အိန္ဒိယနဲ့ ပါကစ္စတန် နျူကလီးယားလက်နက်အရေးက ဘယ်လောက်အန္တရာယ်များလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဆူတစ်ခ် ဘစ်ဝပ်စ်
- ရာထူးတာဝန်, အိန္ဒိယဆိုင်ရာ သတင်းထောက်
အခုနောက်ဆုံးအကြိမ်ဖြစ်ခဲ့တဲ့ အိန္ဒိယ - ပါကစ္စတန် ရင်ဆိုင်တွေ့ခဲ့ကြတဲ့အခြေအနေမှာ နျူကလီးယား လက်နက်သုံးမယ်ဆိုတဲ့ ရာဇသံပေးသံတွေ၊ အဆုံးအဖြတ်ပေးတဲ့ ခလုတ်အနီကို နှိပ်လိုက်တာတွေ မဖြစ်ခဲ့ပါဘူး။
ဒါပေမဲ့ စစ်ရေးအရ အပြန်အလှန်တုံ့ပြန်တာတွေ၊ ဖုံးတဝက် ကွယ်တဝက်နဲ့ အချက်ပြချက်တွေ၊ နိုင်ငံတကာညှိနှိုင်းမှုတွေ ခပ်မြန်မြန်ဝင်လာတာမျိုး ... စတာတွေက ဒေသတွင်းမှာ အန္တရာယ်အများဆုံး အခြေအနေထိ ဖြစ်လာနိုင်ခဲ့တယ်ဆိုတာကို ပြဆိုနေပါတယ်။
အကျပ်အတည်းက နျူကလီးယားစစ်ပွဲဆီကိုတော့ ရောက်မသွားခဲ့ပေမဲ့ အဲဒီမှာ မြန်မြန်ဆန်ဆန်ကြီးဖြစ်ခဲ့တဲ့တင်းမာမှုက ဆိုးရွားတဲ့အခြေအနေအထိဆိုက်နိုင်တယ် ဆိုတာကို သတိပေးခဲ့ပါတယ်။
အခြေအနေတွေက ထိန်းမရအောင် လွယ်လွယ်နဲ့ ဖြစ်သွားနိုင်တယ်ဆိုတာကို ပညာရှင်တွေက ပုံစံထုတ် တွက်ဆ ခန့်မှန်းတာတွေတောင် အရင်ကတည်းက လုပ်ထားခဲ့ဖူးပါတယ်။
ကမ္ဘာအနှံ့က ပညာရှင်တွေပါတဲ့အဖွဲ့တခုရဲ့ ၂၀၁၉ ခုနှစ်က စိတ်မှန်းတွက်ချက် ပုံဖော်လေ့လာချက်တစ်ခုအရ ၂၀၂၅ ခုနှစ်မှာ အိန္ဒိယပါလီမန် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပြီး အဲဒီမှာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား နျူကလီးယား စစ်ပွဲဖြစ်သွားနိုင်တဲ့တကယ့်ထိတ်လန့်စရာ အလားအလာအခြေအနေကို ဆန်းစစ်ထားပါတယ်။
၆ နှစ်အကြာ ၂၀၂၅ ခုနှစ်မှာ နှစ်နိုင်ငံကြား တကယ့်ရင်ဆိုင်တွေ့မှုဖြစ်လာခဲ့ပြီး တဖက်နဲ့ တဖက် မီးကုန်ယမ်းကုန် ကြဲကြမယ့်စစ်ပွဲကြီး ဖြစ်လာလေမလားလို့ စိုးရိမ်ခဲ့ကြရပါတယ်။
မေ ၁၀ ရက်က အမေရိကန်ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် သူတို့ နှစ်နိုင်ငံကြားမှာ အပစ်အခတ်ရပ်စဲရေးဖြစ်လာခဲ့ပေမဲ့ ဒီဒေသတွင်းက တည်ငြိမ်မှုဟာ အထိမခံ ကျိုးပဲ့လွယ်တာကို မသက်မသာ ပြန်သတိထားစရာ ဖြစ်လာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပဋိပက္ခက အရှိန်တက်လာနေတဲ့အချိန်မှာ ပါကစ္စတန်က အချက်ပြမှု ၂ ခု လုပ်ခဲ့ပါတယ်။ တခုက စစ်ရေးနဲ့ ပြန်တုံ့ပြန်နေချိန်မှာပဲ အမျိုးသားအမိန့်ပေးရေးအာဏာပိုင်အဖွဲ့ (National Command Authority - NCA) အစည်းအဝေးကို ခေါ်ယူလိုက်တာပါ။
NCA ကိုခေါ်တဲ့ သဘောကတော့ သူတို့မှာ နျူကလီးယား လက်နက်သုံးနိုင်စွမ်း ရှိတယ်ဆိုတာကို အချက်ပြလိုက်တာပါ။ အဲဒီအဖွဲ့က နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေ ထိန်းချုပ်ကွပ်ကဲမှုနဲ့ အသုံးချမှုကို အမိန့်ပေးတဲ့အဖွဲ့ပါ။
ဒါက သင်္ကေတဆောင်တဲ့ သဘောပဲလို့ ဆိုနိုင်သလို တကယ့်ကိုပဲ ဗျူဟာကျကျ သတိပေးချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ အဲဒီကာလမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက တင်းမာမှုတွေ လျှော့ဖို့ ကြားဝင်ဆောင်ရွက်လာပါတယ်။
အမေရိကန်က အပစ်အခတ်ရပ်စဲရေးအတွက်သာ ကြားဝင်ဆောင်ရွက်တာမဟုတ်ဘူး။ နျူကလီးယား ပဋိပက္ခကို ရှောင်လွှဲနိုင်အောင် လုပ်ပေးလိုက်နိုင်တာလို့ သမ္မတ ထရမ့်က ပြောပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒြာမိုဒီက နျူကလီးယားနဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာမျိုးကို အိန္ဒိယက သည်းခံနေမှာ မဟုတ်သလို နျူကလီးယားခြိမ်းခြောက်မှုနဲ့ အိန္ဒိယကို ကြောက်လန့် သွားအောင် လုပ်လို့မရဘူးလို့ ပြောခဲ့ပါတယ်။
"အဲဒါကို အကာအကွယ်ပြုပြီး စီမံဆောင်ရွက်နေကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းမှန်သမျှ ကျွန်တော်တို့ရဲ့ အတိအကျ တိုက်ခိုက်မှုတွေကို ခံရစေမယ်" လို့လည်း မိုဒီက ပြောခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ အသီးသီးဟာ နျူကလီးယား လက်နက်ထိပ်ဖူး ၁၇၀ စီလောက် ပိုင်ဆိုင်ထားကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (Sipri) ရဲ့ အဆိုအရ သိရပါတယ်။
၂၀၁၄ ဇန်နဝါရီမှာ ကမ္ဘာအနှံ့မှာ ရှိတဲ့ နျူကလီးယား ထိပ်ဖူးတပ် လက်နက်ပေါင်းက ၁၂,၁၂၁ ရှိတယ်လို့ Sipri က ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ ၉,၅၈၅ ခုက သိုလှောင်ထားတဲ့နေရာတွေမှာရှိကြပြီး ၃,၉၀၄ ခုက နေရာချထားတာ ဖြစ်တယ်။ မနှစ်ကနဲ့ နှိုင်းယှဥ်ရင် နေရာချထားတဲ့ လက်နက်အရေအတွက် ၆၀ ပိုတယ်လို့ သူတို့က ဆိုပါတယ်။ အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံပေါင်း နျူကလီးယား လက်နက်ပေါင်း ၈,၀၀၀ ကျော်ကို ပိုင်ဆိုင်ထားကြတာပါ။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ နျူကလီးယားလက်နက်တွေက မြေပြင်၊ ဝေဟင်နဲ့ ပင်လယ်စတဲ့နေရာ အားလုံးကနေ ပစ်လွှတ်လို့ရတဲ့ အမျိုးအစားတွေဖြစ်ပေမဲ့ သူတို့ရဲ့ လက်နက်တွေကို ကုန်းမြေအခြေစိုက် မစ်ဇိုင်းစခန်းတွေမှာပဲ နေရာချထားတာဖြစ်ကြောင်း အမေရိကန်မှာ ရှိတဲ့ အယ်ဘန်နီ တက္ကသိုလ်က လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ခရစ်စတိုဖာ ကလယ်ရီက ပြောပါတယ်။
"အိန္ဒိယက လေယာဥ်ကနေ ပစ်ရတဲ့ နျူကလီးယားလက်နက်ပိုင်းမှာ ပါကစ္စတန်ထက် ပိုပြီးရှိတယ်။ ရေတပ် သင်္ဘောပေါ်ကနေ ပစ်တဲ့ နျူကလီးယားလက်နက်မျိုးကလည်း ပါကစ္စတန်ထက် အိန္ဒိယက ပိုအဆင့်မြင့်တယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။
အိန္ဒိယက နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်နေပြီလို့လည်း သူက ပြောပါတယ်။
၁၉၉၈ ခုနှစ်မှာ ပါကစ္စတန်က သူတို့ နျူကလီးယားလက်နက်တွေ စမ်းသပ်ပြခဲ့ပေမဲ့ နျူကလီးယား မူဝါဒနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ဖော်ပြောတာမျိုး မရှိပါဘူး။
အိန္ဒိယက နျူကလီးယားစမ်းသပ်မှုကို ၁၉၉၈ ခုနှစ်မှာ လုပ်ခဲ့ပြီး သူတို့က ပထမဆုံး စသုံးမှာ မဟုတ်ဘူးဆိုတဲ့မူကို ချပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီမူက ပျော့ပြောင်းလွန်းတဲ့ လက္ခဏာဖြစ်တယ်လို့ သတ်မှတ်လာခဲ့ပုံရပါတယ်။ ၂၀၀၃ ခုနှစ်မှာ အိန္ဒိယက သူတို့အနေနဲ့ ဓာတု သို့မဟုတ် ဇီဝလက်နက်တွေနဲ့ တိုက်ခိုက်ခံရရင် နျူကလီးယားလက်နက်ကို သုံးမယ်ဆိုတဲ့မူကို ပြန်ချမှတ်ခဲ့ပါတယ်။
၂၀၁၆ မှာတော့ မရှင်းလင်းတဲ့မူ တစ်ခုက ပေါ်လာပါတယ်။ အဲဒီတုန်းက ကာကွယ်ရေးဝန်ကြီး မန်နိုဟာ ပါရီကာက အိန္ဒိယအနေနဲ့ ဒီမူဝါဒကို အချုပ်အနှောင်အဖြစ် ခံစားနေစရာ အကြောင်းမရှိပါဘူးလို့ ဆိုခဲ့တာပါ။ ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးခွန်းတွေထုတ်ကြတော့ သူက ဒါက သူ့ရဲ့ ကိုယ်ပိုင် အမြင်သက်သက်ပါလို့ ပြောရင်း မရေမရာပြန်ဖြေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန်က တရားဝင်ထုတ်ပြောတဲ့မူ မရှိပေမဲ့ တရားဝင်ထုတ်ပြန်ချက်တွေ၊ တရားဝင်အင်တာဗျူးတွေ၊ နျူကလီးယားဆိုင်ရာဖြစ်ပေါ် တိုးတက်မှုတွေကို ကြည့်ရင် သူတို့ရဲ့ နျူကလီးယားလက်နက် အသုံးပြုမယ့်နည်းကို သိနိုင်ကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးဆိုင်ရာ ကာနေဂီ ထောက်ပံ့မှုဌာန (Carnegie Endowment for International Peace) က ဆာဒီယာ တက်စ်လင်းမ်က ဆိုပါတယ်။
ဘယ်လိုအခြေအနေမှာ ပါကစ္စတန်က နျူကလီးယားကို သုံးမယ်ဆိုတာက ထင်သာမြင်သာမရှိပါဘူး။
ဒါပေမဲ့ ၂၀၀၁ ခုနှစ်အတွင်း အဲဒီအချိန်က NCA ရဲ့ ဗျူဟာမြောက် အစီအစဥ်များဌာန အကြီးအကဲ ခါလစ် ကစ်ဝါအီက အနီရောင်စည်း ၄ စည်းကို ချပြခဲ့ပါတယ်။
နယ်မြေတွေ အကြီးအမားဆုံးရှုံးရတဲ့အခါ၊ အဓိက စစ်ရေးဆိုင်ရာတွေ ဖျက်ဆီးခံရတဲ့အခါ၊ စီးပွားရေးအရ နှိပ်ကွပ်ခံရတဲ့အခါ၊ နိုင်ငံရေးမတည်ငြိမ်အောင် လုပ်ခံရတဲ့အခါ စတဲ့ စည်းတွေလို့ ဆိုပါတယ်။
၂၀၀၂ မှာ အဲဒီအချိန်က သမ္မတ ပါဗက်စ် မူရှာရက်ဖ်က "နျူကလီးယားလက်နက်တွေက အိန္ဒိယကိုပဲ ချိန်ရွယ်ထားတာ" လို့ ဆိုပြီး၊ "ပါကစ္စတန်ရဲ့ နိုင်ငံအဖြစ်တည်ရှိမှုကို အန္တရာယ်ပေးလာတဲ့" အခါကျမှာသာ အသုံးပြုမှာလို့ ပြောပါတယ်။
အရင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီယိုက သူ့ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ထဲမှာ ၂၀၁၉ ခုနှစ်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ ထိပ်တိုက်ဖြစ်နေကြတဲ့အချိန် ညတစ်ညမှာ အိန္ဒိယရဲ့ နိုင်ငံခြားရေးဝန်ကြီး(အမည်မဖော်ပြထား)က ပါကစ္စတန်တို့ နျူကလီးယားလက်နက်ကို အသုံးပြုတော့မယ်ဆိုတာကို စိုးရွံ့ကြောင်း ပြောတဲ့အတွက် သူအိပ်လို့မရအောင် လန့်ဖျပ်ခဲ့ရတယ်လို့ ရေးခဲ့ပါတယ်။
အဲဒါနဲ့ တချိန်တည်းလောက်မှာပဲ ပါကစ္စတန် ထိပ်တန်းအရာရှိတယောက်က အိန္ဒိယကို အပြင်းအထန် သတိပေးတဲ့စကားကို ကိုးကားပြီး ပါကစ္စတန်မီဒီယာ တခုက ရေးပါတယ်။
"အမျိုးသားအမိန့်ပေးရေးအာဏာပိုင်အဖွဲ့ (NCA) ဆိုတာ ဘာအဓိပ္ပါယ်လဲ ဆိုတာ သိကြဖို့ မျှော်လင့်တယ်။ မင်းတို့ကို အံ့အားသင့်စေလိမ့်မယ်။ အံ့အားသင့်စရာကို စောင့်နေလိုက်ကြ ... ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို မသိဘဲ မင်းတို့က စစ်ပွဲလမ်းကြောင်းကို ရွေးခဲ့တာ"
၁၉၉၉ ကာဂျယ် စစ်ပွဲအတွင်းမှာလည်း အဲဒီအချိန်က ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ရှမ်ရှက် အာမက်က သူတို့ပိုင်နယ်မြေတွေကို ကာကွယ်နိုင်ရေးအတွက် သူတို့နိုင်ငံအနေနဲ့ "လက်နက်မှန်သမျှ အသုံးချဖို့ကို တွန့်ဆုတ်နေမှာ မဟုတ်ဘူး" လို့ ပြောခဲ့ပါတယ်။
နှစ်အတော်ကြာပြီးတဲ့နောက် အမေရိကန်အရာရှိ ဘရုစ် ရိုင်ဒယ်က ထောက်လှမ်းရေး အချက်အလက်တွေအရ အဲဒီအချိန်က ပါကစ္စတန်ဟာ သူ့ရဲ့ နျူကလီးယားလက်နက်တွေ နေရာချဖို့ စီစဉ်ခဲ့တာ ဖြစ်နိုင်ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဒါပေမဲ့ ဒီလို နှစ်ဖက်က ပြောနေကြတာတွေ အပေါ် သံသယရှိစရာတွေလည်း အများကြီးပါ။
ပါကစ္စတန်ဆိုင်ရာ အိန္ဒိယကော်မရှင်နာဟောင်း အာဂျေး ဘစ်စာရီယာက သူ့ ကိုယ်ရေးမှတ်တမ်းထဲမှာ ပွမ်ပီယိုဟာ နျူကလီးယားအရေး အရှိန်မြင့်လာမယ့် ကိစ္စကိုရော၊ အဲဒီတုန်းက ပဋိပက္ခမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ရော သိပ်ကို ချဲ့ကားပြောထားတာလို့ ရေးပါတယ်။
ကာဂျေးစစ်ပွဲတုန်းက ပါကစ္စတန်ဟာ "အိန္ဒိယ လေတပ်က သူတို့ပိုင်နယ်မြေကို ကျော်ပြီး ဝင်မလာဘူးဆိုတာ သိနေပါတယ်" ဒါကြောင့်မို့ နျူကလီးယား အဆင့်အထိ ရောက်လာအောင် လှုံ့ဆော်တဲ့ အဖြစ်တွေ မရှိခဲ့ပါဘူး လို့ ပါကစ္စတန်နိုင်ငံသား သုံးသပ်သူတွေက ပြောပါတယ်။
လာဟိုးအခြေစိုက် ကာကွယ်ရေးဆိုင်ရာ သုံးသပ်သူ အီဂျက်စ် ဟေဒါက "ဗျူဟာမြောက်လက်နက်တွေ ပိုင်ဆိုင်မှုက ပဋိပက္ခကို အရှိန်မြင့်လာနိုင်ကြောင်း ကမ္ဘာကို သတိပေးနေပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် မှာလည်း နျူကလီးယားလက်နက်တွေရှိတော့ အန္တရာယ်က ကြီးတာပေါ့။ ဒါပေမဲ့ အဲဒါနဲ့ပဲ ဒီနိုင်ငံတွေဟာ နျူကလီးယား လက်နက်တွေ သုံးတော့မယ်လို့ဆိုကာ အပြန်အလှန် ခြိမ်းခြောက်နေကြပြီလို့ မဆိုလိုနိုင်ပါဘူး" လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ နျူကလီးယားအထိ အရှိန်မြင့်တက်မှုက မတော်တဆလည်း ဖြစ်သွားနိုင်ပါတယ်။
"ဒါက လူရဲ့ အမှား၊ ဟက်ကာတွေ၊ အကြမ်းဖက်သမားတွေ၊ ကွန်ပျူတာ ချို့ယွင်းမှုတွေ၊ ဂြိုဟ်တုက အချက်အလက် အမှားတွေ၊ မတည်ငြိမ်တဲ့ ခေါင်းဆောင်တွေစတာတွေကြောင့် ဖြစ်သွားနိုင်ပါတယ်" လို့ ၂၀၁၉ မှာ ကမ္ဘာ့ပညာရှင်တွေ ပေါင်းစုပြီးရေးတဲ့ စာတမ်းမှာ အဓိကကျသူ ဖြစ်တဲ့ ရတ်ဂါ တက္ကသိုလ်က ပါမောက္ခ အလန် ရိုဘော့က ဘီဘီစီကို ပြောပါတယ်။
၂၀၂၂ မတ်လအတွင်း အိန္ဒိယက နျူကလီးယားထိပ်ဖူးသယ်နိုင်စွမ်းရှိတဲ့ ခရုစ် မစ်ဇိုင်းတလုံးကို မတော်တဆ မှားပစ်လိုက်တဲ့အတွက် မစ်ဇိုင်းက ပါကစ္စတန် နယ်ထဲ ၇၇ မိုင်လောက်အထိကို ဝင်သွားကာ အရပ်သားပိုင်အဆောက်အဦ တစ်ခု ထိမှန်ခဲ့ပါတယ်။
အိန္ဒိယဟာ ဒီအဖြစ်နဲ့ပတ်သက်ပြီး ၂ ရက်ကြာသည်အထိ စစ်ရေး အရေးပေါ် ဖုန်းလိုင်းကို ခေါ်ဖို့ ပျက်ကွက်ခဲ့တယ်၊ လူသိရှင်ကြား အသိပေးထုတ်ပြန်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပါကစ္စတန်က ပြောပါတယ်။
တကယ်လို့သာ တင်းမာမှုတွေ မြင့်နေတုန်း ဒီအဖြစ်သာဖြစ်ခဲ့ရင် တကယ့်ကို ပြင်းထန်တဲ့ ပဋိပက္ခကြီး ဖြစ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
(နောက် လအတော်ကြာတဲ့အခါ အိန္ဒိယ အစိုးရက "မစ်ဇိုင်း မတော်တဆ ပစ်ခတ်မှုအတွက်" လေတပ် အရာရှိ ၃ ယောက်ကို အလုပ်ဖြုတ်လိုက်ပါတယ်)
သို့ပေမဲ့လည်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား နျူကလီးယား စစ်ပွဲဖြစ်နိုင်ခြေအန္တရာယ်က "နှိုင်းယှဥ်မှုအရ နည်းပါး" ပါတယ်လို့ မစ္စတာကလယ်ရီက ဆိုပါတယ်။
"နယ်စပ်တလျှောက်မှာ ကြီးကြီးမားမား တိုက်ပွဲတွေလည်း မဖြစ်ဖူးတော့ နျူကလီးယား လက်နက်သုံးနိုင်ခြေက နှိုင်းယှဉ်မှုအရ နည်းပါးပါတယ်" လို့ သူက ပြောပါတယ်။
"မြေပြင်တိုက်ပွဲတွေမှာ ကိုယ့်ရဲ့ မြေ ထိန်းသိမ်းထားနိုင်တဲ့အခြေအနေကို ရန်သူက သိမ်းနိုင်သွားမလား ဆိုတဲ့အခြေအနေမှာ (နျူကလီးယား)လက်နက်ကို သုံးမလား၊ အရှုံးခံမလား ဆိုတာမျိုး ဆုံးဖြတ်ရ တတ်လေ့ ရှိပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
စတန်းဖို့ဒ် တက္ကသိုလ်၊ ဟူးဗား အင်စတီကျုက ဝါရင့် သုတေသီ ဆုမစ် ဂန်ဂုလီက "ဟီရိုရှီးမား နျူကလီးယားအဖြစ်ဆိုးနောက်မှာ ပထမဆုံး ချိုးဖောက်ခဲ့သူတွေအဖြစ် နာမည်တပ်ခံရမှာကို အိန္ဒိယရော၊ ပါကစ္စတန်ရောက အလိုမရှိပါဘူး" လို့ ဆိုပါတယ်။
"ဒါ့အပြင် နျူကလီးယားလက်နက်တွေကို တဖက်ဖက်က သုံးလိုက်ရင် ပြန်တုံ့ပြန်တာနဲ့ ကြုံရမှာဖြစ်ပြီး အဆုံးအရှုံးတွေက လက်ခံလို့ မရအောင် ကြီးမားပါလိမ့်မယ်" လို့ မစ္စတာ ဂန်ဂုလီက ဘီဘီစီကို ပြောပါတယ်။
တချိန်တည်းမှာပဲ နှစ်နိုင်ငံ စလုံးဟာ နျူကလီးယား လက်နက်တွေ တိုးများအောင် အပြိုင်အဆိုင် လုပ်နေကြပါတယ်။
ပါကစ္စတန်ဟာ ပလူတိုနီယံ ဓာတ်ပေါင်းဖို ၄ ခု၊ နျူကလီးယားဖွံ့ဖြိုရေးဆိုင်ရာ ထုတ်လုပ်ရေး စနစ်သစ်တွေ၊ ယူရေနီယံ သန့်စင်ရေး တိုးမြှင့်လုပ်ဆောင်မှု စတာတွေနဲ့ အတူ ၂၀၂၀ နှစ်တွေ အတွင်း နျူကလီးယား လက်နက်ထိပ်ဖူးပေါင်း ၂၀၀ တိုးထုတ်မှုရှိလာနေပြီလို့ Federation of American Scientists' Nuclear Information Project က ဆိုပါတယ်။
၂၀၂၃ အစောပိုင်းမှာ အိန္ဒိယဟာ နျူကလီးယား ထိပ်ဖူး ၁၃၀ - ၂၁၀ လောက်အတွက် လုံလောက်တဲ့ ပလူတိုနီယမ် ၆၈၀ ကီလိုဂရမ် ရှိနေပြီလို့ International on Fissile Materials မှန်းဆထားပါတယ်။
၂ နိုင်ငံကြား အကျပ်အတည်းတွေ အကြိမ်ကြိမ်ကြုံခဲ့ရပေမဲ့ နှစ်ဖက်စလုံးက နျူကလီးယား ပဋိပက္ခအထိ သက်ဆင်းမသွားအောင် ရှောင်နိုင်ခဲ့ကြပါတယ်။
သို့သော်လည်း နျူကလီးယား လက်နက်တွေ ရှိနေပြီဆိုကတည်းက ဒီလို ပြဿနာအဆင့်အထိ မကြုံရလောက်ပါဘူးလို့ ဘယ်သူမှ စိတ်ချမထားနိုင်ပါဘူး။
"နျူကလီးယားလက်နက်တွေ ရှိလာပြီဆိုရင်တော့ အန္တရာယ်က မမှန်းဆနိုင်လောက်အောင် အမြဲတမ်း ရှိနေမှာပဲလေ" လို့ လက်နက်ထိန်းချုပ်ရေးနဲ့ ဖျက်သိမ်းရေးဆိုင်ရာစင်တာ(Center for Arms Control and Non-Proliferation) က မူဝါဒရေးရာ ဒါရိုက်တာ ဂျွန် အာရက်က ဘီဘီစီကို ပြောပါတယ်။
"ဒီလို နှစ်ဖက်ရင်ဆိုင်ခဲ့တဲ့ အခြေအနေတွေကို အိန္ဒိယနဲ့ ပါကစ္စတန် အစိုးရတွေက အတိတ်မှာ ကျော်လွှား နိုင်ခဲ့ကြတယ်၊ ဆိုတော့ အန္တရာယ်က နည်းခဲ့တယ်။ ဒါပေမဲ့ နျူကလီးယား လက်နက်တွေ ရှိလာကြတဲ့အခါ အန္တရာယ် နည်းရာကနေ များတဲ့ အခြေဆိုက်လာပါပြီ။"