“တိုက်စစ်ကို ကြိုက်တဲ့အချိန် ဖော်ဆောင်နိုင်တဲ့ အလှည့်အပြောင်းဖြစ်သွားပြီ” – KNDF စစ်ရေးချုပ် ခူးရီဒူး

စစ်အာဏာသိမ်းမှုကိုလက်နက်ကိုင်ခုခံတော်လှန်ရေးအားကောင်းတဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးအဖြစ် မြို့တော်လွိုင်ကော်ကို ထိန်းချုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက အင်အားအလုံးအရင်းနဲ့တိုက်ခိုက်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာလုံးမှာ စစ်ကောင်စီဘက်က အင်အားလျော့နည်းလာပေမဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေမှာတော့ ဆန့်ကျင်ဘက်အနေနဲ့ စုစည်းအားပိုကောင်းလာခဲ့ပြီး ဒါဟာပြောင်းပြန်အလှည့်အပြောင်းလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အခိုင်အမာပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ တစ်ခုတည်းသောအုပ်ချုပ်ရေးယန္တရားတည်ရှိခဲ့တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွေဟာ ဘယ်လောက်အထိပြင်းထန်သလဲ။ သာလွန်လက်နက်တွေပိုင်ဆိုင်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ ဘယ်လောက်ထိပြင်ဆင်ထားရပါသလဲ။

ကရင်နီစစ်ရေး၊ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ စစ်ရေးချုပ် ခူးရီဒူးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ကြိုက်တဲ့အချိန်မှာ တိုက်စစ်ဖော်လာနိုင်တဲ့ ၂၀၂၃ ခုနှစ်

ဘီဘီစီ - ကရင်နီမှာ ၂၀၂၃ ခုနှစ်ထဲ စစ်ရေးအရ ဘယ်လိုအပြောင်းအလဲတွေရှိခဲ့လဲ။ အာဏာသိမ်းစ နှစ်နှစ်နဲ့ နှိုင်းယှဉ်ရင်ဘယ်လိုအပိုင်းတွေမှာ အဓိကပြောင်းလဲမှုတွေဖြစ်လာလဲ။

ခူးရီဒူး - ၂၀၂၃ နှစ်က ထူးထူးခြားခြားနှစ်လို့ ပြောလို့ရပါတယ်။ အရင်အာဏာသိမ်းစ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေတုန်းက ကျွန်တော်တို့ပြည်နယ်မှာ စစ်ကောင်စီက ကြိုက်တဲ့နေရာကြိုက်သလို ထိုးစစ်ဆင်သွားလာလို့ရ၊ အင်အားတွေအသုံးပြုပြီးသွားလို့ရတယ်။ ထူးထူးခြားခြားတစ်ချက်က ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီရဲ့ အင်အားတွေလျော့လာတာပေါ့လေ။ ကျွန်တော်တို့ ကရင်နီအင်အားစုဘက်က ပြောင်းပြန် ဖြစ်တာပေါ့။ တိုက်စစ်ကို ကြိုက်တဲ့အချိန်မှာ ဖော်ဆောင်လို့ရတယ်။ ပြောင်းပြန်အလှည့်အပြောင်းဖြစ်သွားတာပါ။

ဘီဘီစီ - ၂၀၂၃ ခုနှစ်တနှစ်တာထဲမှာ ကရင်နီတော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု ဘယ်လောက်လုပ်ထားလဲ။ ဘယ်နေရာတွေမှာတိုက်ပွဲအများဆုံးဖြစ်ခဲ့လဲ။

ခူးရီဒူး - ဒီနှစ်ထဲမှာတော့ တိုက်ပွဲတွေအများဆုံးဖြစ်တာက ဒီးမောဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ဖရူဆိုမှာဖြစ်တယ်။ အဓိကပြောရရင်တော့ အဲဒီလေးနေရာမှာဖြစ်တယ်ပေါ့လေ။ ၁၁၁၁ စစ်ဆင်ရေး မတိုင်ခင်မှာတော့ စစ်ကောင်စီတပ်တွေက ဒီးမော့ဆိုမှာဆိုရင် မြို့ပြင်အထိ ကင်းရှေ့ထုတ်ပြီး နှစ်ကာလရှည်အောင် နေရာယူထားတာရှိတယ်။ လွိုင်ကော်ဘက်မှာလည်း အဓိကလမ်းမကြီးဘေးမှာ နှစ်ကာလရှည်အောင် ယူထားတဲ့ စခန်းတွေရှိတယ်။ ၁၁၁၁ စစ်ဆင်ရေးစတင်တဲ့အခါမှာတော့ အဲဒီစခန်းတွေအကုန်ဆုတ်သွားတယ်။ တပ်ထဲပြန်နေလိုက်တယ်။ အခုအခြေအနေက စစ်ကောင်စီက သူတို့တပ်လုံခြုံရေးကိုပဲ ယူလိုက်တဲ့သဘောပေါ့။ တပ်အပြင်ကိုမထွက်နိုင်တဲ့အခြေအနေပေါ့လေ။

ဘီဘီစီ - လက်နက်ခဲယမ်း သာလွန်အင်အားရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်မှာ ဘယ်လိုစိန်ခေါ်မှုတွေရှိလာလဲ။

ခူးရီဒူး - စိန်ခေါ်မှုက လုံလောက်တဲ့ ကျည်ဆန်၊ ခဲယမ်းမရှိတာပေါ့လေ။ အကြီးမားဆုံးစိန်ခေါ်မှုပါ။ ကျန်တဲ့ကိစ္စတွေက အခုထိပြဿနာမရှိဘူး။ ခဲယမ်းက စကားပြောတယ်။ ခဲယမ်းလုံလောက်မှုမရှိတာက အဓိက ပြဿနာဖြစ်တယ်။ ကျန်တဲ့ပြဿနာတွေက ကျွန်တော်တို့သိတာလေး၊ ရှိတာလေးနဲ့ ဖြေရှင်းသွားလို့ရတယ်။ အများဆုံးဒီလိုပဲ လုပ်လာခဲ့တာပေါ့လေ။ ဒီသုံးနှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ မရှိခြင်းနဲ့ပဲစခဲ့တော့ ကျွန်တော်တို့ မရှိခြင်းနဲ့ပဲ ဆက်သွားနေတယ်။ ဒီတော့အခက်အခဲဆုံး နံပါတ်တစ်က ခဲယမ်းပေါ့လေ။ နံပါတ်နှစ်က ကျန်းမာရေးဆေးဝါးဖြစ်တယ်။ တတိယအချက်ကတော့ ရိက္ခာဖြစ်တယ်။

မြို့သိမ်းတိုက်ပွဲက ဘယ်လောက်ထိပြင်းထန်သလဲ

ဘီဘီစီ - နိုဝင်ဘာ ၁၁ ရက်နေ့ကစတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးနောက်ဆုံးရအခြေအနေသိချင်ပါတယ်။ လွိုင်ကော်တိုက်ပွဲထဲမှာ ဆရာကျောင်းလို KNDF ဗဟိုကော်မတီဝင်တစ်ဦးတိုက်ပွဲမှာကျဆုံးခဲ့တာကိုလည်း သိရှိထားရပါတယ်။ ဒီတော့ မြေပြင်တိုက်ပွဲအခြေအနေက ဘယ်လောက်ထိပြင်းထန်ပါသလဲ။

ခူးရီဒူး - ကျွန်တော်တို့နွေဦးကာလသပိတ်ကနေစပြီးတော့မှ လွိုင်ကော်မြို့သိမ်းရေးနဲ့ ထိန်းရေးကြားက ပြည်နယ်မြို့တော်တိုက်ပွဲတော်လှန်ရေး ၂ နှစ်ကျော် ၃ နှစ်နီးပါးပြည့်လုတဲ့အထိ ကရင်နီပြည်မှာ ဆင်နွှဲဖူးတဲ့တိုက်ပွဲတွေထဲမှာ အခုလွိုင်ကော်တိုက်ပွဲက အပြင်းထန်ဆုံးပဲ။ လွိုင်ကော်ရဲ့ အခြေအနေက စစ်ကောင်စီက လက်နက်ငယ်ကို အသုံးမပြုတော့ဘဲ လက်နက်ကြီးကိုပဲ အသုံးပြုတော့တယ်ပေါ့။ နောက်တစ်ခုက လေကြောင်းပစ်ကူကို မနားတမ်းအသုံးပြုတယ်ပေါ့နော်။ ကျွန်တော်တို့ လွိုင်ကော်တက္ကသိုလ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းမိတဲ့အချိန်၊ သူတို့လက်နက်ချတဲ့အချိန်မှာဆိုလို့ရှိရင်စစ်ကောင်စီဘက်က မနက်မိုးလင်းကနေ ည ၁၁ နာရီ၊ ၅၇ မိနစ်အထိ လေယာဉ်က ၁၅ မိနစ်တစ်ခါ လာကြဲတယ်။

ခူးရီဒူး - လွိုင်ကော်မှာစစ်ကောင်စီတပ်တွေရှိနေသေးတယ်။ အမြောက်တပ်တို့၊ ၅၃၀ တို့၊ ၅၄ တို့ ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)တို့လို နဂိုကတည်းကရှိပြီးသား တပ်တွေရှိတယ်။ ဒီစခန်းတွေထဲကတစ်ခုကိုမှတော့ ကျွန်တော်တို့ဘက်က တိုက်ခိုက်ချေမှုန်းနိုင်တာမရှိသေးဘူး။ ကြိုးစားနေတယ်၊ ကြိုးစားနေဆဲ ဆက်လက်ကြိုးစားနေဆဲပေါ့လေ။ ရာခိုင်နှုန်းအရတော့ ပြောရခက်ပါလိမ့်မယ်။ စစ်ကောင်စီကတော့ သူ့တပ်ကလွဲလို့ ဘယ်နေရာကိုမှသွားလို့မရတဲ့အနေအထားပါ။

ဘီဘီစီ - ဒါဆိုလွိုင်ကော်မြို့ရဲ့ ဘယ်နေရာတွေမှာ စစ်ကောင်စီတပ်တွေရှိနေလဲ၊ တော်လှန်ရေးအင်အားစုတွေက ဘယ်နေရာတွေမှာနေရာယူထားနိုင်ပြီလဲ။

ခူးရီဒူး - လွိုင်ကော်မြို့ပေါ်မှာကတော့ စစ်ကောင်စီက အကျဉ်းထောင်မှာ ကျန်ဦးမယ်။ နောင်ယား(ရပ်ကွက်)က မီးသတ်ဘေးနားမှာ ရှိဦးမယ်။ နောက်ပြီးတော့ KBZ ဘဏ်၊ ဒီဘဏ်က နှစ်နေရာရှိတယ်၊ နံပါတ်တစ်နဲ့ နှစ်ပေါ့လေ။ နံပါတ်နှစ်မှာ ရှိနေသေးတယ်။ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်တို့မှာ ဆေးရုံတို့ သူနာပြုသားဖွားအဆောင်တွေ ဆရာဝန်ဝန်ထမ်းအိမ်ရာတို့ အဲ့လိုမျိုးတွေမှာ သူတို့ရှိနေသေးတယ်။ နေရာတော်တော်များများမှာ သူတို့လူတွေရှိနေသေးတယ်။ အထပ်မြင့်နေရာတွေမှာ သူတို့ရှိနေသေးတာပေါ့။ ကျွန်တော်တို့ကရင်နီမှာက မြောက်ပိုင်းတို့လိုမျိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ မြို့ငယ်ကို သိမ်းနေတာမဟုတ်ဘူးပေါ့လေ။ ပြည်နယ်မြို့တော်ကို သိမ်းနေတယ်၊ ဒါက သိပ်ကိုကြီးမားတဲ့အရာတစ်ခုလို့မြင်တယ်။ သူတို့အတွက်ကလည်း ဆုတ်ဖို့အနေအထားမရှိပါဘူး။ စစ်ကောင်စီဘက်ကလည်း အသေခံပစ်မှာပဲ၊ ကျွန်တော်တို့ဘက်ကလည်း တိုက်ရမှာပဲ။ စစ်ကောင်စီဘက်က သူ့ရဲ့ ခေါင်းဆောင်ပေါ်မှာ အထက်အပေါ်မှာ ဘယ်လောက်ထိသစ္စာရှိမလဲ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မြို့တော်အပေါ်မှာ ဘယ်လောက်ထိ တိုးပြီးတော့သိမ်းပိုက်နိုင်မလားဆိုတာက နှစ်ဖက်စလုံးရဲ့ ကြိုးစားမှု၊ သစ္စာရှိမှုအပေါ်မှာ မူတည်တာပေါ့လေ။ ကျွန်တော်တို့ရဲဘော်တွေက ဗျူဟာဆိုတာထက် သူတို့မြို့၊ သူတို့ရပ်ရွာဆိုတာနဲ့၊ ဒါက ကျွန်တော်တို့ပိုင်တယ်၊ ကျွန်တော်တို့လက်ထဲမှာရှိရမယ်ဆိုတဲ့စိတ်နဲ့တိုက်နေတာ ဖြစ်တယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေးမှု၊ ကရင်နီအလားအလာ

ဘီဘီစီ - ၁၀၂၇ စစ်ဆင်ရေးဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တရုတ်နိုင်ငံ အကူအညီနဲ့ ဆွေးနွေးမှုတွေဆက်တိုက်ရှိနေတာ ကြားသိမယ်ထင်ပါတယ်။ တကယ်လို့သာ ရှမ်းမြောက်တခွင် တိုက်ပွဲတွေငြိမ်သက်သွားခဲ့ရင် ကရင်နီဘက်ကို စစ်ရေးအရ ဖိအားပေးလာမယ်လို့ထင်သလား။

ခူးရီဒူး - ကြိုတင်ပြင်ဆင်တာကတော့ ပြောရတာခက်တယ်။ ဒါက ကလေးကစားစရာမဟုတ်သလို လူကြီးဖဲရိုက်တာလည်း မဟုတ်ဘူးလေနော်။ သေရေးရှင်ရေးကိစ္စလုပ်နေတယ်၊ တိုင်းရေးပြည်ရေးကိစ္စ လုပ်နေတယ်။ လူထုအရေးဆောင်ရွက်နေတယ်ပေါ့လေ။ စစ်ရေးအတွက်တော့ ကောင်းတကာ့အကောင်းဆုံး ဖြစ်ဖို့ပြင်ဆင်နေတယ်။ ခုနမြောက်ပိုင်းတွေက အကယ်လို့များအပစ်ရပ်ဆဲလိုက်မယ်ဆိုရင်တော့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီက ပိုဖိနိုင်မလားဆိုတာက မေးစရာတောင်မလိုဘူးထင်တယ်။ နှစ်နှစ်တာ ကာလအတွင်း စစ်ဆင်ရေးမစခင်မှာက တစ်နိုင်ငံလုံးရဲ့ အရှိန်အဟုန်နဲ့တိုက်ပွဲတွေက ကျွန်တော်တို့ကရင်နီမှာ အများဆုံးဆင်နွှဲနေရတာလေ။ စစ်ကောင်စီက တပ်မအလိုက် တပ်ရင်းအလိုက် အလုံးအရင်းတွေနဲ့ ကျွန်တော်တို့ ရင်နီကို ထိုးနေတာလေ။ သေချာပါတယ် မေးစရာမလိုဘူး ကျွန်တော်တို့ ကရင်နီဘက်ကို လာကိုလာလိမ့်မယ်။ မြောက်ပိုင်းနဲ့လည်း အပစ်အခတ်ရပ်စဲလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က အများကြီးပြင်ဆင်ထားပါတယ်။ ကြိုလည်းတွေးထားပါတယ်။

ဘီဘီစီ - ၁၁၁၁ စစ်ဆင်ရေး ကာလထဲ စစ်ကောင်စီဘက်က ကရင်နီတော်လှန်ရေးအစုအဖွဲ့တွေဆီ ဆွေးနွေးဖို့ စကားပြောဆိုလာမျိုးရှိပါသလား။

ခူးရီဒူး - ရှိလားဆိုတာ ကျွန်တော်တို့ တစ်ဦးတစ်ယောက် အဖွဲ့အစည်းအနေနဲ့မရှိဘူး။ အကယ်လို့များ ပြောလာခဲ့သည်ရှိသော် ဒါကို လက်ခံတဲ့သူက သစ္စာဖောက်ပေါ့။ ရန်သူပဲလို့ သတ်မှတ်ရမှာပဲ၊ ရန်သူထက်ပိုပြီး သတ်မှတ်ရမှာပဲလေ။

ဘီဘီစီ - နောက်တစ်ခုက KNDF ရဲ့ မဟာမိတ်ဆက်ဆံရေးအခြေအနေတွေသိချင်တာပါ။ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ KNDF တပ်ရင်းတစ်ရင်းပါသလို ကရင်နဲ့ ကရင်နီအစပ်ကတိုက်ပွဲတွေမှာလည်း ပူးပေါင်းလှုပ်ရှားတာတွေ့ရပါတယ်။ ဘယ်လိုမဟာမိတ်ဆက်ဆံရေးတွေ တည်ဆောက်ထားပါလဲ။

ခူးရီဒူး - အသက်ရှင်ဖို့အတွက်က ကျွန်တော်တို့ ပေါင်းတိုက်ရတာပေါ့လေ။ ဥပမာ အမျိုးသားဆိုရင် သူ့ဇနီးလိုတာပေါ့။ ဇနီးဆိုလည်း အမျိုးသားလိုတယ်။ ဒီအချိန်မှာ ရှေ့ဆက်ဖို့က သူတို့အပေါင်းအသင်းတွေရဲ့ အကူအညီလိုကြတယ်။ ဒါက အချစ်ရေးပဲ။ မိသားစုတစ်စုကို တည်ထောင်ဖို့အတွက်တောင် ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီကို ယူခဲ့ကြတာပဲ။ သေရေးရှင်ရေးကိစ္စရပ်မှာတောင် ကျွန်တော်တို့တွေက မဟာမိတ်က မရှာလို့မရဘူး။ မြောက်ပိုင်းမှာဆိုရင်တော့ ကောင်းမွန်တဲ့မဟာမိတ်တွေဖွဲ့ထားတယ်။ အောက်ပိုင်းမှာဆိုရင် KNU(ကရင်အမျိုးသားအစည်းအရုံး) နဲ့မဟာမိတ်ဖွဲ့ထားတယ်။ အောက်ပိုင်းမှာ KA(ကရင်နီတပ်)၊ ကလလတ (ကရင်နီပြည်လူမျိုး‌ပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး)တို့ KNDF တို့ပေါင်းပြီး တိုက်နေတာမျိုးရှိပါတယ်။ ဒါကတော့ မဟာမိတ်ရဲ့ သစ္စာစောင့်သိမှုပါ။ ဒီလိုပုံစံပဲကူညီကြတာပါ။ အခြားအဖွဲ့ဆိုရင်တော့ BPLA (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်) ကိုဆောင်းခတို့နဲ့ အကောင်းဆုံး ဆက်ဆံရေးတည်ဆောက်ထားတယ်။ မဟာမိတ်တည်ဆောက်ထားတယ်။ နောက်တခုကတော့ စစ်ကိုင်းတို့မှာရှိနေတဲ့ ကျွန်တော်တို့နည်းတူ နွေဦးကာလမှာ ပေါက်ပွားလာတဲ့အဖွဲ့တွေနဲ့ အကောင်းဆုံးချိတ်ဆက်နိုင်အောင် ဆောင်ရွက်နေပါတယ်။ NUG နဲ့လည်း သူ့လက်အောက်မှာ ဖွဲ့စည်းထားတဲ့ တပ်ရင်းတွေ ကျွန်တော်တို့ပြည်နယ်မှာရှိပါတယ်။ သူတို့နဲ့လည်း ဟန်ချက်ညီညီလက်တွဲပြီးတော့မှ တိုက်ပွဲဖော်နေတာလည်းရှိပါတယ်။

တော်လှန်ရေးအင်အားစုတွေ ရှုမြင်တဲ့ စစ်ကောင်စီတပ်အခြေအနေ

ဘီဘီစီ - မြန်မာစစ်တပ်ဟာ အင်စတီကျူရှင်း(စနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့အစည်း) အနေနဲ့တည်ရှိနေတဲ့ စစ်တပ်ဖြစ်တော့ စစ်ရေးအရပြိုလဲတဲ့အထိ အနိုင်ရဖို့က ခဲယဉ်းမယ်လို့ အကဲခတ်အချို့ကပြောကြတာရှိတယ်။ မေးရရင် စစ်တပ်ရဲ့အင်အားကို ဘယ်လိုမြင်လဲ။

ခူးရီဒူး - လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ဘယ်နေရာမှာပစ်ချင်လည်း ချိန်းလို့ရတယ်။ ကရင်နီမှာပဲမဟုတ်ဘူး၊ နေပြည်တော်မှာပဲ ပစ်မလား။ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်း ပစ်ကူမပါရင်ပေါ့။ ကြိုက်တဲ့နေရာမှာချိန်းလို့ရတယ်။ ကျွန်တော်တို့သူ့ရဲ့အရည်အချင်းကိုသိတယ်။ အချို့လူတွေက စစ်ကောင်စီက အင်အားချိနဲ့လာတာတောင်မှ ပြိုလဲဖို့မလွယ်ဘူးဆိုတဲ့ ပြောတဲ့သူတွေက စစ်ကောင်စီဘက်ကလူတွေပဲ ဖြစ်မယ်ထင်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်တည်ထားတဲ့တပ်ပေါ့လေ၊ သူတို့မှာလည်းလုံလောက်တဲ့ ဘတ်ဂျက်(အသုံးစရိတ်)တွေရှိသလို လက်နက်ခဲယမ်းတွေလည်းရှိနေတဲ့သူပေါ့။ ကျွန်တော်တို့မှာ စစ်ကောင်စီနေရာမှာ ဖြစ်ကြည့်ပါလား။ ကျွန်တော်တို့မှာ စိတ်ကြိုက် လေကြောင်းပစ်ကူတို့ ဒါမှမဟုတ် ကျည်ဆန် လက်နက်ခဲယမ်းပဲ။ သူတို့လောက်ဖြုန်းတီးခွင့်ရှိကြည့်ပါလား၊ စစ်ကောင်စီကတော့ ကျွန်တော်တို့မြေပေါ်မှာတော့ အခြေချစရာအကြောင်းမရှိဘူး။ စစ်တပ်က ပြိုနိုင်မပြိုနိုင် ငြင်းလို့ရတဲ့အရာမဟုတ်ဘူး။ လက်တွေ့မြေပြင်မှာ စစ်တိုက်ရင်းနဲ့မှ သူ့ရဲ့အခြေအနေကို ကိုယ့်ရဲ့အခြေအနေကို မြင်နိုင်တာပေါ့လေ။

ဘီဘီစီ - မြေပြင်တိုက်ပွဲဦးဆောင်နေသူတစ်ယောက်အနေနဲ့ ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်နှစ်ဖြစ်သလား။

ခူးရီဒူး - အဆုံးသတ်တယ်ဆိုတာက သူ့ရဲ့ အဓိပ္ပာယ်ဖွဲ့ဆိုချက်ပေါ်မူတည်တယ်။ စစ်ကောင်စီတွေကို အကုန်လုံးသုတ်သင်ရှင်းလင်းနိုင်ပြီးတော့မှ အကုန်လုံး ကျွန်တော်တို့လူတွေနဲ့ သွေးသစ်လောင်းပြီး တိုင်းပြည်တစ်ခုကို တည်ဆောက်နိုင်တဲ့အခြေအနေဆိုရင်တော့ ၂၀၂၃ က မဖြစ်နိုင်ဘူး။ တိုက်ယူရတဲ့ အခြေအနေတို့ ပေးဆပ်ရတဲ့အခြေအနေက တော်တော်လေးစကားပြောနေတော့ ၂၀၂၃ မဖြစ်နိုင်ဘူး။ ဒီထက်ပိုပြီး ပြင်ဆင်ရမယ်၊ တိုက်စစ်ကို ဆက်ပြီးဆင်နွှဲနိုင်ဖို့ အများကြီးဆက်ပြီးကြိုးစားဖို့လိုတယ်။ ကျွန်တော်တို့မျှော်လင့်တာကတော့ လာမယ့်နှစ်တွေမှာ ကျွန်တော်တို့မြို့တွေကို ဒီထက်ပိုသိမ်းနိုင်အောင် ကြိုးစားနေတယ်။ သို့သော်လည်းပဲ ဘယ်လောက်ထိသိမ်းနိုင်မလဲ မပြောနိုင်သေးဘူး။ ကျွန်တော်တို့ ကြိုးစားသွားမယ်။ လက်ရှိမှာလည်း ကြိုးစားနေတယ်။ ကျွန်‌တော်တို့က အင်အား နှစ်ဆနဲ့လား၊ သုံးဆနဲ့လား ဆိုတဲ့ပုံသဏ္ဍာန်နဲ့ စစ်ရေးတွေကို ဆောင်ရွက်နိုင်ဖို့ အမြဲလိုလိုကြိုးစားနေပါတယ်။

အခုလိုစစ်ရေးအရအပြောင်းအလဲဖြစ်လာတာအပြင် ကရင်နီပြည်နယ်မှာတော်လှန်ရေး အင်အားစုတွေဘက်က ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ကြားကာလလွှတ်တော်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ တရားစီရင်ရေးကဏ္ဍတွေကိုပါ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်ဟာ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ဟန်ချက်ညီဆောင်ရွက်လာနိုင်တဲ့နှစ်လို့လည်း ကရင်နီတော်လှန်ရေးအင်အားစုတွေက တပြေးညီတည်း ပြောကြပါတယ်။