရာဇတ်၊ ဘီဘီစီအာရဗီဌာန

အာရပ်ကမ္ဘာမှာ မကြုံစဖူးဖြစ်နေတဲ့ စစ်ပွဲတွေဖြစ်နေတဲ့အချိန်၊ ရောဂါကူးစက်မှုတွေ ကြောင့် စိုးရိမ်နေရချိန်နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အသည်းအသန်လိုအပ် နေချိန်မှာပဲ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ပေါ်လာတာပါ။ ဂါဇာကမ်းမြောင်မှာ နေထိုင်ကြတဲ့ ၂.၁ သန်းသော လူဦးရေရဲ့ တစ်ဝက်ဟာ ကလေးတွေပါ။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ပိုလီယိုရောဂါ တွေ့ရှိမှုဟာ ရောဂါပျံ့နှံ့မှုအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ကျန်းမာရေးပညာရှင်တွေက ဒီရောဂါ မကြာသေးခင်က ပျံ့နှံ့မှုဟာ ၂၀၂၃ ခုနှစ်ကတည်းက ဂါဇာရဲ့ ကျန်းမာရေးစနစ်နဲ့ အခြေခံအဆောက်အအုံတွေအပေါ် ပဋိပက္ခက ဖြစ်ပေါ်စေခဲ့တဲ့ ပြင်းထန်တဲ့သက်ရောက်မှုကြောင့်လို့ သုံးသပ်ခဲ့ကြပါတယ်

စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ ဝင်ရောက်မှုကို တားဆီးထားတဲ့ ပိတ်ဆို့မှုတွေရှိပေမဲ့ WHO ဟာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၅၀၀, ၀၀၀ ကျော်ကို ပိုလီယိုကာကွယ်ဆေး ထိုးပေးနိုင်အောင် ကူညီခဲ့ပါတယ်။ အဓိကအားဖြင့် ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသရဲ့ အခြားနေရာတွေမှာ ပိုမိုပျံ့နှံ့လာနေတဲ့ ကာလဝမ်းရောဂါဟာ နောက်ထပ် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့လမှာ ဆီရီးယားနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း၊ လူဦးရေ ၄၀, ၀၀၀ ကျော်နေထိုင်တဲ့ အယ်လ်ဟိုဒုက္ခသည်စခန်းမှာ မသန့်ရှင်းတဲ့ သောက်သုံးရေထဲကတဆင့် ဝမ်းရောဂါဖြစ် ပွားမှု ၂၀၀ ကျော်ကို တွေ့ရှိခဲ့ကြပါတယ်။ WHO ဟာ ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ ၁၀ ရက်ကြာ ကာကွယ်ဆေးထိုးနှံမှု လှုပ်ရှားမှုတစ်ခုနဲ့ ကူညီခဲ့ပါတယ်။

ဘီဘီစီ ပါရှန်းဌာန

WHO ကနေ အမေရိကန် နုတ်ထွက်တဲ့ ရိုက်ခတ်မှုကတော့ အီရန်ကျန်းမာရေးအခန်းကဏ္ဍအတွက်တော့ မသေချာမရေရာဖြစ်စေပါတယ်။ ဒါပေမယ့်လည်း အခြားက ရံပုံငွေ ပြောင်းလဲရရှိ နိုင်တာ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသံတမန်ရေးနဲ့ ဒေသတွင်း ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှုတွေကြောင့် ပြောင်းလဲသွားနိုင်ပါတယ်။

WHO နဲ့ အီရန်တို့ကတော့ ပုံမှန်သံတမန်ဆက်ဆံရေးထားရှိထားသလို မြို့တော် တီဟီရန် မှာလည်း ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားပါတယ်။

WHO ဟာ အီရန်ရဲ့ ကျန်းမာရေးနဲ့ ဆေးပညာပညာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုတွေကို ဖြေရှင်းပြီး နိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို မြှင့်တင်ဖို့ လုပ်ဆောင်နေပါတယ်။

အရေးပေါ်ကြိုတင်ပြင်ဆင်မှု၊ ကျန်းမာရေးစနစ် အားကောင်းလာစေရေးနဲ့ ရောဂါကာကွယ်ရေးတို့အတွက် နှစ်ဖက်ပူးပေါင်းလုပ်ဆောင် နေကြလည်း ဖြစ် ပါတယ်။

WHO ဟာ အနီးအနား နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ ဒေသဆိုင်ရာ ကျန်းမာရေး စီမံကိန်းတွေကိုလည်း မကြာခဏ ဆောင်ရွက်ပေးနေတာပါ။ အဲဒီလိုထိရောက်မှု ရှိတဲ့ အရာတွေဟာ အမေရိကန်ရဲ့ နုတ်ထွက်မှုကြောင့် သက်ရောက်မှု ဖြစ်နိုင်ပါတယ်။

တရုတ်လို တခြားနိုင်ငံတွေဟာ ကမ္ဘာ့ကျန်းမာရေးမှာ ပိုမိုထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်သလို အီရန်ရဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကိုလည်း ပြောင်းလဲသွားစေ နိုင်ပါတယ်။

ဒါဟာ အီရန်အတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်တွေကို ဖွင့်ပေးနိုင်သလို WHO အတွင်း ပြောင်းလဲနေတဲ့ မဟာမိတ်ဖွဲ့မှုတွေနဲ့ အကျိုးစီးပွားတွေပေါ် မူတည်ပြီး စိန်ခေါ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။