၁၀၂၇ စစ်ဆင်ရေးနဲ့အတူအောင်မြင်လာတဲ့ နွေဦးတော်လှန်ရေးတပ်တွေ

၁၀၂၇ စစ်ဆင်ရေးလို့ပြောလိုက်ရင် ကိုးကန့်၊ တအာင်း နဲ့ အာရက္ခတပ်တော် တို့ကို အရင်ဆုံးမြင်တတ်ကြပေမဲ့ သူတို့ရဲ့မဟာမိတ်တပ်တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) စတဲ့တပ်တွေ ဖြစ်ပြီး ၂၀၂၃ အောက်တိုဘာ ၂၇ မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး မှာ ဝင်တိုက်ခဲ့ကြတဲ့ တပ်တွေဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးမှပေါ်ပေါက်လာတဲ့ ဒီလက်နက်ကိုင်တပ်တွေဟာ စစ်ရေးအတွေ့အကြုံ၊ တပ်အင်အားသာမက လူထုထောက်ခံမှုပါ တစ်နှစ်အတွင်း သိသိသာသာတိုးလာခဲ့ကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ သူတို့ဘယ်လိုပါဝင်ခဲ့သလဲ။ စစ်ဆင်ရေးနှစ်ပတ်လည်အလွန်မှာ သူတို့ရဲ့ဒေသအလိုက် စစ်ရေးဦးစီးလှုပ်ရှားတဲ့အခြေအနေတွေ ဘယ်လိုရှိလာမလဲဆိုတာကို ဘီဘီစီက စုံစမ်းမေးမြန်းခဲ့ပါတယ်။

တပ်မဟာ (၆၁၁) ၊ သပြေညို နဲ့ ၁၀၂၇ စစ်ဆင်ရေး

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးရွေးချယ်ကြသူတွေကို လေ့ကျင့်သင်ကြားပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ မြောက်ပိုင်းညီနောင်သုံးဖွဲ့အကြောင်းက လူသိမများခဲ့ပါဘူး။

မြောက်ပိုင်းညီနောင်သုံးဖွဲ့က လားရှိုးမြို့ကနေ တရုတ်နယ်စပ်ကြားကမြို့တွေကို ပစ်မှတ်ထားခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးစတင်ချိန်မှာ ရုတ်တရက်အံ့အားသင့်ခဲ့ကြရသလို သူတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်တဲ့ မဟာမိတ်တပ်အင်အားအကြောင်းပါ လူထုစိတ်ဝင်စားလာခဲ့ပါတယ်။

ဒီမဟာမိတ်တပ်တွေဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဦးဆောင်တဲ့ စစ်ဆင်ရေးအကြောင်း ကြိုတင်မသိရှိခဲ့ရဘဲ တိုက်ပွဲထဲ ဝင်ပါလာခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေး ဒုတိယလှိုင်းအထိ အရွေ့ဖြစ်လာတဲ့နောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) စတဲ့တပ်တွေဟာ လူထုထောက်ခံမှုသိသိသာသာရလာတဲ့ တပ်တွေဖြစ်လာပါတယ်။

ဒီတပ်တွေဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (အေအေ) တို့နဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်မှ ဆက်ဆံရေးတည်ဆောက်ခဲ့တာမျိုးမဟုတ်ပါဘူး။

ကိုးကန့်တပ် (MNDAA) ရဲ့ တိုင်းရင်းသားတပ်တွေပါတဲ့ တပ်မဟာ (၆၁၁) နဲ့ တအာင်းတပ် (TNLA) ဦးဆောင်တဲ့ သပြေညိုစစ်ဆင်ရေးတို့ဟာ အစပျိုးခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ စုစည်းထားတဲ့ တပ်မဟာ (၆၁၁) အကြောင်းပြောရမယ်ဆိုရင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာမှ သင်တန်းဆင်းပွဲဓာတ်ပုံတွေနဲ့အတူ ကိုးကန့်တပ် (MNDAA) က ရုတ်တရက်ထုတ်ပြခဲ့တာပါ။

ရိုင်ဖယ်၊ ကာဘိုင် စတဲ့ လက်နက်တွေ ပေးအပ်နေတဲ့ ဓာတ်ပုံထဲမှာတင် သင်တန်းဆင်းသူအင်အားက ရာနဲ့ချီ ပါဝင်ပါတယ်။

၂၀၂၂ ခုနှစ်အစောပိုင်းမှ စတင်ဖွဲ့စည်းတဲ့ တပ်မဟာ (၆၁၁) မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အပါအဝင်ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ ပါဝင်ပါတယ်။

တအာင်းတပ် (TNLA) လေ့ကျင့်ပေးမှုအောက်က တပ်တွေကတော့ တပ်မဟာသဖွယ်ဖွဲ့စည်းထားတာမရှိ ပါဘူး။

တပ်ဖွဲ့အလိုက်ပြင်ဆင်ရင်းမှ ရှမ်းပြည်နယ် နဲ့ မန္တလေးတိုင်းအစပ်မှာရှိတဲ့ နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကိုတိုက်ခိုက်တဲ့ သပြေညိုစစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၃) ရက်မှ စတင်ခဲ့ ပါတယ်။

နှစ်လကြာတဲ့ သပြေညိုစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) အပါအဝင် မန္တလေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့လည်း ပါဝင်ခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက ရခိုင်ပြည်နယ်အခြေစိုက် အာရက္ခတပ်တော် (အေအေ) ကလည်း ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး တပ်မဟာ၊ စစ်ဆင်ရေး တွေ လှုပ်ရှားခဲ့လားဆိုတာ မသိရဘဲ သိုသိုသိပ်သိပ်ဆောင်ရွက်ခဲ့တာပါ။

အေအေနဲ့အတူ လေ့ကျင့်သင်ကြားတာတွေနဲ့ပတ်သက်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို ဘီဘီစီ က မေးမြန်းဖို့ ကြိုးစားပေမဲ့ ဖြေကြားဖို့ငြင်းဆန်ထားပါတယ်။

ဒီလိုလေ့ကျင့်ခဲ့ကြတဲ့တပ်တွေဟာ စစ်တပ်ရဲ့ အခိုင်အမာတပ်ရင်း၊ ဌာနချုပ်တွေကိုတိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး အကြောင်း မစတင်ခင် လပိုင်းအလိုကမှ သိရှိခဲ့ရတာလို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ တပ်တွေက ဖြေကြပါတယ်။

“စစ်ဆင်ရေးအကြီးကြီးဖြစ်လာတဲ့အချိန်မှာလည်း ကျွန်မတို့ကိုယ်တိုင်အံအားသင့်ခဲ့ရတယ်” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီ‌ကျော်က ပြောပါတယ်။

နွေဦးတော်လှန်ရေးတပ်တွေ နဲ့ ရှမ်းမန်း စစ်မျက်နှာပြင်

ကိုးကန့်တပ် (MNDAA) ရဲ့ ဦးဆောင်မှုအောက်က တပ်မဟာ (၆၁၁) တပ်ဖွဲ့ဝင်တွေဟာ လက်နက်တပ်ဆင် သင်တန်းဆင်းပြီး ၉ လအကြာမှာပဲ စစ်မြေပြင်ကို ခြေချခဲ့ကြသလို သပြေညိုစစ်ဆင်ရေးအတွေ့အကြုံရ တပ်တွေလည်း ပါဝင်ပါတယ်။

ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) နဲ့ အာရက္ခတပ်တော် (အေအေ) တို့ရဲ့ ဦးဆောင်မှုအောက် မှာ သက်ဆိုင်ရာနယ်မြေအလိုက် ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

“တပ်ဖွဲ့အနေနဲ့ ပြင်ဆင်ရင်း ၁၀၂၇ စစ်ဆင်ရေးစတော့ TNLAနဲ့ ပူးပေါင်းပါဝင်ခဲ့တာပါ” လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအမောင် က ဘီဘီစီကို ပြောပါတယ်။

ဒါဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးပန်းတိုင်ကို အတူတူလျှောက်လှမ်းခဲ့တာလို့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ တပ်တွေက တုံ့ပြန်ဖြေကြပါတယ်။

“ကျွန်မတို့ကသိန္နီစစ်မြေပြင်မှာတာဝန်ယူခဲ့ရတယ်”

တပ်မဟာ (၆၁၁) မှာပါဝင်တဲ့ တပ်တွေထဲက တခုဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော် က ၁၀၂၇ စစ်ဆင်ရေး စစချင်းရက်မှာပဲ သိန္နီကိုတိုက်ခိုက်ခဲ့တဲ့ အကြောင်း ပြောပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ်အဆင့်ဦးစီးတဲ့ သိန္နီမြို့အခြေစိုက် အမှတ် (၁၆) ခြေလျင်တပ်မဟာ (စကခ - ၁၆) ကို ရက်ပေါင်း (၇၂) ရက်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အထိ PLA နဲ့ မဟာမိတ်တပ်တွေက စွမ်းဆောင်နိုင်ခဲ့ပါတယ်။

PLA တပ်က ထိုးစစ်ဆင်ချိန် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တပ်ကူဖြည့်တင်းပေးတာ၊ PLA နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်းထိုးစစ်ဆင်တာ စတဲ့ မဟာမိတ်အင်အား နဲ့ ရှမ်းမြောက်က စစ်တပ်ရဲ့ တပ်ရင်း၊ ဌာနချုပ် ဆယ်နဲ့ချီကို တိုက်ခိုက်ခဲ့ကြတာပါ။

ကိုးကန့်တပ် (MNDAA) ဦးဆောင်မှုအောက်မှာ PLA နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကိုလည်း ဘီဘီစီက ဆက်သွယ်‌မေးမြန်းပေမဲ့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီတပ်တွေထိုးစစ်ဆင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထက်ပိုင်းက တိုက်ပွဲတွေဆီ စစ်ကောင်စီ စစ်ကူသွားဖို့ ဖြတ်သန်းရတဲ့ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ တကြောမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) (MDY PDF) က တအာင်းတပ် (TNLA) ဦးဆောင်မှုနဲ့အတူ ဖြတ်တောက်ရေး တာဝန်ယူ ခဲ့ပါတယ်။

ဒါဟာ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတိုက်ပွဲတွေအတွက် အရှေ့စည်းအဖြစ် စစ်ကောင်စီရဲ့ တပ်ကူတွေကို ခုခံတွန်းလှန်ခဲ့တာလည်းဖြစ်ပါတယ်။

“အောင်မြင်စွာဖြတ်တောက်ပိတ်ဆို့နိုင်ခဲ့တဲ့အတွက်လည်း ရှမ်းမြောက်က စစ်ကောင်စီတပ်တွေကို ထိုးစစ် ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ခဲ့တယ်” လို့ MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က မှတ်ချက်ပြုပါတယ်။

ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့ကြတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဟိုင်ဂင်သ‌ဘောတူညီချက်နဲ့ တန့်ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် ဇွန် (၂၅) ရက်မှာ တကျော့ပြန်တိုက်ပွဲ ဒုတိယလှိုင်းစတင်ခဲ့ပါတယ်။

ပထမလှိုင်းတုန်းက မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဦးဆောင်မှုအောက်က တိုက်ခိုက်ခဲ့တဲ့ တပ်တွေဟာ ဒုတိယလှိုင်းမှာတော့ စစ်ရေးအရ တာဝန်ကြီးတွေကို ပိုယူလာရတယ်လို့ ဒီတပ်တွေဆီက သိရပါတယ်။

“ရှမ်း - မန်းစစ်ဆင်ရေး” လို့ သိကြတဲ့ ဒုတိယလှိုင်းက မန္တလေးတိုင်းထိုးစစ်တွေမှာ MDY PDF က ဦးဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း၊ တပ်ဖွဲ့တွေပါ သိသိသာသာပါဝင်လာတာကို တွေ့ရပါတယ်။

ဒုတိယလှိုင်းရဲ့ အထင်ကရအောင်ပွဲဖြစ်တဲ့ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ချိန်မှာလည်း ဌာနချုပ်ရဲ့ ခံတပ်လို့သိကြတဲ့ အမှတ် (၆၈) ခြေလျင်တပ်ရင်းကို PLA နဲ့ BPLA က အရှေ့၊ အနောက်ညှပ်တိုက်ကာ အဆင့်ဆင့်ထိုးဖောက်ခဲ့ကြတာပါ။

လနဲ့ချီ တိုက်ပွဲကြာမြင့်နေပြီဖြစ်တဲ့ စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကတိုက်ပွဲတွေမှာလည်း ကျောင်းသားတပ် (SAF) ပါဝင်ပြီး တောဟိန်းတောင်ဗျူဟာစခန်းကို ပါ ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီတော့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း နဲ့ ဒုတိယလှိုင်းကနေ ဘယ်လိုအတွေ့အကြုံရလဲ၊ ဘာတွေကွာခြား ချက်ရှိလာလဲလို့ ဘီဘီစီက ထပ်မံမေးခွန်းထုတ်ချိန်မှာတော့ “စစ်ရေးအတွေ့အကြုံ၊ လူထုယုံကြည်မှု နဲ့ တပ်ဖွဲ့ဝင်အင်အား” သိသိသာသာတိုးလာတယ်လို့ ဓနုတပ် (DPLF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအမောင် က အချက် (၃) ချက်နဲ့ ထောက်ပြခဲ့ပါတယ်။

နွေဦးတော်လှန်ရေးတပ်တွေလို့လည်းသိကြတဲ့ စစ်အာဏာသိမ်းပြီးမှ‌ပေါ်ပေါက်လာတဲ့တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေထဲ စစ်ရေးအတွေ့အကြုံရဖို့ အဓိက ထားခဲ့တာကို တိုက်ပွဲထုတ်ပြန်ချက်တွေအရ ထင်သာမြင်သာတွေ့နိုင်ပါတယ်။

“နယ်မြေခွဲဖို့ ကျွန်မတို့ဆန္ဒမရှိဘူး၊ စစ်ကောင်စီကသိမ်းဆည်းရမိတဲ့လက်နက်တွေယူတာရှိတယ်” လို့ အတူတူ တိုက်ပွဲဝင်ခဲ့တဲ့ ကိုးကန့်တပ် (MNDAA) နဲ့ ဆက်ဆံရေးအကြောင်း PLA ရဲ့ အထွေထွေ အတွင်းရေးမှူး ရဲဘော်နီနီ‌ကျော်က ပြောပြပါတယ်။

ဒီလိုမျိုး မဟာမိတ်တပ်တွေ နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ လက်တွဲတိုက်ပွဲဝင် အရှိန်မြှင့်နေတုန်းမှာပဲ တရုတ်ရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်လာရပါတယ်။

ဒါဟာ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ဖို့ တစ်လအလိုမှာပဲ သိသိသာသာဖိအားနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကိုးကန့်တပ် (MNDAA) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် တွေနဲ့ ခပ်ခွာခွာနေမယ့်အကြောင်း ထုတ်ပြောတဲ့အထိဖြစ်လာတာပါ။

နွေဦးတော်လှန်ရေးတပ်တွေ ဘာဆက်လုပ်မှာလဲ

“ခပ်ခွာခွာနေမယ့်ကိစ္စတွေပေါ်လာခဲ့ပေမဲ့ တော်လှန်ရေးလှိုင်းကို ကမ်းစပ်ထိရောက်အောင်တွန်းပေးပြီးသွား ပြီ၊ ကုန်းပေါ်တက်တိုက်ဖို့ကတော့ ပြည်မကလူထုတွေရဲ့တာဝန်ဖြစ်သွားပြီ” လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော် က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့တပ်တွေအတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ကြိုးစားရတော့မယ်လို့ သူကဆက်ပြောပါတယ်။

PLA ဟာ ကိုးကန့်တပ် (MNDAA) ရဲ့ ဦးဆောင်မှုအောက်မှာ ပထမလှိုင်းရော ဒုတိယလှိုင်းမှာရော တိုက်ပွဲဝင် ခဲ့ပြီး လက်ရှိတော့ တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းကာ မိုးမိတ်၊ သီပေါ တိုက်ပွဲတွေမှာ ပါဝင်ထားပါတယ်။

ဒီလိုဖိအားတွေရှိနေပေမဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် အပြင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သပိတ်ကျင်းမြို့နယ်က ကျောက်ကြီး၊ (၇) မိုင်စတဲ့ ရွာတွေမှာပါ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေဆဲပါ။

မန္တလေးမြို့နဲ့အနီးကပ်ဆုံး မတ္တရာမြို့နယ်ထဲမှာလည်း နေ့စဉ်လိုလိုတိုက်ပွဲတွေရှိနေဆဲပါ။

အခုလို အင်အားကောင်းလာတဲ့ နွေဦးတော်လှန်ရေးတပ်တွေဟာ တပ်မြို့ ပြင်ဦးလွင်အတွက် မဟာဗျူဟာ အရ အရေးပါတဲ့ တောင်ခမ်းတပ်နယ်ကို တိုက်ခိုက်နေတာဖြစ်ပြီး မြို့အဝင်တပ်တွေလို့သိကြတဲ့ ဘန့်ဘွေး နဲ့ ဝက်ဝံရွာက စစ်ကောင်စီတပ်တွေကိုလည်း တိုက်ခိုက်နေပါတယ်။

ဒီတိုက်ပွဲတွေထဲ ပြင်ဦးလွင် - နောင်ချိုအစပ်က မန္တလေး PDF နဲ့ ဓနုတပ် (DPLF) တို့ပါဝင်ပြီး ရပ်စောက်ကနေ တောင်ခမ်းကိုစစ်ကူလာဖို့ နောက်ချိုဘက်တက်လာမယ့် စစ်ကောင်စီတပ်ကူတွေကိုလည်း ဓနုတပ် (DPLF) က ရပ်စောက်မြို့နယ်နဲ့ အစပ်မှာဖြတ်တောက်ရေးတာဝန်ယူထားပါတယ်။

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးဖောက်နေတဲ့ အာရက္ခတပ်တော်က ဦးဆောင်တဲ့ အမ်းမြို့တိုက်ပွဲမှာလည်း ကျောင်းသားတပ် (SAF) ဆက်ပါဝင်နေဆဲပါ။

ဒါကြောင့် တိုက်ပွဲတွေဆက်ရှိနေဦးမယ်လို့ ဘီဘီစီက စကားပြောခွင့်ရတဲ့ မန္တလေး PDF ၊ PLA နဲ့ ဓနုတပ် (DPLF) တွေက တုံ့ပြန်ကြပါတယ်။

တစ်နှစ်ပြည့်ချိန်မှာ မန္တလေးတိုင်းထဲကဒေသတွေကို အတိုင်းအတာတခုအထိ အောင်မြင်စွာအခြေချနိုင်တယ်ဆိုပေမဲ့ အဓိကစစ်ရေးပစ်မှတ်ဖြစ်တဲ့ မန္တလေးတိုင်းကိုထိန်းချုပ်စိုးမိုးနိုင်ရေးကို ဆက်လုပ်ဖို့Mdy PDF က ဦးတည်ထားပါတယ်။

“ဒီထက်တဆင့်မြှင့်ပြောရရင်တော့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးပန်းတိုင်မရောက်မချင်း ဆက်လုပ်မှာပါ” လို့ Mdy PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

“စစ်အာဏာရှင်ကျဆုံးရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” ကို ဦးတည်မယ်လို့ ကြွေးကြော် ထားတဲ့ ဒီနွေဦးတော်လှန်ရေးတပ်တွေဟာ သက်ဆိုင်ရာဒေသတွေကို ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ထိုးဖောက်သွားမယ်လို့ ဘီဘီစီကို ဖြေကြားထားကြပါတယ်။