ဒေါ်လာဘီလျံချီ ကူနေတဲ့ USAID ကို ပိတ်ပစ်ဖို့ အီလွန်မတ်စ် ပြော

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ကို ပိတ်ပစ်မယ်ဆိုပြီး အီလွန်မတ်စ်က ပြောပါတယ်။ တနင်္လာနေ့ကစပြီး USAID ဝန်ထမ်းတွေကို အိမ်မှာပဲ နေခိုင်းထားပြီး ဒီအဖွဲ့ရှေ့ရေးကလည်း မရေရာလှပါဘူး။

ထိပ်တန်း လုံခြုံရေး အရာရှိနှစ်ဦးကို ခွင့်ပေးလိုက်ပြီးနောက် ဝရုန်းသုန်းကားတွေ ဖြစ်နေချိန်မှာ အမေရိကန်သမ္မတ ထရမ့်ရဲ့ အကြံပေး ဘီလျံနာသူဌေးရဲ့ မှတ်ချက်တွေ ပေါ်ထွက်လာပါတယ်။ USAID ရဲ့ ဝက်ဆိုက်ကလည်း စနေနေ့ကစပြီး အလုပ်မလုပ်တော့ပါဘူး။

ဒီအဖွဲ့ကို ပိတ်ပစ်ဖို့ ကိစ္စကိုတော့ သမ္မတ ထရမ့်က တိတိကျကျ မပြောဘဲ USAID ကို အစွန်းရောက် ရူးသွပ်သူတစုက အုပ်ချုပ်နေတယ်ဆိုပြီး သတင်းထောက်တွေကို တနင်္ဂနွေနေ့ညက ပြောပါတယ်။

" ဒီလူတွေကို နှင်ထုတ်ပြီး ဆုံးဖြတ်ချက် ချမယ် " လို့ပဲ ထရမ့်က ပြောပါတယ်။

USAID ကို ထိန်းချုပ်ဖို့ အရင်ပတ်အတွင်း မတ်စ်က ကြိုးစားရင်း ဒီအဖွဲ့ကို ဆန့်ကျင် ကန့်ကွက် နေခဲ့ပါတယ်။ အစိုးရ အစွမ်းထက်မှုဌာန (Doge) မှာ မတ်စ်က ဦးဆောင်နေတာပါ။ ဒီဌာနက အစိုးရဌာနမဟုတ်ပေမယ့် အစိုးရအသုံးစရိတ်တွေကို အများကြီး ဖြတ်တောက်ဖို့ ထရမ့်က အာဏာကုန်ပေးထားပါတယ်။

အစိုးရဌာနတခုကို ပိတ်ပစ်ဖို့ မတ်စ်မှာ အာဏာမရှိသလို ဒီလို ပိတ်လိုက်ရင် ဥပဒေနဲ့ ညီသလားဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

သူပိုင်ဆိုင်တဲ့ X လူမှုကွန်ရက်မှာတော့ အီလွန်မတ်စ်က USAID ကို မကောင်းဆိုးရွား ရာဇဝတ်ကောင်အဖွဲ့ ဆိုပြီး သမုတ်ပါတယ်။ "တဖွဲ့လုံးကို ရှင်းထုတ်ပစ်ရမယ်၊ ပြင်လို့ကို မရတော့ဘူး၊ ပိတ်ပစ်တော့မယ် " လို့လည်း X မှာ တနင်္လာနေ့ မနက်အစောပိုင်းက တိုက်ရိုက်ထုတ်လွှင့်ပြီး ပြောခဲ့ပါသေးတယ်။

ဝါရှင်တန်ဒီစီရုံးချုပ်က USAID ဝန်ထမ်းတွေကိုလည်း တနင်္လာနေ့မှာ အိမ်မှာပဲ နေကြဖို့ ပြောထားပါတယ်။ ရာနဲ့ချီတဲ့ ဝန်ထမ်းတွေရဲ့ အီးမေးလ်တွေလည်း ဖွင့်မရ ဖြစ်ကုန်ကြောင်း စီဘီအက်စ် သတင်းမှာ ပါရှိပါတယ်။

အမေရိကန် ကွန်ဂရက် လွှတ်တော်က ဥပဒေနဲ့ ဖွဲ့စည်း တည်ထောင်ထားတဲ့ ဒီအဖွဲ့ကို ထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုရဲ့ အုပ်ချုပ်မှုအောက် ပို့ပစ်ဖို့ ကြိုးစားနိုင်ပါတယ်။

USAID ကို ရူဘီယိုရဲ့ အောက်မှာ သွားခွေ ထားနိုင်တယ် လို့လည်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် ဘရိုင်ယန်မတ်စ်က ပြောပါတယ်။

အဖွဲ့ကို ပိတ်မှာလား၊ ပြန်ပြီး ဖွဲ့မှာလား မသိပေမယ့် မတ်စ်နဲ့ ထရမ့်တို့ ပြောင်းလဲဖို့ ကြိုးစားမှုတွေကြောင့် သက်ရောက်မှုတွေကတော့ ကြီးမားမှာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကူညီရေး အဖွဲ့တွေနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့တွေအတွက် ဒေါ်လာ ဘီလျံနဲ့ချီတဲ့ အကူအညီတွေကို USAID က ဖြန့်ဖြူးပေးပါတယ်။

USAID ဝက်ဆိုက်က ဖွင့်မရ ဖြစ်နေပြီး နိုင်ငံတကာ ငတ်မွတ်ခေါင်းပါးမှုကို ခြေရာခံတဲ့ဆိုက် နဲ့ ဆယ်စုနှစ်တွေနဲ့ချီတဲ့ အကူအညီပေးရေး မှတ်တမ်းတွေလို အရေးကြီးတဲ့ သတင်းအချက်အလက် စုဆောင်းထားတွေကိုလည်း ကြည့်လို့မရ ဖြစ်နေပါတယ်။

အမေရိကန်အစိုးရအသုံးစရိတ် ဖြတ်တောက်ဖို့ အကြံပေးတဲ့ မတ်စ်ရဲ့ အဖွဲ့သားတွေနဲ့ အချင်းများပြီးနောက် USAID က ထိပ်တန်းအရာရှိတွေကို ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ခွင့်ပေးလိုက်တာ၊ နုတ်ထွက်ကုန်တာတွေ ဖြစ်ကုန်ပါတယ်။

အရေးကြီးတဲ့ ထိပ်တန်းလျှို့ဝှက် သတင်းအချက်အလက်တွေကို ကြည့်ရှုခွင့်ပြုဖို့ တောင်းဆိုပြီးနောက် of Doge အဖွဲ့ဝင်တွေနဲ့ လုံခြုံရေး အရာရှိတွေ စကားများကြတယ်လို့ ဝါရှင်တန်ပို့စ်နဲ့ စီအန်အန်မှာ ဒီသီတင်းပတ်ကုန်က ဖော်ပြပါတယ်။

ဒီအတွက် USAID ရဲ့ လုံခြုံရေး ညွှန်ကြားရေးမှူးနဲ့ လက်ထောက် ညွှန်ကြားရေးမှူးတို့ကိုလည်း ခွင့်ပေးထားကြောင်း စီဘီအက်စ် သတင်းမှာ ပါရှိပါတယ်။

ထိပ်တန်း နိုင်ငံရေးရာထူးဖြစ်တဲ့ USAID ရဲ့ ဦးစီးအရာရှိ မတ်ဟော့ပ်ဆန်လည်း အလုပ်က ထွက်တယ်လို့ ဝါရှင်တန်ပို့စ်က ရေးပါတယ်။