အသက်အငယ်ဆုံးမြန်မာနိုင်ငံသားတွေကြုံနေရတဲ့ကာကွယ်ဆေးစိန်ခေါ်မှု

''ကလေးကာကွယ်ဆေးထိုးလို့ရတယ်ဆိုလို့ သွားထိုးတာ စစ်ရဟတ်ယာဥ်တွေဝဲပျံလာတော့ ဗုံးခိုကျင်းထဲပြေးပုန်းခဲ့ပြီးပြန်ခဲ့ရတယ်။ နောက်တစ်ခါသွားထိုးပေးဖို့ကို တော်တော်စဥ်းစားနေရတယ်''

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကလေး ၃ ယောက်မိခင် မအားမြောင် က သူ့ရဲ့ တစ်နှစ်အရွယ် အငယ်ဆုံးသမီးလေးကို ကာကွယ်ဆေးသွားထိုးချိန်မှာ အသက်ဘေးစိုးရိမ်စရာကြုံခဲ့ရတဲ့ အတွေ့အကြုံကို စွဲစွဲမြဲမြဲမှတ်မိနေဆဲပါ။

အဲဒီနေ့က သူနဲ့ ကလေးထိခိုက်မှုမရှိခဲ့ပေမယ့် စိတ်မလုံခြုံရတဲ့အခြေအနေက သူ့ကို နောက်တစ်ခါ ကာကွယ်ဆေးထိုးတဲ့နေရာကိုသွားဖို့ စိတ်ဖိစီးမှုဖြစ်နေစေပါတယ်။

“အရှေ့ကလေးတွေတုန်းက ကာကွယ်ဆေးထိုးဖူးတယ်။ ဒီကလေးမှ တစ်နှစ်ထိမထိုးဖူးတော့ ဆရာမတွေလာမယ်ဆိုတာနဲ့ သွားတာ။ လေယာဥ်သံဝဲလာတော့ ဆရာမတွေရော အကုန်ဝင်ပုန်းကြတာပဲ” လို့ သူက ပြန်ပြောပြပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက တော်လှန်ရေးအင်အားစုတွေစိုးမိုးတဲ့ရွာမှာ နေထိုင်တဲ့ ကိုစိုးမိုးတို့ ဇနီးမောင်နှံလည်း သူတို့ရဲ့ တစ်နှစ်အရွယ်သားလေးကို ကာကွယ်ဆေးထိုးဖို့ မြို့ပေါ် ကို သွားခဲ့ချိန်တုန်းက စစ်ကောင်စီဂိတ်နဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး ) ဂိတ်ကို ဖြတ်ခဲ့ရပါတယ်။

အဲဒီဂိတ်ကို စွန့်စွားခန်းတစ်ခုလို ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံကြောင့်နောက်တစ်ကြိမ် မြို့ပေါ် သွားပြီး ကာကွယ်ဆေးထိုးနိုင်ဖို့ကို စိုးရိမ်စိတ်ရှိနေကြပါတယ်။

“ရွာမှာက ကာကွယ်ဆေးထိုးလို့ရတဲ့နေရာမရှိဘူး။ ရွာအထိ လာထိုးပေးနေကျ သူနာပြုဆရာမတွေလည်း မလာနိုင်ကြတာကြာပေါ့” လို့ သူကပြောပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ကိုစိုးမိုးတို့မိသားစုနေတဲ့ရွာဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်လို့ လတ်တလောမှာ နိုင်ငံအဆင့်ဆောင်ရွက်ရတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ မရနိုင်တဲ့နေရာဖြစ်ပါတယ်။

ကိုစိုးမိုးတို့ ဇနီးမောင်နှံ နဲ့ ကလေးမိခင် မအားမြောင်တို့ရဲ့ အဖြစ်အပျက်က ပဋိပက္ခပြင်းထန်နေတဲ့ ဒေသတွေက မွေးကင်းစကနေ တစ်နှစ်ခွဲအရွယ်ကြား ကလေးငယ်တွေ ကာကွယ်ဆေးမထိုးရတာ၊ ထိုးခွင့်ရဖို့ခက်ခဲတာကို မီးမောင်းထိုးပြနေပါတယ်။

ပဋိပက္ခကြားမှာ ကာကွယ်ဆေးထိုးဖို့ ဘယ်လောက်ခက်လဲ

မွေးကတည်းက ကာကွယ်ဆေးမထိုးရသေးတဲ့ သူတို့ရဲ့ ကလေးကို အသက်တစ်နှစ်ကျော်လာချိန်မှာတော့ ကိုစိုးမိုးနဲ့ သူ့ဇနီးတို့ ဂန့်ဂေါမြို့ပေါ်က ပြည်သူ့ဆေးရုံမှာ ကာကွယ်ဆေးသွားထိုးပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဂန့်ဂေါမြို့ကို ရောက်ဖို့ သူတို့ ရွာကနေ နှစ်နာရီဝန်းကျင်လောက်သွားရတဲ့ ခရီးမှာစစ်ကောင်စီတပ်စခန်း ခလရ ၅၀ ရှေ့မှာ ချထားတဲ့ဂိတ် နဲ့ ပျူစောထီးဂိတ်တစ်ခုကို မဖြစ်မနေဖြတ်ကြရပါတယ်။

“က‌လေးအဖေ ၂ ယောက်လည်း ကလေးကို ကာကွယ်ဆေးထိုးပေးဖို့အသွား အဲဒီဂိတ်တွေအဖြတ်မှာ ဖမ်းတာခံရဖူးတယ်။ သူတို့က (စစ်ကောင်စီ) ကျွန်တော်တို့ ရွာကို သူပုန်ရွာလို့ ခေါ်တယ်လေ” လို့ ကိုစိုးမိုးကရှင်းပြပါတယ်။

နောက်ဆုံးတော့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးချင်တာကြောင့် ရွာကနေ အမျိုးသားတွေမပါဘဲ ကလေးအမေ အယောက် ၂၀ လောက် ကားတစ်စီးငှားပြီးသွားကြဖို့ ဖြစ်လာပါတယ်။

အဲဒီထဲမှာ ကိုစိုးမိုးရဲ့ ဇနီးနဲ့ ကလေးလည်းပါခဲ့ပါတယ်။ ပထမဆုံး ကာကွယ်ဆေးထိုးရမယ့်သားအတွက်အရဲစွန့်သွားမယ့်ဇနီးအတွက်လည်း လမ်းခရီးမှာတစုံတခုဖြစ်မှာကို စိတ်လှုပ်ရှားပူပန်ခဲ့ရတယ်လို့ ဆိုပါတယ်။

“စွန့်စားခန်းကြီးလိုပဲ။ သူတို့မပြန်လာမချင်း ရင်တမမနဲ့။ ဂိတ်ရှိတော့ မိန်းမကဖုန်းလည်းမထည့်သွားရဲတာနဲ့ တစ်နေ့လုံးအဆက်သွယ်လည်းမရဘူး”လို့ ကိုစိုးမိုးက ဘီဘီစီကို ပြန်ပြောပြတဲ့အချိန်အထိ စိတ်လှုပ်ရှားနေပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် သူတို့သားအတွက် နောက်တစ်ခါ ကာကွယ်ဆေးထိုးပေးဖို့ကတော့ မသေချာမရေရာ ဖြစ်နေပါတယ်။

ပျူစောထီးဂိတ်က ကိုစိုးမိုးတို့ရွာကနေ ဖြတ်လာတဲ့ကားတွေကို လှည့်ပြန်ခိုင်းပြီး ဂန့်ဂေါမြို့ပေါ်ကို ပေးမတက်တော့ပါဘူး။

“ဂိတ်ကနေ ငါတို့တပ်မတော်ကထိုးပေးတဲ့ဆေး နင်တို့လာမထိုးနဲ့လို့ပြောတယ်” လို့ ကာကွယ်ဆေးထိုးဖို့ မြို့ပေါ်သွားတဲ့ မိခင်တွေကို ပြောလိုက်တဲ့စကားကြောင့်လည်း စိတ်မသက်မသာ ဖြစ်ကြရတယ်လို့ ဆိုပါတယ်။

မြန်မာမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ နောက်ဆက်တွဲလူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးမရေရာမှုတွေဟာ ကလေးငယ်တွေရဲ့ အနာဂတ်တွေနဲ့ ဘဝတွေကိုအန္တရာယ်ကြားကို ရောက်ရှိစေခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ''အန္တရာယ်ကျရောက်နေသော အနာဂတ်မျိုးဆက်သစ်များ'' အစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်။

UNICEF ရဲ့ စာရင်းအရ မြန်မာက ကလေးသူငယ် တစ်သန်းကျော်ဟာ ဝက်သက်၊ ပိုလီယိုနဲ့ ဆုံဆို့နာတို့ကို ကြိုတင်ကာကွယ်ပေးတဲ့ ပုံမှန်ကာကွယ်ဆေးတွေကိုထိုးခွင့်မရပါဘူး။

ကလေးသူငယ် ၅ သန်းနီးပါးဟာ ဗီတာမင်အေ ဖြည်စွက်ဆေးမရတာကြောင့် ကူးစက်ရောဂါတွေနဲ့ မျက်စိအာရုံကွယ်နိုင်တဲ့ အခြေအနေတွေနဲ့ ရှေ့ဆက်နေကြရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စစ်တမ်းတွေအရ ဘယ်လို ကာကွယ်ဆေးတစ်ခုကိုမှ တစ်ကြိမ်တောင် မထိုးခဲ့ဖူးတဲ့ မြန်မာကလေးငယ် တစ်သန်းကျော် ရှိနေပါတယ်။

မကွေးတိုင်းနဲ့ကပ်လျက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်းထိ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ် မြို့ထဲက ရွာက ကလေး ၃ ယောက် မိခင် မအားမြောင်ကလည်း ကိုစိုးမိုးတို့ ဇနီးမောင်နှံလိုပဲ စိတ်ဖိစီးမှုတွေနဲ့ ဖြစ်နေပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းထားတဲ့ မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရတာ (၆၂)ကြိမ် ရှိခဲ့ပါတယ်။ အဓိက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဝမ်းမသူးဆေးရုံကို ၂၀၂၄ ဧပြီ ၂၆ ရက်မှာ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆေးရုံတက်လူနာနဲ့ လူနာစောင့် ၅ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

လုံခြုံရေးစိန်ခေါ်မှုတွေကြားကနေ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ကျန်းမာရေးဌာနက သူတို့ထိန်းချုပ်နယ်မြေမှာရှိတဲ့ ကလေး ၃၀၀၀ ကျော် ထဲက ကလေး ၂၈၀၀ ကျော်ကို အလှူရှင်အဖွဲ့အစည်းရဲ့အကူအညီနဲ့ ကာကွယ် ဆေးထိုးပေးခဲ့ပါတယ်။

“၂၀၂၁ မတိုင်ခင် မြို့နယ်ရဲ့ ၉၉ ရာခိုင်နှုန်းကျော် ကာကွယ်‌ဆေးရတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ဘာကာကွယ်ဆေးမှ မရခဲ့ကြဘူးပေါ့။ အခု ပြန်ထိုးပေးနေပေမယ့် ကလေး ၈၀ ရာခိုင်နှုန်း မကျော်ဘူး” လို့ မင်းတပ်ကျန်းမာ‌ရေးဌာနတာဝန်ခံကပြောပါတယ်။

စစ်‌ကောင်စီထိန်းချုပ်ထားပေမဲ့ ကာကွယ်ဆေးမထိုးပေးနိုင်တဲ့ မြို့ပေါ်ရပ်ကွက်နဲ့ မြို့ပတ်ဝန်းကျင်က ရွာ ၂၀ကျော်လောက်က ကလေးတွေဆီကိုလည်း ကာကွယ်ဆေးက မရောက်နိုင်သေးပါဘူး။

ခေါင်းပြန်ထောင်လာတဲ့ ကာကွယ်လို့ရတဲ့ရောဂါတွေ

မြန်မာမှာ ပုံမှန် ကာကွယ်ဆေးထိုးပေးရေးအစီအစဉ်အရ မွေးကင်းစကနေ အသက်တစ်နှစ်ခွဲအထိ ထိုးပေးနေတဲ့ ပြင်းထန်တီဘီ၊ ပိုလီယိုအကြောသေ၊ ပြင်းထန်အဆုတ်ရောင်နဲ့ ဝက်သက်ရောဂါအပါအဝင် ရောဂါ ၁၂ မျိုးကို ကာကွယ်နိုင်တဲ့ အသက်အလိုက်ထိုးရမယ့်ဆေးတွေအကြိမ်ပြည့် ဆက်ထိုးခွင့်မရကြတော့တာက ထင်ထင်ရှားရှားဖြစ်လာပါတယ်။

ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ချင်းပြည်နယ်နဲ့ ရှမ်းမြောက်ဒေသ က ကျန်းမာရေးတာဝန်ခံတွေကတော့ သူတို့ ဒေသမှာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ရောဂါတွေ ပြန်ဖြစ်လာပြီး ကလေးငယ်တွေ သေဆုံးတာရှိတယ်လို့ အတည်ပြုပါတယ်။

မင်းတပ်မြို့နယ်မှာ ၂၀၂၂ ခုနှစ်တုန်းက ဝက်သက်ရောဂါကပ်အသွင်ပြန်ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါ ကလေး ၆၀၀ ကျော်ကို ကူးစက်ပြီး ၈ ယောက်သေဆုံးခဲ့တယ်လို့ မင်းတပ်ကျန်းမာရေးတာဝန်ခံက ပြောပါတယ်။

“ကျွန်မတို့မှာ ဆေးထိုးပေးနိုင်တဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရှိတယ်။ အအေးလမ်းကြောင်းလည်းရှိတယ်။ ကာကွယ်ဆေးမရခဲ့တာကြောင့် မထိုးပေးရတာပါ”လို့ သူကပြောပါတယ်။

ရှမ်းမြောက်မှာ ကာကွယ်ဆေးထိုးခွင့်မရလို့ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ဝက်သက်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ ဆုံဆို့၊ ကြက်ညှာရောဂါတွေ ပြန်ဖြစ်နေတယ်လို့ ရှမ်းမြောက်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ Medical Family Mandalay က ဒေါ်သက်ထားက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကာကွယ်ဆေးမထိုးရသေးတဲ့ ၅ နှစ်အောက်ကလေး တစ်သိန်းကျော်ရှိနေပါတယ်။

“မွေးကင်းစကလေးသေတာ အများဆုံးပဲ။ မသန်စွမ်းဖြစ်သွားတာလည်း ရှိတယ်။ ကျွန်မတို့ဘက်က အရေအတွက်အတိအကျ မကောက်ယူနိုင်သေးတော့ ပိုလီယို မဖြစ်ဘူးလို့ မပြောနိုင်ဘူး”လို့ သူကပြောပါတယ်။

ဘီဘီစီက ရရှိထားတဲ့ အချက်အလက်အရ စစ်ရေးတင်းမာနေတဲ့ ချင်း၊ စစ်ကိုင်း၊ မကွေး၊ကရင်နီ နဲ့ ရှမ်းမြောက်ဒေသတို့မှာ က‌လေးဦးရေ ၂ သောင်းခွဲကျော်ကို အာဏာသိမ်းကာလထဲမှာပဲ ရှေ့ပြေးစီမံချက်အနေနဲ့ တော်လှန်ရေးအင်အားစု ကျန်းမာရေးအဖွဲ့တွေက ကာကွယ်ဆေးတွေ ပြန်ထိုးပေးခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ဒေသဖြစ်တဲ့အတွက် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်လို လစဉ်ထိုးပေးတာမျိုးမဟုတ်ဘဲ အလျဥ်းသင့်သလို တစ်နှစ်ကို ၃ ကြိမ်ကနေ ၆ ကြိမ် ထိုးပေးတဲ့ပုံစံနဲ့ သွားနေတာပါ။

“အလှူရှင်ထောက်ပံ့တဲ့အပေါ် မူတည်နေလို့ အလှူရှင်မရှိရင် ဒီကာကွယ်ဆေးရတာလည်း ရပ်သွားဦးမှာ”လို့ မင်းတပ်ကျန်းမာရေးတာဝန်ခံက ပြောပါတယ်။

တိုင်းရင်းသားဒေသတစ်ခုရဲ့ ရှေ့ပြေးကာကွယ်ဆေးထိုးစီမံချက်ကို သုတေသနလုပ်ထားတဲ့ စာတမ်းတစ်ခုမှာတော့ ပြင်ပကဝယ်ရတဲ့ကာကွယ်ဆေးဈေးနှုန်းက ကမ္ဘာမှာ လိုအပ်တဲ့နိုင်ငံတွေ ကာကွယ်ဆေးရနိုင်စေဖို့ ဖွဲ့စည်းထားတဲ့ ကာကွယ်ဆေးဆိုင်ရာမဟာမိတ်အဖွဲ့ Gavi ကနေ ရနေတဲ့ ဈေးထက် ၆ ဆ လောက် များနေတာပါ။

ဒါကြောင့် ကာကွယ်ဆေးအမျိုးအစားအားလုံးထဲက ၅ မျိုးလောက်ပဲ ဝယ်နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။

အရင်အာဏာမသိမ်းခင်က အစိုးရတွေက အခမဲ့ထိုးပေးနေတဲ့ ကာကွယ်ဆေးကုန်ကျစရိတ်ဟာ ၂၀၂၀ ခုနှစ်တုန်းက ကလေးတစ်ဦး အတွက် ငွေကျပ် ၆ သောင်း ကုန်ကျပါတယ်။

ကလေးဘယ်လောက်ကို စစ်ကောင်စီ ကာကွယ်ဆေးထိုးပေးနိုင်လဲ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာက ကလေးငယ်တွေ ကာကွယ်ဆေးတစ်လုံးမှထိုးခွင့်မရတဲ့ အများဆုံး ၁၀ နိုင်ငံထဲမှာပါဝင်နေပါတယ်။

ဒါပေမဲ့ အာဏာသိမ်းသုံးနှစ်ခွဲနီးပါးကြာလာပြီးတဲ့နောက် ကာကွယ်ဆေးလွှမ်းခြုံနိုင်တဲ့နှုန်းအတက်အကျအပေါ်မှာ အငြင်းပွားစရာတွေ ရှိလာပါတယ်။

အာဏာမသိမ်းခင်က မြန်မာမှာ ကလေး ၉၀ ရာခိုင်နှုန်း ကို ထိုး‌ပေးနိုင်ခဲ့တဲ့ ငါးမျိုးစပ်ကာကွယ်ဆေးဟာ ၂၀၂၁ ခုနှစ်မှာ ၃၇ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ ၇၆ ရာခိုင်နှုန်းအထိ ပြန်တက်လာတယ်လို့ WHO နဲ့ UNICEF က ၂၀၂၄ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကတော့ ၂၀၂၁ ခုနှစ်ကနဲ့ယှဉ် ရင် လက်ရှိအချိန်မှာ ကာကွယ်ဆေးထိုးပေးနိုင်တဲ့ ကလေးဦးရေ နှစ်ဆကျော်များလာတယ်လို့ ၂၀၂၄ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးနေ့မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်ကထက် လက်ရှိကာလဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်တဲ့နယ်မြေ ပိုကျယ်ပြန့်လာပြီး စစ်ရေးနယ်မြေကျယ်လာပါတယ်။

ဒါကြောင့် ဒီလိုနိုင်ငံတဝန်းစစ်ဘောင်ကျယ်လာချိန်မှာ ကာကွယ်ဆေးလွှမ်းခြုံနိုင်တဲ့နှုန်းတက်လာတယ်ဆိုတဲ့ ပြောဆိုချက်ဟာ ဖြစ်နိုင်ခြေနည်းတယ်လို့ ပဋိပက္ခဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြဝေဖန်ထားပါတယ်။

ဆေးတက္ကသိုလ်တစ်ခုရဲ့သင်ကြားရေးအလုပ်ကနေ CDM ဝင်ခဲ့တဲ့ Medical Family Mandalay က ဒေါ်သက်ထားကတော့ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးလွှမ်းခြုံနိုင်တာ ၇၀ ရာခိုင်နှုန်းအထက် ပြန်ရောက်လာတယ်ဆိုတာကို ပညာရှင်တစ်ယောက် အမြင်နဲ့ လက်မခံနိုင်ပါဘူး။

သူက လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ကလေးတွေကာကွယ်ဆေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသား ညီညွတ်‌ရေးအစိုးရနဲ့ ရန်ပုံငွေ ရရှိရေးလုပ်ဆောင်သူတွေကြားမှာ ညှိနှိုင်း‌ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။

“ကျန်းမာရေးကဏ္ဍကမဟုတ်ရင်တောင် လွယ်လွယ်လေးစဉ်းစားရင် ရပါတယ်။ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ချင်းနဲ့ အခု ရှမ်းမြောက်ဒေသဆိုလည်း စစ်ကောင်စီလမ်းကြောင်းအတိုင်းသွားမယ်ဆိုရင် WHO ရဲ့ အချက်အလက်က မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်''

''ကလေးတွေ ကာကွယ်ဆေးထိုးခွင့်ရဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ တွဲလုပ်ရင်တော့ ကာကွယ်ဆေးထိုးနိုင်တဲ့နှုန်းက ပြည့်မီနိုင်မယ်လို့ ထင်ပါတယ်” လို့ ‌ ဒေါ်သက်ထားက ပြောပါတယ်။

ဒါပေမယ့် ကာကွယ်‌ဆေးထိုးလုပ်ငန်းမှာ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ ကမ္ဘာ့ကုသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကာကွယ်ဆေးဆိုင်ရာမဟာမိတ်အဖွဲ့ Gavi တို့ဟာ စစ်ကောင်စီနဲ့ပဲ ဆက်လက်လုပ်ကိုင်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကလည်း ကာကွယ်ဆေးနဲ့ နည်းပညာရဖို့ အဲဒီနိုင်ငံတကာအဖွဲ့တွေဆီကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းတစ်စုံတရာ ပြန်ကြားတာမရှိခဲ့ဘူးလို့ NUG ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

NUG ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူတွေဆီကရရှိတဲ့ အလှူငွေ ရန်ပုံငွေကိုသုံးပြီး ကရင်နီက ကလေး ၂,၀၀၀ နဲ့ မကွေးနဲ့ စစ်ကိုင်းဒေသတချို့မှာ ကလေးဦးရေ ၁,၀၀၀ ကို ထိုးနှံပေးပြီးဖြစ်ပါတယ်။

မကွေးနဲ့ စစ်ကိုင်းဒေသတချို့မှာနောက်ထပ် ကလေးဦးရေ ၂,၀၀၀ ကို ထပ်ထိုးပေးဖို့ ပြင်နေတယ်လို့ NUG က ဘီဘီစီ ကို အီးမေးလ်ကတဆင့်ဖြေကြားပါတယ်။

“ထိုးပေးနိုင်တဲ့ ကလေးအရေအတွက်က အတော်ကိုနည်းပါသေးတယ်။ ဒါဟာကလေးတွေနဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက်အပြင် ကျွန်တော်တို့တိုင်းပြည်ဘေးမှာရှိတဲ့ ကလေးတွေရဲ့ကျန်းမာရေးနဲ့ ဒေသတွင်းရဲ့ ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေတယ်ဆိုတာ အားလုံးသိပါတယ်။ သိလျက်နဲ့မလုပ်တာပါ”လို့ ဒေါက်တာ ဇော်ဝေစိုးက ကာကွယ်ရေးကိစ္စကိုကိုင်တွယ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လျစ်လျူရှုထားတဲ့အခြေ အနေအပေါ် ဝေဖန်ပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP မြန်မာရဲ့အချက်အလက်အရ ကြည့်ရင် တစ်နိုင်ငံလုံးကမြို့နယ်ပေါင်း ၃၃၀ ရဲ့ ၇၀ရာခိုင်နှုန်း၊ ၂၂၃ မြို့နယ်ထက်မနည်းမှာ တိုက်ပွဲဖြစ်ခဲ့သလို မြို့ပေါင်း ၆၀ကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးထားရတာပါ။

NUG ကျန်းမာရေးဝန်ကြီးဌာန၊တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေက တာဝန်ရှိသူတွေကတော့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို ကာကွယ်ဆေး ဆက်ကူနေသလို တပြိုင်နက်တည်းမှာပဲ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေဘက်ကို ကူစေချင်တဲ့ဆန္ဒရှိကြပါတယ်။

ဘီဘီစီက ကာကွယ်ဆေးလုပ်ငန်းမှာပါဝင်နေတဲ့ WHOနဲ့ UNICEF ကို NUGအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကျန်းမာ‌‌ရေးဌာနတွေနဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးဖြန့်ဝေပေးဖို့ အစီအစဉ်ရှိမရှိ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။

မိဘတွေရဲ့သောကအပူ

ဘီဘီစီက မေးမြန်းခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေးက တစ်နှစ်အောက်ကလေးတွေရဲ့ မိခင် ၅ ဦး ကတော့မြို့နယ်ဒေသန္တရဆေးခန်းနဲ့ ဆေးရုံတွေမှာ သူတို့ကလေးတွေကို ကာကွယ်ဆေးထိုးလို့ရနေတယ်လို့ ပြန်ဖြေကြပါတယ်။

ဒါပေမယ့် မန္တလေးတိုင်းနဲ့ကပ်လျက် စစ်ရှောင် ၁ ဒသမ ၅ သန်းလောက်ရှိနေတဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲက ‌စစ်ရှောင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေထိန်းချုပ်တဲ့ရွာတွေက ကိုစိုးမိုးရဲ့ ကလေးငယ်လို ကလေးအများစုကတော့ သူတို့ရဲ့ ကာကွယ်ဆေးထိုးနှံခွင့် မွေးရာပါအခွင့်အရေးကို မိခင်ဝမ်းကျွတ်တည်းက ဆုံးရှုံးနှင့်ကြပြီ ဖြစ်ပါတယ်။

UNICEF ကတော့ မြန်မာက ကလေးငယ်တွေဟာ သူတို့ဘဝကျန်းမာစွာရှေ့ဆက်နိုင်ရေးအတွက် အဓိကကျတဲ့ ကာကွယ်ဆေးထိုးနှံခွင့်တွေနဲ့ လွဲချော်နေပြီး ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါဖြစ်ပွားနိုင်ခြေ အန္တရာယ်ကလည်း မြင့်မားနေတယ်လို့ မှတ်ချက်ပြုထားပါတယ်။

“ကာကွယ်ဆေးမရတဲ့ အကျိုးရလဒ်က ဘယ်အချိန်ပေါ်လာမလဲဆိုရင်တော့ အခု ကျွန်မတို့ပတ်ဝန်းကျင်မှာတောင် တွေ့နေရပြီလေ။ သေဆုံးသူတွေရှိလာပြီ ” လို့ ဒေါ်သက်ထားကပြောပါတယ်။

မွေးပြီးတဲ့အချိန်ကနေ ၁၈ လအတွင်းမှာ လုံလောက်တဲ့ကာကွယ်ဆေးနဲ့ ကာကွယ်ဆေးအကြိမ်ရေမပြည့်မီတဲ့ ကလေးငယ်တွေဟာ ဉာဏ်ရည်ဉာဏ်သွေး၊ ကျန်းမာရေး၊ ခန္ဓာကိုယ် ဖွံ့ဖြိုးရေးတွေကို ထိခိုက်မှုရှိနိုင်ပါတယ်။

ဒါအပြင် အသက်ဆုံးရှုံးရနိုင်ခြေတွေက အနာဂတ်တိုင်းပြည်အတွက် လူသားအရင်းအမြစ်တွေ ဆုံးရှုံးနိုင်တဲ့ အခြေအနေအထိ ရောက်နိုင်တယ်လို့ ကလေးသူငယ်ဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်မှုပေးသူတွေက ထောက်ပြထားတာပါ။

စစ်ကောင်စီထိန်းချုပ်တဲ့ ဒေသရော၊ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်တဲ့ ဒေသ မခွဲခြားဘဲ ကလေးတိုင်း ကာကွယ်ဆေးရပိုင်ခွင့်က သူတို့ရဲ့ မွေးရာပါအခွင့်အရေးဖြစ်နေတာကြောင့် ဒါကို နှစ်ဖက်လုံးက အာရုံစိုက်ဖြေရှင်းဖို့ ကျန်းမာရေးစောင့်ရှောက်တဲ့အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

ဒေသအုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးမ‌ပေးနိုင်သလို ဂန့်ဂေါမြို့ပေါ်လည်း သွားဖို့အခက်အခဲဖြစ်နေတဲ့ ကိုစိုးမိုးကတော့ သူ့သားလေး လုံလောက်တဲ့ကာကွယ်ဆေးအကြိမ်ရေ ထိုးခွင့်မရတဲ့အပေါ် စိုးရိမ်စိတ်ပူနေပါတယ်။

“ကိုယ့်ဒေသမှာ ကိုယ်ယုံကြည်တဲ့အဖွဲ့အစည်းက ကိုယ့်ကလေးကို ကာကွယ်‌ဆေးထိုးပေးနိုင်ရင်တော့ ပိုကောင်း တာပေါ့‌ဗျာ။ သားလေးအတွက် အဖေတစ်ယောက်အနေနဲ့ စိုးရိမ်ပေမယ့် ဆေးသွားထိုးရမယ့် လမ်းက အန္တရာယ်မကင်းဘူးလေဗျာ။”

အသိပေးချက် - အခုဆောင်းပါးထဲတွင်ဖော်ပြထားသော ကိုစိုးမိုးနဲ့ ဒေါ်သက်ထားတို့ရဲ့ နာမည်များကို သူတို့ရဲ့ လုံခြုံရေးအရ အမည်လွှဲဖော်ပြထားပါတယ်။