လူနာတင်ကားက စီးတော်ယာဥ်၊ ဟင်းချက်ဂက်စ်မရ၊ ဆေးမရ - ရုတ်တရက် ဗြောင်းဆန်ခဲ့တဲ့ ရန်ကုန်

ညနေ ရုံးအဆင်း အိမ်အပြန်ကို လူနာတင်ကားစီးပြန်ရလိမ့်မယ်လို့ ရန်ကုန်မြို့ခံတချို့ တွေ့းထားမိကြဖူးမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဝိုင်ဘီအက်စ် ဘတ်စကားတွေ ဂက်စ် မရလို့ ပြန်စရာကားမရှိ၊ ခရီးသွားတွေ ပုံနေချိန်မှာတော့ လူမှုကူညီရေးအသင်းတချို့က ခရီးသွားတွေကို ကူညီတဲ့ လူနာတင်ကားတချို့ဟာ သူတို့အတွက် ရုံးအဆင်း စီးတော်ယာဥ် ဖြစ်သွားခဲ့ပါတယ်။

အခုအခါ ရေနံစျေး၊ ဒေါ်လာစျေး မြင့်တက်မှုကို ကမ္ဘာ့နိုင်ငံတွေ ခံစားနေရချိန်မှာ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံက လူဦးရေအထူထပ်ဆုံး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ စစ်ကောင်စီလက်အောက်မှာ စီးပွားရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး အထွေထွေကြပ်တည်းနေတဲ့ အခြေအနေတွေကြားမှာ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

ရုတ်တရက်ဗြောင်းဆန်သွားတဲ့ အိမ်ပြန်ချိန်

ဇူလိုင် ၂၂ ရက် ညနေမြင်ကွင်းတစ်ခုကတော့ ကားမှတ်တိုင်တိုင်းမှာ ဘတ်စ်ကား စောင့်မျှော်နေတဲ့ ခရီးသည်တွေ ပြည့်နှက်နေတာပါ။ အဲဒီလို လူရာချီပြီး ဘတ်စ်ကားစောင့်နေကြရတာဟာ ညနေပိုင်း ရုံးဆင်းချိန် ၄ နာရီခွဲလောက်ကနေ ည ၉ နာရီအထိပါပဲ။

" ကားတစ်စီးလာလို့ကြည့်လိုက်ရင် ကားထဲမှာ လူအပြည့်ပဲ၊ အဲ့ဒီကြားထဲလည်း ရအောင်တက်ကြတာပဲ။ တံခါးတောင်ပိတ်မရဘူး။ မိန်းကလေးတွေဆို မလိုက်ရဲကြတော့ဘူး။ တွယ်လည်းမစီးနိုင်ကြဘူးလေ။ ပြီးတော့ ခါးပိုက်နှိုက်လည်းကြောက်ရ ၊ နှာဘူးလည်းကြောက်ရနဲ့" ဆိုပြီး လှည်းတန်းကနေ မြောက်ဒဂုံဘေလီတံတားထိ နေ့တိုင်းဘတ်စ်ကားစီးနေရတဲ့ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ယောက်က ဇူလိုင် ၂၂ ရက်ရဲ့ ညနေ အခြေအနေကို ပြောပြပါတယ်။

အဲ့ဒီဝန်ထမ်းအမျိုးသမီးဟာ ဘေလီတံတားမှတ်တိုင်ကို ရောက်ပေမဲ့လည်း မြောက်ဒဂုံမြို့နယ်ထဲမှာရှိတဲ့ အိမ်ကိုပြန်ဖို့အတွက် နောက်တစ်ဆင့် ဘတ်စ်ကားစီးဖို့ စောင့်ရပါသေးတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတွေကြောင့် YBS ဘတ်စကားမစီးတော့ဘဲ တက္ကစီစီးဖို့ ကားငှားတဲ့အခါမှာ သူကြုံရတာကိုလည်း ထပ်ပြောပြပါတယ်။

" တက္ကစီတွေကလည်း ဈေးတွေတင်တော့တာပဲ။ ပုံမှန် ကျွန်မစီးနေတဲ့ ၃ ထောင်၊ အခု လိုင်းကားတွေ ခက်ခဲနေတယ်လည်းဆိုရော ၇ ထောင်အထိ တောင်းကြတယ်။ ကျွန်မလည်း ၇ ထောင်တော့ ပေးမစီးနိုင်ဘူးလေ။ ဈေးအရမ်းများနေတာကိုး။ အဲ့ဒါနဲ့ တစ်စီးပြီးတစ်စီးငှားတော့ ကံကောင်းပြီး ၃ ထောင်နဲ့ တက္ကစီတစ်စီးရလိုက်တယ်။ လမ်းမှာလည်း ကားတားနေတဲ့ အမျိုးသမီးတွေကိုတွေ့တော့ ကားဆရာက ထပ်တင်ခွင့်ပေးမလား ခွင့်တောင်းတယ်။ ကျွန်မလည်း ခွင့်ပြုလိုက်ပါတယ်။ အဲ့ဒါနဲ့ နောက်ထပ် အမျိုးသမီး သုံးယောက် ထပ်တက်လာတယ်။ ကားခကိုတော့ အဆင်ပြေသလောက်ပဲပေးပါဆိုပြီး ကားဆရာတောင်းတော့ တစ်ယောက်တစ်ထောင်စီ ပေးကြတယ်။ ဈေးပိုတောင်းတဲ့ တက္ကစီသမားတွေရှိသလို ကူညီပေးချင်တဲ့သူတွေရှိလို့ တော်သေးတယ်" လို့ ပြောပါတယ်။

အဲ့လို ခရီးသည်တွေ အခက်ခဲဖြစ်နေတာကြောင့် ပရဟိတလူမှုကူညီရေးအဖွဲ့တွေက ချိတ်ဆက်ပြီး လမ်းကြောင်းတူတဲ့ ခရီးသည်တွေကိုစုပြီး ကူညီလိုက်ပို့တာတွေ လုပ်ပေးကြပါတယ်။

" ပုံမှန်ထက်ကို များနေတာဗျာ။ အရင်က ည ၇နာရီ ၈ နာရီလောက်ဆို လူမရှိဘူး။ မနေ့ညကဆို ည ကိုးနာရီအထိပဲ ခရီးသည်တွေရှိနေကြတာ၊ ကျွန်တော်တို့က လူနာတင်ယာဉ်တွေနဲ့ ကူညီတော့ တချို့ နည်းနည်း လန့်သွားတာတွေရှိတာပေါ့။ ဒါပေမဲ့ လိုက်ကြပါတယ်။ ပရဟိတအဖွဲ့အချင်းချင်း ချိတ်ထားတာဆိုတော့ ကျွန်တော်တို့ကားက အင်းစိန်လမ်းဘက်သွားမှာကို ခရီးသည်က သံလျင်ကဆိုရင် သံလျင်ပြန်မယ့် ပရဟိတအဖွဲ့ကားနဲ့ ချိတ်ပေးလိုက်တယ်။ ကားခလည်းမယူဘူး။ စေတနာသက်သက်ပဲ။ ကျွန်တော်တို့မှာ ဆီရှိသလောက် ကူညီလို့ရသလောက် ကူညီပေးမှာပါ"လို့ အေးမေတ္တာ လူငယ်ပရဟိတအဖွဲ့ အလုံက ဦးဆန်းမြတ်က ပြောပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်ကပ်ရောဂါမဖြစ်ခင်နဲ့ စစ်အာဏာသိမ်းမခံရခင်က YBS လိုင်းကားကို အဓိကထားပြီး ခရီးသွားလာနေကြရတဲ့ ပြည်သူ ၁၈ သိန်းလောက်ရှိပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ ခရီးသည် ၁၁ သိန်းကျော်ရှိပြီး၊ ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၀၀၀ ကျော်နဲ့ ပြေးဆွဲနေကြတာပါ။

ဇောတိကဓာတ်ငွေ့ပိုက်လိုင်း ပျက်တာကြောင့် CNG ဓာတ်ငွေ့ မဖြည့်နိုင်တဲ့အတွက် YBS ဘတ်စ်ကားတွေလည်း မထွက်နိုင်ကြတာလို့ YBS ယာဉ်လိုင်းတွေကနေ သိရပါတယ်။

YBS ယာဉ်လိုင်းတွေ အားလုံးနီးပါး ပုံမှန်ပြေးဆွဲနေတာဖြစ်ပေမဲ့ CNG Gas အလုံလောက်မရတာ၊ ရရှိတဲ့ Gas တွေ သန့်ရှင်းမှုမရှိတာကြောင့် ယာဉ်လိုင်းအများစု ပြေးဆွဲဖို့ အခက်ခဲတွေဖြစ်နေတဲ့အတွက် ယာဉ်အစီးရေ အနည်းငယ်သာ ပြေးဆွဲနိုင်မှာဖြစ်တယ်လို့ ယာဉ်လိုင်းကုမ္ပဏီတွေက သတင်းထုတ်ပြန်ထားပါတယ်။

CNG Gas ပြတ်တောက်တဲ့အခြေအနေတွေ၊ ပြန်ရရှိနိုင်တဲ့အခြေအနေတွေကို YUPT ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက် တာဝန်ရှိသူ ဦးလျှန်ကြန့်မန်ကို ဆက်သွယ်မေးမြန်းတဲ့အခါ " ဂတ်စ်တွေအကုန်ပြန်ရနေပါပြီ" လို့ပြောပြီး ဖုန်းချသွားပါတယ်။

CNG Gas တွေ ပြတ်တောက်ရတဲ့အခြေအနေ၊ အပြည့်အဝ ပြန်ရ-မရ ဆိုတဲ့ ဆက်စပ်မေးခွန်းတွေကို မေးမြန်းခွင့် မရခဲ့ပါဘူး။

" ဂတ်စ်က ရတော့ပြန်ရတယ်။ ဒါပေမဲ့ Pressure မပြည့်ဘူး၊ မသန့်တော့ မောင်းနေရင်း ထိုးရပ်သွားတယ်၊ အမောင်းမခံဘူးပေါ့ဗျာ။ ဆိုင်တွေကတော့ ပုံမှန်ပြန်ဖွင့်ပါတယ်။ ကားတွေကတော့ တန်းစီနေကြရတုန်းပဲ "လို့ YBS ယာဉ်မောင်းတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပိုက်လိုင်းတွေ ချို့ယွင်းတဲ့ပြဿနာတစ်ခုဖြစ်တာကြောင့် ပြန်လည်ပြင်ဆင်ပြီးပြီလို့ ဖြေကြားထားပါတယ်။

ဒီနေ့ ဇူလိုင် ၂၃ နဲ့ ၂၄ ရက်ကတော့ အစိုးရရုံးပိတ်ရက်တွေဖြစ်တာကြောင့် ရုံးဖွင့်ရက်တွေလို ခရီးသည်မများပေမဲ့ YBS လိုင်းကား နည်းတာကြောင့် အခက်ခဲတွေကတော့ ရင်ဆိုင်နေရကြရတုန်းပဲ လို့ ပြောပါတယ်။

" တနင်္လာနေ့ ရုံးဖွင့်ရက်ကိုရောက်မှာတောင် ကြောက်တယ်။ ဒီလိုပုံစံနဲ့ ဘယ်လိုကားစီးရမလဲ " လို့ မြောက်ဒဂုံမြို့ခံ အမျိုးသမီးက ပြောပြပါတယ်။

ဆေးတွေပြတ်၊ ဈေးတွေလည်းတက်

စစ်အာဏာရှင်လက်အောက်က ရန်ကုန်မြို့ရဲ့ နောက်ထပ်မွန်းကြပ်စရာကတော့ ကျန်းမာရေးအတွက် နေ့စဉ်သုံးဆေးဝါးတွေ ဈေးတွေတက်သလို တချို့ဆေးဝါးတွေကတော့ ဝယ်မရတဲ့အထိ ဖြစ်နေတာပါ။

နှလုံး၊ သွေးတိုးရောဂါရှိတဲ့ မိဘတွေ မဖြစ်မနေ သောက်နေရတဲ့ဆေးတွေကို သွားဝယ်တဲ့အခါမှာ ဆေးဆိုင်အရှေ့မှာ တန်းစီစောင့်ခဲ့ရတာတွေရှိတယ်လို့ မြောက်ဒဂုံမြို့နယ်က အသက် ၃၀ ဝန်းကျင် အမျိုးသမီးက ပြောပါတယ်။

" အဖေနဲ့အမေက နေ့တိုင်း မနက်ရော၊ ညရော ဆေးသောက်နေရတာ။ ဆေးတွေပြတ်သွားမှာစိုးလို့ သွားဝယ်တာ၊ ဆိုင်ထဲမှာလည်း လူတွေ ပြည့်နေတာပဲ။ တချို့ဆေးတွေက ဈေးတက်တယ်။ အဲ့ထဲက ဆေးတစ်မျိုးဆိုရင် အရင်က ၂ သောင်း၉ ထောင်၊ အခု ၃ သောင်းခွဲထိ ဖြစ်သွားတာ။တချို့ဆေးတွေက ဝယ်လို့မရတော့ဘူး၊ သူနဲ့အာနိသင်တူတဲ့အမျိုးအစားကိုပဲ ဝယ်ရတယ်၊ ဒါတောင်လိုချင်သလောက် ဝယ်မရဘူး။ ဆိုင်ကို ၂ ဆိုင်ခွဲပြီး လိုက်ဝယ်ရတယ်။ သုံးလစာလောက် ဝယ်ဖို့သွားတာ ၂ လစာအတွက်တောင် မရခဲ့ဘူး "လို့ ပြောပါတယ်။

ပြည်တွင်းမှာ သုံးစွဲနေတဲ့ အခြေခံအိမ်သုံးဆေးဝါးတွေအပါအဝင် ဆေးဝါးတွေ စျေးတက်နေပြီးဆေးကုမ္ပဏီတချို့လည်း ဆေးအရောင်းရပ်နားထားတယ်လို့ ဆေးဝါးဖြန့်ဖြုးရောင်းချသူတွေကပြောပါတယ်။

ဒါ့အပြင် ဆေးဆိုင်တချို့မှာလည်း ဆေးဝါးတွေကို လူတစ်ဦးချင်းကန့်သတ်ချက်နဲ့ရောင်းနေပြီး စျေးဝယ်ယူဖို့တန်းစီနေတဲ့ မြင်ကွင်းတွေလည်း ခုရက်ပိုင်းမှာပဲ ရန်ကုန်ကနေရာတချို့မှာတွေ့လာနေရပါတယ်။

" ဆေးကုမ္ပဏီတွေက ၁၉ရက်နေ့ (အာဇာနည်နေ့) နောက်ပိုင်းကတည်းက အရောင်းအားလုံးနားထားလိုက်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ရောင်းရတဲ့ မြန်မာကျပ်ငွေကို ဒေါ်လာပြန်လဲပြီး ဆေးဝယ်ရတော့ နေ့တိုင်းအရှုံးတွေ ပေါ်နေတာ။ ဒီနေ့ရောင်းရတဲ့ငွေသည်မနက်ဖြန်အတွက် အရှုံးဖြစ်သည်ဆိုတဲ့ စကားအတိုင်းပဲ။ ဒီလိုပိတ်လို့မရဘူးပြောတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ တစ်နေ့တစ်နေ့အရှုံးပေါ်နေတာက " လို့ ဆေးဝါးဖြန့်ဖြူးရောင်းချနေသူတစ်ဦးက ပြောပါတယ်။

ဆေးကုမ္ပဏီတွေဘက်က အခုလိုဆေးဝါးဖြန့်ဖြူးရောင်းချတာ ရပ်နားထားတဲ့အခြေအနေကြောင့်‌ ဆေးဆိုင်တချို့မှာလည်း ဆေးဝါးတွေကို လူတစ်ဦးကို ဝယ်ယူရမယ့်ဆေးဝါး ကန့်သတ်ချက်တွေနဲ့ရောင်းချတာတွေ ရှိလာပါတယ်။ ဒါ့အပြင် အိမ်သုံးဆေးအပါအဝင် ဆေးဝါးတချို့ဟာလည်း ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ‌စျေးနှုန်းမြင့်တက်တာတွေဖြစ်နေတယ် စျေးကွက်ထဲက သိရပါတယ်။

"ကိုဗစ်တတိယလှိုင်းနဲ့ မတူဘူးလေ။ အဲဒီတုန်းက ဆေးပြတ်မှာ ကြောက်တာ၊ စျေးက အဲလောက်မတက်ဘူး။ အခုက ကုမ္ပဏီတွေကိုယ်တိုင်က မြန်မာငွေနဲ့ ဆေးရောင်းပြီး ဒေါ်လာနဲ့ နိုင်ငံခြားငွေနဲ့ ဆေးပြန်ဝယ်နေရတော့ ခွက်ထိုးခွက်လန်ရှုံးတော့ ရောင်းဖို့ကြောက်နေတာ " လို့ဆေးကုမ္ပဏီတစ်ခု အရောင်းတာဝန်ခံက ပြောပါတယ်။

ရန်ကုန်မြို့လို မြို့ပြမှာတောင် ဆေးတွေပြတ်တောက်တာ၊ ဈေးနှုန်းမြင့်တာတွေ ဖြစ်တဲ့အတွက် ရန်ကုန်ကနေတဆင့် မှာယူရတဲ့ နယ်မြို့တွေမှာလည်း အခက်ခဲတွေ ဖြစ်နေပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့က ဆေးဆိုင်တစ်ဆိုင်ကို ဘီဘီစီက ဆက်သွယ်မေးကြည့်တာကို အခုလို ဖြေပါတယ်။

" ကျွန်တော်တို့က မင်္ဂလာဈေးကနေ ယူတာ၊ အခု ကျွန်တော်လိုချင်တဲ့ ဆေးတစ်ခုကို မှာမယ်ဆိုရင် မလိုချင်တဲ့ဆေးကိုပါ တွဲမှာရတယ်။ ဈေးတွေလည်းတက်တော့ ကျွန်တော်တို့ကလည်း ဈေးပြန်တင်ရတယ်။ ပုံမှန်အိမ်သုံးဆေးတွေတောင် အကန့်အသတ်နဲ့ရောင်းနေရတယ်။ တချို့ဆို ပုံမှန် ကတ်နဲ့ဝယ်တဲ့သူက ပိုက်ဆံမလောက်တော့ အလုံးရေနဲ့ ဝယ်ကြရတယ်။ တချို့ ရွာဘက်ကနေ လာဝယ်တဲ့သူတွေဆို ပိုက်ဆံမလောက်လို့ ပြန်သွားကြရတယ်။ နယ်တွေမှာက ၅၀ ၊ ၁၀၀ ဆိုလည်း တန်ဖိုးကြီးတယ်လေ။ အခုက အိမ်သုံး ဆေးတစ်မျိုးကို အနည်းဆုံး ၂၀၀ တက်နေတာ"လို့ ပြောပြပါတယ်။

ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ချက်မှာတော့ ဆေးကုမ္ပဏီတွေ၊ ဆေးဝါးတင်သွင်းသူတွေအနေနဲ့ သွင်းကုန်လိုင်စင်အတွက် ဆေးနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းကို တင်ပြရမှာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြပြီးရင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို တင်ပြရမယ့်အကြောင်း၊ ဆေးပစ္စည်းတွေပြတ်လပ်တာ မဖြစ်စေဖို့ နိုင်ငံခြားငွေမဝယ်ဘဲ ကုမ္ပဏီအစီအစဥ်နဲ့ဝယ်ယူမယ်ဆိုရင် ကုမ္ပဏီဒါရိုက်တာကိုယ်တိုင် လက်မှတ်ထိုး ဝန်ခံ ကတိလုပ်ပြီး အသင်းကိုတင်ပြရမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လက်ရှိမှာတော့ ဆေးကုမ္ပဏီတွေအနေနဲ့ သွင်းကုန်လိုင်စင်ရဖို့ ခက်ခဲကြန့်ကြာမှုတွေကြောင့်ပြင်ပဒေါ်လာငွေနဲ့ ဆေးဝယ်ယူနေရာတွေရှိနေပြီး စျေးကွက်ထဲမှာ ဆေးဝါးစျေးမြင့်တာတွေဆက်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းသုံးသပ်နေကြပါတယ်။

" ကျွန်မတို့က ဆေးဝယ်ဖို့ တတ်နိုင်တဲ့သူတွေတောင် စိတ်ပူကြရတာ၊ မရှိတဲ့သူတွေဆို ဘယ်လိုလုပ်ကြမလဲ" ဆိုတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် မြောက်ဒဂုံမြို့သူရဲ့ မေးခွန်းအတွက်တော့ အဖြေရှာမတွေ့သေးပါဘူး။

အိမ်သုံးဂက်စ် တွေ ဈေးတက်နေမြဲ

အိမ်သုံး LPG Gas တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကစပြီး ပြတ်တောက်တာတွေ ရှိခဲ့ပြီးတဲ့နောက် ဈေးနှုန်းတွေက ဆက်ပြီးမြင့်နေပါတယ်။

လျှပ်စစ်မီးပုံမှန်မရတာကြောင့် ဂက်စ်ကို အစားထိုး သုံးစွဲလာကြချိန်မှာ ထိုင်းနိုင်ငံကနေ တဆင့်ဝယ်ယူရတဲ့ မြဝတီလမ်းကြောင်း ပိတ်ထားတာ၊ ရေလမ်းကြောင်းကနေ ဝင်လာတဲ့သင်္ဘောက သီလဝါဆိပ်ကမ်းကို ရောက်ပေမဲ့လည်း အခွန်ကိစ္စတွေကြောင့် နှောင့်‌နှေးပြီး ဂက်စ်တွေပြတ်လပ်ကုန်တာဖြစ်တယ်လို့ အရောင်းကိုယ်စားလှယ်တွေကနေတဆင့် သိရပါတယ်။

အခုလက်ရှိအချိန်မှာတော့ ကုန်းလမ်းရော၊ ရေလမ်းကပါ ဝင်ရောက်လာတာ ရှိပေမဲ့ ကုမ္ပဏီတွေက အပြည့်အဝမဖြန့်ပေးသေးတာကြောင့် ဈေးတွေက ဆက်မြင့်နေတုန်းပဲလို့ အရောင်းကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

" ကျွန်တော့်ဆိုင်မှာ 48 Kg ငါးလုံးကနေ ခြောက်လုံးအထိ ပုံမှန်ရောင်းရတယ်။ အခုက သူတို့ပေးတာက နှစ်လုံး၊ သုံးလုံးလောက်ပဲ ပေးတယ်။ တချို့ကုမ္ပဏီတွေက ခွဲမပေးဘူး သူတို့ပဲ ယူထားကြတာ၊ ပစ္စည်းက ပုံမှန်မဝင်တော့ ဈေးက တစ်ပိသာကိုအရင်က ၄၀၀၀ကျပ် က ၈၀၀၀ကျပ် လောက်ရှိနေတုန်းပဲ ။ ဘူးသေးဆိုအရင်က ၈၀၀ကျပ်က ၁၂၀၀ ထိ ဈေးရှိနေတုန်းပဲ။ ကျွန်တော်တို့လည်း ဆိုင်လခနဲ့ ဝန်ထမ်းလခကျန်အောင် ထိန်းရောင်းနေရတာ၊ ဒီတော့ တစ်ယောက်ကို အိမ်သုံးဆို တစ်ပိသာ၊ စားသောက်ဆိုင်ဆို ၅ ပိသာ အထိပဲ ခွဲတမ်းနဲ့ ရောင်းနေရတယ်"လို့ ပြောပါတယ်။

ရန်ကုန်မြို့ဟာ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကရင် စတဲ့ အာဏာသိမ်း တော်လှန်ရေးလှုပ်ရှားမှုများပြီး မီးရှို့ခံရတာ၊ တိုက်ပွဲဖြစ်ပွားတာတွေ မရှိပေမဲ့ စစ်ကောင်စီ ဆန့်ကျင်သူတွေ ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုတွေ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြောက်ကျားတိုက်ခိုက်မှု၊ ပေါက်ကွဲမှုတွေ ကြားမှာ ရုန်းကန်လှုပ်ရှားနေကြရပြီး မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ ဆေးဝါးပြတ်လပ်တာတွေ၊ အသက်အန္တရာယ်ပေးတဲ့ လုယက်မှုတွေ၊ ခိုးယူမှုတွေကြား မွန်းကြပ်မှုတွေနဲ့ တိုက်ပွဲဝင်နေရတဲ့ မြို့တစ်ခု ဖြစ်နေပါတယ်။