တော်လှန်ရေးအင်အားစုတွေရဲ့ နေပြည်တော်အိပ်မက်

၂၀၂၃ ခုနှစ် နှစ်ဝက်ကျော်လာချိန်မှာတော့ “လမ်းများအားလုံး နေပြည်တော်ဆီသို့” ဆိုတဲ့ လှုပ်ရှားမှုကို တော်လှန်ရေးအင်အားစုတွေဘက်က ကျယ်ကျယ်လောင်လောင်ထုတ်ပြောလာပါတယ်။

“အရေးကြီးတဲ့ စစ်ဆင်ရေးစီမံချက်အနေနဲ့ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ ဒီနယ်မြေတွေ ပါမယ်။ ရန်သူက အုပ်ချုပ်ရေးအရရော စစ်ရေးအရပါစိုးမိုးနိုင်တဲ့ နယ်မြေတွေပဲ” လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “လမ်းများအားလုံး နေပြည်တော်ဆီသို့” စီမံချက် အကြောင်း ထုတ်ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းက ဒေသအားလုံးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေရှိနေပြီး နယ်စပ်ဒေသတင်မဟုတ်ဘဲ ရန်သူ့စိုးမိုးနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ဖို့ ရည်ရွယ်တာလို့ သြဂုတ် ၂၀ ရက်မှာ ဝန်ကြီး ဦးရည်မွန်က ပြောခဲ့တာပါ။

NUG ဘက်က ဒီလိုထုတ်မပြောလာခင် သြဂုတ်လ ပထမအပတ်မှာ နေပြည်တော်က ဘို့မသံတောင်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုကို အားရကျေနပ်မှုရှိ တယ်လို့ နေပြည်တော်တပ်ပေါင်းစုက ပြောပါတယ်။

ဘို့မသံတောင်တိုက်ပွဲ - နေပြည်တော်တံခါးခေါက်သံ

“ဒီစခန်းကို တိုက်နိုင်ဖို့ လေးလထက်မနည်း အချိန်ယူပြီး တောတွေနင်းခဲ့ရတယ်”

သြဂုတ် ၁၀ ရက်နေ့မှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ တောင်ပေါ်ကျေးရွာတွေအနီးက စစ်ကောင်စီရဲ့ ဘို့မသံတောင်စခန်းကို ဝင်တိုက်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ ပြင်ဆင်ခဲ့ရပုံကို နေပြည်တော်တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။

ဒီတိုက်ပွဲမဖြစ်ခင် ၆ လ အလိုကတည်းက တိုက်ပွဲဖော်ဆောင်မယ့်နေရာအနီးတဝိုက်က ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ မဟာမိတ်အဖြစ်ချိတ်ဆက်ပြီး ယုံကြည်မှု၊ နားလည်မှုတွေရအောင် တည်ဆောက်ခဲ့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

“စခန်းသိမ်းဖို့လည်း ကျွန်တော်တို့ရဲဘော်တွေက ၁၅ မိုင်၊ မိုင် ၂၀ လောက်ကို ခြေလျင်သွားခဲ့ရတာ” လို့ ကြိုးစားအားထုတ်ခဲ့ရပုံကို ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ခြေမြန်တပ်ရင်းကို သြဂုတ် ၁၀ ရက် မနက်အစောပိုင်း နေပြည်တော် တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာကနေ ပျဉ်းမနားမြို့ တောင်ပေါ်ကျေးရွာတွေဖြစ်တဲ့ သစ်တုံ၊ ဘို့မ၊ တောင်မြင့်၊ ရေပူခေါင်စတဲ့နေရာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

စစ်ကောင်စီဘက်ကလည်း ကုန်းကြောင်းသာမက လေကြောင်းနဲ့ပါ ဘို့မရွာတဝိုက်ကို ပိတ်ဆို့ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ နှစ်ဖက်စစ်ရေးအရင်းအမြစ်တွေက ဆိုပါတယ်။

ဒီတိုက်ပွဲကို နေပြည်တော်အခြေစိုက်အဖွဲ့တွေသာမက ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းက တော်လှန်ရေးအင်အားစုတွေရော ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံက တပ်ရင်းအပါ နေပြည်တော်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေကလည်း အင်အားဖြည့်ခဲ့ကြတယ်လို့ ရေတာရှည် PDF ကနေ သိရပါတယ်။

ရေတာရှည်၊ သံတောင်ကြီးနဲ့ ဖယ်ခုံ စတဲ့ နေရာတွေဟာ နေပြည်တော်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မတူညီတဲ့ တိုင်းဒေသကြီးပြည်နယ်တွေက မြို့နယ်တွေဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ဘို့မသံတောင်တိုက်ပွဲမှာ စစ်ကောင်စီအခြေစိုက်ရာနေပြည်တော်ရဲ့ အရှေ့တောင်ဘက်က တော်လှန်ရေးအင်အားစုတွေ စုပေါင်းထားတာကို မြင်သာပါတယ်။

တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ နေပြည်တော်နဲ့ မိုင် ၂၀ ဝန်းကျင်မှာရောက်နေပြီလို့ ဘီဘီစီကို ပြောထားကြပြီး စစ်ကောင်စီဘက်ကလည်း နယ်မြေလုံခြုံမှုရှိအောင်လုပ်ထားပြီလို့ သြဂုတ် ၂၂ ရက် သူတို့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောပါတယ်။

နေပြည်တော် သို့ လမ်းများ

ပဲခူးရိုးမတောင်တန်းနဲ့ ရှမ်းရိုးမတောင်တန်းနှစ်ခုကြားမှာ မြို့တည်ထားတဲ့နေပြည်တော်ဟာ အရှေ့ဘက်မှာ ရှမ်းပြည်တောင်ပိုင်း၊ အနောက်ဘက်မှာ မကွေးတိုင်း၊ မြောက်ဘက်မှာ မန္တလေးတိုင်း၊ တောင်ဘက်မှာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့ တည်ရှိနေပါတယ်။

အဲဒီတိုင်းနဲ့ ပြည်နယ်တွေထဲ ရှမ်းတောင်၊ ပဲခူး၊ ကရင်က တော်လှန်ရေးအင်အားစုတွေ အားကောင်းနေပြီး စစ်ကောင်စီကို စစ်ရေးအရခြိမ်းခြောက်နိုင်မယ့်နေရာတွေလို့ ဘီဘီစီမေးမြန်းကြည့်တဲ့ PDF တွေက ပြောကြပါတယ်။

“မြေပုံအရဆို ပဲခူးတိုင်း ရေတာရှည်ကနေ တက်လာရင် သံတောင်ကြီး၊ ဖယ်ခုံ၊ ပင်လောင်းရှိမယ်။ နေပြည်တော်ထဲပါတဲ့ ပျဉ်းမနားနဲ့ အနီးဆုံးနေရာတွေပေါ့” လို့ နေပြည်တော်တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

“သံတောင်တကြောက ကျွန်တော်တို့ရှိမယ်။ ပင်လောင်းဆို KNDF က သူတို့ပူးပေါင်းလာပါလိမ့်မယ်။ ကျွန်တော်တို့ သံတောင်အောက်ပိုင်းမှာကလည်း KNU ရှိမယ်” လို့ သူကမြေပြင်အခြေအနေကို ပြောပြပါတယ်။

ဒါဟာ နေပြည်တော်နဲ့ထိစပ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့တဝိုက်မှာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF၊ ပဲခူးတိုင်း ကရင်ပြည်နယ်တကြောမှာ ကရင်အမျိုးသား အစည်းအရုံး KNU ရှိနေတာကို ဆိုလိုတာဖြစ်ပါတယ်။

စစ်ရေးအခြေအနေကိုကြည့်ရင်လည်း KNU၊ PDF ပူးပေါင်းအဖွဲ့တွေဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်ထဲက မြို့အများစုမှာ အခုနှစ်ထဲ ဆက်တိုက်စစ်ရေးအရှိန်မြှင့်နေသလို နေပြည်တော်အစပ် ပင်လောင်းမှာလည်း အခုနှစ် မတ်လတုန်းကမှ စစ်ကောင်စီနဲ့ KNDF ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြပါတယ်။

ဘီဘီစီစုံစမ်းမေးမြန်းကြည့်ချက်အရတော့ နေပြည်တော်နဲ့ အနီးစပ်ဆုံး ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည် မြို့နဲ့ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့တို့မှာ အခုသီတင်းပတ်တွေထဲ စစ်ရေးလှုပ်ရှားတာမရှိကြဘူးလို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေးကနေ နေပြည်တော်ဆီသို့

တော်လှန်ရေးအင်အားစုတွေ ရည်ရွယ်နေကြတဲ့ “လမ်းများအားလုံး နေပြည်တော်ဆီသို့” စီမံချက်အတွက် ထိုးဖောက်ဝင်ရောက်မယ်လို့ ကနဦးမှာပြောခဲ့တဲ့ဒေသတွေထဲ ရန်ကုန်က အဓိကကျတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရန်ကုန်အတွက်အလင်းစက်ကမ်ပိန်းပိတ်ပွဲမှာ ထည့်ပြောခဲ့ပါတယ်။

“မြို့ပြတွေနားကို ချဉ်းကပ်နေပြီလားဆိုရင်တော့ ကျွန်တော်တို့အားလုံးက ဖြန့်ကျက်ထားပြီးသားပါ”

လို့ ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ကိုဒီငြိမ်းလင်း(ခ) ရဲဘော်ဒေဝ က PVTV နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပြီး နေပြည်တော်နဲ့ အရေးကြီးမြို့တွေကို သိမ်းနိုင်ဖို့အားထုတ်မယ်လို့ ဆိုပါတယ်။

“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ဆိုတာ ကျွန်တော်တို့ရဲ့ dream (အိပ်မက်)၊ ကျွန်တော်တို့ရဲ့ မြို့တွေပဲ။ ကျွန်တော်တို့မြို့တွေကို ပိုင်ကြောင်း သက်သေပြမှာ” လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့စစ်ဆင်ရေးနဲ့ပတ်သက်လို့ အချိန်ကာလကို မပြောနိုင်ပေမဲ့ ပြင်ဆင်မှုတွေလုပ်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကလည်း စိတ်ဓာတ်တက်ကြွမှုအမြင့်ဆုံးမှာရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မှာ မြို့ပြပြောက်ကျားလှုပ်ရှားမှုကို အားပြုလှုပ်ရှားဆောင်ရွက်ခဲ့ရာကနေ တဆင့်တက်ပြီး PDF တပ်ရင်း တပ်ဖွဲ့များအနေနဲ့ တိုက်ပွဲဝင်နိုင်ဖို့ပြင်ဆင်နေကြသလို ဇွန်လ ၁ ရက်နေ့မှာပဲ ရန်ကုန်အတွက် တပ်ရင်း ၅၁၀၁ ကိုဖွဲ့စည်းထားပြီး ရန်ကုန်နဲ့အနီးဆုံးမှာရှိနေတယ်လို့ ထုတ်ပြောထားကြပါတယ်။

နောက်ထပ်ဒေသတစ်ခုဖြစ်တဲ့ မန္တလေးတိုင်းမှာတော့ နေပြည်တော်နဲ့ ထိစပ်နေတဲ့ အချို့မြို့နယ်တွေမှာ ဒေသခံအဖွဲ့တွေ အားကောင်းဖို့ ပံ့ပိုးကူညီတာ၊ သတင်းကွန်ရက်တည်ဆောက်တာတွေအပါအဝင် စစ်ရေးအရ ပြင်ဆင်မှုအချို့ကို လုပ်ဆောင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ် - မန္တလေး MDY PDF ကနေ သိရပါတယ်။

“အခုနှစ်အစပိုင်းကလုပ်ခဲ့တဲ့ သပြေညိုစစ်ဆင်ရေး ဆိုလနဲ့ချီ ကြာခဲ့တယ်။ အခုဖော်ဆောင်နေတဲ့ ကနောင်စစ်ဆင်ရေး ဒါတွေက လမ်းများအားလုံး နေပြည်တော်ဆီသို့ဆိုတဲ့ စီမံချက်မှာပါဝင်ပါတယ်” လို့ MDY PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဘီဘီစီကို ပြောပါတယ်။

သပြေညိုစစ်ဆင်ရေးဆိုတာဟာ ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို မြို့နယ်က စစ်ကောင်စီရဲ့ စခန်းကုန်းကို MDY PDF က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဆက်တိုက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို ဆိုလိုပါတယ်။ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်မှာ ဒီတိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

ကနောင်စစ်ဆင်ရေးအနေနဲ့ကတော့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တဝိုက်မှာ လတ်တလောလှုပ်ရှားနေတယ် လို့ ကိုအော်စမွန်က ပြောပါတယ်။

ဒီလိုအခင်းအကျင်းကြောင့် စစ်ကောင်စီဘက်ကလည်း နေပြည်တော်နဲ့ ထိစပ်တဲ့ မြို့တွေမှာ နယ်မြေစိုးမိုးမှုရ‌အောင် စစ်ဆေးမှုတွေတိုးလုပ်တာ၊ ဖမ်းဆီးမှုတွေဆက်တိုက်လုပ်ဆောင်လာပြီး မြို့တွေကို တင်းကျပ်ထားတဲ့အခြေအနေလို့ မြို့ခံတွေဆီက သိရပါတယ်။

“လုံခြုံရေး ကာကွယ်ရေးအရပါ ထိန်းချုပ်နိုင်တဲ့အနေအထားရှိပါတယ်” လို့ လက်ရှိ နေပြည်တော် တဝိုက်အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာဖြစ်ခဲ့တဲ့ အမေရိကန်က နယူးယောက်မြို့ ကုန်သွယ်ရေးစင်တာကိုတိုက်ခိုက်ခဲ့တဲ့ 9/11 ဖြစ်စဉ်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပမာပေးပြီး နေပြည်တော်ကိုလည်း တိုက်ခိုက်လာနိုင်တယ် လို့ ဆိုပါတယ်။

“လမ်းများအားလုံး နေပြည်တော်ဆီသို့” စီမံချက်အကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ အမြင်ကို ဘီဘီစီက မေးခွန်းထုတ်ခဲ့ရာမှာတော့ ….. “သူတို့ပြောတဲ့နေပြည်တော်သို့ လမ်းများဆီ ဆိုတာကတော့ မှန်တယ်ဗျ။ မာရဝိဇယဘုရား လာဖူးတာကို ပြောတာ ဖြစ်ပါလိမ့်မယ်” လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရယ်သံ ခပ်သဲ့သဲ့နဲ့ တိုတိုတုတ်တုတ် ပြန်ဖြေခဲ့ပါတယ်။

MDY PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကတော့ တော်လှန်ရေးအင်အားစုတွေဟာ ဒေသအသီးသီးကနေ နေပြည်တော်ကိုထိုးဖောက်ဖို့အတွက် ရှေ့ကို တလှမ်းတိုးထားတဲ့အခြေအနေလို့ အခိုင်အမာဆိုပါတယ်။

လာမယ့် ၆ လအတွင်းမှာ စစ်ရေးအရပြောင်းလဲမှုရှိဖို့ ယုံကြည်ထားကြတယ်လို့ သူက အခုလို ဘီဘီစီကို ပြောပါတယ်။

"တိုက်ပွဲတွေပိုပြင်းထန်လာဖို့၊ ခြေလှမ်းခပ်စိပ်စိပ်လှမ်းလာဖို့ပဲ ရှိပါတယ်"