အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခမှာ တရုတ်ကအနိုင်ရသူလား

ပါကစ္စတန် သမ္မတ ရှဘက် ရှာရစ်ဖ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တရုတ် နဲ့ ပါကစ္စတန် အလံရှေ့မှာ မတ်တပ်ရပ်ပြီး ပြုံးပြ လက်ဆွဲ နှုတ်ဆက်နေကြတဲ့ပုံပါ

ဓာတ်ပုံ ရင်းမြစ်, X/Shehbaz Sharif

ဓာတ်ပုံ ပုံစာ, ပါကစ္စတန်ဟာ တရုတ်ထုတ် စစ်လေယာဉ်တွေကို မကြာသေးခင်တုန်းက ထိပ်တိုက်တွေ့မှုတွေမှာ အသုံးပြုခဲ့ပါတယ်
  • ရေးသားသူ, အန်ဘာရာဆန် အီသီရာဂျန်
  • ရာထူးတာဝန်, တောင်အာရှဆိုင်ရာ အယ်ဒီတာ

အိမ်နီးချင်းပြိုင်ဘက်တွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား အခုလ အစောပိုင်းတုန်းက ဖြစ်ခဲ့တဲ့ ၄ ရက်ကြာပဋိပက္ခဟာ အပစ်ရပ်မှုနဲ့အတူ အဆုံးသတ်ခဲ့ပေမဲ့ နှစ်ဖက်စလုံးကတော့ သူတို့ နိုင်ကြတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားစရာ အောင်နိုင်သူက တရုတ်ရဲ့ကာကွယ်ရေးလုပ်ငန်းဖြစ်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။

မေလ ၇ ရက်နေ့ကဖြစ်ခဲ့တဲ့ နောက်ဆုံးရန်စဟာ အိန္ဒိယက ပါကစ္စတန်နိုင်ငံထဲက ''အကြမ်းဖက်အခြေချနေရာ'' တွေကို တိုက်ခိုက်တာတွေ လုပ်ရာကနေ စတင်ပါတယ်။ ဧပြီလ ၂၂ ရက်တုန်းက ဖာဟယ်ဂမ်မြို့မှာ စစ်သွေးကြွတွေတိုက်ခိုက်လို့ ခရီးသွားအများစုပါ၀င်တဲ့ လူ ၂၆ ဦး တိုက်ခိုက် သတ်ဖြတ်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းက သဘာဝလှလို့ ခရီးသွားတွေကြားနာမည်ကျော်တဲ့အဲဒီအရပ်မှာ ဒီလူအများစုဟာ မိသားစုဝင်တွေ မျက်စိရှေ့တင် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒေလီကတော့ အစ္စလာမာဘတ်ဟာ အဲဒီသတ်ဖြတ်မှုမှာ စစ်သွေးကြွအဖွဲ့တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပါတယ်။ ပါကစ္စတန်ဘက်ကတော့ ငြင်းဆိုပါတယ်။

ဆင်ဒူး စစ်ဆင်ရေးလို့အမည်တည်ပြီး စစ်ရေးတိုက်ခိုက်မှုကို အိန္ဒိယဘက်က တိုက်ခိုက်မှုလုပ်ခဲ့ ပြီးနောက်မှာတော့ နှစ်နိုင်ငံလုံးဘက်က အပြန်အလှန် ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒရုန်းတွေ၊ ဒုံးကျည်တွေအပြင် တိုက်လေယာဥ်တွေနဲ့ တိုက်ခိုက်တာမျိုးတွေ ပါဝင်ခဲ့ပါတယ်။

အိန္ဒိယဟာ ပြင်သစ်နဲ့ ရုရှားလုပ် တိုက်လေယာဥ်တွေကို သုံးခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး ပါကစ္စတန်ကတော့ တရုတ်နဲ့ ပေါင်းထုတ်တဲ့ J-10 နဲ့ J-17 တို့လို တိုက်လေယာဥ်တွေ သုံးခဲ့ပါတယ်။ နှစ်ဖက်စလုံးကတော့ သူတို့ရဲ့တိုက်လေယဉ်တွေဟာ နယ်စပ်ကို ဖြတ်ခဲ့ကြတာမျိုးမဟုတ်ဘဲ အကွာအဝေးတစ်ခုကနေ တစ်ဖက်နဲ့ တစ်ဖက်ကို ဒုံးကျည်တွေ ပစ်ခဲ့ကြတာလို့ ဆိုပါတယ်။

ပါကစ္စတန်ကတော့ အိန္ဒိယက အသစ်ရထားတဲ့ ပြင်သစ်ထုတ် ရာဖဲလ်တိုက်လေယာဉ်တွေ အပါအဝင် အိန္ဒိယ လေတပ် ၆ စင်းထက်မနည်းကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ အိန္ဒိယဘက်ကတော့ ဒီပြောဆိုချက်ကို တုန့်ပြန်တာမျိုးမရှိသေးပါဘူး။

"တိုက်ပွဲမှာ ဆုံးရှုံးမှုတွေကတော့ ရှိမှာပါပဲ'' လို့ အိန္ဒိယ လေတပ်ဗိုလ်ချုပ်ကြီး အေကေ ဘာတီက ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ပြောပါတယ်။ ပါကစ္စတန်ရဲ့ အပြောတွေနဲ့ပတ်သက်ပြီး သတင်းထောက်အမေးကို သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။ အိန္ဒိယလေယာဉ်တွေကို ပစ်ချခဲ့တယ်ဆိုတဲ့အပြောတွေကိုတော့ သူကမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

"‌ရွေးချယ်ထားတဲ့ ရည်မှန်းချက်ပေါက်မြောက် အောင်မြင်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့လေယာဥ်မှူးတွေအားလုံး အိမ်ပြန်လာနိုင်ခဲ့ပါတယ်" လို့သူက ပြောပါတယ်။

ပါကစ္စတန်မှာအခြေစိုက်တဲ့ လက်ချ်ကာ-အီ-တိုင်ဘာ နဲ့ ဂျိုင်ရှ်-အီ-မိုဟာမက် စစ်သွေးကြွ အဆောက်အဦ ရုံးချုပ်တွေကို ပစ်မှတ်ထားခဲ့နိုင်ပြီး အနည်းဆုံး အကြမ်းဖက်သမား ၁၀၀ ကို သုတ်သင်နိုင်ခဲ့တယ်လို့ အိန္ဒိယက ပြောခဲ့ပါတယ်။

လေကြောင်းတိုက်ပွဲအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတဲ့အသေးအစိတ် အချက်အလက်တွေဟာ တဖြည်းဖြည်းနဲ့ ထွက်ပေါ် လာဖို့ ရှိပါတယ်။

အဲဒီလေကြောင်းတိုက်ပွဲဖြစ်တဲ့ အချိန်နဲ့ တူညီတဲ့အချိန်အတွင်း အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနဲ့ ပန်ဂျပ်ပြည်နယ်အတွင်းမှာ လေယာဥ်ပျက်ကျမှုတွေရှိခဲ့တယ်လို့ အချို့မီဒီယာတွေကအစီရင်ခံခဲ့ကြပါတယ်။ အိန္ဒိယအစိုးရက တုန့်ပြန်ထားတာမျိုးမရှိသေးပါဘူး။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်တုန်းက ကိုလ်ကတ္တားမြို့အနောက်ပိုင်း ၁၉၀ ကီလိုမီတာ လောက်မှာ အိန္ဒိယ လေဆပ် အခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ ရာဖဲလ် တိုက်လေယဥ် တစ်စင်းကို မြင်ရတာဖြစ်ပါတညာ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယရဲ့ ရာဖဲလ် တိုက်လေယာဥ် တစ်စင်းကို ပစ်ချခဲ့တယ်လို့ ပါကစ္စတန်ဘက်က ဆိုပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်အရာရှိတွေကိုအပြောကို ကိုးကားဖော်ပြတဲ့ ရိုက်တာသတင်းတစ်ပုဒ်မှာတော့ ပါကစ္စတန်ဟာ အိန္ဒိယတိုက်လေယာဥ်တွေကို လေထဲမှာပဲ ပစ်ခတ်ဖို့ တရုတ်လုပ် J-10 တိုက်လေယာဥ် ကို အသုံးပြုခဲ့ပုံရတယ်လို့ ဖော်ပြခဲ့ပါတယ်။

သူတိုက် ကိုယ်တိုက် တိုက်ပွဲအခြေအနေမှာ တရုတ်ရဲ့လက်နက်စနစ်တွေကို အလွန်အမင်းမှီခိုပြီးနောက်မှာ တိုက်ပွဲအောင်မြင်ပြီလို့ပြောတဲ့ ပါကစ္စတန်ရဲ့ထုတ်ဖော်ပြောဆိုမှုဟာ ဘေကျင်းရဲ့ ကာကွယ်ရေးနယ်ပယ်ကို တစ်ဆင့်တက်စေတဲ့ပြောဆိုမှုလို့ အကဲခတ်တချို့က ရှုမြင်ပါတယ်။

ဒါပေမဲ့ ဒီပြောဆိုချက်ကို သဘောမတူသူတွေလည်း ရှိပါတယ်။

ကျွမ်းကျင်သူအချို့ကတော့ ဒါဟာ တရုတ်လက်နက်ထုတ်လုပ်တဲ့လုပ်ငန်းတွေအတွက် "Deepseek အခိုက်အတန့်" လို့ ရည်ညွှန်းပြောဆိုကြပါတယ်။ Deepseek ဆိုတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကုန်ကျစရိတ်သက်သာပြီးထိရောက်ခဲ့တဲ့ နည်းပညာနဲ့အတူ အမေရိကန်ရဲ့ ဉာဏ်ရည်တုနည်းပညာတွေကို သာလွန်ယှဥ်ပြိုင်နိုင်ခဲ့တဲ့ AI အက်ပလီကေးရှင်းရဲ့ စွမ်းဆောင်ရည်နဲ့ ခိုင်းနှိုင်းပြောဆိုတာဖြစ်ပါတယ်။

"လေကြောင်း တိုက်ပွဲက တရုတ်လက်နက်လုပ်ငန်းအတွက် အကြီးအကျယ် ကြော်ငြာပေးသလိုပါပဲ။ ဒီမတိုင်ခင်အထိ တရုတ်ဟာ တကယ့်လက်တွေ့တိုက်ပွဲမှာ (သူ့ပစ္စည်းတွေကို) လက်တွေ့ စမ်းသပ်ဖို့ အခွင့်အလမ်းမရှိခဲ့ဘူး'' လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ အကြီးတန်းဗိုလ်မှူးကြီးဟောင်း ကျောင်းဘိုက ဘီဘီစီကို ပြောပါတယ်။

ဘေကျင်းအခြေစိုက် အကဲခတ်ဖြစ်တဲ့ ကျောင်းက ၀ေဟင်တိုက်ပွဲရလဒ်က "တရုတ်စနစ်တွေက သူ့ အားသာချက်နဲ့သူ'' ဆိုတာကို ဆိုတာကို ပြသလိုက်တာလို့လည်း သူက ပြောပါတယ်။

အိန္ဒိယ-ပါကစ္စတန် ပဋိ ပက္ခထဲက တိုက်လေယာဥ်တွေရဲ့ စွမ်းပကားတွေကို အစီရင်ခံပြီးနောက် နောက်ဆုံးသီတင်းပတ်မှာပဲ J-10 တို့လို တိုက်လေယာဥ်တွေကို အများအပြားထုတ်လုပ်နေတဲ့ ချန်ဒူးလေယာဥ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ ၄၀ ရာခိုင်နှုန်းအထိ တဟုန်ထိုးတက်သွားခဲ့ပါတယ်။

တဖက်မှာလည်း တရုတ်လက်နက်စနစ်တွေဟာ မြင့်မားသာလွန်တယ်ဆိုတာကို ပြောဖို့ စောနေသေးတယ်လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။

တရုတ်ရဲ့ တိုက်လေယာဥ်တွေဟာ တကယ့်ကို အိန္ဒိယလေတပ်သုံးတဲ့ ရာဖဲလ် တိုက်လေယာဥ်တွေထက် အမှန်တကယ် အားသာမလားဆိုတာ ယတိပြတ်ပြောဖို့ စောနေသေးတယ်လို့ လန်ဒန်မြို့ ကင်းစ် ကောလိပ်က ပါမောက္ခ ဝေါလ်တာ လဒ်ဝှစ်က ပြောပါတယ်။

"တကယ့် အဆင့်အတန်းရှိတဲ့စစ်တပ်တစ်ခုရဲ့မူမှာဆိုရင်တော့ မြေပြင်က ပစ်မှတ်ကို မတိုက်ခင်မှာ ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးကို ဖိမယ်၊ ပြီးရင်တော့ လေကြောင်းမှာ အားသာအောင်လုပ်မယ်။ ဒါပေမဲ့ IAF ရဲ့ စစ်ဆင်ရေးက ပါကစ္စတန်စစ်တပ် လက်တုံ့ပြန်မှုကိုခေါင်းပုတ်တာမျိုး သွားမလုပ်တာကတော့ ရှင်းနေပါတယ်'' လို့ သူက ပြောပါတယ်။

ပါကစ္စတန်က လေကြောင်းကာကွယ်ရေးမှာ အမြင့်ဆုံးတပ်လှန့်သတိပေးမှု ရှိနေချိန်မှာ အိန္ဒိယရဲ့လေယာဥ်မှူးတွေဟာ ပျံသန်းဖို့ လမ်းညွှန်ချက် အပေးခံရပြီးတဲ့အခြေအနေဖြစ်နေတာနဲ့ လေယာဥ်တွေ လေထဲတောင်ရောက်နေတဲ့အခြေအနေမျိုး ဖြစ်နေနိုင်ခဲ့တယ်လို့ မစ္စတာ လဒ်ဝှစ်ကသုံးသပ်ပါတယ်။ အိန္ဒိယလေတပ်ကတော့ သူတို့ရဲ့မစ်ရှင် ဒါမှမဟုတ် လေကြောင်းစစ်ဆင် ရေးဗျူဟာကို အသေးစိတ် ထုတ်တာမျိုးမရှိပါဘူး။

J-10 တိုက်လေယာဥ်ဟာ ရာဖဲလ်တိုက်လေယာဥ် အပါအဝင်အိန္ဒိယရဲ့ တိုက်လေယာဥ်တွေကို ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေကိုနဲ့ပတ်သက်ပြီး တရုတ်ဘက်က တစ်စုံတရာ မှတ်ချက်ပေးတာမျိုး မလုပ်သေးပါဘူး။

အနောက်နိုင်ငံ လက်နက်စနစ်တွေကို J-10 နဲ့ ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေကို တရုတ်လူမှုကွန်ရက်တွေမှာတော့ နည်းပညာသာလွန်မှု အောင်ပွဲခံနိုင်စရာအဖြစ် ရေးသား ပြောဆိုနေခဲ့ကြပါတယ်။

ရနိုင်တဲ့ အချက်အလက်နဲ့ သတ္တုချ သုံးသပ်ဖို့ ခက်ခဲနေပေမဲ့ တရုတ်လူမှုကွန်ရက်ဟာ အမျိုးသားရေးသန်တဲ့ သတင်းစကားတွေနဲ့ ပြည့်နေတာလို့ ဗီရိုနာက လုံခြုံရေးလေ့လာမှု နိုင်ငံတကာအဖွဲ့ထဲက တရုတ်သုတေသနပညာရှင် ရှာလော့တာ ရင်နော်ဒိုက ပြောပါတယ်။

''လက်ရှိမှာ ကိုယ်မြင်ချင်တဲ့အမြင်က တကယ့် အစစ်မှန်လက်တွေ့ အချက်အလက်ထက် ပိုပြီး အားသာနေတယ်လေ။ ဒီလိုမြင်ကြတယ်ဆိုရင်တောင် ကြားထဲမှာ အမြတ်ထွက်တာက တရုတ်ပဲ'' လို့ သူက ပြောပါတယ်။

တရုတ်အတွက်တော့ ပါကစ္စတန်ဆိုတာ ဗျူဟာမြောက်နဲ့ စီးပွားရေးမဟာမိတ်ပါ။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံရဲ့အစိတ်အပိုင်းဖြစ်တဲ့ ပါကစ္စတန်က အခြေခံအဆောက်အဦ တည်ဆောက်ရေးအတွက် တရုတ်က အမေရိကန်ဒေါ်လာ ၅၀ ဘီလျံ ရင်းနှီးမြှုပ်နှံထားပါတယ်။

ဒါကြောင့် တရုတ်ရဲ့အကျိုးစီးပွားကတော့ အင်အားချိချိနဲ့နဲ့ ပါကစ္စတန်နိုင်ငံ မဟုတ်တာတော့ သေချာပါတယ်။

ပါကစ္စတန် လေတပ်ဟာ တရုတ်လုပ် J-10C တိုက်လေယာဥ်တွေကို အသုံးပြုနေပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပါကစ္စတန် လေတပ်ဟာ တရုတ်လုပ် J-10C တိုက်လေယာဥ်တွေကို အသုံးပြုနေပါတယ်

အခုနောက်ဆုံးဖြစ်ထားတဲ့ အိန္ဒိယ-ပါကစ္စတန်ပဋိပက္ခထဲမှာ တရုတ်ဟာ သိသာတဲ့ကွဲပြားမှုကိုဖြစ်စေခဲ့တယ်လို့ ပါကစ္စတန်လူမျိုးလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ အင်မ်တီဇ် ဂူးလ်က ပြောပါတယ်။ "အခြေအနေက အိန္ဒိယက စီမံသူတွေအဖို့ အံ့အားသင့်စေ‌အောင် လုပ်ခဲ့ပါတယ်။ ခေတ်သစ်စစ်ရေးစစ်ရာကိစ္စတွေမှာ တရုတ်နဲ့ ပါကစ္စတန်တို့ကြားက နက်နဲတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို သူတို့ မှန်းတောင်မှန်းထားခဲ့မှာမဟုတ်ဘူး'' လို့ သူက ပြောပါတယ်။

အနောက်ကမ္ဘာက စီးပွားရေးကောင်းတဲ့နိုင်ငံတွေဟာ တကယ့်တိုက်ပွဲအခြေအနေမှာ တရုတ်တိုက်လေယာဥ်တွေရဲ့ စွမ်းဆောင်ရည်ကို ဟုတ်တိုင်းမှန်ရာပဲ ချင့်ချိန်အကဲဖြတ်ကြလိမ့်မယ်လို့ဆိုတဲ့အကဲခတ်တွေလည်း ရှိနေပါတယ်။ သူတို့ ထောက်ပြတာကတော့ ကမ္ဘာ့ လက်နက်ကုန်သွယ်မှုမှာ တရုတ်ကြောင့်ဖြစ်လာမယ့် ရိုက်ခတ်မှုကြောင့်လို့ ဆိုပါတယ်။

လက်ရှိမှာ အမေရိကန်ဟာ ကမ္ဘာ့မှာ အကြီးဆုံးလက်နက်တင်ပို့ရောင်းချသူဖြစ်ပြီးတော့ တရုတ်ကတော့ အဆင့် ၄ နေရာမှာပဲ ရှိနေပါသေးတယ်။

များသောအားဖြင့် တရုတ်ဟာ မြန်မာနဲ့ ပါကစ္စတန်တို့လိုနိုင်ငံတွေကို လက်နက်ရောင်းတာပါ။ ဟိုးတုန်းကတော့ တရုတ်လက်နက်တွေဟာ အရည်အသွေးညံ့ပြီးနဲ့ နည်းပညာပိုင်းမှာ ပြဿနာတွေရှိတဲ့အပေါ် ဝေဖန်ခံရတာတွေရှိခဲ့ဖူးတာပါ။

မြန်မာစစ်တပ်မှာရှိနေတဲ့ ၂၀၂၂ ခုနှစ်တုန်းက တရုတ်နဲ့ ပါကစ္စတန် ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ JF-17 လို တိုက်လေယာဥ်တွေဆိုရင် နည်းပညာမကောင်းလို့ ကွင်းထဲ ရပ်ထားရတယ်ဆိုတဲ့သတင်းထွက်ပါတယ်။

တရုတ်လုပ် F-7 တိုက်လေယာဥ်တွေဆိုရင်လည်း နည်းပညာပြဿနာစုံ ကြုံနေရတယ်လို့ နိုင်ဂျီးရီးယားစစ်တပ်က ပြောထားဖူးပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယအတွက် ပါကစ္စတန်နဲ့ပတ်သက်လာရင် လေယာဥ်ဆုံးရှုံးရတာက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ်တုန်းကလည်း မကြာလိုက်တဲ့နှစ်ဖက်လေကြောင်းတိုက်ပွဲမှာ ရုရှားလုပ် MiG-21 တိုက်လေယာဥ်ဟာ ပါကစ္စတန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရပြီး အိန္ဒိယလေယာဥ်မှူး အဖမ်းခံခဲ့ရပါတယ်။ အဲဒီတုန်းကလည်း ပါကစ္စတန်နိုင်ငံထဲက အကြမ်းဖက် ပစ်မှတ်လို့ ယူဆရတဲ့နေရာတွေကို အိန္ဒိယက လေကြောင်းတိုက်ခိုက်ခဲ့အပြီးမှာပဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ အဖမ်းခံရတဲ့လေယာဥ်မှူးလည်း ပြန်လွတ်ခဲ့ပါတယ်။

ဒါပေမဲ့ အိန္ဒိယဘက်ကတော့ လေယာဥ်မှူးဟာ အမေရိကန်လုပ် F-16 အပါအဝင် ပါကစ္စတန်ရဲ့ တိုက်လေယာဥ်တွေကို ပစ်ချခဲ့ပြီး အောင်မြင်စွာခဲ့ပြီးမှ လေယာဥ်မှူးထိုင်ခုံရဲ့ အရေးပေါ် တွန်းကန် ခလုတ်ကို နှိပ်ပြီး ရုန်းထွက်ခဲ့တာလို့ ဆိုပါတယ်။ ပါကစ္စတန်ကတော့ အဲဒီအပြောကို ငြင်းပါတယ်။

အိန္ဒိယတိုက်လေယာဥ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေမဲ့ အိန္ဒိယဟာ မေလ ၁၀ ရက်နေ့မနက် အစောပိုင်းမှာ ပါကစ္စတန်နိုင်ငံထဲက ''ပစ်မှတ်တွေကို အထင်ကြီးစရာ တပြန့်ကြီး'' ပစ်ခတ်ခဲ့တာကိုတော့ နိုင်ငံတကာ မီဒီယာတွေက အာရုံစိုက်မှုနည်းခဲ့ကြတယ်လို့ မစ္စတာ လဒ်ဝှစ်ကပြောပါတယ်။

အိန္ဒိယ စစ်တပ်ကတော့ ပေါင်းစပ်ညှိနှိုင်းပြီးပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုတစ်ခုအတွင်း ပါကစ္စတန် နိုင်ငံထဲက လေတပ်အခြေစိုက်စခန်း ၁၁ ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။​ အဲဒီ ပစ်မှတ်တွေထဲမှာ ပါကစ္စတန် စစ်ရုံးချုပ်နဲ့ မဝေးလှတဲ့ ရာဝါပင်ဒီက နာခန်လေတပ်စခန်းလည်း ပါဝင်ပါတယ်။ ဒါဟာ အစ္စလာမာဘတ်ကို အငိုက်မိစေတဲ့ ထိရှလွယ် ပစ်မှတ်လည်းဖြစ်ပါတယ်။

အဝေးဆုံးလို့ပြောရမယ့် ပစ်မှတ်တွေထဲကတစ်ခုဖြစ်ကတော့ ပါကစ္စတန်တောင်ပိုင်း မြို့တော် ခရာချိကနေ ၈၆ မိုင်လောက်ပဲ ဝေးတဲ့ ဘဟိုလာရီထဲက ပစ်မှတ်တွေဖြစ်ပါတယ်။

မစ္စတာ လဒ်ဝှစ်ကတော့ အိန္ဒိယဟာ ပါကစ္စတန်ရဲ့ လေကြောင်းကာကွယ်ရေးနဲ့ ရေဒါစနစ်တွေကို အရင် တိုက်ခိုက်ခဲ့ပြီးမှ မြေပြင်က ပစ်မှတ်တွေကို ပစ်မှတ်ထားခဲ့တာမျိုး ပုံစံစနစ်တကျအစီအစဥ်မျိုးနဲ့ စစ်ဆင်ခဲ့တာမျိုးလို့ ပြောပါတယ်။

အိန္ဒိယ တိုက်လေယာဥ်တွေဟာ တရုတ်ထောက်ပံ့ HQ9 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုသုံးနေတဲ့ပါကစ္စတန်ကို ဒုံးကျည်တွေ၊ ခဲယမ်းတွေနဲ့ ဒရုန်းတွေကို အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ခိုက်မှုဟာ တော်တော်လေးတိကျပြီး ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ပုံရတယ်။ ကျင်းလို အပေါက်ကြီးတွေက လေယာဥ်ပြေးလမ်းတွေရဲ့ အလယ်မှာကိုဖြစ်ခဲ့တာ၊ အဲဒါကတကယ့်ကို နေရာအတိအကျ ပုံစံမျိုး။ တကယ်လို့ အချိန်ကြာတဲ့ပဋိပက္ခဖြစ်ခဲ့မယ်ဆိုရင် ပါကစ္စတန်လေတပ်က အဲဒီအခြေခံအဆောက်အဦလိုအရာတွေကို ပြန်ပြင်ပြီး လည်ပတ်ဖို့ လုပ်ရမယ့်အချိန် ဘယ်လောက်တောင်ယူရမလဲဆိုတာ ကျွန်တော် ခန့်မှန်းနိုင်မယ်တောင် မထင်ဘူး''

ဒါပေမယ့်လည်း စစ်ဆင်ရေးအကျဥ်းချုပ်ရဲ့ အတိအကျကိုထုတ်‌ဖော်ပြောပြဖို့ကို ငြင်းဆိုခဲ့တာ ကြောင့် အိန္ဒိယစစ်တပ်ရဲ့ "ဇာတ်လမ်းဖြစ်အင် တစ်နည်းတစ်ဖုံ" ဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။

စစ်သွေးကြွတွေတိုက်လို့ အရပ်သား ၂၆ ဦး သေဆုံးခဲ့တဲ့ ဖာဟယ်ဂမ်မြို့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်သွေးကြွတွေတိုက်လို့ အရပ်သား ၂၆ ဦး သေဆုံးခဲ့တဲ့ ဖာဟယ်ဂမ်မြို့ အခြေအနေ

အိန္ဒိယရဲ့ တိုက်ခိုက်မှုအပေါ် ပါကစ္စတန်ဘက်က တုံ့ပြန်ရာမှာတော့ အိန္ဒိယရဲ့လေတပ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေပစ်လွှတ်ပြီးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယကတော့ အဲဒီတိုက်ခိုက်မှုတွေမှာ လူသူ လက်နက် ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

အခြေအနေကို ထိန်းမရဖြစ်မှာကို ရိပ်စားမိတာကြောင့် အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ တိုက်တာခိုက်တာ ရပ်သွားအောင် နှစ်နိုင်ငံလုံးအပေါ်ဖိအားပေး ကြားဝင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်တစ်ခုလုံးဟာ အိန္ဒိယအတွက်် နိုးကြားဖို့ တပ်လှန့်သံလို့ မှတ်ချက်ပေးတဲ့ အကဲခတ်တွေလည်း ရှိပါတယ်။

ဘေဂျင်းကတော့ အိန္ဒိယ-ပါကစ္စတန်ရဲ့ လတ်တလောပဋိပက္ခရဲ့ အသေးစိတ်အပေါ် မှတ်ချမပြုတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လက်နက်နည်းပညာဟာ အနောက်ကမ္ဘာကို ထပ်ချပ်မကွာ လိုက်နေတယ်ဆိုတာမျိုးတော့ ပြလိုပုံ ပေါ် နေပါတယ်။

ပါကစ္စတန်ကို တရုတ်က ထောက်ပံ့ပေးထားတဲ့ လေယာဥ်တွေဟာ အစောပိုင်း မော်ဒယ်တွေလို့ ဒေလီဘက်က သတိထားမိပါတယ်။ ဘေဂျင်းဟာ ရေဒါတွေကို ရှောင်လွှဲနိုင်ပြီး နည်းပညာပိုမြင့်တဲ့ ကိုယ်ပျောက် J-20 လို အသံတိတ်တိုက်လေယာဥ်တွေကို စလုပ်နေပြီဖြစ်ပါတယ်။

တရုတ်နဲ့ အိန္ဒိယကြားမှာလည်း ဟိမဝန္တာတောင်တန်းတစ်ကြောနဲ့အတူ နယ်ခြားအရေး ကြာရှည်အငြင်းပွားမှုရှိနေပါတယ်။ ဒီအငြင်းပွားမှုကြောင့်ပဲ ၁၉၆၂ ခုနှစ်မှာ နယ်ခြားတိုက်ပွဲ တဖြတ်ဖြစ်ခဲ့ပြီး တရုတ်နိုင်၊ အိန္ဒိယရှုံးတဲ့သမိုင်းလည်းရှိထားပါတယ်။ ၂၀၂၀၊ ဇွန်လတုန်းကလည်း လဒတ်မှာ နယ်စပ်ထိတွေ့မှု ခဏလည်း ဖြစ်ခဲ့ပါသေးတယ်။

အိန္ဒိယအနေနဲ့ နိုင်ငံတကာကနေ စစ်လက်နက်ပစ္စည်းဝယ်ယူမှုအရှိန်မြင့်ဖို့နဲ့ ကာကွယ်ရေးပစ္စည်း တွေကို ကိုယ်တိုင်ထုတ် လုပ်နိုင်ရေး ရင်းနှီးမြှုပ်မှုမြှင့်တင်ဖို့ လိုအပ်တာကို အထူးတလည်သတိရှိထားတယ်လို့တော့ အကဲခတ်တွေက ထောက်ပြကြပါတယ်။

အခုတော့ တရုတ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်နယ်ပယ်ဟာ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခမှာ သူရဲ့လေယာဥ်တစ်စင်းတွေထဲက တစ်စင်းရဲ့ အောင်မြင်မှု ပြောဆိုချက်တွေနောက်မှာ ထွက်ပေါ်လာတဲ့ရေပန်းစားမှုကို သဘောခွေ့နေမှာတော့ သေချာပါတယ်။