ရှီကျင်ပင်းရဲ့ အရှေ့တောင်အာရှ ခရီး၊ အမေရိကန် သွင်းကုန်ခွန် ဂယက်နဲ့ တရုတ်စီးပွားရေး

တရုတ်သမ္မတ ရှီကျင်ပင်းရဲ့ အရှေ့တောင်အာရှ ဒုတိယခရီးတထောက်အဖြစ် မလေးရှားကို ရောက်နေပါတယ်။

စွဲမက်ဖွယ် ထိုးစစ်ဆိုပြီး ပြောနေကြပေမယ့် အမေရိကန်ကို အကောက်ကြံဖို့ ကြိုးပမ်းမှုဆိုပြီး ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန် သွင်းကုန်ခွန် တိုးမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ဒေသတွင်းမှာ တည်ငြိမ်တဲ့ ကုန်သွယ်ရေး မဟာမိတ် အဖြစ် ရပ်တည်ဖို့ တရုတ်က ကြိုးစားနေတာပါ။

တရုတ်သမ္မတနဲ့ မတွေ့ခင်မှာလည်း မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အေအိုင်နဲ့ နည်းပညာသစ်အပါအ၀င် နေရာပေါင်းစုံမှာ ပူးတွဲ လုပ်ကိုင်ကြမယ်ဆိုပြီး ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ တရုတ်ကြား စီးပွားရေး မဟာမိတ် ရွေးရမယ့်အလုပ်မျိုး လုပ်မှာ လုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီး တနင်္လာနေ့က မလေးရှား ကုန်သွယ်ရေး ဝန်ကြီးက ဘီဘီစီကို ပြောကြားပါတယ်။

မလေးရှားက ယူမိုဘိုင်း ၀န်ဆောင်မှု ကုမ္ပဏီကလည်း မလေးရှားရဲ့ ဒုတိယမြောက် 5G ကွန်ရက်ကို တရုတ် ဟွာဝေးနဲ့ ZTE နည်းပညာတွေသုံးပြီး စတင်တော့မယ်လို့ ပြောပါတယ်။

ဗီယက်နမ်မှာ ပန်းခွေချ

မနေ့က တရုတ်သမ္မတ ရှီကျင်ပင်းရဲ့ ဟနွိုင်းခရီးမှာ ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ အာဇာနည်ဗိမာန်ကို သွားပြီး ပန်းခွေချ ခဲ့ပါတယ်။

ကမ္ဘာ့ ရောင်းဝယ်ရေးမှာ အမေရိကန်အခွန်သစ်တိုးမှုက အရိပ်ထိုးနေချိန်မှာ တရုတ်နဲ့ ဗီယက်နမ် ပူးတွဲပြီး တဘက်သတ် အနိုင်ကျင့်မှုကို ဆန့်ကျင်သင့်ကြောင်းနဲ့ ကုန်သွယ်ရေး လမ်းကြောင်း တည်ငြိမ်အောင် လုပ်ဖို့လည်း မစ္စတာရှီက ပြောပါတယ်။

ဗီယက်နမ်ကို အမေရိကန်က သွင်းကုန်ခွန် ၄၆ ရာခိုင်နှုန်းထိ ကောက်ဖို့ပြင်နေပြီး အရင်ပတ်ကမှ ထရမ့်အစိုးရက ရက် ၉၀ ဆိုင်းငံ့ခဲ့ပါတယ်။

ရှီကျင်ပင်းက အမေရိကန်ကို မယုံကြည်ရတဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသမား မိတ်ဖက်အဖြစ် ဆက်ပုံဖော်မယ်လို့ မျှော်လင့်ကြောင်းလည်း လိုဝီအင်စတီကျုက အရှေ့တောင်အာရှ အစီအစဉ် ညွှန်ကြားရေးမှူး ဆူဆန်နာ ပက်တန်က ပြောပါတယ်။

တရုတ်ကိုတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်အဖြစ် ရှီက ပုံဖော်ချင်လိမ့်မယ်လို့လည်း ဆိုပါတယ်။ ဗီယက်နမ်၊ မလေးရှားနဲ့ ကမ္ဘောဒီးယားသွားတဲ့ ခရီးမှာ ဒါကို ပုံဖော်ဖို့ ရှီအတွက် တကယ့် ရွှေအခွင့်အရေးကြီးပဲလို့လည်း ပြောပါတယ်။

ထရမ့် အခွန်သစ်နဲ့ တရုတ်စီးပွားရေး ဖိအား

သမ္မတ ထရမ့်ရဲ့ အခွန်သစ်တွေကြောင့် တရုတ်စီးပွားရေးမှာ ဖိအားရှိလာမယ်ဆိုပြီး တရုတ်အစိုးရက ဝန်ခံခဲ့ပေမယ့် ရေရှည်မှာ အလားအလာ ခိုင်တယ်ဆိုပြီး ပြောပါတယ်။

အမေရိကန်ရဲ့ အခွန်နှုန်းထား တိုးမြှင့်မှုကြောင့် တရုတ်နိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေးနဲ့ စီးပွားရေးမှာ ဖိအား အတော် ရှိလာမှာပါ။ ဒါပေမဲ့ ရေရှည်မှာတော့ တရုတ်စီးပွားရေးက ဆက်ပြီး တိုးတက်သွားမှာပါ။ တရုတ်စီးပွားရေးက တည်ငြိမ်တဲ့ အခြေခံ ရှိပြီး ကြံ့ခိုင်သန်မာမှု ရှိသလို အလားအလာလည်း ကြီးပါတယ်။ ဒီယုံကြည်မှုအင်အားတွေနဲ့ပဲ ပြင်ပစိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး မျှော်မှန်းချက်တွေ ပြည့်၀အောင် လုပ်မှာပါလို့ တရုတ် စာရင်းအင်း ဗျူရိုရဲ့ လက်ထောက် မင်းကြီး ရှန်းလိုင်ယွန်းက ဆိုပါတယ်။

တရုတ်သွင်းကုန်တွေအပေါ် ၂၄၅ ရာခိုင်နှုန်းထိ အခွန်ကောက်မယ်ဆိုပြီး အိမ်ဖြူတော်က ပြောနေပေမယ့် ဘယ်ကုန်စည်အပေါ် အများဆုံးကောက်မယ်ဆိုတာ မသိရသေးပါဘူး။

တခါ ဒီနှစ် ပထမသုံးလမှာ တရုတ်စီးပွားရေးက စံချိန်တင် တိုးတက်ခဲ့ပြီး ငါးရာခိုင်နှုန်းကျော်ပါတယ်။

ဒါပေမဲ့ ဒီစာရင်းဇယားတွေက အမေရိကန်ရဲ့ အပြင်းထန်ဆုံး သွင်းကုန်ခွန်တွေ မကောက်ခင်က ဖြစ်ပါတယ်။

ဘိုးအင်းရှယ်ယာ ထိုးကျ

သမ္မတ ထရမ့်ရဲ့ သွင်းကုန်ခွန် တိုးမှုကြောင့် ရှယ်ယာစျေးတွေ ထိနိုင်တယ် ဆိုပြီး သတင်းတွေ ထွက်လာပြီးနောက် အမေရိကန် ဘိုးအင်း လေယာဉ် ကုမ္ပဏီရဲ့ အစုရှယ်ယာစျေးတွေ ထိုးကျခဲ့ပါတယ်။

တရုတ်သွင်းကုန်တွေကို အမေရိကန်က အခွန်အများကြီး တိုးကောက်နေတာကို တုံ့ပြန်ဖို့အတွက် ဘိုးအင်းလေယာဉ်တွေ ထပ်မ၀ယ်ဖို့ တရုတ်လေကြောင်းတွေကို တရုတ်အစိုးရက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဘိုးအင်းက တရုတ်စျေးကွက်ကို အဓိက စျေးကွက်ကြီးတခုလို့ ယူဆပါတယ်။

ဘိုးအင်းလေယာဉ်တွေ ပိုစျေးကြီးလာလို့ အဝယ်နှေးသွားနိုင်ကြောင်း အိုင်ယာလန်က ရိုင်ယန်အဲ လေကြောင်း အကြီးအကဲက ပြောတယ်လို့လည်း သိရပါတယ်။