လူတွေ ပိုက်ဆံပိုသုံးလာဖို့ တရုတ်ကဘာကြောင့် ဘီလျံချီ အကုန်ကျခံတာလဲ

စီးပွားရေး နှေးကွေးနေတာကို ပြန်ကောင်းလာစေဖို့ ကလေးစရိတ်ထောက်ပံ့ကြေး အသစ်တွေ၊ လုပ်ခလစာတိုးပေးတာ၊ အားလပ်ခွင့်တွေ ပိုကောင်းအောင်တွေ လုပ်ပေးမယ်လို့ တရုတ်အစိုးရက ကတိပေးထားပါတယ်။

ဒါ့အပြင် ပန်းကန်ဆေးစက်၊ အိမ်အလှဆင်ပစ္စည်းတွေ၊ လျှပ်စစ်ကား၊ စမတ်နာရီ အစရှိတဲ့ ပစ္စည်းတွေအတွက် ဒေါ်လာ ၄၁ ဘီလျံတန် လျှော့စျေးအစီအစဉ်ကိုလည်း လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံသားတွေ ငွေများများသုံးစွဲဖို့ တရုတ်အစိုးရက အခုလိုမျိုး ပြင်ဆင်နေတာပါ။

အတိုချုပ်ပြောရရင်တော့ တရုတ်စားသုံးသူတွေက စီးပွားရေးလည်ပတ်မှုထဲမှာ ငွေလုံလုံလောက်လောက် မသုံးဘူးလို့ ဆိုရမှာပါ။

ဒါပေမဲ့ သတင်းကောင်းတချို့တော့ ရှိလာပါတယ်။ ၂၀၂၅ ခုနှစ် ပထမနှစ်လအတွင်းမှာပဲ လက်လီရောင်းအားက ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါဟာ ဝယ်ယူစားသုံးမှုဆိုင်ရာ အချက်အလက်တွေအတွက် ကောင်းတဲ့ လက္ခဏာပါ။

ဒါပေမဲ့ ရှန်ဟိုင်းလို မြို့ကြီးတချို့ကလွဲရင် အိမ်ရာသစ်တွေနဲ့ တည်ဆောက်ပြီး အိမ်ရာတွေရဲ့ စျေးတွေက မနှစ်ကထက် ဆက်ကျခဲ့ပါတယ်။

ဒါက အမေရိကန်အပါအဝင် အခြားအင်အားကြီးနိုင်ငံတွေမှာ ကိုဗစ်အလွန် ငွေကြေးဖောင်းပွမှုနဲ့ အခက်အခဲဖြစ်နေချိန်မှာ တရုတ်ကတော့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တာပါ။

တရုတ်မှာက ငွေတွေကျုံ့သွားတာ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းဟာ အညွှန်းကိန်း သုည အောက်ထိ ကျရင် စျေးနှုန်းတွေ ကျသွားပါတယ်။

တရုတ်မှာ ပြီးခဲ့တဲ့ ၂ နှစ်မှာ ကုန်စျေးနှုန်းတွေ ၁၈ လ ဆက်တိုက် ကျဆင်းခဲ့ပါတယ်။

ကုန်စျေးနှုန်းတွေ ကျတယ်ဆိုတာက သုံးစွဲသူတွေအတွက်တော့ ကောင်းတယ်လို့ ယူဆနိုင်ပေမဲ့ စားသုံးမှုဆက်တိုက်ကျဆင်းနေတယ်ဆိုတာက အိမ်ထောင်စုတွေ ဘာတွေကို ဝယ်ယူနေနိုင် သလဲဆိုတဲ့ တိုင်းတာမှုဖြစ်သလို စီးပွားရေးပြဿနာ ပိုမိုနက်နဲလာတယ်ဆိုတာကို ညွှန်းပြနေတာ ဖြစ်ပါတယ်။

လူတွေ ငွေမသုံးတော့တဲ့အခါ လုပ်ငန်းတွေက ဝယ်သူကို ဆွဲဆောင်ဖို့ ဈေးနှုန်းတွေကို ချပေးလေ့ ရှိပါတယ်။ ဒီလို များများပိုလုပ်လာရလေ သူတို့ အမြတ်ငွေရတာ နည်းလာလေဖြစ်ပြီး အလုပ်သမားခန့်မှုနှုန်း နှေးကွေးလာတာ၊ လုပ်ခတွေ မတိုးတော့တာတွေ ဖြစ်လာပြီး စီးပွားရေးတိုးတက်မှုလည်း ရပ်တန့်သွားတတ်ပါတယ်။

တရုတ်က ဒါမျိုးကို မကြုံချင်ပါဘူး။ အထူးသဖြင့် အိမ်ခြံမြေဈေးကွက် ကာလရှည် အကျပ်အတည်း တွေ့ပြီးနောက်၊ အစိုးရအကြွေးတွေ များပြားနေမှုနဲ့ အလုပ်လက်မဲ့ပြဿနာတွေကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့ချိန်မှာ ဖြစ်ပါတယ်။

စားသုံးမှုနည်းရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်။ တရုတ်ပြည်သူတွေမှာ ငွေမရှိတာတို့၊ သူတို့ အနာဂတ်အတွက် စိတ်မချလို့ ငွေမသုံးရဲတာတို့ကြောင့်ပါ။

ဒါပေမဲ့ တရုတ်စားသုံးသူတွေ လက်တွန့်နေကြတာက အရေးကြီးတဲ့ အချိန်မှာ ဖြစ်နေပါတယ်။

ဒီနှစ်စီးပွားရေး ၅% တိုးဖို့ ရည်မှန်းထားတာမို့ စားသုံးမှုတိုးအောင် လုပ်ဖို့ သမ္မတရှီကျင့်ဖျင်က ထိပ်တန်းဦးစားပေး လုပ်ဆောင်နေပါတယ်။ အဲဒါက အမေရိကန်က ချထားတဲ့ ကုန်သွယ်ခွန်ကြောင့် ထိခိုက်မှုကို ပြည်တွင်းစားသုံးမှု တိုးလာတာနဲ့ ကာမိအောင်ဖို့ မျှော်လင့်ထားတာပါ။

အဲဒီတော့ ဘေဂျင်းရဲ့ အစီအမံက အလုပ်ဖြစ်မှာလား။

ငွေပိုသုံးကြဖို့ အလေးထားလုပ်ဆောင်

ချိနဲ့နေတဲ့ စီးပွားရေးနဲ့ ပြည်တွင်းဝယ်လိုအားနည်းနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်အစိုးရက နှစ်ပတ်လည် အမျိုးသား ပြည်သူ့ကွန်ဂရက်ရဲ့ ၂၀၂၅ မဟာစီးပွားရေးစီမံကိန်း- လူမှုဖူလုံရေးအစီအစဉ်မှာ တိုးမြှင့်ရင်းနှီးဖို့ ထည့်သွင်းခဲ့ပါတယ်။

အဲဒီနောက်တော့ အခုသီတင်းပတ်အတွင်းမှာပဲ အလုပ်အကိုင် အထောက်ပံ့ပေးနိုင်ရေး အစီအမံတွေလို ကြီးမားတဲ့ကတိတွေနဲ့အတူ ထုတ်ပြန်တာတွေ လုပ်လာပါတယ်။ ဒါပေမဲ့ အသေးစိတ်အကြောင်းအရာတွေတော့ မပါပါဘူး။

တချို့က ဒီလုပ်ရပ်ကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့ တရုတ်ခေါင်းဆောင်တွေအနေနဲ့ ထပ်ပြီးထောက်ပံ့ဖို့ လိုတယ်လို့ ပြောကြပါတယ်။ ဒါက တရုတ်စားသုံးသူဈေးကွက် အားကောင်းဖို့ တရုတ်အစိုးရက လိုအပ်တဲ့ အပြောင်းအလဲတွေကို သိနေတယ်ဆိုတဲ့ လက္ခဏာပါ။ လုပ်ခပိုများဖို့၊ လူမှုဖူလုံရေးပိုကောင်းဖို့နဲ့ ပြည်သူတွေ စုဆောင်းထားမယ့်အစား စိတ်ချလက်ချသုံးစွဲရဲဖို့ မူဝါဒတွေ လိုအပ်နေပါတယ်။

တရုတ်မှာ အလုပ်သမား ၄ ပုံ ၁ ပုံက လစာနည်းတဲ့ ရွှေ့ပြောင်းလုပ်သားတွေပါ။ ဒီလူတွေက မြို့ပြရဲ့လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေ အပြည့်အဝမရဘူး။ ဒါကြောင့် ကိုဗစ်လို စီးပွားရေးမတည်ငြိမ်တဲ့ အချိန်တွေမှာ သူတို့က ပိုပြီးအထိနာပါတယ်။

၂၀၁၀ နှစ်တွေအတွင်းမှာ လုပ်ခလစာတွေ တိုးပေးနေခဲ့တဲ့အခြေအနေက အခုလို ခံစားရမှုတွေကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။ တစ်နှစ်ကို လုပ်ခလစာ ပျှမ်းမျှအားဖြင့် ၁၀ ရာခိုင်နှုန်းဝန်းကျင် တိုးမြှင့်ပေးတဲ့ အခြေအနေမျိုးနဲ့ပါ။ ဒါပေမဲ့လည်း ၂၀၂၀ မှာတော့ အဲဒီအခြေအနေက နှေးကွေးလာလို့ ငွေစုဆောင်းဖို့က ပြန်အရေးကြီးလာပြန်ပါတယ်။

တရုတ်အစိုးရက လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေကို တိုးချဲ့ဖို့ကိုတော့ နှေးကွေးခဲ့ပါတယ်။

အဲဒီအစား အိမ်သုံးပစ္စည်းတွေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားမှု အစီအစဉ်လို ရေတိုအစီအမံတွေကတစ်ဆင့် စားသုံးမှုကို မြှင့်တင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါက တကယ့်ပြဿနာရင်းမြစ်ကို ဖြေရှင်းတာမဟုတ်ဘူးလို့ Rand သုတေသနပညာရှင်အဖွဲ့ရဲ့ အကြီးတန်းသုတေသနပညာရှင် ဂျရတ် ဒီပစ်ပိုကပြော ပါတယ်။

"အိမ်ထောင်စုတွေရဲ့ ဝင်ငွေတွေက နိမ့်ပါးနေပြီး စုဆောင်းထားငွေတွေက မြင့်နေပါတယ်။"

ပြိုကျလုနီးနေတဲ့ အိမ်ခြံမြေစျေးကွက်ကြောင့် တရုတ်စားသုံးသူတွေ မစွန့်စားရဲ ဖြစ်လာပြီး ငွေသုံးစွဲတာ လျှော့ချလာကြပါတယ်။

အိမ်ခြံမြေစျေးကွက်ဆိုတာက စီးပွားရေး လုပ်တာတင်မက မိသားစုတွေရဲ့ စိတ်ဓာတ်ပိုင်းအတွက်လည်း အရေးကြီးပါတယ်။ တရုတ်မိသားစုတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့ အိမ်တွေမှာ ရင်းနှီးမြှုပ်နှံထားတာပါလို့ မစ္စတာ ဒီပစ်ပိုက ပြောပါတယ်။

"အိမ်ခြံမြေကဏ္ဍ အဆိုးဆုံးအခြေအနေကို ကျော်လွန်ပြီး အိမ်ထောင်စုတွေရဲ့ အဓိက ပိုင်ဆိုင်မှုတွေ အခြေအနေပြန်ကောင်းလာတာကို ရှင်းရှင်းလင်းလင်း မမြင်ရမချင်း တရုတ်ရဲ့ ဝယ်ယူသုံးစွဲအား အပြည့်အဝ ပြန်လည်နာလန်ထူမှာ မဟုတ်ဘူးလို့ ယူဆတယ်" လို့ သူက ပြောပါတယ်။

လူငယ်စုံတွဲတွေက ကလေးစရိတ်ကို ထည့်စဥ်းစားလာကြလို့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာတာမျိုးလို ရေရှည် စိန်ခေါ်မှုတွေကို တရုတ်အစိုးရက အလေးအနက်ထားတဲ့အပေါ်မှာတော့ သုံးသပ်သူတချို့က အားရနေကြပါတယ်။

YuWa ဆိုတဲ့ တရုတ် သုတေသနပညာရှင်အဖွဲ့ရဲ့ ၂၀၂၄ လေ့လာမှုတစ်ခုအရ တရုတ်နိုင်ငံမှာ ကလေးတစ်ယောက်ကို အရွယ်ရောက်တဲ့အရွယ်အထိ ပြုစုပျိုးထောင်ရတဲ့ ကုန်ကျစရိတ်ဟာ နိုင်ငံရဲ့ တစ်ဦးချင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးရဲ့ ၆.၈ ဆ အထိ ကုန်ကျတယ်လို့ သိရပါတယ်။

အဲဒီနှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ အမေရိကန်မှာတော့ ၄.၁ ဆ ဖြစ်ပြီး ဂျပန်မှာ ၄.၃ ဆ နဲ့ ဂျာမနီမှာ တော့ ၃.၆ ဆ တို့ ဖြစ်ပါတယ်။

အဲဒီလို ငွေရေးကြေးရေးဖိအားတွေကပဲ နက်နက်နဲနဲအရိုးစွဲနေတဲ့ ငွေစုတဲ့ အလေ့အထ ခိုင်မာအောင် အားပေးနေတာပါ။ စီးပွား‌ရေး အခက်အခဲရှိနေချိန်မှာတောင် တရုတ်အိမ်ထောင်စုတွေဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ သူတို့ အသုံးစရိတ်ရဲ့ ၃၂ ရာခိုင်နှုန်း ကို ရအောင်စုဆောင်းနိုင်ကြပါတယ်။

တရုတ်မှာ ဝယ်ယူစားသူမှုနှုန်းက အရင်ကတည်းက သိသိသာသာ မြင့်ခဲ့တာ မဟုတ်တာကြောင့် အဲဒီအချက်က ထူးပြီး အံ့သြစရာတော့ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဗြိတိန်တို့နဲ့ နှိုင်းရင် အဲဒီမှာ ပြည်တွင်းစားသုံးမှုနှုန်းက စီးပွားရေးတိုးတက်မှုနှုန်းရဲ့ ၈၀ ကို ဖြစ်ပေါ်စေပြီး အိန္ဒိယမှာ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။ တရုတ်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပုံမှန်အားဖြင့် ၅၀ နဲ့ ၅၅ ရာခိုင်နှုန်းကြားမှာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒါက အခုချိန်ထိတော့ တကယ့်ပြဿနာ မဟုတ်ခဲ့ပါဘူး။

မဝယ်ဘဲ ငွေပဲစုတဲ့အခါ

အွန်လိုင်း ပစ္စည်းတွေရဲ့ ဈေးနှုန်းချိုသာမှုတွေက လက်မလွှတ်နိုင်လောက်အောင် ဆွဲဆောင်မှုရှိတာကြောင့် "ငွေရှင်းမယ်" ဆိုတဲ့ ခလုတ်ကို မနှိပ်မိဖို့ သူတို့ လက်တွေကို ဖြတ်ပစ်မှရမယ်လို့ တရုတ်စျေးဝယ်သူတွေက ဟာသလုပ်ပြောကြပါတယ်။

ဝင်ငွေတိုးလာတာနဲ့အမျှ တရုတ်စားသုံးသူတွေရဲ့ သုံးစွဲနိုင်စွမ်းလည်း တက်လာခဲ့တာပါ။ အဲဒီလိုနဲ့ တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၁၁ ရက် (၁၁ ရက်၊ ၁၁ လ) ဟာ ကမ္ဘာ့ ဈေးအရောင်းအဝယ်အများဆုံးနေ့ ဖြစ်လာပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၂၄ နာရီအတွင်းနဲ့ ယွမ် ၄၁၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၅၇ ဘီလျံ) အထိ ရောင်းအား ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ဆုံးတစ်ခေါက်တုန်းကတော့ "အလုပ်မဖြစ်ခဲ့ပါဘူး" လို့ ဘေဂျင်း အခြေစိုက် ကော်ဖီ စေ့ရောင်းတဲ့သူက ဘီဘီစီကို ပြောပါတယ်။

"ပိုဆိုးတာက ဒီအစီအစဉ်ကအကောင်းထက် အဆိုးပိုများပါတယ်။"

တရုတ်စားသုံးသူတွေက ကပ်ရောဂါကာလကတည်းက ပိုတိုးပြီး ချွေတာလာခဲ့ကြတာပါ။ အဲဒီလို သတိနဲ့နေထိုင်ကြတာဟာ ကိုဗစ်ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးခဲ့တဲ့ ၂၀၂၂ နှောင်းပိုင်းအထိ စွဲစွဲမြဲမြဲ ဆက်ရှိနေခဲ့ကြပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့်လည်း အလီဘာဘာနဲ့ JD.com တို့လိုကုမ္ပဏီတွေဟာ သူတို့ရဲ့ရောင်းရငွေတွေကို ထုတ်ပြန်ပေးတာတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

အရင်တုန်းက စံချိန်တင်ရောင်းအားတွေကို ဂုဏ်ယူမဆုံး ကြေညာခဲ့ကြတဲ့ ကုမ္ပဏီတွေအတွက် ဒါဟာကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပြချက်အရ တရုတ်အာဏာပိုင်တွေက အွန်လိုင်းမီဒီယာတွေကို ကိန်းဂဏန်းတွေ မထုတ်ပြန်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။

မျှော်လင့်ချက်မပြည့်မီတဲ့ ရလဒ်တွေက စားသုံးသူယုံကြည်မှုကို ပိုပြီးထိခိုက်စေမှာကို စိုးရိမ်လို့ပါ။

ရောင်းအားကျဆင်းမှုတွေဟာ နာမည်ကြီး တံဆိပ်တွေ အထိတောင် ရိုက်ခတ်ခဲ့ပါတယ်။ တရုတ်ဟာ တစ်ချိန်က LVMH, Burberry and Richemont တို့လို ကမ္ဘာ့ တန်ဖိုးကြီး တံဆိပ်တွေရဲ့ အဓိက စျေးကွက်ကြီး ဖြစ်ခဲ့ပါတယ်။

RedNote လို့ခေါ်တဲ့ တရုတ်လူမှုကွန်ရက်အက်ပလီကေးရှင်းတစ်ခုက ပို့စ်တခုမှာ "စားသုံးမှုကျဆင်းခြင်း" လို့ tag တွဲ စာသားရေးသားပြီးတင်တဲ့အရာကို လတ်တလောလတွေအတွင်းမှာ လူဦးရေ ဘီလျံကျော်အထိ ကြည့်ခဲ့ပါတယ်။

အသုံးပြုသူတွေဟာ စျေးကြီးတာတွေတွေအစား လက်လှမ်းမီတာတွေနဲ့ ဘယ်လိုအစားထိုးနိုင်မလဲဆိုတဲ့ အကြံပြုချက်တွေကို ဖလှယ်နေကြပါတယ်။

"Tiger ပရုတ်ဆီဟာ ကော်ဖီအသစ်ဖြစ်လာတယ်" လို့ သုံးစွဲသူတစ်ယောက်က ပြောပါတယ်။

နောက်တစ်ယောက်ကတော့ "ရေမွှေးကို နှာခေါင်းနဲ့ နှုတ်ခမ်းကြားဘဲ ဖြန်းပြီး ကိုယ့်ဘာသာပဲ ရှူတော့မယ်" လို့လည်း အရွှန်းဖောက်ရေးသားပါတယ်။

တကယ်တော့ တရုတ်ရဲ့ ပြည်တွင်းစားသုံးသူစျေးကွက်က စျေးကွက်အမြင့်ဆုံးရောက်ချိန်မှာတောင် ပို့ကုန်ကဏ္ဍကို မီခဲ့တာ မဟုတ်ပါဘူး။

အစိုးရကလည်း ကားလမ်းမကြီးတွေ၊ ဆိပ်ကမ်းတွေနဲ့ အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ အဓိက ထားခဲ့ပါတယ်။ လုပ်ခနည်းလုပ်သားတွေနဲ့ ငွေများများစုတဲ့ စနစ်ကို အားကိုးပြီး စီးပွားရေးတိုးတက်မှုကို မီးထိုးပေးခဲ့ပေမဲ့ ဒါက ပြည်သူတွေရဲ့ လက်ငင်းသုံးစွဲနိုင်တဲ့ဝင်ငွေကိုတော့ ကန့်သတ်ထားသလို ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ပထဝီနိုင်ငံရေးမသေချာမှုတွေတိုးလာပြီး၊ နိုင်ငံအများစုက တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေအပေါ် မှီခိုနေရမှုကို လျှော့ချတဲ့ တခြား စျေးကွက်တွေ ရှာဖွေ တာတွေ လုပ်လာပါတယ်။

အထူးသဖြင့် အခြေခံအဆောက်အဦတို့လို ကြီးမားတဲ့ရင်းနှီး မြှုပ်နှံမှုတွေအတွက် ချေးငွေတွေ ရယူပြီးနောက်ပိုင်းမှာတော့ ကြွေးပိတဲ့ဒဏ်တွေကို ပြည်နယ်အစိုးရတွေက ရင်ဆိုင်နေရပါတယ်။

"ပြည်တွင်းဝယ်လိုအားကို အဓိက မောင်းနှင်အားဖြစ်စေဖို့နဲ့ တိုးတက်မှုကို တည်ငြိမ်စေဖို့" ရှီကျင့်ဖျင်က ကြိုတင် သန္နိဌာန် ချထားခဲ့ပါတယ်။"

"လူဦးရေ ၁.၄ ဘီလျံရှိတဲ့ နိုင်ငံမှာ ၁ ရာခိုင်နှုန်းလောက်ပဲ ဝယ်လိုအားကို ဖန်တီးနိုင်ရင် အဲဒါက စျေးကွက်ထဲက လူဦးရေ ၁၄ သန်းအတွက်ဖြစ်သွားစေတာပါ" လို့ တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ရဲ့ ကိုယ်စားလှယ် စီယွန်ဝမ်က ပြောပါတယ်။

ဒါပေမဲ့လည်း တရုတ်ရဲ့အစီအမံက ရိုးရှင်းရဲ့လား။

သုံးစွဲမှု တိုးတက်စေဖို့ကို အားပေးဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီက အိမ်ပိုင်ဆိုင်ဖို့ ဒါမှမဟုတ် အလုပ်ရှာဖို့ ရုန်းကန်နေရတဲ့ ကိုဗစ်ကပ်ဘေးကာလမှာ ဘွဲ့ရခဲ့တဲ့ မျိုးဆက်သစ် စားသုံးသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူရမယ်လို့ လေ့လာသူအများအပြားက ပြောကြပါတယ်။

ချွေတာတဲ့အကျင့်ကနေ သုံးစွဲတဲ့ ဓလေ့ဆီ ပြောင်းဖို့လည်း လိုတယ်လို့ ပြောပါတယ်။

"တရုတ်ရဲ့ သာမန်ထက်လွန်ကဲ့တဲ့ စားသုံးမှုလျော့ကျတဲ့နှုန်းဟာ မတော်တဆမှုတော့ မဟုတ်ပါဘူး" လို့ Carnegie Endowment for International Peace ရဲ့ အကြီးတန်းအဖွဲ့ဝင် မိုက်ကယ်ပက်တစ်က ပြောပါတယ်။

"တိုင်းပြည်စီးပွားရေး တိုးတက်စေဖို့က အဲဒီအရာက အခြေခံကျတဲ့အရာ ဖြစ်ပါတယ်။ ဆယ်စုနှစ် သုံးလေးခု ပတ်ဝန်းကျင်အတွင်းမှာ တရုတ်ရဲ့ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ ဥပဒေရေးရာနဲ့ စီးပွားရေးအဖွဲ့အစည်းတွေဟာ ပြောင်းလဲတိုးတက်နေတယ်။ ဒါကို ပြောင်းပစ်ဖို့က လွယ်မှာတော့ မဟုတ်ပါဘူး။"

အိမ်ထောင်စုတွေ ပိုသုံးလေလေ တရုတ်အစိုးရ ဘဏ်တွေအတွက် အရေးပါတဲ့ စုငွေပမာဏ နည်းလေလေပါပဲ။ အခုအခါမှာတော့ ဒီငွေတွေက AI နဲ့ နည်းပညာဆန်းသစ်မှုတွေအတွက် အရင်းအနှီးဖြစ်နေပါတယ်။ ဒီလိုနည်းပညာတွေက တရုတ်ကို စီးပွားရေးရော နိုင်ငံရေးအရပါ အမေရိကန်ထက် သာလွန်စေဖို့အတွက် အရေးပါပါတယ်။

ဒါကြောင့်ပဲ တချို့ဆန်းစစ်သူတွေက တရုတ်ခေါင်းဆောင်တွေ စားသုံးသူဦးဆောင်တဲ့ စီးပွားရေးစနစ်တစ်ခု တကယ် ဖန်တီးချင်တာလားဆိုတာကို သံသယရှိနေကြတာပါ။

"အဲဒီလိုအချက်ကို စဥ်းစားဖို့ နည်းလမ်းတစ်ခုကလည်း အစိုးရရဲ့ အဓိက ရည်ရွယ်ချက်က တရုတ် မိသားစုတွေရဲ့ ကောင်းကျိုးထက် နိုင်ငံကောင်းဖို့ သာ ဖြစ်နေပါတယ်" လို့ Chatham House က သုတေသသီ ဒေးဗစ်လူဘင်းက ပြောပါတယ်။

နိုင်ငံရဲ့ပါဝါကို လူတစ်ဦးချင်းစီကို လွှဲပေးတာကတော့ တရုတ်အစိုးရ ဆန္ဒရှိ အရာမျိုးတော့ မဟုတ်ပါဘူး။

တရုတ်ခေါင်းဆောင်တွေ အရင်က ကမ္ဘာနဲ့ ကုန်သွယ်ဖို့၊ စီးပွားရေးလုပ်ငန်းတွေကို အားပေးဖို့နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့ အဲဒီလို လုပ်ခဲ့ကြပါတယ်။ အဲဒါက သူတို့စီးပွားရေးကို အမှန်တကယ် ပြောင်းလဲသွားစေခဲ့တယ်။ ဒါပေမဲ့ အခုမေးခွန်းက ရှီကျင့်ဖျင် ဒါကို ထပ်လုပ်ချင်သေးလားဆိုတာပါပဲ။"