အသည်းရောင်အသားဝါ(အေ) ရောဂါ သတိပေးချက် ဘာကြောင့်ထွက်လာတာလဲ

အသည်းရောင်အသားဝါ (အေ) ရောဂါကို ကြိုတင်ကာကွယ်ကြဖို့ သတိပေးချက်ကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရန်ကုန်မြို့က အထွေထွေရောဂါကုဆရာဝန်တွေ၊ ပရဟိတအသင်းတချို့နဲ့ ကိုယ်တွေ့ရောဂါဖြစ်ပွားသူတချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းချက်တွေအရ ဒီရောဂါစဖြစ်လာတာ ပြီးခဲ့တဲ့ ၄ လလောက်ကတည်းကဆိုတာ သိရှိခဲ့ရပါတယ်။

ရောဂါခံစားရသူတချို့ရဲ့ ဖွင့်ဟပြောဆိုချက်တွေအရ ဖျားပြီး အသားဝါလို့ သွေးစစ်လိုက်တဲ့အခါ အသည်းရောင်အသားဝါ (အေ) ကူးစက်ခံထားရတယ်ဆိုတာကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။ ရန်ကုန်မြို့က ပရဟိတအသင်းတချို့ကလည်း ဆေးရုံပို့ဆောင်ပေးရတဲ့ လူနာတွေထဲ အသည်းရောင်အသားဝါ (အေ) ဖြစ်ပွားသူတွေ ပါဝင်လာတယ်လို့ ပြောပါတယ်။ အသည်းရောင်အသားဝါ (အေ) ရောဂါဆိုတာဘာလဲ၊ ဘယ်လောက်အန္တရာယ်ရှိပါသလဲ။

လူသိများလာတဲ့ အသည်းရောင် အသားဝါ (အေ)

အသည်းရောင်အသားဝါရောဂါလို့ ကြားတဲ့အခါ အများစုက ဘီပိုးနဲ့ စီပိုး ရောဂါတွေကို အကျွမ်းတဝင် ရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်ပွားလာတဲ့ အေပိုး ရောဂါကိုတော့ ပြောသံဆိုသံနည်းပါတယ်။

"တကယ်တော့ (အေ)ပိုး ဆိုတာကလည်း အရင်ကတည်းက ရှိတာပါ။ လူတွေက သတိမထားလို့။ အခု ကူးစက်တာတွေ များလာကြတော့မှသာ သတိထားလာကြတာ။ ဒီ ၃ လလောက်မှာလည်း နေမကောင်းလို့ လာပြသူတွေထဲမှာ အသည်းရောင်အသားဝါ (အေ) ကူးစက်ခံထားရသူတွေ ဆယ်ဂဏန်းလောက် ရှိလာတယ်"လို့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတဲ့ အမည်မဖော်ပြလိုတဲ့ ဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အသည်းရောင် အသားဝါ (အေ) ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံက အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တစ်ယောက်နဲ့ ဘီဘီစီက တယ်လီဖုန်းကတဆင့်စကားပြောခဲ့ပါတယ်။

သူ့အတွေ့အကြုံအရ အစပိုင်းမှာ သာမန်ဖျားတယ်လို့သာ ထင်ခဲ့ပြီး ခန္ဓာကိုယ်မှာ ယားယံတာတွေ ၂ ရက်လောက် ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ မသက်သာလို့ ဆေးခန်းပြချိန်မှာ အသားဝါတာကို ဆရာဝန်က တွေ့ခဲ့ပြီး သွေးစစ်ခိုင်းတာကနေ အသည်းရောင် အသားဝါ (အေ) ဖြစ်ပွားနေတာကို သိခဲ့ရပါတယ်။

"တစ်လခွဲလောက် ကုသခဲ့ရပါတယ်။ အိမ်မှာပဲ ဂရုစိုက်ပြီးနေတယ်၊ ဆေးရုံတော့ မတက်လိုက်ရဘူး၊ တော်တော်တော့ ခံလိုက်ရတယ်"လို့ သူက ပြောပါတယ်။

ရွှေ‌ပေါက်ကံက ဒီလူငယ်လေးသာမက အလှအပရေးရာဘလော့ဂါအမျိုးသမီးတစ်ဦး အပါအဝင် ကူးစက်ခံရသူတချို့ ကလည်း ရောဂါကြောင့် ဝါနေတဲ့ မျက်လုံးတွေ၊ အသားအရောင်တွေ၊ ဆေးသွင်းထားရတာတွေကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ပြီး သတိထားကြဖို့ အသိပေးကြပါတယ်။

ဒီလိုနဲ့ ကူးစက်ခံထားရသူတွေက ဆိုရှယ်မီဒီယာတွေမှာ ပို့စ်တင်ပြီး သတိပေးကြရင်း ရန်ကုန်မြို့တွင်းမှာ အသည်းရောင် အသားဝါ ကူးစက်ခံထားရသူတွေ များလာတာကို အသည်းရောဂါကုသနေကြသူများ စုစည်းထားတဲ့ ဆိုရှယ်မီဒီယာ ဂရုတွေမှာ တွေ့ရပါတယ်။

ဘီဘီစီက မေးမြန်းခဲ့တဲ့ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန် ၃ ဦးထက်မနည်းကလည်း သူတို့ကုသရတဲ့ လူနာတွေထဲမှာ အသည်းရောင် အသားဝါ (အေ) ဖြစ်ပွားသူ အရေအတွက်ပိုတိုးတွေ့လာရတာကို အတည်ပြုပါတယ်။

ရန်ကုန်မြို့ ဒေါပုံမြို့နယ်ထဲမှာလည်း ကူးစက်ခံထားရသူတချို့ ရှိနေတာကို ပရဟိတအသင်းတချို့က ဆိုပါတယ်။

"ဒေါပုံမှာ ရပ်ကွက်ဈေးနားက တစ်ယောက်ရယ် တခြားရပ်ကွက်က တစ်ယောက်ရယ် အခု ဆေးရုံတက်ကုနေရတယ်။ ရပ်ကွက်ထဲမှာတော့ ဘာအသိပညာပေးတာမှ မရှိဘူး။ ဒေါပုံက ကူးစက်ရောဂါဆို ဖွဲမီးလို အကူးမြန်လို့ စိုးရိမ်တယ်" လို့ ပရဟိတအသင်း တာဝန်ခံတစ်ယောက် က ပြောပါတယ်။

ရန်ကုန်မြို့တွင်း ဖြစ်ပွားမှုကို တိုင်းတာဖို့ခက်ပေမဲ့ ပုံမှန်ကုသပေးနေကြ လူနာတွေထဲမှာ အသည်းရောင် အသားဝါ (အေ) ပိုး ဖြစ်တဲ့သူတွေ မကြာခဏပါဝင်လာတဲ့အတွက် ကူးစက်နေတာနဲ့ ဖြစ်ပွားမှုရှိနေတာကို ခန့်မှန်းနိုင်တယ်လို့ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံတစ်ခုက အထွေထွေရောဂါကုဆရာဝန်က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးချက်ထဲမှာ ဒီရောဂါပိုးဟာ အလွယ်တကူ ကူးစက်နိုင်သလို ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုဖြစ်တတ်တယ်လို့ သတိပေးထားပါတယ်။

ဒါပေမဲ့ အရေအတွက် ဘယ်လောက်ရှိနေတယ်ဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြန်တာ မရှိသလို ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာနတွေကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

"ထုတ်ပြန်တယ်ဆိုတာက ရန်ကုန်မှာ တော်တော်များများ ကူးစက်ခံနေရပြီဆိုတာကို ဖော်ပြလိုက်တာပဲ။ တိုးတိုးတိတ်တိတ်ကနေ လူသိများလာလို့ ထုတ်ပြန်လာတဲ့သဘောပေါ့လေ၊ သူတို့လည်း လုပ်နေပါတယ်ပေါ့" လို့ ညွှန်ကြားရေးမှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဆရာဝန်ကြီးတစ်ဦးက မှတ်ချက်ပေးပါတယ်။

အသည်းရောင် အသားဝါပိုး အေ၊ ဘီ၊ စီ ဘယ်လိုကွဲပြားလဲ

အသည်းရောင် အသားဝါပိုး အမျိုးအစား အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဆိုပြီး ငါးမျိုးရှိပါတယ်။ အများစုသိကြတဲ့ ဘီပိုးနဲ့ စီပိုးဆိုတာက ခန္ဓာကိုယ်က ထွက်တဲ့ အရည်နဲ့ သွေးကနေ ကူးစက်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေရဲ့ အသိပညာပေး အချက်အလက်တွေက ဖော်ပြပါတယ်။

"ခန္ဓာကိုယ်က ထွက်တဲ့အရည်ဆိုတော့ ချွေး၊ တံတွေး၊ သွေး အကုန်ပါတာပေါ့။ ဘီပိုးကူးရင် အသည်းရောင်တဲ့အထိ ဖြစ်နိုင်ပြီး စီပိုးဆိုရင် အသည်းကင်ဆာအထိ ဖြစ်နိုင်တယ်"လို့ အငြိမ်းစားဆရာဝန်ကြီးက ရှင်းပြပါတယ်။

ဒါ့ကြောင့် အသားဝါပိုး ဘီနဲ့ စီက ကူးစက်ခံထားရပြီလို့ သိသိချင်း ချက်ချင်းကုသဖို့လိုအပ်ပြီး မကုဘဲထားရင် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဒီ ကတော့ ဘီပိုး ကူးစက်ထားသူကို ဒီပိုးထပ်ကူးစက်တာ၊ ဒါမှမဟုတ် ဘီရော ဒီရော တစ်ချိန်တည်း ကူးစက်တာမျိုး ဖြစ်တဲ့အတွက် ဘီပိုးကာကွယ်ဆေး ထိုးထားရင်တော့ ပိုးနှစ်မျိုးစလုံးအတွက် ကူးစက်ဖို့ လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။

အခုဖြစ်လာတဲ့ အသည်းရောင် အသားဝါ အေနဲ့ နောက်တစ်မျိုး အီးကတော့ မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေ ကို စားသောက်မိလို့ ကူးစက်ခံရတာလို့ အသည်းရောဂါပိုးတွေဖြစ်ပွားစေတဲ့အကြောင်းအရင်းကို အသိပညာပေးသူ ဆရာဝန်တချို့က ရှင်းပြပါတယ်။

ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ရောဂါပိုးရှိသူ ခန္ဓာကိုယ်ကနေထွက်လာတဲ့ အညစ်အကြေးတွေပါတဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကို စားသောက်မိတာ၊ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ ပြုစုတာတွေကြောင့် ကူးစက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

မစင်နဲ့ အညစ်အကြေးကို နားထားတဲ့ ယင်ကောင်က တစ်ဆင့် အစားအသောက်ထဲရောက်ပြီး စားမိသလိုမျိုးဖြစ်တာ ကျန်းမာရေးဝန်ထမ်းတစ်ဦးက အလွယ်တကူနားလည်နိုင်မယ့် ပုံစံကိုရှင်းပြပါတယ်။ ကူးစက်ခံရသူတချို့ကလည်း လမ်းဘေးမှာ ရောင်းချတဲ့ အစားအစာ အပါအဝင် ပြင်ပအစားအစာတွေကို စားသောက်မိခဲ့ကြတာကနေ ဖြစ်ပွားခဲ့တာလို့ ကောက်ချက်ချကြပါတယ်။

အသည်းရောင် အသားဝါ အေ ကူးစက်ခံရသူဟာ ဖျားနာတာ၊ မျက်လုံး/အသားဝါတာ၊ ဆီး အရောင်ရင့်ပြီး ဝမ်းအရောင်ဖျော့တာ၊ ပျို့အန်တာ၊ ဗိုက်အောင့် ဗိုက်နာတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ယားယံတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အစားအသောက် ပျက်တာတွေ ခံစားရတယ်လို့ သိရပါတယ်။

"ကျွန်တော်ဆို အစားအသောက်တွေပျက်လို့ ဆေးသွင်းရတယ်၊ အသည်းအားဆေး သောက်ရတယ်၊ ရေတောင်သောက်မရဘဲ ပြန်အန်ထွက်လို့ အအန်ပျောက်ဆေး သောက်ရတယ်"လို့ ရောဂါဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့၊ ရွှေပေါက်ကံက လူငယ် က ပြောပါတယ်။

ဒါပေမဲ့ ဒီရောဂါပိုးကူးစက်ခံရသူဟာ အနည်းဆုံး ၂ ပတ်ကနေ ၆ ပတ်အတွင်း လက္ခဏာပြတတ်ပြီး၊ တချို့ဆို ၈ ပတ်လောက်အထိ ကြာတတ်တယ်လို့လည်း သိရပါတယ်။

တကယ်လို့ ၈ ပတ်ထက် ကျော်လာတဲ့အထိ ဆက်ပြီး ခံစားနေရတယ်ဆိုရင်တော့ တခြား အသည်းရောင် အသားဝါပိုးကူးစက်ခံထားရသလား၊ အသည်းမှာ ရောဂါတစ်ခုခုရှိနေသလားဆိုတာကို ဆေးရုံ၊ ဆေးခန်းတွေမှာ တိုင်ပင် ကုသသင့်တယ်လို့လည်း ဆရာဝန်တွေက ပြောကြပါတယ်။

ကူးစက်ခံထားရသူဟာ ပြင်းပြင်းထန်ထန် အသည်းရောင်ရင် ရုတ်တရက် အသည်းပျက်စီးပြီး အသက်အန္တရာယ် ထိခိုက်နိုင်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့နဲ့ အစားအသောက် သန့်ရှင်းရေး

စစ်ကောင်စီက ကောက်ယူထားတဲ့ သန်းခေါင်စာရင်အရ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ ၇ သန်းကျော်နဲ့ အများဆုံးရှိနေတာက ရန်ကုန်မြို့ဖြစ်ပါတယ်။

လက်ရှိစစ်အာဏာသိမ်းခံထားရတဲ့ ကာလအတွင်းမှာ ကျပ်တည်းလာတဲ့ စီးပွားရေးတွေ၊ တက်လာတဲ့ကုန်ဈေးနှုန်းတွေနဲ့ ရတဲ့ဝင်ငွေနဲ့ လောက်ငှအောင် သုံးစွဲရင်း နေ့စဉ်ဘဝတွေအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာပါ။

ငွေကြေးချွေတာဖို့အတွက် သက်သာတာကို ဦးစားပေးကြသူတွေများပြီး သန့်ရှင်းရေးကို အာရုံမစိုက်နိုင်ကြသူတွေ ပိုများလာတယ်လို့လည်း ကျန်းမာရေးအသိပေးလုပ်ငန်းလုပ်ကိုင်သူတချို့နဲ့ ကျွမ်းကျင်မြို့ခံတွေက ပြောကြပါတယ်။

လမ်းဘေးဆိုင်တွေမှာ အစားအသောက်ရောင်းချသူတွေဟာ ရေအလုံအလောက် သုံးစွဲဖို့ ခက်ခဲတာကြောင့် ဆပ်ပြာမသုံးဘဲ ရေနဲ့သာ ပန်းကန်ခွက်ယောက်တွေ ဆေးကြောတာ၊ တစ်ခါသုံးပစ္စည်းတွေကို ထပ်ခါထပ်ခါ သုံးတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

"လမ်းဘေးဆိုတော့လည်း သန့်သန့်ရှင်းရှင်း ထားဖို့ ဘယ်လွယ်မလဲပေါ့၊ ဆိုင်ကြီးတွေဆိုပြန်တော့လည်း သူတို့မီးဖိုချောင်မှာ ဘယ်လို လုပ်ကိုင်နေတယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ပြီးတော့ ဘယ်သူမှလည်း မစစ်ဘူးလေ" လို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အစားအသောက် ရောင်းချသူတွေ၊ စားသုံးသူတွေမှာ ဒီရောဂါပိုး ကူးစက်ခံထားရတာ ရှိ မရှိကိုလည်း အလွယ်တကူမသိနိုင်ကြတဲ့အတွက် အလွယ်တကူ ကူးစက်နိုင်တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အစားအစာရောင်းချသူတွေမှာ အရေပြားနဲ့မျက်သားဝါတာတွေဖြစ်ရင် အနည်းဆုံး ၁၀ ရက် အစားအသောက် ကိုင်တွယ်ရောင်းချတာမလုပ်ဖို့ သတိပေးထားပါတယ်။

ကာကွယ်ဆေးထိုးဖို့ လိုအပ်လာတဲ့ အသည်းရောင် အသားဝါ အေ

နိုင်ငံရဲ့ ကျန်းမာရေး စီမံချက်အရ ကလေးဘဝကနေ ကာကွယ်ဆေး ၁၃ မျိုး ထိုးပေးတဲ့အထဲမှာ အသည်းရောင် အသားဝါ ဘီ ပါဝင်ပါတယ်။

"အရင်ကတော့ အေ ပိုးကာကွယ်ဆေးကို သင်္ဘောသားတွေ၊ နိုင်ငံခြားကို အလုပ်သွားလုပ်မယ့်သူတွေ အများဆုံးထိုးကြတာပေါ့လေ။ ပုံမှန်က မထိုးကြပါဘူး။ အခုလပိုင်းမှာ ကာကွယ်ဆေး ထိုးလို့ရလား မေးလာတော့မှ ဆေးဝယ်ဖို့ ကြိုးစားရတာ"လို့ စမ်းချောင်းမြို့နယ်မှာ ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

ကာကွယ်ဆေးထိုးချင်တဲ့သူတွေကလည်း ဘယ်ဆေးရုံ၊ ဆေးခန်းမှာ ထိုးလို့ရလဲဆိုတာကို လူမှုကွန်ရက်မှာ အချင်းချင်း မေးမြန်းတာကို တွေ့ရသလို တချို့ဆေးခန်းတွေကလည်း အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးထိုးလို့ရပြီဆိုတာကို ကြေညာထားတာတွေ တွေ့လာရပါတယ်။

ကာကွယ်ဆေး တင်သွင်းမှုတွေ အတွက်လည်း တင်သွင်းခွင့်လိုင်စင်တွေကို စစ်ကောင်စီက အဆင့်ဆင့် တင်းကျပ်ထားတာကြောင့် တိုက်ရိုက်ဝယ်ယူဖို့ ခက်ခဲနေကြပါတယ်။

ဒီကာကွယ်ဆေးကို ထိုင်း၊ အိန္ဒိယကနေ မှာယူဖို့ကို တစ်ဆင့်ခံနဲ့ ဝယ်ယူရတာကြောင့် ဈေးနှုန်းကလည်း ထုတ်လုပ်တဲ့ နိုင်ငံရဲ့ ဈေးနှုန်းအလိုက် ကျပ် ၁ သိန်းခွဲ ကနေ ၃ သိန်း အထိ ရှိတယ်လို့ ကာကွယ်ဆေးထိုးပေးတဲ့ ဆေးခန်းတွေဆီကနေ သိရပါတယ်။

"သူတို့နိုင်ငံတွေက ထုတ်တဲ့မူရင်းဈေးက ဘယ်လောက်မှန်းတော့ မသိဘူး၊ တစ်ဆင့်ခံဝယ်ပေးသူတွေရဲ့ ပြောတဲ့ဈေးအတိုင်းပဲပေါ့" လို့ ကာကွယ်ဆေးထိုးဆရာဝန်က ပြောပြပါတယ်။

တတ်နိုင်သမျှ ဒီကာကွယ်ဆေးကို ထိုးကြဖို့ကိုလည်း ကျန်းမာရေး ကျွမ်းကျင်သူတွေကအကြံပြုပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ဆေးရဲ့ ဈေးနှုန်းက ဝင်ငွေနည်း လူထုတွေအတွက် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်ချက်တစ်ခု ဖြစ်လာပါတယ်။

"အရင်ကတော့ ကိုယ်တိုင်လည်း ဒီရောဂါအတွက် ကာကွယ်ဆေး ထိုးရမှန်း မသိပါဘူး။ ဒီဈေးနှုန်းအတိုင်းဆိုရင်လည်း တစ်မိသားစုလုံး ထိုးဖို့လည်း မလွယ်ဘူးလေ။ တခြားနည်းလမ်းတွေနဲ့ပဲ သတိထားရမှာပေါ့"လို့ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေထိုင်တဲ့အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့် အတတ်နိုင်ဆုံး ပြင်ပ အစားအစာ မစားဘဲ ကိုယ်တိုင်ချက် ပြုတ်စားသောက်ဖို့၊ အိမ်သာ တက်ပြီးတိုင်း လက်ဆေးဖို့ ၊ ရေနွေး ဒါမှမဟုတ် ရေသန့် သောက်သုံးဖို့၊ ယင်နားစာတွေ ရှောင်ရှားဖို့၊ ယင်လုံအိမ်သာ သုံးစွဲဖို့တွေကိုလည်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို မျှဝေအသိပေးတဲ့ အဖွဲ့တချို့က အကြံပြုထားပါတယ်။