'မြေပေါ်က ငရဲ '၊ ထိုင်းရောက် ဝီဂါတွေ တရုတ်ပြန်ပို့ခံရမှာ စိုးရိမ်

  • ရေးသားသူ, ဂျွန်နသန်ဟက်
  • ရာထူးတာဝန်, အရှေ့တောင်အာရှ သတင်းထောက်
  • ရေးသားပေးပို့သည့်နေရာ ဘန်ကောက်

စိုးရိမ်သောကတွေနဲ့ နေရကြောင်း နီလူပါက ပြောပါတယ်။

ဝီဂါ ဒုက္ခသည် နီလူပါဟာ သူ့ခင်ပွန်းသည်က သူနဲ့ သားသုံးယောက်ရှိတဲ့ တူရကီကို လိုက်လာနိုင်မလား ဒီဆယ်နှစ်လုံး မျှော်လင့်ခဲ့ရပါတယ်။

တရုတ်ပြည် ရှင်ကျန်းပြည်နယ်မှာ ဖိနှိပ်မှုတွေကြောင့် သူတို့မိသားစု ထိုင်းကို ၂၀၁၄ က ထွက်ပြေးခဲ့ကြပြီး အဲဒီမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူနဲ့ ကလေးတွေကို နောက်တနှစ်အကြာမှာ ထိုင်းက ထွက်ခွင့်ပေးပေမယ့် သူ့ခင်ပွန်းနဲ့ တခြား ဝီဂါ အမျိုးသား ၄၇ ယောက်ကို ခုထိ ဖမ်းထားဆဲ ဖြစ်ပါတယ်။

နီလူပါဆိုတာ နာမည် လွှဲထားတာပါ။ သူ့ခင်ပွန်းကို ပြန်မတွေ့ရတော့မှာ စိုးတယ်လို့လည်း သူက ပြောပါတယ်။

ဖမ်းထားတဲ့ ဝီဂါတွေကို တရုတ်ပြည် ပြန်ပို့မှာကို သဘောတူကြောင်း လက်မှတ်ထိုးဖို့ ထိုင်းအစိုးရ အာဏာပိုင်တွေက စည်းရုံးခဲ့တယ်လို့ ဒီရက်ပိုင်းအတွင်း သူ သိလိုက်ရပါတယ်။ ဒီစာရွက်တွေမှာ ဘာတွေ ရေးထားမှန်း ဒီလူတွေ သိသွားကြချိန်မှာတော့ လက်မှတ်မထိုးဘူးလို့ ငြင်းခဲ့ကြပါတယ်။

ထိုင်းအစိုးရကတော့ သူတို့ကို ချက်ချင်း ပြန်ပို့ဖို့ အစီအစဉ် မရှိဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ ဒီလူတွေကို အချိန်မရွေး ပြန်ပို့နိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်ပါတယ်။

သူ့သားတွေကို ဒီအကြောင်း ဘယ်လိုရှင်းပြမှန်း မသိဘူးလို့လည်း နီလူပါက ဘီဘီစီကို ပြောပါတယ်။ ကလေးတွေက အဖေအကြောင်း အမြဲမေးနေကြပြီး သားအငယ်ဆုံးက အဖေကို တခါမှ မတွေ့ဖူးသေးပါဘူး။

'မြေပေါ်က ငရဲ'

ဝီဂါ ခိုလှုံခွင့် လျှောက်သူတွေကို ၂၀၁၅ ဇူလိုင်လက ထိုင်းကနေ နောက်ဆုံးအကြိမ် ပြန်ပို့ခဲ့ပါတယ်။ ဘာသတိပေးချက်မှ မရှိဘဲ လူ ၁၀၉ ယောက်ကို လေယာဉ်ပေါ်တင်ပြီး တရုတ်ပြည်ကို ပြန်ပို့တာပါ။ ဒီအတွက် အစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

သူတို့ကို ခေါင်းစွပ်တွေ စွပ်၊ လက်ထိပ်တွေ ခတ်ပြီး တရုတ်ရဲသားတွေ အများကြီးနဲ့ စောင့်ကြပ် ခေါ်သွားတဲ့ ပုံတချို့ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလူတွေ ပြန်ရောက်သွားပြီးနောက် ဘာတွေ ဖြစ်ကုန်သလဲ ဆိုတာလည်း နည်းနည်းပဲ သိရပါတယ်။ တခြားပြန်ပို့ခံရတဲ့ ဝီဂါတွေကိုတော့ လျှို့ဝှက် တရားရုံးတွေကနေ ထောင်ဒဏ်နှစ်ရှည်တွေ ချခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် မာကိုရူဘီယိုကတော့ ကျန်နေသေးတဲ့ ဝီဂါတွေကို ပြန်မပို့ဖို့ ထိုင်းကို ဖိအားပေးမယ်ဆိုပြီး ကတိပြုခဲ့ဖူးပါတယ်။

သူတို့နေရတဲ့ အခြေအနေက မြေပေါ်က ငရဲလိုပါပဲလို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။

သူတို့ကို ဘန်ကောက်မြို့လယ်က လူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထားပြီး လူဝင်မှု ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းထားတဲ့သူတွေကို ထားတဲ့ စခန်းဖြစ်ပါတယ်။ ဒီထဲက တချို့ကို ပြန်မပို့ခင် ခဏပဲ ထားပြီး တချို့ကိုတော့ အကြာကြီး ထားပါတယ်။

ဆဝမ်ဖလူးလမ်းကျဉ်းထဲမှာ ရှိတဲ့ ဒီအဆောက်အဦတွေထဲမှာ လူ ၉ဝဝ လောက်ကို ဖမ်းထားတယ်ဆိုတာ ယုံဖို့ခက်ခဲပြီး လူဘယ်လောက်ဖမ်းထားတယ် ဆိုတာကိုလည်း ထိုင်းအာဏာပိုင်တွေက ရှင်းရှင်းလင်းလင်း မပြောပါဘူး။

ဒီထိန်းသိမ်းရေးစခန်းမှာ လူတွေပြည့်ကျပ်နေပြီး သန့်ရှင်းမှုလည်း မရှိ၊ ပူလောင်အိုက်စပ်လှပါတယ်။ သတင်းထောက်တွေကိုလည်း အထဲ ဝင်ခွင့်မပေးပါဘူး။

ဒီမှာ ဝီဂါ ၄၃ ယောက် ရှိပြီး ဒီက ထွက်ပြေးဖို့ ကြိုးစားတဲ့ နောက်ငါးယောက်ကိုတော့ ဘန်ကောက်ထောင်ကို ပို့ထားပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၄ တုန်းက တရုတ်ပြည်က ထွက်ပြေးလာတဲ့ လူ ၃၅ဝ ထဲက နောက်ဆုံးကျန်တဲ့အသုတ် ဖြစ်ပါတယ်။

သူတို့ကို တခြားအကျဉ်းသားတွေနဲ့ ခွဲထားပြီး အပြင်လူတွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့လည်း မလွယ်ပါဘူး။ တခါတလေတော့ သူတို့ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ နေရောင်ခံဖို့ ခွင့်ပြုပေးပါတယ်။ ထိုင်းနိုင်ငံထဲ ပြည်ဝင်ခွင့်မပါဘဲ ဝင်ရောက်မှုကလွဲပြီး သူတို့ကို ဘာအမှုနဲ့မှ စွဲဆိုမထားပါဘူး။ ဝီဂါငါးယောက် ဖမ်းထားရင်း သေဆုံးခဲ့ပါတယ်။

အစားအစာက မလောက်ငတဲ့အပြင် သခွားသီးနဲ့ ကြက်ရိုးပြုတ်လောက်သာ ကျွေးတာ များတယ်လို့ ဝီဂါတွေကို ကူညီနေတဲ့ ပြည်သူ့စွမ်းဆောင်မှု ဖောင်ဒေးရှင်းက ချလီဒါ တာရိုအန်ဆွတ်က ပြောပါတယ်။ သောက်ရေ သုံးရေကလည်း ညစ်ပတ်နေပြီး အခြေခံ ဆေးဝါးလောက်ကိုပဲ ပေးကြောင်း၊ ဒါလည်း မလုံလောက်ကြောင်း သူက ပြောပါတယ်။ တယောက်ယောက် နေမကောင်းရင် ဆရာဝန်နဲ့ တွေ့ခွင့်ရဖို့က အကြာကြီး စောင့်ရတယ်လို့လည်း ဆိုပါတယ်။ ရေမသန့်ရှင်းတာ၊ ရာသီဥတုပူတာနဲ့ လေဝင်လေထွက် မကောင်းတာတွေကြောင့် ဝီဂါတွေမှာ အရေပြား ရောဂါတွေ ဖြစ်ကြတယ်လို့လည်း ပြောပါတယ်။

ထိုင်းမှာ ဘယ်လောက်ကြာကြာချုပ်ထားမယ်ဆိုတာ မသိရတာနဲ့ တရုတ်ပြည်ပြန်အပို့ခံရမှာကို အမြဲကြောက်နေရတာက အဆိုးဆုံးဖြစ်ကြောင်း ဒီမှာ နေခဲ့ရသူတွေက ပြောပါတယ်။

ပြန်ပို့မယ်ဆိုတဲ့ ကောလာဟလတွေ အမြဲ ကြားနေရပေမယ့် ထပ်သိရဖို့ ခက်ခဲကြောင်းလည်း နီလူပါက ပြောပါတယ်။ သူတို့မှာ ကလေးတွေ ပါလာတဲ့အတွက် ဒီက ထွက်ပြေးဖို့ကလည်း ခက်ပါတယ်။

တရုတ်ပြန်ပို့ခံရမယ့်အစား ထိုင်းမှာပဲ သေချင်ကြောင်း နီလူပါက ဆိုပါတယ်။

ဒီမွတ်ဆလင် ဝီဂါတွေအပေါ် တရုတ်ရဲ့ ဖိနှိပ်မှုကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သေချာ မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ဝီဂါ တသန်းလောက်ထိ တရုတ်ပြည်က ပြန်လည်ပညာပေးရေး စခန်းတွေမှာ ထိန်းသိမ်းထားခဲ့တယ်လို့လည်း ယူဆကြပါတယ်။ အဲဒီမှာ ဝီဂါတွေရဲ့ ယဉ်ကျေးမှု သရုပ်လက္ခဏာတွေ ပပျောက်အောင် အစိုးရက လုပ်နေတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။ နောက်ပြီး ဝီဂါတွေကို ညှဉ်းပန်းနှိပ်စက်တာနဲ့ ပျောက်ကွယ်သွားတာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း တရုတ်က ပယ်ချပါတယ်။ အစွန်းရောက်နေတဲ့ ဝီဂါတွေကို ပြုပြင်ပေးဖို့ အဓိကထားတဲ့ သက်မွေးဝမ်းကျောင်း ပညာသင်ပေးတဲ့ကျောင်းတွေကို ဖွင့်ပေးနေတယ်လို့ တရုတ်က ဆိုပါတယ်။

နီလူပါကတော့ သူတို့ ဇနီးမောင်နှံကို ဘာသာရေး ကိုင်းရှိုင်းလို့ဆိုပြီး တရုတ်အစိုးရ အရာရှိတွေက တင်းတင်းမာမာ ဆက်ဆံတယ်လို့ ပြောပါတယ်။ သူ့ခင်ပွန်းက အစ္စလာမ် ဘာသာရေးကျမ်းစာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်တဲ့သူ ဖြစ်ပါတယ်။

သူတို့သိတဲ့သူတွေ အဖမ်းခံရတာ၊ ပျောက်ကွယ်သွားတာတွေကို သိရပြီးနောက် ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့မိသားစုက ၂၀၁၄ မတ်လက မလေးရှားကို နယ်စပ်ကနေ ကူးဖို့ လုပ်နေတုန်း ထိုင်းရဲ အဖမ်းခံရတဲ့ ဝီဂါ ၂၂၀ ပါတဲ့ အုပ်စုထဲက ဖြစ်ပါတယ်။

နီလူပါကို နယ်စပ်နားက ထိန်းသိမ်းရေးစခန်းမှာ ထားပြီး နောက် တခြား အမျိုးသမီးနဲ့ ကလေး ၁၇၀ နဲ့အတူ ဘန်ကောက်ကို ပို့ပါတယ်။ ၂၀၁၅ ဇွန်လမှာတော့ သူ့ကို ဝီဂါတွေကို ခွင့်လှုံခွင့် ပေးလေ့ရှိတဲ့ တူရကီကို သွားခွင့်ပေးပါတယ်။

သူ့ခင်ပွန်းကတော့ ဘန်ကောက်ထိန်းသိမ်းရေးစခန်းမှာ ကျန်နေခဲ့ပါတယ်။ သူတို့ကို ဖမ်းထားကတည်းက ခွဲထားတာဖြစ်ပြီး ၂၀၁၄ ဇူလိုင်မှာ ခဏတွေ့ခွင့်ရတာကလွဲပြီး ဘာအဆက်အသွယ်မှ မရခဲ့ပါဘူး။

၁၃ ပေ- ၂၆ ပေ လောက်ပဲ ကျယ်တဲ့ အခန်းထဲမှာ သူနဲ့အတူ တခြားကိုယ်ဝန်ဆောင် ၁၇ ယောက်နဲ့ ကလေး ၂၅ ယောက် ပြွတ်သိပ်နေခဲ့ရတယ်လို့ ဆိုပါတယ်။ အစားအသောက် မကောင်းတဲ့အပြင် မလုံလောက်ဘူးလို့လည်း ဆိုပါတယ်။

ဒီမှာ ကလေးမွေးကြတဲ့အထဲ သူနောက်ဆုံးမွေးတာ ဖြစ်ပြီး သန်းခေါင်ယံမှာ ရေချိုးခန်းထဲ မွေးခဲ့ရပါတယ်။ နောက်တနေ့မှာ အစောင့်တွေက ကလေးနဲ့ သူ့အခြေအနေ သိပ်မဟန်တာကို တွေ့ပြီး ဆေးရုံခေါ်သွားခဲ့ပါတယ်။

နီလူပါနဲ့ ၂ နှစ်ပဲရှိသေးတဲ့ သားအကြီးဆုံးကိုလည်း ခွဲထားပြီး သူ့အဖေနဲ့ သွားထားခဲ့ပါတယ်။ အစောင့်က အကျဉ်းသားတယောက်ကို ရိုက်တာလည်း ဒီကလေးက တွေ့ခဲ့ပါတယ်။ ဒါတွေကို ကြုံတွေ့ပြီး စိတ်ဒဏ်ရာရနေတဲ့ ကလေးကို သူ့ဆီ ပြန်ခေါ်လာတဲ့အခါမှာ သားကြီးက သူ့ကို မမှတ်မိဘူးလို့လည်း ဆိုပါတယ်။

ကြောက်လန့် အော်ဟစ်ပြီး ငိုယိုနေတဲ့ ကလေးကို အမေကို လက်ခံဖို့ အချိန်အကြာကြီး ယူရတယ်လို့ သူက ဆိုပါတယ်။ အဲနောက်မှာတော့ ကလေးက အမေကို အပျောက်မခံနိုင်ဘဲ သူတို့ တူရကီ ရောက်ပြီး နောက်ပိုင်းအထိ တွယ်ကပ်နေခဲ့ပါတယ်။

သူ ဘေးကင်းလုံခြုံရာကို ရောက်နေပြီဆိုတာ သိရအောင် အချိန်အကြာကြီး ယူရကြောင်း နီလူပါက ပြောပါတယ်။

တရုတ်ဖိအား

ကျန်နေတဲ့ ဝီဂါတွေကို မိသားစုတွေနဲ့ ဆုံနိုင်အောင် တူရကီ ဘာကြောင့် သွားခွင့် မပေးသလဲ ထိုင်းအစိုးရက တခါမှ ရှင်းမပြခဲ့ပေမယ့် တရုတ်ဖိအား ရှိနေတာကတော့ သေချာပါတယ်။

ထိန်းသိမ်းရေးစခန်းမှာ ရှိတဲ့ တခြားအကျဉ်းသားတွေနဲ့ မတူဘဲ ဝီဂါတွေကိစ္စကို ထိုင်း လုံခြုံရေး ကောင်စီက ကိုင်တွယ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးက မကိုင်ရပါဘူး။ ဒီကောင်စီမှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌ လုပ်ပြီး စစ်ဘက်သြဇာက တော်တော်ကြီးပါတယ်။

ထိုင်းရဲ့ စစ်ဘက် မဟာမိတ်ဟောင်းကြီး အမေရိကန်ရဲ့ သြဇာ ကျဆင်းနေချိန်မှာပဲ တရုတ်သြဇာက တဖြည်းဖြည်း တက်လာနေပါတယ်။ ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်ထူထောင်ဖို့လည်း လက်ရှိ ထိုင်းအစိုးရက တရုတ်နဲ့ ပိုနီးစပ်အောင် တည်ဆောက်ဖို့ စိတ်သန်နေပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးကိုလည်း ဝီဂါတွေအတွက် နည်းနည်းပဲ ကူတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ ဝီဂါတွေနဲ့ တွေ့ခွင့်မပေးလို့ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့ ကုလသမဂ္ဂက တုံ့ပြန်ပါတယ်။ ထိုင်းမှာလည်း ဒုက္ခသည်တွေကို ခိုလှုံခွင့် မပေးပါဘူး။

တရုတ်က ဝီဂါတွေကို ပြန်ခေါ်ချင်တာကို ဖြည့်ဆည်းပေးဖို့ကလည်း အန္တရာယ်ရှိနေပြန်ပါတယ်။ ထိုင်းနိုင်ငံဟာ ခုမှ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ နေရာတနေရာရထားပြီး ဒီနေရာရဖို့လည်း ကြိုးကြိုးစားစား စည်းရုံးလှုံ့ဆော်ခဲ့ရတာပါ။

အကျဉ်းစခန်းမှာ ဆယ်နှစ်ကျော် ဒုက္ခခံလာရတဲ့ လူ ၄၈ ယောက်ကို ပြန်ပို့ရင်တော့ ထိုင်းအစိုးရ တည်ဆောက်ချင်နေတဲ့ ပုံရိပ်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။

၂၀၁၅ တုန်းက ဝီဂါတွေကို နောက်ဆုံးအကြိမ် အစုလိုက်ပြန်ပို့ခဲ့ပြီးနောက် တလအကြာမှာ ဖြစ်ခဲ့တာတွေကလည်း ထိုင်းအတွက် သတိထားစရာ ဖြစ်နေမှာပါ။

အဲဒီနှစ် သြဂုတ်လ ၁၇ ရက်မှာ ဘန်ကောက်မြို့လယ်က တရုတ်ခရီးသွားတွေနဲ့ စည်ကားတဲ့ နတ်ကွန်းတခုမှာ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပါတယ်။ လူ ၂၀ သေပြီး ဝီဂါ စစ်သွေးကြွတွေရဲ့ လက်တုံ့ပြန်မှုလို့ ယူဆကြပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ဝီဂါတွေနဲ့ ဗုံးကွဲမှုအဆက်အစပ်ကို ဖုံးဖိဖို့ ကြိုးစားပါတယ်။

ဝီဂါအမျိုးသား နှစ်ယောက်ကို ဗုံးခွဲမှုနဲ့ စွဲဆိုခဲ့ပေမယ့် ကိုးနှစ်ကြာတဲ့အထိ ဒီတရားစစ်ဆေးမှုက မပြီးနိုင်ဖြစ်နေပါတယ်။ ဒီထဲက တယောက်ဟာ လုံးဝ အပြစ်မရှိတဲ့သူလို့ သူ့ရှေနေတွေက ပြောပါတယ်။ တရားခွင်မှာလည်း လျှို့ဝှက်မှုတွေက ဖုံးလွှမ်းနေပြီး ဒီကြားနာမှုတွေကနေ ဗုံးနဲ့ ဝီဂါတွေ ပြန်ပို့တာကြား ဆက်စပ်မှုတွေ ဖြစ်ကုန်မှာကို တွန့်ဆုတ်နေပါတယ်။

တူရကီထိ ရောက်အောင် သွားနိုင်တဲ့ ဝီဂါတွေအတွက်လည်း ရှင်ကျန်းက မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက်မှုက ရှိနေပါတယ်။

အမေ့အသံမကြားရတာ ဆယ်နှစ်ရှိပြီဆိုပြီး တူရကီမှာ ကုန်ကားမောင်းတဲ့ ဝီဂါ ဒုက္ခသည် ဟာဆန် အီမန်က ပြောပါတယ်။

ဟာဆန်ဟာ နီလူပါနဲ့ တအုပ်စုထဲ မလေးရှားနယ်စပ်မှာ ၂၀၁၄ က အဖမ်းခံခဲ့ရပါတယ်။

နောက်နှစ်မှာ ထိုင်းအာဏာပိုင်တွေက သူတို့ထဲက တချို့ကို တရုတ်ပြည် ပြန်ပို့ဖို့ကြံတာကို ဘယ်လို လှည့်စားခဲ့လဲ သူ မှတ်မိနေပါတယ်။ ဒီမှာ လူတွေ များလွန်းလို့ အမျိုးသားတချို့ကို တခြားစခန်းပို့မယ်ဆိုပြီး ပြောကြောင်း ဟာဆန်က ဆိုပါတယ်။

တချို့အမျိုးသမီးနဲ့ ကလေးတွေကို တူရကီပို့ပြီးမှ ဒါတွေ ဖြစ်တာပါ။ ဒီမှာ ထူးထူးဆန်းဆန်း စခန်းထဲက အမျိုးသားတွေကို တူရကီရောက်နေတဲ့ ဇနီးနဲ့ ကလေးတွေနဲ့ ဖုန်းပြောခွင့် ပေးပါတယ်။

ကျွန်တော်တို့ ပျော်ရွှင်ပြီး မျှော်လင့်ချက်အပြည့်နဲ့လို့ ဟာဆန်က ဆိုပါတယ်။ ထိုင်းအရာရှိတွေက လူတွေကို တယောက်ချင်းစီ ရွေးပါတယ်။ အဲဒီချိန်တုန်းကတော့ သူတို့ကို တရုတ်ပြည်ပြန်ပို့မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။ အဲဒီနောက်ကျမှ ဒီလူတွေကို တရုတ်ပြန်ပို့တယ်ဆိုတာကို ဖုန်းခိုးခေါ်ရင်း တူရကီကနေ သိခဲ့ရတယ်လို့ ဟာဆန်က ပြောပါတယ်။

ဒီသတင်းကြောင့် ကျန်နေတဲ့ အကျဉ်းသားတွေ စိတ်ပျက်ကုန်ကြကြောင်း ဟာဆန်က ပြောပါတယ်။ နောက် ၂ နှစ်ကြာတော့ တခြားစခန်းတခုကို ခဏပို့တဲ့အချိန်မှာ သူနဲ့ လူ ၁၉ ယောက် အံ့အားသင့်စရာ ကောင်းအောင် ထွက်ပြေး လွတ်မြောက်ခဲ့ကြပါတယ်။ ပြိုလုဆဲဆဲ နံရံမှာ သံနဲ့ အပေါက်ဖောက်ပြီး ပြေးကြတာပါ။

လူ၁၁ ယောက်ကို ပြန်ဖမ်းမိခဲ့ပေမယ့် ဟာဆန်ကတော့ တောနက်ထဲ ဖြတ်ပြီး မလေးရှားထဲ ဝင်ပြေးနိုင်ခဲ့ပါတယ်။ အဲဒီကနေ တူရကီကို သူ ရောက်ခဲ့ပါတယ်။

ကျွန်တော့မိဘတွေ ဘာဖြစ်ကုန်သလဲ ကျွန်တော်မသိပေမယ့် ထိုင်းမှာ ခုထိ အဖမ်းခံထားရသူတွေအတွက်တော့ ဒီထက်ပိုဆိုးနိုင်တယ်လို့ သူက ဆိုပါတယ်။

တရုတ်ပြည်ပြန်ပို့ခံရပြီး ထောင်ချခံရမှာကို သူတို့ကြောက်ကြသလို သူတို့မိသားစုတွေ အပြစ်ဒဏ် ဆိုးဆိုးရွားရွား အပေးခံရမှာကိုလည်း စိုးရိမ်ကြကြောင်း ဟာဆန်က ရှင်းပြပါတယ်။

သူတို့အတွက် စိတ်ဒဏ်ရာက မခံနိုင်လောက်အောင်ပါပဲလို့ ဆိုပါတယ်။