အိန္ဒိယ - တောင်နဲ့ မြောက်မဲဆန္ဒနယ်မြေပုံ ပြန်ဆွဲရာကနေစမယ့် နိုင်ငံရေးမုန်တိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဆူတစ် ဘစ်ဆွာ
- ရာထူးတာဝန်, အိန္ဒိယ သတင်းထောက်
- Twitter,
အိန္ဒိယနိုင်ငံမှာတော့ နိုင်ငံရေးမုန်တိုင်းတစ်လုံး တစ်စတစ်စ အသက်ဝင်လာနေပြီး နိုင်ငံတောင်ပိုင်းဟာ ပထမဆုံးလှိုင်းလုံးဒဏ်ကို စတင်ခံစားနေရပြီဖြစ်ပါတယ်။
အချိန်နဲ့အမျှပြောင်းလာတဲ့ လူဦးရေကို လိုက်ပြီး ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာပြန်လည် ရေးဆွဲရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှု အရှိန်တက်နေချိန်မှာပဲ ဒေသတွင်း နိုင်ငံရေးအကျိုးမျှော်ကိုးပြီး ဆန္ဒဖော်ထုတ်ကြဖို့ အိန္ဒိယခေါင်းဆောင်တွေက တိုက်တွန်းနေပါတယ်။
နိုင်ငံသားတွေ ကလေးပိုယူကြဖို့ ဆွေးနွေးပွဲတာတွေအတွက် မီဒီယာတွေကို သူတို့သုံးပါတယ်။ သူတို့ ဖြန့်ဝေတဲ့သတင်းစကားကတော့ မဲဆန္ဒနယ် ပြောင်းလဲသတ်မှတ်မယ်ဆိုရင် အာဏာထိန်းကျောင်းမှုမှာ ဟန်ပျက်စေလိမ့်မယ်လို့ ဆိုတာပါ။
''နယ်နိမိတ်ကန့်သတ်မှုက အိန္ဒိယတောင်ပိုင်းအပေါ် အာဏာစက် ဓားဝဲ နေတာနဲ့တူတယ်'' လို့ အိန္ဒိယ နိုင်ငံတောင်ပိုင်း ပြည်နယ် ငါးခုထဲက တစ်ခုဖြစ်တဲ့ တမီလ် နာဒူးပြည်နယ်ဝန်ကြီးချုပ် အမ်ကေ စတာလင်က ပြောပါတယ်။ တမီလ် နာဒူးဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ အာဏာရ ဘီဂျေပီပါတီရဲ့ ပြိုင်ဘက် ပြည်နယ်ဖြစ်ပါတယ်။ (နောက်ပြည်နယ် လေးပြည်နယ်ကတော့ အန်ဒရာ ပရာဒေ့ရှ်၊ ကာနာတာကာ၊ ကယ်ရာလာနဲ့ တယ်လန်ဂါနာတို့ ဖြစ်ပါတယ်)
ဒီပြည်နယ် ၅ ခုရဲ့ လူဦးရေဟာ သန်းပေါင်း ၁,၄၀၀ ရှိတဲ့ အိန္ဒိယလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာဆိုရင်လည်း နိုင်ငံ့တခြားနေရာတွေထက် ထွန်းထွန်းပေါက်ပေါက်ရှိပါတယ်။ ဒါပေမဲ့ ကျဆင်းလာနေတဲ့လူဦးရေနှုန်းကြောင့် မြောက်ပိုင်းထက် စာရင် တောင်ပိုင်းဟာ ကလေးတစ်ယောက်မွေးလာဖို့ အတော့်ကို ခဲယဥ်းတဲ့အခြေအနေပါ။
သူတို့ ခေါင်းဆောင်တွေကတော့ တိုးတက်ဖြစ်ထွန်းနေတဲ့တောင်ပိုင်းဟာ အနာဂတ်မှာ လွှတ်တော်ထဲ အမတ်နေရာ ဆုံးရှုံးမှာကို စိုးရိမ်ပါတယ်။ ပိုကြွယ်ဝတဲ့တောင်ပိုင်းပြည်နယ်တွေဟာ ပြည်ထောင်စုအဆင့်မှာ အခွန် ပိုရှာပေးနိုင်တဲ့ပြည်နယ်တွေဖြစ်ပါတယ်။ တစ်ဖက်မှာတော့ လူဦးရေထူထပ်သိပ်သည်းတဲ့မြောက်ပိုင်း ပြည်နယ်တွေကတော့ လိုအပ်ချက်တွေကြောင့် ဒီအခွန်တွေကနေ အသုံးစရိတ်မျှယူပါတယ်။
အိန္ဒိယမှာ ဖွဲ့စည်းပုံအရ လွှတ်တော် အမတ်နေရာတွေကို ပြည်နယ်တစ်ခုချင်းစီရဲ့ လူဦးရေကို အခြေခံပြီး သတ်မှတ်ပါတယ်။ တစ်ကြိမ် သန်းခေါင်စာရင်းကောက်ပြီးတိုင်း အသစ်ထွက်လာတဲ့ လူဦးရေ အရေအတွက်ကို လိုက်ပြီး လွှတ်တော် အမတ်နေရာတွေကို သတ်မှတ်တာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယမှာ ၁၉၅၁ ခုနှစ်၊ ၁၉၆၁ ခုနှစ်နဲ့ ၁၉၇၁ ခုနှစ်တို့မှာ သန်းခေါင်စာရင်း သုံးကြိမ်ကောက်ယူခဲ့တုန်းကလည်း လွှတ်တော်အမတ်ရောတွေကို ပြင်ဆင်သတ်မှတ်ခဲ့တာရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးအယူ မတူကြပေမဲ့လည်းပဲ ပြည်နယ်တွေမှာ ကလေးမွေးဖွားနှုန်း ပြောင်းလဲလာတာနဲ့အမျှ လွှတ်တော်မှာ အမတ်နေရာကိုယ်စားပြုမှု ဟန်ချက်မညီမှာကို စိုးရိမ်ပြီး ဒီစနစ်ကို ကျင့်သုံးဖို့ ဆိုင်းငံ့ခဲ့ကြပါဝယ်။
နောက်တစ်ကြိမ် အခုလို မဲဆန္ဒနယ် သတ်မှတ်ရမှာက ၂၀၂၆ ခုနှစ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဟာ ၂၀၁၁ ခုနှစ် ကတည်းက သန်းခေါင်စာရင်းကောက်ထားသေးတာ မရှိသေးသလို ဘယ်အချိန်လုပ်မယ်ဆိုတာလည်း အချိန်ကာလ သတ်မှတ်ထားတာမရှိတာကြောင့် မရေရာမှုတွေ ကြီးစိုးနေပါတယ်။
ဒါကပဲ အကျပ်အတည်းတစ်ခုအတွက် အဆင့်တစ်ခုကို ရောက်လာစေပါတယ်။ ''တမီလ် နာဒူးပြည်နယ်က ဦးဆောင်နေတာပဲလေ။ တဖက်မှာလည်း အိန္ဒိယဟာ ပြည်ထောင်စုအဆင့်မှာ ရှေ့မတိုး နောက်မဆုတ်အခြေအနေ ဆိုက်မယ့်ကိန်းပဲ'' လို့ ဘရောင်းတက္ကသိုလ်က အကြီးတန်းသုတေသီ ယာမီနီ အိုင်ယာက ပြောပါတယ်။
Lok Sabha လို့ခေါ်တဲ့ အိန္ဒိယ အောက်လွှတ်တော်မှာ အမတ်နေရာအရေအတွက်ဟာ ရွေးကောက်ခံ အမတ်တွေဖြစ်ပြီး ၄၉၄ ဦးကနေ ၅၄၃ ဦးအထိ မြင့်တက်လာနေပါတယ်။ ဒါပေမဲ့ အဲဒီလို တိုးပြီးကတည်းက အမတ်အရေအတွက် ထပ် မတက်လာတော့ပါဘူး။ ဒီလို တန့်နေတာကပဲ ၁၉၇၁ ခုနှစ် ကတည်းကဆိုရင် အိန္ဒိယမှာ လူဦးရေတိုးလာနေပေမဲ့ အောက်လွှတ်တော်မှာ ပြည်နယ်တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့အမတ်နေရာအရေအတွက်ဟာ အပြောင်းအလဲမရှိဘဲ တန့်နေတာကိုလည်း ပြနေပါတယ်။
၁၉၅၁ ခုနှစ်တုန်းကတော့ လူ ၇၀၀,၀၀၀ သိန်းကျော်ဆိုရင် အမတ် ၁ ဦး ကိုယ်စားပြုအဖြစ် သတ်မှတ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ လူ ၂.၅ သန်းနီးပါးမှာ အမတ် ၁ ဦး နှုန်းအထိ ဒီအရေအတွက် တက်လာပါတယ်။ ဒါဟာ အမေရိကန်အောက်လွှတ်တော်မှာ အမတ်တွေကိုယ်စားပြုတဲ့ လူဦးရေအရေအတွက် ထက် ၃ ဆ ဖြစ်ပါတယ်။
ပညာရှင်တွေကတော့ မဲဆန္ဒနယ် ကြီးမားတာကြောင့် လွှတ်တော်မှာ အိန္ဒိယ လူ့အလွှားအားလုံးကို ညီတူညီမျှ ကိုယ်စားပြုမှု နည်းနေတယ်လို့ ပြောကြပါတယ်။ (ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ လူ ၇၅၀,၀၀၀ မှာ အမတ်တစ်ဦး အဖြစ် သတ်မှတ်ထားတာကြောင့်ပါ)
ဒါတင်မကသေးပါဘူး။ သန်းခေါင်စာရင်းအချက်အလက်တွေနဲ့ လူဦးရေခန့်မှန်းချက်တွေအရဆိုရင် အိန္ဒိယမှာ ''မညီမျှတဲ့နိုင်ငံရေးကိုယ်စားပြုမှု'' ကို ဖြစ်နိုင်တဲ့အကြောင်း ဂျော့မေဆင် တက္ကသိုလ်က စီးပွဦးရေးပညာရှင် သျှရူတီ ရာဂျာဂိုပါလန်က ပြောပါတယ်။
ဒီလိုပဲ တွေးကြည့်ပါ။ အူတာ ပရာဒေ့ရှ်ပြည်နယ်ဟာ လူဦးရေ သန်း ၂၄၀ ကျော်ရှိပြီး အိန္ဒိယမှာ လူဦးရေအထူထပ်ဆုံးဖြစ်ပါတယ်။ အဲဒီပြည်နယ်က အမတ်တစ်ဦးဟာ လူ ၃ သန်းနီးပါးကို ကိုယ်စားပြုရာရောက်နေပါတယ်။
ဒီအတောအတွင်းမှာပဲ ကယ်ရာလာ ပြည်နယ်မှာတော့ အမတ်တစ်ဦးဟာ လူ ၁.၇၅ သန်းကို ကိုယ်စားပြုရာရောက်နေပါတယ်။
ဒါဟာ အိန္ဒိယတောင်ပိုင်း ကယ်ရာလာပြည်နယ်မှာ သာမန် မဲဆန္ဒရှင်တစ်ဦးဟာ လွှတ်တော်အမတ် တစ်ဦးကို မဲပေးရွေးချယ်တဲ့နေရာမှာ မြောက်ပိုင်း အူတာပရာဒေ့ရှ် ပြည်နယ်က မဲဆန္ဒရှင်ထက် လွှမ်းမိုးနိုင်မှု ၁.၇ ဆ ပိုများတယ်လို့ ဆိုလိုရာလည်း ရောက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ္စ ရာဂျာဂိုပါလန်ကေတော့ တမီလ် နာဒူနဲ့ ကယ်ရာလာပြည်နယ်တို့ဟာ အခုဆိုရင် သူတို့လူဦးရေထက် အမတ်နေရာ ကိုးနေရာကနေ ခြောက်နေရာအထိ ရှိထားပြီး လူဦးရေထူထပ်တဲ့အပြင် ဆင်းလည်းဆင်းရဲတဲ့ ဘီဟာ နဲ့ အူတာ ပရာဒေ့ရှ် ပြည်နယ်တို့ဟာ သူတို့ ပြည်နယ်လူဦးရေအချိုးအစားထက် ပိုနည်းပြီး အမတ်နေရာ ကိုးနေရာနဲ့ ၁၂ နေရာအထိ ရှိနေပါတယ်။ (စတာလင်ကတော့ ၂၀၂၆ ခုနှစ်မှာ မဲဆန္ဒနယ်သတ်မှတ်တာမျိုးရှိတဲ့အခါ ခန့်မှန်းလူဦးရေလားရာအရဆိုရင် တမီလ် နာဒူးပြည်နယ်ဟာ အမတ်နေရာ ရှစ်နေရာဆုံးရှုံးနိုင်တယ်လို့ သတိပေးပါတယ်)
၂၀၃၁ ခုနှစ် ရောက်တဲ့အခါမှာ ဒီပြဿနာဟာ ပိုကြီးလာပါလိမ့်မယ်။ အူတာ ပရာဒေ့ရှ်နဲ့ ဘီဟာတို့ဟာ လူဦးရေ ကျဆင်းမှုနဲ့အတူ အမတ်နေရာရရှိမှုလည်း နည်းလာမှာဖြစ်ပါတယ်။ ဒီအချိန်မှာ တမီလ် နာဒူး ပြည်နယ်ကတော့ သူ့လူဦးရေထက်ပိုပြီး အမတ်နေရာ ၁၁ နေရာအထိ ပိုရလာလိမ့်မယ်လို့ မစ္စ ရာဂျာဂိုပါလန်က ပြောပါတယ်။
''အကျိုးဆက်ကတော့ ... အိန္ဒိယဟာ လူတစ်ဦး၊ မဲတစ်ပြားဆိုတဲ့ ဖွဲ့စည်းပုံဆိုင်ရာအခြေခံ စည်းမျဥ်းကို မကိုင်စွဲနိုင်တော့မှာမဟုတ်ဘူး'' လို့ သူကပြောပြီး ''ဒီစည်းမျဥ်းကို ဆက်ပြီး ကိုင်စွဲထားနိုင်ဖို့ဆိုရင် မဲဆန္ဒနယ်တွေဟာ အကြမ်းဖျင်းညီမျှနေရမှာဖြစ်ပါတယ်'' လို့ သူက ပြောပါတယ်။
ပညာရှင်တွေကတော့ ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းနည်းအတော်များများကို အဆိုပြုကြပါတယ်။ ဒါပေမဲ့ အများစုကတော့ နှစ်ပါတီသဘောတူညီချက် ခိုင်ခိုင်မာမာရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဖြေရှင်းနည်းတစ်ခုကတော့ အောက်လွှတ်တော်မှာ လွှတ်တော်အမတ်နေရာ ထပ်တိုးဖို့ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ဆိုရင်တော့ အိန္ဒိယဖွဲ့စည်းပုံအရ လူ ၇၅၀,၀၀၀ အတွက် အမတ် တစ်ဦးနှုန်းဖြစ်တာကြောင့် အောက်လွှတ်တော်မှာ အမတ်နေရာကို ၁,၈၇၂ ဦးအထိ တိုးရမှာဖြစ်ပါတယ်။ (လက်ရှိ လွှတ်တော်အသစ်ဟာ အမတ်နေရာ ၈၈၀ အတွက်ပဲ ဝင်ဆန့်တာကြောင့် ကြီးမားတဲ့အဆင့်မြှင့်မှုလည်း လိုအပ်မှာဖြစ်ပါတယ်)
နောက်ထပ် ရွေးချယ်စရာအဖြေကတော့ ပြည်နယ်တွေအနေနဲ့ လက်ရှိ ရှိသင့်တဲ့ ကိုယ်စားပြုလွှတ်တော် အမတ်နေရာအရေအတွက်ကို အောက်လွှတ်တော်မှာ တိုးတာမြှင့်တာဖြစ်ပါတယ်။ ဒီလို တိုးမယ်ဆိုရင်တော့ ခန့်မှန်းချက်တွေအရဆိုရင် အောက်လွှတ်တော် အမတ်နေရာဟာ ၈၄၈ နေရာအထိ ရှိနေရမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီအရွေ့နဲ့ လိုက်လျောညီထွေဖို့ဆိုရင်တော့ ဘဏ္ဍာရေးမှာ ဗဟိုအစိုးရရဲ့ချုပ်ကိုင်မှုကို ပိုလျှော့ချရေး လိုတယ်လို့ မစ္စ ရာဂျာဂိုပါလန်လို ပညာရှင်တွေက အကြံပြုပါတယ်။
ဒီပုံစံနဲ့ ပြည်နယ်တွေဟာ အခွန်တိုးမြှင့်ရေးအခွင့်အာဏာပိုရလာမှာဖြစ်ပြီး သူတို့ရဲ့ အခွန်တွေကို ကိုယ်တိုင်စီမံနိုင်မှုလည်း ရလာမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပြည်ထောင်စုအဆင့်ရန်ပုံငွေကို ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်တွေအတွက် အခြေခံ ခွဲဝေနိုင်မယ်မှာဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယ ပြည်နယ်တွေဟာ စုစုပေါင်း အခွန်အခရဲ့ ၄၀ ရာခိုင်နှုန်းတောင် မပြည့်ဘဲ ရရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီငွေရဲ့ ၆၀ ရာခိုင်နှုန်းအထိ သုံးနေရတာဖြစ်ပြီး ကျန်တဲ့ငွေကိုတော့ ဗဟိုအစိုးရကနေ ကျခံပေးတာဖြစ်ပါတယ်။
တတိယမြောက် ဖြေရှင်းချက်ကတော့ အထက်လွှတ်တော် ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲမှုဖြစ်ပါတယ်။ Rajya Sabha လို့ ခေါ်တဲ့ အထက်လွှတ်တော်ဟာ နိုင်ငံအဆင့် အကျိုးစီးပွားတွေကို ကိုယ်စားပြုပါတယ်။ အမတ်နေရာတွေကိုလည်း လူဦးရေ အရေအတွက်နဲ့အတူ သတ်မှတ်တာဖြစ်ပြီး အမတ်နေရာ ၂၅၀ ဖြစ်ပါတယ်။
အထက်လွှတ်တော်အဖွဲ့ဝင်တွေကို ပြည်နယ်လွှတ်တော်တွေကနေ ရွေးချယ်ပါတယ်။ လူထုက တိုက်ရိုက်ရွေးချယ်တာမဟုတ်ပါဘူး။ Carnegie Endowment for Peace အဖွဲ့က မီလန် ဗာရှနက် ကတော့ အိန္ဒိယအထက်လွှတ်တော်ကိုလည်း အမေရိကန်အထက်လွှတ်တော်အတိုင်း ပြည်နယ် တစ်ခုတစ်ချင်းစီအလိုက် လွှတ်တော်အမတ်အရေအတွက် သတ်မှတ်သင့်တယ်လို့ အကြံပြုပါတယ်။
''နိုင်ငံတော်အကျိုးစီးပွားတွေအတွက် အခြေအတင် ဆွေးနွေးတဲ့နေရာဖြစ်တဲ့ အထက်လွှတ်တော်ကို ပြုပြင်ပြောင်းလဲတာဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ပြုပြင်ပြောင်းလဲမှုကို ကန့်ကွက်တာမျိုးအတွက် အားပျော့ သွားစေနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်တစ်ခုက အိန္ဒိယ ပြည်နယ်ကြီးတွေကို ခွဲထုတ်လိုက်တဲ့အကြံပြုချက်ပါ။ အိန္ဒိယက ထိပ်တန်း ပြည်နယ် ၅ ခုဟာ လွှတ်တော်အမတ်နေရာ စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းကျော်အထိ ရရှိထားတာဖြစ်ပါတယ်။
ဘန်ဂလောအခြေစိုက် တတ်သိပညာအရှင်အဖွဲ့ တက္ကသီလာအင်စတီကျူးရှင်းက မီခါ ခါရန်ဒီကာကတော့ အူတာပရာဒေ့ရှ် အခြေအနေဟာ အိန္ဒိယပြည်နယ်တွေမှာ ဘယ်လောက်အထိ လွဲချော်မှုတွေ ရှိနေတယ်ဆိုတာကို ပြတဲ့ နမူနာလို့ ထောက်ပြပါတယ်။ အူတာပရာဒေ့ရှ်ပြည်နယ်ရဲ့ မဲအရေအတွက်ဟာ အိန္ဒိယ တစ်နိုင်ငံလုံးရဲ့ ၁၄ ရာခိုင်နှုန်းအထိရှိပါတယ်။ ဒါဟာ နယ်မြေပိုင်ခြားမှုအသစ်ဖြစ်လာတဲ့အခါမှာ ၁၆ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ ''ဒါကပဲ ပြည်နယ်အတွက် နိုင်ငံရေးအရ အရေးပါမှုနဲ့ လွှတ်တော်မှာ လွှမ်းမိုးနိုင်မှု အခြေအနေကို ဖြစ်စေတယ်'' လို့ သူက ပြောပါတယ်။ ဒါကြောင့် အူတာပရာဒေ့ရှ်လို ပြည်နယ်ကို မဲဆန္ဒနယ် ခွဲထုတ်လိုက်တာဟာ အဖြေတစ်ခုဖြစ်လာစေနိုင်ပါတယ်။
လက်ရှိအချိန်အထိတော့ သောကဝေတဲ့တောင်ပိုင်းခေါင်းဆောင်တွေဟာ ပန်ဂျပ်ပြည်နယ်ခေါင်းဆောင်တွေနဲ့အတူ အသံတစ်ခုတည်း ထွက်လာပါတယ်။ အဲဒါကတော့ အစိုးရအနေနဲ့ လက်ရှိ အမတ်နေရာတွေ ဆက်ထားဖို့နဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေကို လာမယ့် နှစ် ၃၀ အထိ ဆိုင်းထားဖို့ ရပ်တည်ချက် တူနေကြပါတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ လက်ရှိပိုနေမြဲ ကြားနေမြဲအခြေအနေတိုင်း ဆက်ထားဖို့ ဖြစ်ပါတယ်။
ဘီဂျေပီပါတီကတော့ လက်ရှိအချိန်အထိ သူတို့အမြင်ကို ထုတ်ပြောတာ နည်းနေပါသေးတယ်။ ပြည်ထဲရေးဝန်ကြီး အာမီရှားကတော့ တောင်ပိုင်းပြည်နယ်တွေဟာ လာမယ့် မဲဆန္ဒနယ် ခွဲခြား သတ်မှတ်ရေးမှာ 'အမတ်နေရာ တစ်နေရာတောင်' လျော့ပါးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ဒါက ဘယ်လိုအဓိပ္ပါယ်ဆောင်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီအတောအတွင်းမှာပဲ စဥ်ဆက်မပြတ် ပညာရေးမူဝါဒတစ်ရပ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပညာရေး ရန်ပုံငွေ ဆိုင်းထားဖို့နဲ့ တမီလ် နာဒူးပြည်နယ်ရဲ့ ခေါင်းဆောင်မှုအပိုင်းကို ''ဒီမိုကရေစီမကျ၊ မယဥ်ကျေးမှု'' အဖြစ် တံဆိပ်တပ်မှုဟာ သဘောထားကွဲပြားမှုတွေ နက်ရှိုင်းလာပါတယ်။
ဆူဟတ် ပါရှီကာလို နိုင်ငံရေးသိပ္ပံပညာရှင်တွေကတော့ တောင် - မြောက် သဘောထားကွဲပြားမှုဟာ အိန္ဒိယရဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ သတိပေးပါတယ်။ ''တောင်နဲ့ မြောက် ရပ်ဝန်းအခြေအနေဟာ မဲဆန္ဒနယ်ပိုင်းခြားသတ်မှတ်တာဟာ သူတို့အတွက် အကျိုးရှိစေတယ်ဆိုပြီး မြောက်ပိုင်းက လူထုနဲ့ ပါတီကို ဆွဲဆောင်ဖို့ တစ်ခုတည်းသောအဖြေ ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ မြောက်ပိုင်းမှာ ဒါကို တန်ပြန်တဲ့လှုပ်ဆောင်ချက်တွေရှိမယ်ဆိုရင်တော့ ညှိညှိနှိုင်းနှိုင်းအဖြေတစ်ခုကို ရဖို့ ခက်ပါမယ်'' လို့ မစ္စတာ ပါရှီကာက ပြောပါတယ်။
သူကတော့ အိန္ဒိယ အောက်လွှတ်တော်မှာ အမတ်နေရာ တိုးလိုက်တာနဲ့ ဘယ်ပြည်နယ်မှ လက်ရှိ အင်အားကို မဆုံးရှုံးရေးဟာ နိုင်ငံရေးအရ အခွင့်အလမ်းရှိတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ရုံသာမက ''အိန္ဒိယဟန် ဒီမိုကရေစီကိုလည်း ထွန်းပြောင်စေလိမ့်မယ်'' လို့ သူက ပြောပါတယ်။ ''ကိုယ်စားပြုမှုကို ဟန်ချက်ညီညီထိန်းထားနိုင်တာဟာ စွန်းထင်းလာပြီဖြစ်တဲ့ အိန္ဒိယရဲ့ ဖက်ဒရယ်စိတ်ဓာတ်ကို အတိမ်းအစောင်း ထပ်မရှိအောင် လုပ်ဖို့ အခရာကျတယ်''