တရုတ်ကြားဝင်မှု၊ လားရှိုးအပြောင်းအလဲနဲ့ PDF တွေအပေါ်ဖိအား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုးကန့်နဲ့ စစ်ကောင်စီကြား သေနတ်တစ်ချက်မဖောက်လိုက်ရဘဲ အုပ်ချုပ်သူအပြောင်းအလဲဖြစ်စေခဲ့တဲ့ တရုတ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာစစ်ပွဲတွေရပ်ဖို့ ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်လို့ ထုတ်ပြောပါတယ်။

"တရုတ်စောင့်ကြည့်ရေးအဖွဲ့လည်း လားရှိုးမြို့ပေါ်ရှိနေတဲ့အတွက် စစ်ကောင်စီက ကိုးကန့်နဲ့ တိုက်ပွဲပြန် မဖြစ်လာနိုင်သေးဘူး" လို့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ၊ CDM ဗိုလ်မှူး ကိုနောင်ရိုးက ပြောပါတယ်။

ဒီတော့ ကိုးကန့်တပ် (MNDAA)အတွက် ကာစစ်ပြင်ဆင်ခဲ့တဲ့ စစ်ကောင်စီစစ်အင်အားတွေဟာ တအာင်းတပ်(TNLA)ဆီ ထိုးစစ်အဖြစ် ပြန်လာနိုင်တယ်လို့ ထောက်ပြကြပါတယ်။

ဒါကြောင့် TNLA ရင်ဆိုင်လာရတဲ့စစ်ကောင်စီရဲ့ စစ်ရေး ဖိအား၊ တရုတ်ရဲ့ အပစ်ရပ်ခေါ်သံတွေဟာ သူ့ရဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ် အသီးသီးအပေါ် သွယ်ဝိုက်သက်ရောက်မှုတွေ ပိုတိုးလာပါတယ်။

ကိုးကန့်နဲ့ နွေဦးတော်လှန်ရေးတပ်တွေ လမ်းခွဲ

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးက ဆုတ်ခွာခဲ့ရတယ်လို့ ကိုးကန့်တပ်က ဧပြီ ၂၆ ရက်မှာ ထုတ်ပြောပါတယ်။ ကိုးကန့်တပ် အာဘော် The Kokang သတင်းက တဆင့်ဖော်ပြခဲ့တာပါ။

လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်တဲ့ရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်တပ်ဘက်က ဒီလို ထုတ်ပြောလာတာဖြစ်ပါတယ်။

တရုတ်အကူအညီရယူထားတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၂ ရက်မှာ မျက်စိတဆုံးမြင်တွေ့ရတဲ့ စစ်ယာဉ်တန်းနဲ့ မြို့ထဲကို ပြန်လည်နေရာယူခဲ့ပါတယ်။

"လားရှိုးမြို့ကို ချောချောမွေ့မွေ့ ပြန်လည်လွှဲပြောင်းပေးရေးအပါအဝင် ကိုးကန့်နဲ့ စစ်ကောင်စီကြားက အပစ်ရပ်အခြေအနေကို စောင့်ကြည့်ဖို့အတွက် အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Guo Jiakun က ဆိုပါတယ်။

တရုတ် ကြားဝင်ညှိနှိုင်းတဲ့ လားရှိုးအုပ်ချုပ်သူအပြောင်းအလဲကြောင့် တော်လှန်ရေးလှုပ်ရှားသူ၊ ထောက်ခံသူတွေဟာ ဒီမြို့သိမ်းတိုက်ပွဲအတွင်း ကိုးကန့်တပ်(MNDAA)နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ပါဝင်မှုအကြောင်း ပြန်ပြောင်းပြောလာကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုးကန့်တပ်ရဲ့ လားရှိုးမြို့ သိမ်းတိုက်ပွဲမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့တော်လှန်ရေးတပ်တွေဘက်က တပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ပါဝင်ခဲ့တဲ့အဖွဲ့အစည်းတွေဘက်ကတော့ အရေအတွက် အတိအကျ မကြေညာခဲ့ကြပါဘူး။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှာ လားရှိုးမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ PDF တွေအပါအဝင် တပ်မဟာ ၆၁၁ ရဲ့ စွမ်းဆောင်ရည်တွေက အခရာကျခဲ့တာကိုတော့ စစ်ရေးဖြစ်စဉ်တွေအရ တွေ့မြင်ရပါတယ်။

တပ်မဟာ ၆၁၁ ကို ကိုးကန့်တပ်က လေ့ကျင့် စုဖွဲ့ပေးခဲ့ပြီး ပထမနှစ်ပတ်လည်မှာ အင်အား တစ်ထောင်ကျော် သင်တန်းဆင်းခဲ့ပါတယ်။

ဒီတပ်မဟာမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ၊ ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) အပါအဝင်ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ ပါဝင်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်စွမ်းရည်ပြခဲ့တဲ့ တပ်မဟာ ၆၁၁ ဘယ်ရောက်သွားသလဲဆိုတဲ့မေးခွန်းဟာ လားရှိုးမြို့ အုပ်ချုပ်သူအပြောင်းအလဲနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။

"အရင်လို တစုတစည်းတည်း မရှိတော့ဘူး။ ကိုယ့်ဒေသကို ပြန်ကြတယ်" လို့ တပ်မဟာ ၆၁၁ မှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ‌ရဲဘော်နီနီကျော်က ပြောပါတယ်။

လားရှိုးမြို့ကို အတူတကွသိမ်းပိုက်ကာ တိုင်းစစ်ဌာနချုပ်ကို ပထမဆုံးအရယူနိုင်တဲ့သမိုင်းဝင်ခဲ့ပေမဲ့ တရုတ်ရဲ့ အမျက်ထွက်မှုနဲ့ရင်ဆိုင်ခဲ့ရတာဟာ ဒီအခင်းအကျင်းအစပျိုးစေပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ပေါက်ကြားခဲ့တဲ့ "ပူအယ်အစည်းအဝေးမှတ်တမ်း" က ဒါကို သက်သေထူခဲ့ပါတယ်။

NUG/PDF နဲ့ ပူးပေါင်းပြီး လားရှိုးကို သိမ်းတာဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို မြန်မာ့အရေးမှာ ကြားဝင်နှောင့်ယှက်ဖို့ အခွင့်အရေးပေးလိုက်တာနဲ့အတူတူပဲလို့ တရုတ်က ရှုမြင်တာကြောင့်ပါ။

NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝလုပ်မှာမဟုတ်ဘူးဆိုတဲ့ ကြေညာချက်ကို ကိုးကန့်က ထုတ်သလို၊ တပ်မဟာ ၆၁၁ မှာ ပါဝင်ခဲ့တဲ့တပ်တွေရဲ့ ရှမ်းမြောက် ကိုးကန့်မြေကနေ စွန့်ခွာခန်းတွေပါ ဆက်တိုက်ဖြစ်ပျက်ခဲ့ပါတယ်။

ဒါဟာ ကိုးကန့်တပ်ရင်ဆိုင်ရတဲ့ တရုတ်ဖိအားကို နွေဦးတော်လှန်ရေးတပ်တွေလည်း သွယ်ဝိုက်ခံစားမှု ဖြစ်စေခဲ့တာပါ။

လျှပ်စစ်ဖြတ်၊ ရေဖြတ်၊ အင်တာနက်ဖြတ်၊ ထောက်ပို့ဖြတ်နဲ့ လူအင်အားဖြတ်ဆိုတဲ့ ဖြတ်ငါးဖြတ်ကို တရုတ်က ကိုးကန့်တပ်အပေါ် ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

"၂၀၂၄ အောက်တိုဘာပေါ့။ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ကတည်းက ကျွန်မတို့နဲ့ ကိုးကန့်တပ်ကြား တိုက်ရိုက်ဆက်ဆံရေး မရှိတာကြာပြီ" လို့ ရဲဘော်နီနီကျော်က ဆက်ပြောပါတယ်။

သက်ဆိုင်ရာဒေသတွေဆီပြန်ခဲ့ကြတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ကတော့ လားရှိုးအခင်းအကျင်းနဲ့ပတ်သက်လို့ ဘီဘီစီကိုဖြေကြားဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ကလည်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) လို့အမည်ပြောင်းကာ စစ်ကိုင်းတိုင်းထဲမှာပဲ ပြန်လည်လှုပ်ရှားနေပါတယ်။

PLA ကတော့ မြောက်ပိုင်းညီနောင်အဖွဲ့ဝင် တအာင်းတပ်(TNLA)နဲ့ပူးပေါင်းကာ မန္တလေးတိုင်းစစ် မျက်နှာပြင်မှာ တိုက်ပွဲဝင်နေပါတယ်။

အခုလိုလားရှိုးမြို့သိမ်းခဲ့လို့ ကိုးကန့်မြေက စွန့်ခွာခဲ့ရတဲ့ ဒီတပ်တွေဟာ လားရှိုးမြို့ကို စစ်ကောင်စီတပ်ပြန်ဝင်လာချိန်မှာလည်း တရုတ်ဖိအားကို ထပ်မံသွယ်ဝိုက်ရင်ဆိုင်ကြရပြန်ပါပြီ။

လားရှိုးအုပ်ချုပ်သူ အပြောင်းအလဲအလွန် အခင်းအကျင်း

တရုတ်ကတော့ နောက်တစ်ဆင့်အနေနဲ့ သူ ကမကထဆောင်ရွက်ခဲ့တဲ့ ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင်ဆက်လုပ်ဖို့ ရှိနေပါတယ်။

မြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်ဖို့ ဆွေးနွေးပွဲတွေကို လုပ်ဆောင်သွားမှာဖြစ်သလို မြန်မာနိုင်ငံက ဘက်အသီးသီးနဲ့အတူ တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း တရားဝင်ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် မစ္စတာတိန့်ရွှီကျင်းပါ လားရှိုးမြို့ကို ရောက်ခဲ့တာကြောင့် ကိုးကန့်တပ်နဲ့ စစ်ကောင်စီကြားက စစ်ရေးအခန်းကဏ္ဍ တစ်ခန်းရပ်ပြီလို့ ဆိုကြပါတယ်။

"မြားဦးက TNLA ကို ဖိအားပေးဖို့ ဖြစ်လာပြီ" လို့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

ဒီလေ့လာရေးအဖွဲ့ဟာ CDM ပါဝင်လာတဲ့ စစ်သားတွေက ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး တာဝန်ခံ ကိုနောင်ရိုးကတော့ ဗိုလ်မှူး တာဝန်ထမ်းဆောင်ခဲ့သူပါ။

တရုတ်ရဲ့ ဖိအားကိုရင်ဆိုင်နေရတဲ့အကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လကလည်း မေ ၄ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အကျယ်တဝင့် ဖြေကြားသွားခဲ့ ပါတယ်။

ကိုးကန့်တပ်(MNDAA) ထိန်းချုပ်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီပြန်လည်နေရာယူတာဟာ တအာင်းတပ်(TNLA)အပေါ်မှာပါ သက်ရောက်မှုရှိနေပြီလို့ ဆိုပါတယ်။

"ထိခိုက်မှုတွေ စရှိနေပါပြီ။ လားရှိုးမြို့ကို ကျွန်တော်တို့ဆီက လူထုတွေ သွားလာစားသောက်ဖို့ ကန့်သတ်ခံရတာတွေ အများကြီး ကြားသိနေရပြီ၊ မြင်နေရပြီ" လို့ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

စစ်ရေးအရလည်း စစ်ကောင်စီတပ်ဟာ လားရှိုးမြို့မှာ ထောက်ပို့ရေးအတွက် စစ်လက်နက်၊ ရိက္ခာပိုင်းဆိုင်ရာအစုံကို အခိုင်အမာအခြေချနိုင်တယ်လို့လည်း ယူဆသူတွေ ရှိနေပါတယ်။

ဒါဟာ ကိုးကန့်တပ်(MNDAA)အတွက် ကာစစ်ပြင်ဆင်ခဲ့တဲ့ စစ်ကောင်စီစစ်အင်အားတွေဟာ တအာင်းတပ်(TNLA)ဆီ ထိုးစစ်အင်အားဖြစ်လာနိုင်တဲ့အခြေအနေပါ။

လားရှိုးမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ချိန်ကတည်းက စစ်ကောင်စီဟာ စစ်ဗျူဟာရုံး ရှိတဲ့မိုင်းရယ်မြို့မှာ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်အဖြစ် စစ်အင်အားတွေ ဖြည့်တင်းခဲ့တယ်လို့ ဘီဘီစီရဲ့စစ်ရေးအရင်းအမြစ်တွေဆီက သိခဲ့ရပါတယ်။

နန့်လန်၊ နောင်ချို-တောင်ခမ်း၊ ပြင်ဦးလွင် - ဘန့်ဘွေးတို့မှာလည်း ကာစစ်အဖြစ် စစ်အင်အားတွေဖြည့်ခဲ့တာပါ။

"အခုတော့ ကိုးကန့်တပ်အတွက် စစ်ရေးဖိအားမရှိတော့ဘဲ စစ်ကောင်စီက တအာင်းတပ်ကို ဒီအင်အားနဲ့ တန်ပြန်ထိုးစစ် ဆင်နိုင်တယ်" လို့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပါတယ်။

မြေပြင်အခင်းအကျင်းအရဆိုရင် လားရှိုးမြို့ရဲ့ အရှေ့ဘက်တကြော တနည်းအားဖြင့် ရှမ်းအရှေ့ဒေသအများပြားဟာ စစ်ကောင်စီတပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲပါ။

ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေအတွင်း တအာင်းတပ် (TNLA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်ကောင်စီတပ်က မျဉ်းပြိုင်သဖွယ်မြေပြင်နေရာယူကာ ထိုးစစ်ဆင်လာနိုင်တယ်လို့ သုံးသပ်နေကြတာပါ။

မျဉ်းပြိုင်ဆိုတာက TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ ကျောက်မဲ၊ နောင်ချိုတို့ကို စစ်ကောင်စီအင်အားထောင် ချီနေရာယူထားတဲ့ နမ့်ပေါင်၊ တန့်ယန်း၊ မိုင်းရယ်၊ နမ့်လန်တို့ကနေ စစ်ရေးဖိအားပေးလာနိုင်တယ်လို့ ဆိုလိုတာပါ။

စစ်တပ်ဟာ ပူပူနွေးနွေးပြန်လည်နေရာယူထားတဲ့ ရှမ်းမြောက်၊ လားရှိုးမြို့နဲ့ မန္တလေး ပြင်ဦးလွင်မြို့တွေကနေလည်း TNLA ကို အထက်‌အောက် နှစ်ဖက်ညပ်ကာ ဖိအားပေးနိုင်တယ်လို့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

ဒီနှစ်မြို့ဟာ TNLA ထိန်းချုပ်နယ်မြေ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့တွေနဲ့ အထက်အောက်တည်ရှိနေပါတယ်။

အဲဒီနေရာတွေမှာ TNLA တပ်နဲ့အတူလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF)နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) တို့မှာပါ ဖိအားသက်ရောက်မှုတွေရှိလာပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင် ဓနုတပ်(DPLF)က လှုပ်ရှားခဲ့တဲ့ ရပ်စောက် - ကျောက်ဂူ တကြောကိုရော၊ TNLA ဦးစီး တိုက်ခိုက်နေတဲ့ တောင်ခမ်းတပ်နယ်က နေရာအများစုကိုပါ စစ်ကောင်စီတပ်တွေက ပြန်လည်နေရာယူထားပါပြီ။

မန္တလေးတိုင်းကို ဖိအားပေးလာတဲ့ စစ်ကောင်စီ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ထဲမှာ ပြင်ဦးလွင်အပြင် မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေလည်း ဆက်စပ်ပြီးရှိနေပါတယ်။ ပြင်ဦးလွင်ကလွဲလို့ ကျန်တဲ့မြို့နယ်အများစုဟာ TNLA တပ်နဲ့ NUG ရဲ့ ထိန်းချုပ် လှုပ်ရှား အုပ်ချုပ်မှုအောက်မှာ ရှိနေပါတယ်။

TNLA ဟာ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့အထိ စစ်ရေးရည်ရွယ်ထားတယ်လို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ "တရုတ်အကူအညီကို အသိအမှတ်ပြုကာ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်းအသင့်ရှိနေတယ်" လို့ TNLA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှာ တရားဝင်ကြေညာပြီး ရုတ်တရက်ထိုးစစ် ရပ်တန့်သွားခဲ့တာပါ။

ဒီအခင်းအကျင်းကြားမှာ စစ်ကောင်စီကတော့ မြေပြင်ရော ဝေဟင်ကပါ စစ်ရေးအရှိန်မြှင့်ခဲ့ပါတယ်။

TNLA နဲ့ PLA တပ်တွေပူးပေါင်းနေရာယူခဲ့တဲ့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာကို အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၃ တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက ၁၃)က တပ်ဖွဲ့ဝင်တွေက တန်ပြန် ထိုးစစ်ဆင်လို့ ဆုတ်ခွာပေးခဲ့ရပါတယ်။

MDY PDF နဲ့ NUG တို့ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်း၊ စဉ့်ကူးတို့ကိုတော့ လေကြောင်းနဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့ကာ လူဒါဇင်ချီသေဆုံးခဲ့တဲ့ လိပ်ကျနဲ့ ရေထွက်ရွာဖြစ်စဉ်တွေက ထင်ရှားပါတယ်။

"စစ်ခရာသံတွေမှုတ်၊ ဒရုန်းတွေကြဲ၊ လေယာဉ်တွေဝဲပြီး စစ်ကြောင်းတွေ တက်လာတယ်" လို့ ဒီရက်ပိုင်း ပြင်ဦးလွင်ခရိုင်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။

လူရော လက်နက်အင်အားပါ ဖြည့်တင်းလာတဲ့ဒီစစ်ကြောင်းတွေနဲ့ ထိတွေ့မှုတွေမှာ တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်အကျအဆုံးတွေရှိနေတယ်လို့ စစ်ရေးအရင်းအမြစ်တွေအရ သိရပေမဲ့ တရားဝင် ထုတ်ပြောတာမျိုး မတွေ့ရသေးပါဘူး။

ဒါဟာ တရုတ်ဖိအား၊ မဟာမိတ်တွေရဲ့ စစ်ရေးရပ်နားမှုတွေကြားမှာ စစ်ကောင်စီက တဆင့်ချင်း တိုးလာနိုင်တယ်လို့ သုံးသပ်မှုလည်းရှိပါတယ်။

"ခေါင်းလေး ဝင်ပါရစေဦး၊ လက်လေးထည့် ပါရစေဦးနဲ့ နောက်ဆုံးကျ ပိုင်ရှင်ကအပြင် ရောက်သွားတဲ့ (ကုလားအုတ်ပုံပြင်)လိုမျိုး စစ်ကောင်စီက ခေါင်းဝင် ကိုယ်ဆန့် ဗျူဟာ သုံးပြီး လုပ်လာမှာပါ" လို့ NUG ရဲ့ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒုတိယတာဝန်ခံ ကိုဒေးဗစ်က ရှင်းပြပါတယ်။

စစ်ကောင်စီက ဆုံးရှုံးနယ်မြေတွေ ပြန်လည်ရယူဖို့ ကြိုးစားလာနိုင်တာကြောင့် တော်လှန်ရေးတပ်တွေဟာ စိုးမိုးဒေသတွေကို ကာကွယ်နိုင်ဖို့၊ အတူတကွ တိုက်ပွဲဝင်နိုင်ဖို့ လေ့ကျင့်ပြင်ဆင်ရမယ့်အချိန်လို့ သူက ဆိုပါတယ်။

လက်ရှိအခင်းအကျင်းဟာ စစ်ရေးထက် နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုကို ပြသရမယ့်အချိန်လို့ ရှုမြင်မှုလည်း ရှိနေပြန်ပါတယ်။

"တရုတ်ရဲ့ဖိအား‌အောက်မှာ ကျွန်တော်တို့ နှစ်ခုလုပ်ရမယ်။ မဟာမိတ်အချင်းချင်းတွေကြားမှာ ဒီထက်ပိုပြီး ညီညွတ်ဖို့ လိုမယ်။ တရုတ်က မြန်မာအနေအထားကို သိအောင်ရှင်းပြရမယ်" လို့ TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။

တရုတ် ဖိအားကြားက တော်လှန်ရေးတပ်တွေ

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက်တုန်းက စစ်ကောင်စီနဲ့ TNLA ကြားဆွေးနွေးပွဲကလည်း သဘောတူညီချက်မရဘဲ သြဂုတ်လကို ထပ်မံချိန်းဆိုခဲ့ကြပါတယ်။

ဒါဟာ ဆွေးနွေးပွဲတွေ ဆက်ရှိနေမယ့်သဘောဖြစ်တာကြောင့် တရုတ်ကြားဝင်လို့ နယ်မြေပိုင်းဖြတ်မှုနဲ့ ပတ်သက်လို့ တိကျတဲ့သတ်မှတ်ချက်ရှိခဲ့တယ်ဆိုရင် TNLA နဲ့ လက်တွဲနေတဲ့ NUG/ PDF နဲ့ဘယ်လို ဆက်ဆံရေးဆက်ရှိမလဲလို့ TNLA ကို ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

"မဟာမိတ်တွေနဲ့က တစ်နိုင်ငံလုံးပြုပြင်သွားဖို့ ဆက်လက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ သွားရမယ်။ ညီညီညွတ်ညွတ်နဲ့ လက်တွဲသွားမယ်" လို့ TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လ က မေ ၄ ရက်သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ဖြေပါတယ်။

ဒါအပြင် TNLA ဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် အဆုံးသတ်တိုက်ပွဲဆက်ဝင်မှာဖြစ်ပြီး ပြည်သူနဲ့အတူ ဆောင်ရွက်မယ်လို့ သဘောထားထုတ်ပြောလာတာပါ။

ကိုးကန့်တပ်ဦးဆောင်တဲ့ တပ်မဟာ ၆၁၁ မှာပါဝင်ခဲ့တဲ့အပြင် လက်ရှိစစ်ကိုင်းတိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ဦးဆောင်သူ ဗိုလ်နဂါးကတော့ ''နိုင်ငံရေးမှာပုံသေတွက် ထားလို့မရဘူး'' လို့ မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံရေးမှာ တရုတ်ပါဝင်မှုကို အလေးအနက်စဉ်းစားပြီး သံတမန်ရေး၊ နိုင်ငံရေးအရဆောင်ရွက်ချိန် တန်နေပြီလို့ ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ တော်လှန်ရေးတပ် ဦးဆောင်သူတချို့က ဆိုကြပါတယ်။

"လူထုထောက်ခံမှုအားကောင်းတဲ့ NUG၊ NUCC တို့က အရေးကြီးပါတယ်။ နိုင်ငံရေးလမ်းကြောင်းကို သေချာလုပ်စေချင်တယ်" လို့ PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။

မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ကတော့ လက်ရှိအခင်းအကျင်းနဲ့ပတ်သက်လို့ အချက် ၃ ချက်နဲ့ ထောက်ပြပါတယ်။

  • ပထမအချက်က နိုင်ငံတကာနဲ့သံတမန်ရေးအရ ထိတွေ့ဆက်ဆံနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေကို ကိုယ်စားပြုတဲ့နိုင်ငံရေးတပ်ပေါင်းစုလုပ်ဖို့ လိုအပ်ချက်၊
  • ဒုတိယအချက်က တရုတ်အ‌ပေါ် မှီခိုရမှုကို လျှော့ချဖို့၊
  • တတိယအချက်က ဘက်အသီးသီးရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့ ထောက်ပို့ရေးလမ်းကြောင်းသစ် ဖန်တီးရေးတို့ ဖြစ်ပါတယ်။

တရုတ်နဲ့ ဆက်ဆံမှုကင်းတဲ့နယ်မြေတွေကို အသုံးချပြီးတော့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို ချဲ့ထွင်ဖို့ စဥ်းစားချက်တွေလည်း ရှိနေကြတာ တွေ့ရပါတယ်။

"PDF တွေအပေါ်ဖိအားက တိုက်ရိုက် မရှိနိုင်ဘူး။ တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို အပြင်းအထန် ဖိအားပေးမယ်။ စစ်ကောင်စီကို အထောက်အပံ့ပေးမယ်"

"ရှေ့ကိုသွားမယ့်အရွေ့မှာ သွယ်ဝိုက် ဖိအားရှိနိုင်လို့ တန်ပြန်အနေနဲ့ ဒီအချက်တွေကို ဆောင်ရွက်ထား နိုင်ဖို့လိုတယ်" လို့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

တနည်းအားဖြင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက ကိုးကန့်တပ် (MNDAA)နဲ့ တအာင်းတပ်(TNLA) တွေနဲ့ မဟာမိတ်ဆက်ဆံရေးအပေါ် မှီတည်တာထက် ပြည်မလို့ခေါ်တဲ့ မြေပြန့်ဒေသက အစုအဖွဲ့တွေမှာ စစ်ရေး၊ နိုင်ငံရေးဆောင်ရွက်မှုတွေ မူတည်နေတယ်လို့ ဆိုကြတာပါ။

"မြောက်ပိုင်းအခန်းကဏ္ဍက ပြီးဆုံးခါနီးပြီ" လို့ ကိုနောင်ရိုးက သူ့တွေ့ရှိချက်နဲ့ သုံးသပ်ပါတယ်။

မြန်မာ့ပြည်တွင်းစစ်မှာ တရုတ်ရဲ့ပါဝင်မှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ရှေ့ရောက်လာနေပြီဆိုတဲ့ ပြောဆိုချက်တွေဟာ လားရှိုးအုပ်ချုပ်သူ အပြောင်းအလဲပြီးတဲ့နောက် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေအပေါ်ရော တရုတ်ဖိအားသက်ရောက်မှုရှိနေပြီလားဆိုတာနဲ့ပတ်သက်လို့ MDY PDF ကိုရော၊ NUG ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ဘီဘီစီက မေးမြန်းဖို့ကြိုးစားနေပေမဲ့ တစုံတရာအကြောင်း ပြန်လာတာ မရှိသေးပါဘူး။

တရုတ်ကတော့ မြန်မာနိုင်ငံဆိုင်ရာဆက်စပ်အဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့တောင်းဆိုချက်အရ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တက်တက်ကြွကြွပံ့ပိုးကူညီနေတာလို့ ထုတ်ပြောပြီး စစ်ကောင်စီကတော့ မေ ၄ ရက်အထိ အသံတိတ်နေဆဲဖြစ်ပါတယ်။