အိန္ဒိယ - တင်တောင်းရတဲ့ငွေကြောင့် သတို့သား တစ်ဒါဇင်လောက် ကျွန်မကို ငြင်းပယ်ခဲ့ကြတယ်။

အိန္ဒိယမှာ သတို့သားကို ငွေကြေးနဲ့ တင်တောင်းရတဲ့ ကိစ္စတွေဟာ ၁၉၆၁ ခုနှစ်မှာကတည်းက တရားမဝင် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့လည်း သတို့သမီးရဲ့ မိသားစု ဆီကနေ ရတနာ ပစ္စည်း၊ ငွေကြေးနဲ့ အိပ်ယာ ခန်းဝင် တွေကို သတို့သား မိသားစုတွေက မျှော်လင့်နေကြဆဲပါ။

ဒီလို သတို့သမီးဘက်က ပေးနေရတဲ့ ကိစ္စတွေကို အဆုံးသတ်ဖို့ ဘိုပါလ်း မြို့မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ဆရာမ တစ်ယောက်က ကြိုးစားနေပါတယ်။ မင်္ဂလာဆောင်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးပြီး လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ သတို့သမီးဘက်က တံစိုးလက်ဆောင်ပေးနေရတဲ့ မတရားတဲ့ အခြေအနေကို အဆုံးသတ်ပေးဖို့ သူက အလိုရှိနေတာ ဖြစ်ပါတယ်။

ဂန်ဂျန် တီဝါရီ (အမည်လွှဲ) က ဒါဇင်နဲ့ချီတဲ့ သတို့သားလောင်းတွေဟာ ခန်းဝင် ပစ္စည်းနဲ့ တင်မတောင်းလို့ လက်ထပ်ဖို့ ငြင်းဆန်ခဲ့ကြတဲ့ သူ့ရဲ့ အတွေ့အကြုံပေါ်မှာ အခြေခံပြီး ဒီလို အခြေအနေတွေကို အဆုံးသတ်ဖို့ လုပ်ဆောင်နေတာဆိုပြီး ဘီဘီစီကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာတော့ ဂန်ဂျန် ဖခင်ဖြစ်သူက လူငယ် တစ်ဦးနဲ့ သူ့ရဲ့ မိသားစုတွေကို အိမ်ကို ဖိတ်ပြီး သူတို့နှစ်ယောက် အဆင်ပြေစေဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိမ်ကို ဖိတ်ခဲ့ပါတယ်။

မိဘတွေကြား အပြန်အလှန် ပဋိသန္တာရ စကားတွေဆိုပြီး ချိန်မှာ ဂန်ဂျန်က ဧည့်သည်တွေအတွက် လက်ဖက်ရည်နဲ့ စားစရာတွေ ဧည့်ခန်းထဲကို သယ်ဆောင်လာပါတယ်။

အဲဒီ အခိုက်အတန့်ဟာ သူ့အတွက် မမေ့ နိုင်စရာ ထိတ်လန့် ချောက်ချားစေတဲ့ အချိန်ပဲလို့ ဂန်ဂျန် က ညွှန်းဆိုပါတယ်။

ဧည့်ခန်းထဲမှာ ရှိတဲ့လူတွေက သူ့ကို စိုက်ကြည့်နေတာ လှုပ်လို့တောင်မရတဲ့ အခြေအနေ ဆိုပြီး ဖုန်းထဲကနေ အဲဒီအကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

မင်္ဂလာဆောင်အတွက် အသေးစိတ် အစီအစဉ်တွေကို သူတို့က ရေးဆွဲခဲ့ကြပါတယ်။ အဲဒီ အထဲမှာ ဧည့်ခံပွဲကြရင် သူတို့သမီး ဘယ်လို ဝတ်စားဆင်ယင် မလဲ ဆိုတာတွေလည်း ပါပါတယ်။ အစိမ်းရောင် သတို့သမီး ဝတ်စုံနဲ့ဆိုရင် သမီးဖြစ်သူ သိပ်လှနေမှာပဲ ဆိုပြီး မိခင်ဖြစ်သူက စဉ်စား နေခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့ မညီညာတဲ့ သွားတွေ ဧည့်သည်တွေ မမြင်သွားအောင် သိပ်မပြုံး နဲ့ ဆိုပြီးတော့လည်း အကြံပေးခဲ့ပါသေးတယ်။

ဒါမျိုးက ဂန်ဂျန်အတွက် သိပ်အထူးအဆန်းကြီးတော့ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေ အတွင်း ဒီလို နှစ်ဖက် မိဘတွေ ဆုံပြီး စေ့စပ် စကားပြောကြတဲ့ ကိစ္စတွေကို ၆ ကြိမ်ထက် မနည်း သူရင် ဆိုင်ခဲ့ရပါတယ်။ သတို့သား မိသားစုတွေဘက်က မေးခွန်းတွေကိုလည်း သူက ကြုံခဲ့ဖူးပြီးသားပါ။ သူ့ရဲ့ ပညာရေး အခြေအနေ၊ ဘယ်မှာ အလုပ်လုပ်သလဲနဲ့ ချက်တတ် ပြုတ်တတ်သလား၊ မီးဖိုချောင် နိုင်နင်းရဲ့လား ဆိုတဲ့ ကိစ္စတွေပါပဲ။

ဧည့်ခန်းထဲကို မဝင်ကြခင်မှာ သူ့ရဲ့ ဖခင်ဖြစ်သူက အနာဂတ် သတို့သားလောင်းရဲ့ ဖခင် ဖြစ်သူကို ခန်းဝင်ပစ္စည်းဖိုး ဘယ်လောက်မှန်းထားသလဲ လို့ မေးကြည့်လိုက်ပါတယ်။ သူတို့ ရူပီး ၅ သန်း ကနေ ၆ သန်း (ဒေါ်လာ ၆ သောင်း နဲ့ ၇ သောင်းကြား ပမာဏ )အထိ မှန်းထားတယ်လို့ ပြောဆိုနေတာကို ကြားလိုက်ရကြောင်း ဂမ်ဂျန်က ပြန်ပြောပြပါတယ်။ အဲဒီလို ဖခင်ဖြစ်သူက မေးမြန်းနေချိန်မှာပဲ သတို့သားလောင်းရဲ့ မိသားစု တွေ ဘက်က ခင်ဗျား သမီးလှရင်တော့ စျေးလျှော့ပေးမှာပေါ့ ဆိုတဲ့ စကားကိုလည်း ဂမ်ဂျန် ပြန်ကြား လိုက်ရပါတယ်။

မိသားစုတွေ ဆက်စကားပြောကြချိန်မှာ ဂမ်ဂျန်အတွက် လျှော့စျေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာကို ရိပ်မိလာပါတယ်။ ဧည့်သည်တွေက သူ့ရဲ့ မညီညာတဲ့ သွားတွေအကြောင်းနဲ့ နဖူးမှာ မှဲ့ရှိ နေတာကို တခုတ်တရ ထည့်သွင်း ပြောဆိုလာကြလို့ပါပဲ။

၁၉၆၁ ခုနှစ်ကတည်းက ဥပဒေက သတ်မှတ်ပေးထားတဲ့ သတို့သမီးဘက်က တင်တောင်းရတယ် ဆိုတာ တရားမဝင် လုပ်ရပ် ဆိုဦးတော့ မိဘတွေ လက်ဖက်ရည် သောက်နေကြချိန်မှာ ဂမ်ဂျန်ဟာ သတို့သားလောင်း နဲ့ စကားပြောဖို့ အချိန် အနည်းငယ် ရခဲ့ပါတယ်။

အဲဒီမှာ သူ့အနေနဲ့ တင်တောင်းတဲ့ ကိစ္စကြောင့် လက်ထပ်မှာ မဟုတ်ဘူးဆိုပြီး သတို့သားလောင်း ဖြစ်လာမယ့်သူကို ပြောချလိုက်ပါတယ်။

သူ့အပြောကို သတို့သားလောင်းကလည်း သဘောတူသလို၊ ဒါဟာ လူမှုရေးဆိုင်ရာ ဆိုးယုတ်မှု တစ်ခုပဲလို့တောင် ထောက်ခံပြောဆိုခဲ့ပါတယ်။ အဲဒီအခိုက်အတန့်မှာတော့ ဂမ်ဂျန်က ဒီလူဟာ သူတွေ့ဖူးသမျှ လူတွေနဲ့ မတူဘူးဆိုပြီး တွေးတောနေခဲ့မိပါသေးတယ်။

ဒီအတွေးက သိပ်တော့ မကြာလိုက်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ စေ့စပ်မှုကို သတို့သားဘက်က ပယ်ချ လိုက်ပါတယ်။

တင်တောင်းရတယ် ဆိုတဲ့ ကိစ္စကို ဆန့်ကျင်တဲ့ အတွက်ကြောင့်ဆို့ပြီး မိခင်ဖြစ်သူက ပြစ်တင် ပါတယ်။ သူ့ကိုလည်း နှစ်ပတ်လောက် စကားမပြောတော့ဘူးလို့ ဂမ်ဂျန်က ပြန်ပြောင်း ပြောပြ ပါတယ်။

လွန်ခဲ့တဲ့ ၆နှစ်အတွင်းမှာ သတို့သားလောင်း ဖြစ်လာနိုင်တဲ့ မိသားစု ၁၀၀-၁၅၀ လောက်ကို ဖခင် ဖြစ်သူက ဆက်သွယ်ခဲ့သလို၊ ခင်ပွန်းဖြစ်လာနိုင်တဲ့ လူ ၁၂ယောက်ကျော်ကိုလည်း တွေ့ဆုံ ခဲ့တယ်လို့ ဂမ်ဂျန်က ဆိုပါတယ်။ အဲဒီအထဲက ၆ ယောက်နဲ့ တွေ့ဆုံခဲ့ရပြီး အားလုံးက တင်တောင်း ဖို့ပြောကြတဲ့အတွက် သူတို့ကြားက စေ့စပ်ပွဲဟာ အဆင်မပြေဖြစ်ခဲ့ရပါတယ်။

သတို့သားလောင်းတွေဘက်က ပယ်ချမှုကြောင့် သူ့မှာ ယုံကြည်ချက်တွေ ပျောက်ဆုံး သွားခဲ့ရကြောင်း သင်္ချာ အထူးပြု မဟာသိပ္ပံဘွဲ့ရထားသလို၊ အွန်လိုင်း ကနေ ပညာ ဆက်လက် သင်ကြားနေတဲ့ ဂမ်ဂျန်က ဆိုပါတယ်။

“သေသေချာချာ စဉ်းစားကြည့်တော့ ကျွန်မမှာ ချို့ယွင်းချက် တစုံတရာ ရှိနေတာ မဟုတ်ဘူးလို့ ထင်တယ်။ တင်တောင်းတဲ့ ကိစ္စ တစ်ခုတည်းကြောင့်ပဲ မိဘတွေအပေါ်မှာ တာဝန်မကင်းဘူးလို့ ခံစားလာရတယ်။”

သူတို့သမီးဘက်က တင်တောင်းရတဲ့ ကိစ္စကို တရားမဝင် သတ်မှတ်ထားတာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီ ဆိုပေမဲ့လည်း၊ လေ့လာချက်တွေအရ အိန္ဒိယမှာ ၉၀ ရာခိုင်နှုန်းသော မင်္ဂလာပွဲ တွေဟာ သမီးရှင်ဘက်က တင်တောင်းနေရပါတယ်။ ထောင်ဂဏန်းကနေ သောင်းဂဏန်း အပြင် သန်းနဲ့ချီတဲ့ ငွေပမာဏနဲ့ တင်တောင်းရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။

သမီးရှင်တွေဘက်က ငွေချေးငှားပြီး တင်တောင်းရသလို၊ တခါတရံမှာ သူတို့ပိုင်တဲ့ မြေကို ရောင်းချပြီး သားရှင်ဘက်က တောင်းဆိုချက်ကို လိုက်လျောရတာမျိုးလည်းရှိပါတယ်။ ဒါတောင် သတို့သမီးရဲ့ အနာဂတ် အိမ်ထောင်ရေးမှာ ပျော်ရွှင်မှု အာမခံချက် ရရှိဖို့ မသေချာပါဘူး။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်တွေ အတွင်း တင်တောင်းတဲ့ငွေကြေး မလုံလောက်တဲ့ ပြဿနာကြောင့် သတို့သမီးလောင်း ၃၅၄၉၃ ယောက် သတ်ဖြတ်ခံရတယ်လို့ ရာဇဝတ်မှုခင်း မှတ်တမ်း ဌာနရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။ ဒါဟာ တစ်ရက်ကို အမျိုးသမီး ၂၀ လောက် သေဆုံးနေတာဖြစ်ပါတယ်။

အိန္ဒိယမှာ လူဦးရေ ကျား/မ အချိုးအစား မညီမျှမှု ဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ သမီးရှင် ဘက်က ခန်းဝင် ပစ္စည်း တင်တောင်းရတဲ့ ကိစ္စကလည်း နောက်ကွယ်က အကြောင်းတစ်ချက် ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မီးမဖွားခင် စစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာ နှစ်စဉ် မိန်းကလေး သန္ဓေသား ၄ သိန်းကျော် ကိုယ်ဝန်ဖျက်ချခံနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အကြောင်းရင်းက မိန်းကလေး မွေးလာရင် မိသားစုတွေဘက်က ခန်းဝင် ပစ္စည်းဖိုး စားရိတ်စက ကုန်ကျမှာကို စိုးရိမ်ကြလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတော့ ဂမ်ဂျန်ဟာ ခန်းဝင် ပစ္စည်းဖိုး ပေးရတဲ့ ကိစ္စကို ဆန့်ကျင်ဖို့ အွန်လိုင်းကနေ လှုပ်ရှား ဆောင်ရွက်နေပါတယ်။ ဘိုပါးလ် မြို့က ရဲတပ်ဖွဲ့အကြီးအကဲနဲ့လည်း တွေ့ဆုံခဲ့ပြီး မင်္ဂလာဆောင် တွေကို ဝင်ရောက် စစ်ဆေးဖို့နဲ့ ခန်းဝင် ပစ္စည်းပေးရတဲ့ မင်္ဂလာဆောင်တွေကို အရေးယူပေး ဖို့ တောင်းဆိုထားပါတယ်။

ဥပဒေအရ အပြစ်ပေး အရေးယူခြင်းက တဆင့် လူတွေစိုးရိမ်ပြီး ခန်းဝင်ပစ္စည်း တင်တောင်းရတဲ့ အလေ့အထကို အဆုံးသတ် နိုင်လိမ့်မယ်လို့လည်း သူက ယူဆနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ ဒီကိစ္စကို ရဲတပ်ဖွဲ့အကြီးအကဲထံ တင်ပြခဲ့ပါတယ်။

ဘိုပါးလ် ရဲတပ်ဖွဲ့အကြီးအကဲ ချာရီ မီရှရာ နဲ့ ဂမ်ဂျန်တို့ မကြာခင်ကမှ တွေ့ဆုံခဲ့ကြပြီး ခန်းဝင် ပစ္စည်း တင်တောင်းနေရတဲ့ ကိစ္စကို တိုက်ဖျက်ဖို့ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

ဒီကိစ္စဟာ လူမှုအသိုင်းအဝိုင်းရဲ့ ဆိုးကျိုးတစ်ခုဖြစ်ပြီး၊ ဒါကို အဆုံးသတ်ဖို့ သူ့အနေနဲ့ အလေးထား ကြောင်း။ ခန်းဝင်ပစ္စည်းပေးဖို့ ချည်းကပ် ခံရတဲ့ အမျိုးသမီးတိုင်းကို အကူအညီ ပေးဖို့ ရဲစခန်း တွေကို ညွှန်ကြားထားတယ်လို့ မစ္စတာ မီရှရာက ဆိုပါတယ်။

ဒါပေမဲ့လည်း ရဲတပ်ဖွဲ့မှာ အကန့်အသတ်ရှိနေပါတယ်။ သူတို့က နေရာတိုင်းကို မရောက်နိုင်တဲ့ အတွက် လူတွေရဲ့ အတွေးအခေါ်ကို ပြောင်းလဲပေးဖို့ အသိပညာပေး လုပ်ငန်းတွေ အများကြီး လုပ်ဖို့လိုကြောင်း အမျိုးသမီးအခွင့်အရေး တောင်းဆို လှုပ်ရှားနေသူ မစ္စ ကာဗီတာ ဆရီဗက်စတာဗာ က ပြောဆိုပါတယ်။

ရဲတပ်ဖွဲ့က အကူအညီပေးနိုင်ပေမဲ့ ဒါဟာ ကျယ်ပြန့်တဲ့ လူမှုအသိုင်းအဝိုင်းက စွဲလန်းနေတဲ့ ကိစ္စ တစ်ခု ဖြစ်တယ်လို့လည်း ပြောပါတယ်။

အိန္ဒိယဟာ ရဲထိန်းချုပ်တဲ့ နိုင်ငံမဟုတ်ပေမဲ့လည်း ခန်းဝင် ပစ္စည်းတင်တောင်းရတဲ့ ကိစ္စကို တားမြစ်ချက် ရှိထားပြီးသား ဖြစ်တဲ့ အတွက် ဥပဒေကို ပိုမိုကောင်းမွန်စွာ အကောင်အထည် ဖော်ဖို့ လိုနေတယ်လို့ သူက ပြောဆိုပါတယ်။

လောဘကြီးတဲ့ သတို့သားလောင်းရဲ့ မိသားစုဝင်တွေကို ခန်းဝင် ပစ္စည်းဖိုးပေးရတာက တစ်ကြိမ်တစ်ခါတည်း မဟုတ်တဲ့အပြင် မကြာခဏ တောင်းဆိုမှုတွေ ဆက်ရှိနေတာဖြစ်ပါတယ်။ တခါတရံမှာ ချမ်းသာချင်တဲ့ မိသားစုတွေ အတွက် ဝင်ငွေ အလွယ်ရနေတဲ့ ကိစ္စတစ်ခုလို တောင် ဖြစ်နေတယ်လို့ မစ္စ ဆရီဗက်စတာဗာ ဆိုပါတယ်။

အိန္ဒိယမှာ အိမ်တွင်းအကြမ်းဖက်မှုနှုန်းတွေ မြင့်မားနေတာနဲ့ တချို့အိမ်ထောင်တွေ ဆိုရင် ခန်းဝင်ပစ္စည်း ဖိုးမပေးနိုင်တော့တဲ့ အတွက် ယောက်ျားက မိန်းမကို အိမ်ကနေ နှင်ချတဲ့ အဖြစ်အပျက် တွေအများကြီးရှိနေပါတယ်။

ဒါကြောင့် ခန်းဝင်ပစ္စည်း တင်တောင်းရတဲ့ ကိစ္စကို လူငယ် အမျိုးသား၊ အမျိုးသမီးတွေက စတင်ပြီး ငြင်းဆန်တဲ့ အလေ့အထရှိဖို့ကောင်းတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောဆို ပါတယ်။

ဂမ်ဂျန်ကတော့ သူ့အနေနဲ့ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိနေဆဲလို့ ဆိုပါတယ်။ တစ်ကိုယ်တည်း အထီးကျန် အဖြစ်မျိုးရောက်မှာ မလိုလားပေမဲ့လည်း သူ့အနေနဲ့ တောင်းရမ်းယူဖို့ ကိစ္စကိုတော့ မစဉ်းစားဘူးလို့ ဆိုပါတယ်။

သူတို့ မိသားစု ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ဥတာ ပရာဒက်စ် ပြည်နယ်က အီတဝါရွာမှာ အသက် ၂၅ နှစ်အရွယ် မိန်းမပျိုတစ်ယောက်ဟာ အိမ်ထောင်ပြုဖို့ အသက်ကြီးနေပြီဆိုပြီး ယူဆ ထားကြပါတယ်။

ဒါကြောင့် သူ့အဖေဟာ သူ့အတွက် အိမ်ထောင်ဖက်ရှာတွေဖို့ အစဉ်တစိုက် ကြိုးစား ရှာဖွေနေပါတယ်။ သတင်းစာ ကြော်ငြာတွေကနေ ရှာနေသလို၊ ဆွေမျိုးတွေက တဆင့် ဂမ်ဂျန် အတွက် သင့်တော်တဲ့ အိမ်ထောင်ဖက် ရှာပေးဖို့ မေးမြန်းပြောဆိုမှုတွေ လုပ်နေဆဲပါ။

အမျိုးဇာတ် တူတဲ့ လူအချင်းချင်းကြားမှာ သားသမီးတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ဝေမျှ ကြတဲ့ WhatsApp ဂရုထဲမှာလည်း သူက ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

အိန္ဒိယမှာ ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲ တစ်ခုရဲ့ ကုန်ကျစားရိတ်က ရူပီး ၅ သန်းလောက် ရှိပါတယ်။ ဂမ်ဂျန်ရဲ့ ဖခင်ကတော့ သူ့သမီး အတွက် အဲဒီ ထက်ဝက်လောက်ပဲ တတ်နိုင်ရှာပါတယ်။

တင်တောင်းရတဲ့ ငွေကြေးမပေးရမှသာ လက်ထပ်မယ်လို့ ဆိုထားတဲ့ အတွက် ဂမ်ဂျန်ရဲ့ မိဘတွေဟာ သမီးကို မင်္ဂလာဆောင်ပေးဖို့ အခက်တွေနေ့ကြပါတယ်။ ခန်းဝင် ပစ္စည်းဖိုး မပေးဘူးဆိုရင် နှစ်၆၀ ရှာရင်တောင် သတို့သား ရှာလို့ မတွေ့နိုင်ဘူးဆိုပြီး ပြောဆိုနေကြပါတယ်။