အစိုးရပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေထားမယ့် ထရမ့်စီအစဥ် အမေရိကန်အတွက် ဘယ်လိုသဘောဆောင်လဲ

  • ရေးသားသူ, ဂျက်စီကာ ဖာ့စ်ထ်
  • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစိုးရပိုင် ရန်ပုံငွေ (sovereign wealth fund (SWF)) စတင်ထားရှိဖို့ အစကနဦး သမ္မတအမိန့်တစ်ရပ်ကို မကြာသေးခင်တုန်းကပဲ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

ဒါသာ အတည်ဖြစ်သွားမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုဟာ အဲဒီရန်ပုံငွေကို အသုံးပြုတဲ့ နိုင်ငံတွေထဲမှာ ပါဝင်လာတဲ့နောက်ထပ် တစ်နိုင်ငံ ဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီရန်ပုံငွေတွေကို ဘယ်လိုနေရာမှာ ဘယ်နည်းဘယ်ပုံ အသုံးပြုတယ်ဆိုတာနဲ့ ဒီလိုရန်ပုံငွေထားရှိတဲ့နိုင်ငံတွေဟာ ဘယ်လို အကျိုးစီးပွားတွေ ရှိလာစေမှာပါလဲ။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစိုးရပိုင် ရန်ပုံငွေ (SWF) ဆိုတာ ဘာလဲ

SWF ဆိုတဲ့ နိုင်ငံတစ်ခုလုံးစာ အကျိုးရှိဖို့သုံးတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရန်ပုံငွေဖြစ်ပါတယ်။ ကုမ္ပဏီလို ဒါမှမဟုတ် ဘဏ္ဍာ‌ရေးဆိုင်ရာကဏ္ဍမှာ အရင်းအနှီးတွေထဲ နိုင်ငံရဲ့ပိုက်ဆံတွေကို ထည့်သွင်း ရင်းနှီးတာမျိုးပါ။ ရလာတဲ့အကျိုးအမြတ်ကိုတော့ အစိုးရအသုံးစရိတ်နဲ့ တခြား လုပ်ငန်းတွေမှာ ပြန်သုံးတာဖြစ်ပါတယ်။

"SWF ရှိခြင်းက ချမ်းသာမှုကို တိုင်းတာမှုအဖြစ် ရှုမြင်ရပါမယ်။ အထူးသဖြင့် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပေါပေါများများရှိတဲ့ နိုင်ငံမျိုးတွေမှာ မြင်ရပါတယ်" လို့ အစိုးပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများ ဆိုင်ရာနိုင်ငံတကာအဖွဲ့(IFSW)က မဟာဗျူဟာနဲ့ ဆက်သွယ်ရေးဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ဗစ်တိုးရီးယား ဘာဘရီက ရှင်းပြပါတယ်။

ကာတာနဲ့ အဘူဒါဘီက ကိုင်စွဲထားတဲ့ အဲဒီလိုရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သဘာဝအရင်းအမြစ်တွေကို တင်ပို့ရာကနေရတဲ့ အကျိုးအမြတ်တွေနဲ့ မတည်ထားတာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဒီလိုရန်ပုံငွေပေါင်း ၉၀ အထိရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ထရီလီယံတန်ဖိုးရှိတယ်လို့ IFSW က ပြောပါတယ်။

ဘော့စ်ဝါနာနိုင်ငံက ဒီလိုရန်ပုံငွေကိုဆိုရင် စိန်တွေ ထုတ်လုပ်ရောင်းချရာကနေ ရလာတဲ့ငွေတွေကနေ အဓိက ထူထောင် မတည်တာဖြစ်ပြီး အခုဆိုရင် အမေရိကန်ဒေါ် လာ ၄ ဘီလျံနီးပါးဖိုးအထိ တန်ဖိုး တက်နေပြီဖြစ်ပါတယ်။

ကာတာ‌ဆိုရင် နိုင်ငံ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကနေရတဲ့ငွေတွေကို ကျန်းမာရေးနဲ့ ငွေကြေးအဖွဲ့တွေမှာ ထည့်ဝင် မြှုပ်နှံလိုက်တာကြောင့် အခုဆို သူ့ရဲ့ SWF ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၅၀၀ ကျော်နဲ့ ကြီးကြီးမားမားကို ဖြစ်နေပါပြီ။

ဒီရင်းနှီးမြှုပ်နှံမှုထဲမှာ ပိုင်ဆိုင်မှု ၉.၉ ရာခိုင်နှုန်းအထိပါဝင်တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က Empire State အဆောက်အဦနဲ့ ပြင်သစ်ဘောလုံးအသင်း ပါရီ စိန့် ဂျာမိန်း PSG အသင်းတို့မှာ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်ပါတယ်။

အဘူဒါဘီမှာတော့ အလားတူရန်ပုံငွေပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၈၅၀ ဘီလျံကျော် ရှိပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ရေနံအပေါကြွယ်ဝဆုံးနဲ့ ကမ္ဘာမှာ SWF ရန်ပုံငွေကို အများဆုံးရှိတဲ့နိုင်ငံကတော့ နော်ဝေးနိုင်ငံ ဖြစ်ပါတယ်။ နော်ဝေးဟာ ဒီရန်ပုံငွေကို လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးလောက်ကတည်းက စထားတာဖြစ်ပြီး အခုဆို အမေရိကန်ဒေါ်လာ ၁.၇ ထရီလီယံအထိ တန်ဖိုးရှိနေပြီဖြစ်ပါတယ်။

အဲဒီရံပုံငွေပမာဏဟာ တစ်ကမ္ဘာလုံးက စာရင်းဝင် ရှယ်ယာတွေရဲ့ ၁.၅ ရာခိုင်နှုန်း ပျှမ်းမျှရှိသလို ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အကြီးမားဆုံးတစ်ခုတည်းသော နိုင်ငံလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကို စိန်၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တို့က ရတဲ့ငွေတွေနဲ့ပဲ မတည်တာမျိုးတော့ မဟုတ်ပါဘူး။

ကမ္ဘာမှာ အလားတူ ရန်ပုံငွေထဲ ဒုတိယမြောက်အကြီးများဆုံး ရန်ပုံငွေရှိတာကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ အခုဆို သူ့ရန်ပုံငွေက အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံအထိ ရောက်နေပါတယ်။ မတည်ထားတဲ့ငွေကြေးတွေကတော့ ပြည်ပကို တရုတ်လူသုံးကုန်တွေ တင်ပို့ရာကနေရတဲ့ငွေမဟုတ်ဘဲ ပိုလျှံတဲ့နိုင်ငံခြားငွေကို ထည့်ဝင် မြှုပ်နှံတာပါ။

တရုတ်လို အလားတူ ငွေကြေး ဝင်လမ်းမရှိတဲ့နိုင်ငံတွေကတော့ မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုပုံငွေတစ်ရပ်အနေနဲ့ SWF မှာ ထည့်ဝင် မြှုပ်နှံနိုင်ပါသေးတယ်။ ထည့်ဝင်ဖို့ လိုအပ်တဲ့ငွေကြေးကိုတော့ နိုင်ငံတော် အသုံးစရိတ်(ဘတ်ဂျက်)ကနေ ခွဲဝေ မျှယူပါတယ်။

''အစိုးရတွေဟာ စီးပွားရေးတိုးတက်ဖို့နဲ့ စျေးကွက်အကျိုးအမြတ်ပြန်ရဖို့ ရင်းနှီးမြှုပ်နှံမှုကို ရှာလေ့ရှိတယ်။ ဒါမှပဲ သူတို့ဟာ သူတို့နိုင်ငံထဲ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေလာပြီး ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ စီးပွားဖက် မြှုပ်နှံဖက်အဖြစ် ပါဝင်နိုင်မယ်။ ဒါမှပဲ တဖက်မှာ စိုက်ပျိုးရေးလို အိမ်ယာစီမံကိန်းကို ကဏ္ဍတွေမှာ အာရုံစိုက်နိုင်မှာကိုး'' လို့ ဘာဘရီက ပြောပါတယ်။

ဒီလို အလားတူ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အမျိုးအစား မတည်ထူထောင်ထားတဲ့နိုင်ငံတွေဟာ အင်ဒိုနီးရှား၊ အီဂျစ်နဲ့ အိုင်ယာလန်တို့မှာ တွေ့ရတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

လက်ရှိအခြေအနေတွေအရ အမေရိကန်ဟာ ဘဏ္ဍာရေးအရ ပိုလျှံငွေ လတ်တလောမှာ ရှိမနေတာကြောင့် အမေရိကန်ဟာ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကို အပေါ်မှာ ပြောထားတဲ့နိုင်ငံတွေလိုပဲ နိုင်ငံတော် အသုံးစရိတ် ဘတ်ဂျတ်ထဲကနေ ထုတ်ယူ မတည်တာမျိုးဖြစ်နိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။

SWF နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း စည်းမျဥ်းတွေက ဘာတွေလဲ

အစိုးပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများဆိုင်ရာနိုင်ငံတကာအဖွဲ့(IFSW)ကို ၂၀၀၈ ခုနှစ်မှာ ထူထောင်ပြီး စတင်ချိန်မှာပါဝင်တဲ့အဖွဲ့ဝင် ၂၆ ဦးဟာ ဒီလိုရန်ပုံငွေတစ်ရပ်ရပ်ကို စီမံမှုနဲ့ပတ်သက်ပြီး လက်ခံနိုင်တဲ့စံနှုန်းတွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစံတွေကိုတော့ ဆန်တီယာဂို လုပ်ထုံးလုပ်နည်းစံတွေလို့ ရည်ညွှန်း သုံးနှုန်းပါတယ်။

ဒီအဖွဲ့ထဲသာ အမေရိကန်ပါလာမယ်စဆိုရင် အမေရိကန်ဟာ သူ့ရဲ့ ရန်ပုံငွေကိစ္စကို သူ့ဘာသာပဲ စီမံရမှာဖြစ်ပါတယ်။

''ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကို အစိုးရမပါဘဲ သီးခြားလွတ်လပ်စွာလုပ်တယ်။ နိုင်ငံရေးကြားဝင်စွက်ဖက်မှုလည်း မရှိရဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ဦးဟာ ဘုတ်အဖွဲ့မှာ ဥက္ကဋ္ဌအနေနဲ့ ထိပ်ဆုံးကနေ နေရာဝင်ယူတာမျိုးဆို အဆင်ပြေမှာမဟုတ်ဘူး'' လို့ ဘာဘရီက ရှင်းပြပါတယ်။

''သမ္မတ ထရမ့်ဟာ ဒီရန်ပုံငွေနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ချမှတ်ရာမှာ၊ ဘယ်လိုနေရာမှာ ဗျူဟာကျကျ ရင်းနှီးမြှုပ်နှံပါ ဆိုတာမျိုးကိုတော့ ပါဝင်မှာပါ။ ဒါပေမဲ့ သီးခြားလွတ်လပ်မှုရှိဖို့ဆိုရင် သူ့ချည်းသက်သက် လုပ်ကိုင်သွားစေတာမျိုးပဲ ဖြစ်သင့်တယ်''

အမေရိကန်ရဲ့ SWF ဘယ်လို အလုပ်ဖြစ်နိုင်လဲ

အသေးစိတ်ကတော့ ရှင်းရှင်းလင်းလင်း မထွက်ပေါ်လာသေးပါဘူး။

သမ္မတ ထရမ့်က တနင်္လာနေ့က လက်မှတ်ထိုးလိုက်တဲ့ သမ္မတ အမိန့်မှာတော့ အမေရိကန် ဘဏ္ဍာရေးနဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနတွေအနေနဲ့ ''ရန်ပုံငွေရရှိနိုင်တဲ့ယန္တရား၊ ရင်းနှီးမြှုပ်နှံမှု ဗျူဟာတွေ၊ ရန်ပုံငွေဖွဲ့စည်းပုံနဲ့ အဲဒီရန်ပုံငွေကို စီမံမယ့်အဖွဲ့ နမူနာပုံစံတစ်ခုကို ရက်ပေါင်း ၉၀ အတွင်း အကြံပြုချက်တွေ၊ အစီအစဥ်တွေနဲ့အတူ ပေးပို့ဖို့ ညွှန်ကြားထားပါတယ်။

''အမေရိကန်ရဲ့ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတစ်ရပ်ကို အပြည့်အဝ မတည် ထူထောင်ပြီးပြီဆိုရင်တောင် ကွန်ဂရက်လွှတ်တော်ကို ဖြတ်ရပါဦးမယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ မျှမျှတတ အတည်ပြုပေးမယ့်လမ်းကြောင်းကတော့ ရှိနေဦးမှာပေါ့လေ'' လို့ ဘာဘရီကပြောပါတယ်။

နိုင်ငံတဝန်းလုံးစာ ခြုံငုံမိတဲ့ အစိုးရပိုင်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ထူထောင်ရေးကိစ္စဟာ အမေရိကန်ရဲ့ နိုင်ငံရေး စနစ်ကြောင့် ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်ပါတယ်။

''နိုင်ငံထဲက နယူး မက္ကစီကို၊ အလာစကာနဲ့ ဝိုင်ယိုမင် တို့လို့ ပြည်နယ်တွေမှာ သူတို့ ပြည်နယ်အစိုးရပိုင် အလားတူ ရန်ပုံငွေတွေ မ တည် ရင်းနှီးထားတာမျိုးတွေရှိတယ်။ ဖက်ဒရယ်စနစ်ကို အသုံးပြုနေတာဆိုတော့လေ။ ဒီတော့ ရေနံနဲ့ တခြားအကျိုးအမြတ်ရတဲ့ရင်းနှီးမြှုပ်နှံမှုတွေကနေ ရလာတဲ့အမြတ်အစွန်းတွေကို ဘယ်လိုမျှဝေကြမလဲဆိုတာကလည်း ခက်ခက်ခဲခဲလုပ်ရမှာမျိုး ဖြစ်လာနိုင်ပါတယ်'' လို့ ဘာဘရာက ပြောပါတယ်။

ဒီပြည်နယ်တွေရဲ့ ပြည်နယ်အစိုးရပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ စုစုပေါင်းတင် ဒေါ်လာ ၃၂၂ ဘီလျံအထိ ရှိနေပါတယ်။

အမေရိကန်က ဒီလိုရန်ပုံငွေမျိုးကို အရင်က ဘာလို့ မထားခဲ့တာလဲ

အစဥ်အလာအားဖြင့် အမေရိကန်ပြည်ထောင်စုဟာ ကိုယ်ပိုင် ရန်ပုံငွေတစ်ရပ်ကို စတင်ထူထောင်တာထက် ''ပုဂ္ဂလိကကဏ္ဍကို ပိုအားစိုက်ပြီး စီးပွားရေးတိုးတက်အောင် တွန်းတာမျိုးကို ပိုအားသန်ခဲ့တာ'' လို့ ဘာဘရီက ပြောပါတယ်။

''အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေဟာ ၁၉၅၀ ပြည့်နှစ်ကာလတွေကတည်းက ရှိခဲ့ပေမဲ့ ဘဏ္ဍာရေး မျက်နှာစာမှာ အခရာကျလာတာကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်မှဖြစ်ပါတယ်။ ဒီတော့ ဝါရှင်တန်မှာရှိတဲ့ မူဝါဒ ချမှတ်သူတွေအနေနဲ့ မကြာသေးခင်အထိ အဲဒါကို အာရုံမရောက်ကြဘူးဖြစ်ကြတာ'' လို့ ဗားဂျီးနီးယားပြည်သူ့မူဝါဒအင်စတီကျူ့က အကြီးတန်းသုတေသီ ဒေါက်တာ ဂျိမ်းစ် ဘရော့ဟဲက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအတွက် အစိုးရပိုင်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ တစ်ရပ်ထားဖို့ အချိန်ကျပြီလို့ ထရမ့်က ကြေညာပေမဲ့ တကယ်ထားသင့်တဲ့အချိန် ဟုတ် မဟုတ်ဆိုတာကိုတော့ သံသယရှိကြပါတယ်။

''အကြောင်းရင်းတစ်ရပ်ကတော့ အမေရိကန်အစိုးရဟာ တင်းခံနေတဲ့ဘတ်ဂျက်လိုငွေပြမှုကို ကြုံနေရတယ်။ ဒီလိုရန်ပုံငွေမျိုးဆိုတာက တစ်ခါတလေမှာ ဘတ်ဂျက်မှာ သွားပိုနေလို့ စီမံဖို့ သုံးတာမျိုးလေ'' လို့ ဘ‌ရော့ဟဲက ထောက်ပြပါတယ်။

''ကျွန်မကတော့ အမေရိကန်အနေနဲ့ ဒီလိုရန်ပုံငွေမျိုး မလိုဘူးလို့ ထင်တယ်။ ကမ္ဘာမှာ အကြီးဆုံးငွေကြေးစျေးကွက်တွေ ပိုင်နေတာပဲလေ။ ကမ္ဘာမှာ ရင်းနှီးမြှုပ်နှံသူတွေ မျက်စိအကျဆုံးနိုင်ငံဆိုလည်း ဟုတ်ပြန်တယ်။ ဒါပေမဲ့ ထရမ်ရဲ့ အစီအစဥ်နဲ့ပတ်သက်ပြီး ကျွန်မတို့ အသေးစိတ်သိရတာ မရှိသေးတော့ ဒီရန်ပုံငွေဟာ ဘယ်လို မတည်ပြီး ဘယ်လိုလုပ်ကိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ ခက်နေတယ်'' လို့ ဘာဘရီ က ပြောပါတယ်။

ဒါပေမဲ့ ဘရော့ဟဲကတော့ ''အမေရိကန်ပြည်ထောင်စု အစိုးရဆီမှာ မတို့မထိရသေးတဲ့ စွမ်းအင်သိုက်တွေနဲ့ မြေတွေလို အရင်းအမြစ်တွေမှ အများကြီး ရှိနေသေးတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အပြောအရဆိုရင် ပြည်ထောင်စုအစိုးရမှာ ဒေါ်လာ ၅.၇ ထရီလီယံလောက် ပိုင်ဆိုင်မှု ရှိတယ်။ ဒါပေမဲ့ ဒီထဲမှာ မတူးဖော်ရသေးတဲ့စွမ်းအင်ရင်းမြစ်တွေကို ထည့် မတွက်ရသေးဘူး။ SWF ဆိုတာ ဒီလိုအရင်းအမြစ်တွေကို ကောင်းကောင်းစီမံဖို့ ယန္တရားတစ်ခုဖြစ်ပြီး အခွန်ဆောင်ပြည်သူတွေ အမြတ်များများပြန်ရဖို့ပဲဖြစ်ပါတယ်။''