''အသားဖြူဆေးခရင်မ်တွေက ကလေးတွေရဲ့ အသားအရေကို အန္တရာယ်ပေးခဲ့တယ် ''

  • ရေးသားသူ, မာဒီနာမိုင်ရှာနူ
  • ရာထူးတာဝန်, BBC Hausa
  • ရေးသားပေးပို့သည့်နေရာ နိုင်ဂျီးရီးယား

ဖာတီမာ ဟာ မျက်နှာနဲ့ ခြေထောက်တွေမှာ အသားလောင်ပြီးအကွက်တွေ ထွက်လာတဲ့ ၂ နှစ်အရွယ် သူ့ရင်သွေးကို ချီရင်း စိတ်ပျက်နေပါတယ်။

အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ ဖာတီမာရဲ့ ကလေး ၆ ယောက်စလုံး အသားဖြူဆေးလိမ်းပြီး ရလာတဲ့ ရလဒ်ကြောင့် သူ့မိသားစုမှာ စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

သူ့သမီးတယောက်ဆိုရင် အပြင်ထွက်တိုင်း အသားလောင်ထားတဲ့ မျက်နှာကို အကာအကွယ်ဖုံးပြီး သွားနေရပါတယ်။

နောက်တယောက် ဆိုရင်လည်း မျက်လုံးတွေ တဝိုက် အဖြူကွက်တွေ ထွက်နေပြီး အရင်ကထက် အသားတွေပိုမည်းလာသလို နောက်တယောက် ဆိုရင်လည်း နှုတ်ခမ်းနဲ့ ဒူးခေါင်းတွေမှာ အဖြူကွက်တွေ ထွက်လာတယ်လို့ ဖာတီမာက ပြောပါတယ်။

ကျွန်မနဲ့ ညီအစ်မ တော်စပ်သူရဲ့ ကလေးတွေ အသားသိပ်မမည်းပေမယ့် ကျွန်မကလေးတွေ ကျတော့ အသားပိုမည်းတယ်။ ကျွန်မ အမေက အသားအရောင်ပေါ်မူတည်ပြီး အဲဒီကလေးတွေကို ပိုအရေးပေးတာတွေ့တော့ စိတ်ထိခိုက်မိတယ်လို့ ဖာတီမာက ပြောပါတယ်။

ဒါကြောင့် ဆရာဝန် ညွှန်ကြားချက် မရှိဘဲ အိမ်နားက ကုန်စုံဆိုင်မှာ ခရင်မ်တွေဝယ်ပြီး သုံးမိတာပါလို့ သူက ဆိုပါတယ်။

ပထမတော့ အဲဒီခရင်မ် လိမ်းဆေးတွေက အလုပ်ဖြစ်တဲ့ပုံပါ။ အသက် ၂ နှစ်ကနေ ၁၆ နှစ်ကြား ရှိတဲ့ ဖာတီမာရဲ့ ကလေးတွေကို အဖွားဖြစ်သူက နွေးနွေးထွေးထွေး ဆက်ခံခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကလေးတွေဟာ အသားမှာ လောင်ပြီးထွက်လာတဲ့ အကွက်တွေ၊ အမာရွတ်တွေ ပေါ်လာပါတော့တယ်။

အသားဖြူဆေး ၊ အသားမည်းတဲ့အရောင်ကိုဖျော့ဆေး ဆိုတဲ့အရာတွေကို နိုင်ဂျီးရီးယားမှာ ချွတ်ဆေး လို့ လူသိများပြီး ဒီပစ္စည်းအသုံးပြုမှုတွေဟာ လူတွေကြား အမြစ်တွယ်နေတဲ့အလေ့အထ ဖြစ်နေပေမယ့် ကမ္ဘာနေရာအနှံ့မှာတော့ အလှအပရေးအတွက် အသုံးပြုနေကြပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ အာဖရိက နိုင်ငံတွေထဲမှာ နိုင်ဂျီးရီးယားက အမျိုးသမီးတွေဟာ အသားဖြူဆေးကို ပုံမှန် အသုံးအများဆုံးဖြစ်ပြီး ၇၇ ရာခိုင်နှုန်း ရှိတယ်လို့ သူတို့ရဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။

ကွန်ဂို ဘရာဇီယာမှာတော့ အသားဖြူဆေး အသုံးပြုမှုနှုန်း ၆၆ ရာခိုင်နှုန်း နဲ့ ဆီနီဂေါမှာ ၅၀ ရာခိုင်နှုန်း၊ ဂါနာမှာ ၃၉ ရာခိုင်နှုန်း အသီးသီးစီ ရှိကြပါတယ်။

ခရင်မ်အများစုက လိုတာထက်ပိုသုံးရင် အသားအရေကို ပျက်စီးစေတဲ့ ကော်တီကိုစတီးရွိုက် ဒါမှမဟုတ် ဟိုက်ဒရိုကွီနို ပါဝင်နိုင်တာကြောင့် ပမာဏများများသုံးတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီပစ္စည်းတွေက နိုင်ငံအများအပြားမှာ ဆရာဝန်ဆေးစာနဲ့ပဲ ရရှိနိုင်ပါတယ်။

အရေပြားကို အဆိပ်ဖြစ်စေတဲ့ ဓာတ်သတ္တု အမျိုးအစားနဲ့ ပြဒါးလို အခြားပါဝင်ပစ္စည်းတွေလည်း ပါဝင်နိုင်ပါတယ်။ ဂျပန်အရက်အရက် ဆာကေး ထုတ်လုပ်တဲ့အခါ သုံးတဲ့ ကိုဂျစ်အက်ဆစ်လို ပစ္စည်းတွေလည်းပါပါတယ်။

အရေပြားရောင်ရမ်းတာ၊ ဝက်ခြံတွေအလွန်အကျွံထွက်တာနဲ့ အရေပြားအရောင်ပြောင်းတာတို့လို အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်။ ဒါတင်မက အသားအရေ ရောင်ရမ်းမှုဖြစ်တတ်သလို အသားအရည် အရောင် မမှန်တာ၊ ပြဒါးအဆိပ်သင့်တာနဲ့ ကျောက်ကပ်ပျက်စီးတာတွေလည်း ဖြစ်ပါတယ်။

ဒဏ်ရာတွေ ပျောက်ကင်းဖို့ အချိန်ပိုကြာသလို အရေပြားတွေ ပါးလွှာလာပြီး ရောဂါ ကူးစက်နိုင်ခြေ ပိုများတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အဲဒီပြဿနာတွေရဲ့ အခြေအနေ ဆိုးရွားလွန်းတာကြောင့် နိုင်ဂျီးရီးယား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အေဂျင်စီ (Nafdac) က ၂၀၂၃ ခုနှစ်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

ဖာတီမာလို အမျိုးသမီးတွေက သူတို့ သားသမီးတွေကို အသားအရောင်တွေ ဖြူလာလင်းလာဖို့ အရောင်ချွတ်ဆေးတွေကို အသုံးများလာကြပါတယ်။

အဘူဂျာရှိ အရေပြားရောဂါကုသရေး spa ပိုင်ရှင် ဇိုင်နက်ဘက်စ်ရှီယာရာရုက တော့ အသားအရေ လင်းလက်ပြီး ချမ်းသာမှုနဲ့ လူမှုအဆင့်အတန်းမြင့်မားမှုနဲ့ ဆက်နွှယ်နေတာကြောင့် ဒီလိုလုပ်ကြတာလို့ ပြောပါတယ်။

သူတွေ့ဖူးတဲ့ အမျိုးသမီး ၈၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ကလေးတွေကို အသားအရောင် ဖြူစေဖို့ အရောင်ချွတ်ဖို့ ဒါမှမဟုတ် လုပ်ဖို့စီစဉ်နေတယ်လို့ သူက ခန့်မှန်းပါတယ်။ တချို့က ကလေးတွေကို အသားအရောင်တွေကို အရောင်ချွတ်တဲ့ အလေ့အကျင့်ကို ဆက်လုပ်နေကြတယ်လို့ သူက ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ တစ်စုံတစ်ယောက်က အသားအရေဖြူတဲ့ ထုတ်ကုန်တွေကို အသုံးပြုနေခြင်းရှိ မရှိကို သိဖို့ ဆန်းစစ်နိုင်ပါတယ်။ ဥပမာ သူတို့ ခန္ဓာကိုယ်က တခြားအစိတ်အပိုင်းတွေ အဖြူဘက်သန်းတာ မည်းနက်မနေတာမျိုးနဲ့ လင်းနေတာမျိုးရှိပေမဲ့ သူတို့ရဲ့ လက်ဆစ်တွေက ပိုမည်းနေတာမျိုးဖြစ်ပါတယ်။ တကယ်က အသားအရေ အရောင်မညီဘဲ ပျက်စီးနေတာမျိုးဖြစ်ပါတယ်။

ဆေးလိပ်သောက်သူတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ မီးခိုးကြောင့် လက်မှာအညိုကွက်/အမည်းကွက်တွေတော့ ရှိတတ်ပါတယ်။ ဒါကြောင့် အဲဒီသူတွေကလည်း အသားအရေ တောက်ပစေတဲ့ ထုတ်ကုန်တွေကို လွဲမှားစွာအသုံးပြုတတ်ကြပါတယ်။

အသက် ၁၄ နှစ်ကနေ ၁၆ နှစ်ကြား ရှိတဲ့ သမီးတွေဟာ သူတို့အသိုင်းအဝိုင်းကြားမှာ အသားအရောင် ခွဲခြားမှုတွေ ကြုံရပြီး သူတို့ကို မူးယစ်ဆေးစွဲသူတွေလို့ စွပ်စွဲပြောဆိုမှုတွေရှိတယ်။ ဒါတွေက သူတို့အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိတယ်လို့ ဖာတီမာက ပြောပါတယ်။

မူးယစ်ဆေး သုံးတဲ့ မိန်းမတွေကို ယောက်ျားတွေက ဖက်လဲတကင်း လုပ်လိုစိတ် မရှိတာကြောင့် သူတို့နှစ်ယောက်စလုံးရဲ့ ချစ်သူတွေကလည်း ထားခဲ့တာ ခံခဲ့ရပါတယ်။

အသားဖြူဆေးခရင်မ်တွေကို အစကနေ အဆုံးအထိ စပ်ရောင်းတဲ့ သူတို့ကိုယ် သူတို့ စပ်ဆေးသမားလို့ ခေါ်သူတွေရှိရာ ခနိုပြည်နယ်က နာမည်ကြီး စျေးတခုကို ဘီဘီစီက ရောက်သွားခဲ့ပါတယ်။

အဲဒီစျေးမှာ ထောင်နဲ့ချီတဲ့ အသားဖြူဆေး ခရင်မ် မျိုးစုံရောင်းတဲ့ ထောင်နဲ့ချီတဲ့ စျေးဆိုင်တွေနဲ့ ပြည့်နေပါတယ်။ တချို့ဆိုင်တွေက စပ်ပြီးသား မဟုတ်ဘဲ ပါဝင်ပစ္စည်းတွေကို စပ်ဖို့ အဆင်သင့် လုပ်ပြီး ပြထားတာတွေ ရှိသလို ၊ သုံးစွဲသူတွေ အနေနဲ့ သူတို့ကြိုက်ရာ အစပ်အဟပ် အတိုင်း ၊ သူတို့ရှေ့မှာ စပ်ပြနိုင်ဖို့ စီစဥ်ထားတာတွေလည်း ရှိပါတယ်။

အရောင်ချွတ်ဆေး ခရင်မ် အများအပြားမှာ ကလေးတွေ အတွက်လို့ ဖော်ပြထားတာ တွေ့ရပြီး သက်ဆိုင်ရာက အတည်ပြုထားတဲ့ စံချိန်စံညွှန်းနဲ့ ဖော်စပ်ထားတာလို့ ဆိုပါတယ်။

တချို့အရောင်းသမားတွေကလည်း သူတို့အနေနဲ့ အာဏာပိုင်တွေ အသိအမှတ်ပြုထားတဲ့ ၊ အသားအရေမှာ အကွက်တွေ ထွက်လာနိုင်ပြီး ဘေးထွက်ဆိုးကျိုးများလှတဲ့ ကိုဂျစ်အက်စစ် ၊ ဟိုက်ဒရိုကွီနိုင်း နဲ့ ပြင်းအားကြီးလှတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ၊ ဂလူတန်သအုန်း အမည်ရ အမိုင်နိုအက်စစ် သုံးမျိုးပါတဲ့ ပစ္စည်းတွေ သူတို့ထုတ်တဲ့ ခရင်မ်တွေမှာ ထည့်သုံးထားတယ် ဆိုတာကို ရောင်းချသူတွေက ဝန်ခံခဲ့ကြပါတယ်။

အဲဒီစျေးထဲမှာ ဆယ်ကျော်သက် မိန်းကလေးတွေက အဲဒီအသားရောင်ချွတ်ဆေး ခရင်မ်တွေ ပြန်ရောင်းဖို့ပါ ပမာဏ အများအပြားနဲ့ ဝယ်နေတာကို ဘီဘီစီ က မျက်စိနဲ့ တပ်အပ်တွေ့ခဲ့ရပါတယ်။

လက်က အသားအရေ အရောင်ပြောင်းသွားတဲ့ အမျိုးသမီးတယောက် အပြောအရ သူ့ကလေးတွေအတွက် လိမ်းဆေးခရင်မ်ထဲကို ပစ္စည်းရောင်းသူက ဟိုက်ဒရိုကွီနိုင်း ထပ်ထည့်ခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။

ဟိုက်ဒရိုကွီနိုင်း ဆိုတာဟာ လူကြီးတွေ သုံးတဲ့ပစ္စည်းတွေမှာသာ ထည့်ဖို့ စည်းကမ်း သတ်မှတ်ထားပြီး ကလေးသုံးပစ္စည်းတွေမှာ ထည့်ရင် ဥပဒေဘောင်နဲ့ မညီတာကြောင့် ဖမ်းဆီးခံရနိုင်ပါတယ်။

ကျွန်မလက်အရောင် ပြောင်းသွားပေမယ့် ကျွန်မ ကလေးတွေ သုံးဖို့ ဒီခရင်မ်တွေ လာဝယ်တာပါ။ သူတို့အသားဖြူဖို့လေ။ ကျွန်မလက်မှာသုံးတဲ့ ခရင်မ်က အမှန်အကန် ပစ္စည်းမဟုတ်လို့ အခုလို ဖြစ်ရတာလို့ ယုံကြည်ထားပါတယ်။ ကျွန်မ ကလေးတွေမှာ အဲဒီလို မဖြစ်လောက်ပါဘူးလို့ ဒီလိမ်းဆေးခရင်မ်ကြောင့် အရောင်ပြောင်းသွားတဲ့အမျိုးသမီးက ပြောပါတယ်။

တချို့ဖောက်သည်တွေဟာ သူတို့ကလေးတွေ အသားအရောင်တောက်လာတာ ဒါမှမဟုတ် အမြင်မှာ ထူးခြားတဲ့ အရောင်ထွက်တာမျိုး ဖြစ်ချင်တာကြောင့် ဝယ်သုံးကြတယ်လို့ ရောင်းသူတယောက်က ထောက်ပြပါတယ်။

အများစုဟာ သက်ဆိုင်ရာက ဘယ်လိုပါဝင်ပစ္စည်းတွေကိုသာ အတည်ပြု ထားသလဲ ဆိုတာ သတိထားမိပုံ မရဘူးလို့ ဆိုပါတယ်။

အရောင်းသမားတယောက် ဆိုရင် ကိုဂျစ်အက်ဆစ် အများအပြား ထည့်သုံးထားတယ်၊ ဝယ်သူတစ် ယောက်ယောက်က အသားအရမ်းဖြူချင်တယ် ၊ သူတို့အနေနဲ့ အထူးတလည် အပြောင်းအလဲ လုပ်ချင်တယ် ဆိုရင် လဖက်ရည် တဇွန်းစာလောက် ထပ်ထည့်လိုက်တယ်လို့ ပြောပါတယ်။

ဇွန်းတွေသုံးပြီး တိုင်းထွာတယ် ၊ လူတွေသုံးဖို့ ခရင်မ် ထုတ်တဲ့အခါ ကိုဂျစ်အက်ဆစ်ကို လဖက်ရည်ဇွန်း အပြည့်မောက်မောက်လောက် ထည့်တယ်၊ လူတယောက်သုံးတဲ့ခရင်မ် ထဲမှာ ကိုဂျစ်အက်ဆစ် ၄၀ ရာခိုင်နှုန်း လောက်ပါတယ်လို့ အရောင်းသမားတယောက် ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ အစားအစာနဲ့ ဆေးဝါး အဖွဲ့ တခု ဖြစ်တဲ့ National Agency for Food and Drug istration and Control (Nafdac) အဆိုအရ ကိုဂျစ်အက်ဆစ်ကို ခရင်မ်ထဲမှာ တစ်ရာခိုင်နှုန်း ဘဲထည့်သုံးခွင့်ပြုထားတာ ဖြစ်ပါတယ်။

တချို့အရောင်းသမားတွေ ဆိုရင် အမျိုးသမီးတွေကို ထိုးဆေးလိုမျိုး ကိုယ်ခန္ဓာထဲ သွင်းပေးတာကို ဘီဘီစီ အနေနဲ့ တွေ့မြင်ခဲ့ရပါတယ်။

Nafdac အဖွဲ့ ဒါရိုက်တာ ဒေါက်တာ လဲနက်ဒ် အိုမောက်ခ်ပါရီယိုလာ ကတော့ ဒီအန္တရာယ်နဲ့ပတ်သက်ပြီး လူတွေကို အသိပညာပေးဖို့ ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စျေးကွက်ထဲ ၀င်ရောက် စီးနင်းတာတွေ လုပ်ပြီး တိုင်းပြည်ထဲ ခိုးသွင်းလာနိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ နိုင်ဂျီးရီးယား နယ်စပ်တွေမှာ အသားဖြူဆေးတွေ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်း သူကဆိုပါတယ်။

ဒါပေမယ့် ဥပဒေစိုးမိုးရေး အရာရှိတွေ အနေနဲ့ တခါတရံမှာ ဒီလို အပြင်းစား ဓါတုပစ္စည်းတွေကို ခွဲခြားသိမြင်နိုင်ဖို့ ခဲယဥ်းလှတယ်လို့ သူက ပြောပါတယ်။

တချို့က ဘာမှရေးမထား ၊ ဖော်ပြမထားတဲ့ ပုံးတွေ စည်တွေထဲ ထည့်သယ်လာတာ ဆိုတော့ ဓါတ်ခွဲခန်းထဲ ယူပြီး မစစ်သရွေ့ အထဲမှာ ဘာပစ္စည်းတွေ ပါသလဲ ဆိုတာသိဖို့ မလွယ်ဘူးလို့ သူက ရှင်းပြပါတယ်။

ဖာတီမာကတော့ သူ့ကလေးတွေမှာ အမာရွတ်တွေ ပျောက်သွားရင်တောင် ဒီပစ္စည်းတွေ လိမ်းပေးမိတဲ့ သူ့လုပ်ရပ်က အရိပ်လိုလိုက်ပြီး ခြောက်လှန့်နေတယ်လို့ ဆိုပါတယ်။

ဒီအသားအရေ လိမ်းဆေးတွေရဲ့ အန္တရာယ် ၊ ဆိုးကျိုးတွေကို သူ့မြေးတွေ ဘယ်လို ရင်ဆိုင်ခဲ့ရသလဲ ဆိုတာနဲ့ ကျွန်မ မှားခဲ့မိတဲ့ လုပ်ရပ်တွေ အမေ့ကို ပြောပြတဲ့အခါ သူ့ကြောင့် ဒါတွေ ဖြတ်သန်းခဲ့ရလို့ ဝမ်းနည်း ၊ တောင်းပန်ခဲ့တယ်လို့ ဖာတီမာက ပြောပါတယ်။

တခြားမိဘတွေလည်း အလားတူ အမှားမျိုး မကြုံရအောင် ကူညီဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

အခု ဒီပစ္စည်းတွေ ကျွန်မ မသုံးတော့တာတောင် ဘေးထွက်ဆိုးကျိုးတွေက ခံစားနေရတုန်းပါဘဲ။ တခြားမိဘတွေလည်း ကျွန်မ ကြုံရတာကို နမူနာယူပြီး အသုံးချကြဖို့ ပန်ကြားလိုက်ပါတယ်လို့ သူက ဆိုပါတယ်။

( ဖာတီမာ ဆိုတာက သူ့မိသားစု လုံခြုံရေး အတွက် သုံးတဲ့ အမည်လွှဲ ဖြစ်ပါတယ် )