စစ်ကောင်စီသုံးတဲ့စောင့်ကြည့်ရေးနည်းပညာ ၅ ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်သူတွေရဲ့ နေ့စဉ်လှုပ်ရှား သွားလာမှုတွေကနေ လူမှုကွန်ရက် သုံးစွဲတာတွေအထိ စောင့်ကြည့်ခံနေရတဲ့ အခြေအနေတွေ ဖြစ်နေတဲ့အကြောင်း သတိပေးမှုတွေရှိလာပါတယ်။
စစ်ကောင်စီက စောင့်ကြည့်ရေးနည်းပညာ ၅ ခုသုံးပြီး တစ်ဦး တစ်ယောက်ချင်းစီကိုပါ ခြေရာခံလာနိုင်ပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ အဆင့်ဆင့် တင်းကျပ်လာတဲ့ စနစ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ နွေဦးလုံခြုံရေး (Spring Revolution Security) နဲ့ မြန်မာအင်တာနက် ပရောဂျက် အဖွဲ့တွေက ဒီအကြောင်းတွေကို မေ ၂၀ မှာ သတိပေးခဲ့တာပါ။
ဒီလိုတိုးမြှင့်လာတဲ့ နည်းစနစ်တွေကြောင့် ဖမ်းဆီးခံရသူတွေ ရှိလာကြတယ်လို့ နွေဦးလုံခြုံရေးက ပြောပါတယ်။
လူတစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေကို စစ်ကောင်စီ နည်းမျိုးစုံသုံးပြီး ရယူခဲ့

ဓာတ်ပုံ ရင်းမြစ်, ပြန်ကြားရေး
သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ဖုန်းဆင်းကတ်တွေကို မှတ်ပုံတင်ခိုင်းတာက ပုံမှန်အခြေအနေမှာတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးအစိုးရတွေအတွက်ကတော့ သူတို့ကို ဆန့်ကျင်သူတွေကို စောင့်ကြည့်ဖော်ထုတ်ဖမ်းဆီးဖို့ အသုံးဝင်သွားပါတယ်။
အာဏာသိမ်းအစောပိုင်းကာလမှာ ဆန္ဒပြဖို့ လှုံ့ဆော်တာ၊ ငွေလှူဒါန်းတာတွေ အပါအဝင် သံသယရှိတဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းကတ်တွေကို ပိတ်ပင်ခဲ့ပြီးပါပြီ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၂ ခုနှစ်မှာ ဆင်းကတ်ဝယ်တိုင်း မဖြစ်မနေ မှတ်ပုံတင်ခိုင်းတဲ့အတွက် ဖုန်းဆင်းကတ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီက ရယူသွားနိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်မှာလည်း ဖုန်း၊ တက်ဘလက်တွေမှာ အချက်အလက်တွေကို ကောက်ယူထည့်သွင်းခဲ့ကြပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဒေသတွေက လူ ၃၂ သန်းရဲ့ အချက်အလက်တွေကို သန်းခေါင်စာရင်းကနေ မျက်မြင်ကောက်ယူသွားနိုင်တာဖြစ်ပါတယ်။
တစ်ခါ အသက် ၁၀ နှစ်နဲ့အထက် ရှိသူတွေရဲ့ ကိုယ်ရေးအချက်အလက် ရယူတဲ့ (Biographic) နဲ့ မျက်လုံး Scan ဖတ်တာ၊ လက်ဗွေယူတာတွေဖြစ်တဲ့ ဇီဝဆိုင်ရာ အချက်အလက် ( Biometric) တွေကို ကောက်ယူပြီး National Database မှာ ထည့်သွင်းတာကိုလည်း ၂၀၂၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
စာရင်းသွင်းပြီးတဲ့အခါ ဂဏန်း ၁၀ လုံးပါတဲ့ Unique Identification (UID) နံပါတ်တစ်ခုချင်းစီနဲ့ မှတ်ပုံတင်လိုက်ပါတယ်။
"UID တွေကနေ ကိုယ့်အချက်အလက်တွေကို စစ်ကောင်စီဆီ ရောက်သွားမှာစိုးလို့ မလုပ်ချင်ဘူး။ ဒါပေမဲ့ နိုင်ငံကူးလက်မှတ်တွေလုပ်ရင် မဖြစ်မနေ ပြရမယ့် အချက်အလက်တစ်ခုအဖြစ် သတ်မှတ်လိုက်တယ်။ ခရီးသွားရင် ပါရမယ်ဆိုပြီး လုပ်လိုက်တော့ UID လုပ်လိုက်ရတယ်။ မျက်လုံးတွေကို Scan ဖတ်တယ်။ လက် ၁၀ ချောင်းလုံးကို လက်ဗွေယူတယ်" လို့ UID လုပ်ခဲ့ရသူ တစ်ယောက်က ပြောပါတယ်။
ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ National Database စနစ် တည်ဆောက်တာဟာ ထိရောက်မြန်ဆန် လုံခြုံတဲ့ ကွန်ပြူတာ စနစ်တွေကို အသုံးပြုပြီး အများပြည်သူတွေကို မြန်ဆန်တဲ့ ဝန်ဆောင်မှုတွေ ပေးဖို့ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အခုချိန်မှာတော့ National Database မှာ နိုင်ငံသား ၅၂ သန်းကျော်ရဲ့ အချက်အလက်တွေကို ရယူသွားနိုင်ပြီလို့ နွေဦးလုံခြုံရေးအဖွဲ့က ကိုဗောက်က ပြောပါတယ်။
"စစ်ကောင်စီက လိုချင်တဲ့ လူတစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေ တောင်းဆိုတာဟာ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရတယ်"လို့ သူက ပြောပါတယ်။
ဒါ့ကြောင့် ၂၀၂၄ နောက်ပိုင်းမှာစစ်ကောင်စီရဲ့ တင်းကျပ်တဲ့ စောင့်ကြည့်မှုတွေကြောင့် တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေ၊ ထောက်ပံ့သူတွေ၊ ဆန့်ကျင်သူတွေ ဖမ်းဆီးခံရတာတွေလည်း ဆက်တိုက်နီးပါး ရှိခဲ့တယ်လို့ နွေဦးလုံခြုံရေးအဖွဲ့က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်ကောင်စီသုံးနေတဲ့ စောင့်ကြည့်ရေး နည်းစနစ် အသစ်တွေ

ဓာတ်ပုံ ရင်းမြစ်, Myanmar Internet Project
စစ်ကောင်စီ နည်းပညာ ၅ မျိုးအထိသုံးပြီး စောင့်ကြည့်နေတယ်လို့ နွေဦးလုံခြုံရေးအဖွဲ့က ပြောပါတယ်။
နည်းပညာ ၁ ကတော့ PSMS (Person Scrutinization and Monitoring System) ဖြစ်ပါတယ်။
ဒီနည်းပညာဟာ ဉာဏ်ရည်တုနည်းပညာ(AI)၊ သွင်ပြင်မှတ်သားတဲ့ (Facial Recognition) နည်းပညာ၊ ဗဟိုချုပ်ကိုင်မှုစီစီတီဗီ (CCTV)စောင့်ကြည့်ရေးနည်းပညာနဲ့ နိုင်ငံသားအချက်အလက်တွေကို စုဆောင်းသိမ်းဆည်းထားတဲ့ နေရှင်နယ်ဒေတာဘေ့စ်(National Database)တွေ စုပေါင်းအလုပ်လုပ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
နည်းပညာ ၂ က PSMS ရဲ့ လုပ်ဆောင်ချက်နဲ့ ဆင်တူပြီး ရည်ရွယ်ချက် ကွဲပြားတဲ့ (National Service Information Management System- NSIMS) ဖြစ်ပါတယ်။ ဒါကို ရန်ကုန်လေဆိပ်မှာ စတင်အသုံးပြုနေပြီလို့ ဆိုပါတယ်။
ဒီစနစ်အလုပ်လုပ်တာကတော့ စစ်မှုထမ်းမှာ စာရင်းပါတဲ့သူတွေနဲ့ အသက် အကျုံးဝင်တဲ့သူတွေကို စစ်ထုတ်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီနည်းပညာတွေဟာ နိုင်ငံသားအချက်အလက်တွေကို အခြေတည်ပြီး စောင့်ကြည့်တာနဲ့ ခြေရာခံတာ၊ ဖမ်းဆီးတာတွေကို လုပ်ဆောင်နိုင်တဲ့ ဖိနှိပ်ရေးနည်းပညာတစ်ခု ဖြစ်တယ်လို့ နွေဦးလုံခြုံရေးက ရှင်းပြပါတယ်။
နည်းပညာ ၃ - ဒါကတော့ CCTV ကွန်ရက်ပဲ ဖြစ်ပါတယ်။
အရပ်သား အစိုးရမှာ အခြေပြုခဲ့တဲ့ စနစ်တွေကို စစ်ကောင်စီက သူ့ကိုဆန့်ကျင်သူတွေကို ထောက်လှမ်းဖို့ အသုံးပြုလာတာပဲ ဖြစ်ပါတယ်။
NLD အရပ်သား အစိုးရ လက်ထက် ၂၀၁၉ ခုနှစ် ဝန်းကျင်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့တွေမှာ "Smart City , Safe City" ခေါင်းစဉ်တွေနဲ့ အခြေခံအုတ်မြစ်တွေကို တည်ထောင်ခဲ့ပါတယ်။
အဲဒီကာလတုန်းက CCTV တွေကို အရေးကြီးတဲ့ နေရာတွေမှာ တပ်ဆင်ခဲ့ပြီး ကွန်ရက်ဖြန့်ကြက် လုပ်ငန်းစဉ်တွေ လုပ်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သာမက မော်လမြိုင်၊ ထားဝယ်၊ တောင်ကြီး၊ ဘားအံ၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေမှာပါ တိုးချဲ့လာနိုင်ခြေရှိတယ်လို့ နွေဦးလုံခြုံရေးအဖွဲ့က ဆိုပါတယ်။
CCTV ကွန်ရက်တွေဟာ (Person Scrutinization and Monitoring System- PSMS) စနစ်ရဲ့ အစိတ်အပိုင်းအဖြစ် အသက်ဝင်နေပြီလို့လည်း သိရပါတယ်။
ကွန်ရက်ဖြန်ကြက်တဲ့လုပ်ငန်းစဉ်တွေထဲမှာ ဉာဏ်ရည်တု (AI) နည်းပညာတွေ ထည့်သွင်းထားတဲ့အတွက် လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကို မှတ်သားနိုင်သလို ကားနံပါတ်တွေကိုပါ မှတ်သားနိုင်တာ ဖြစ်ပါတယ်။
CCTV က ရတဲ့အချက်အလက်တွေကို National Database နဲ့ ချိတ်ဆက် အဆင့်မြှင့်တင်ထားပြီး စစ်ဆေးရေးဂိတ်တွေ၊ လေဆိပ်တွေအပါအဝင် စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်းနေရာတွေမှာပါ ဖြန့်ထားတာ ဖြစ်ပါတယ်။
ဒီနည်းပညာတွေကို တရုတ်နိုင်ငံမှာ အသုံးပြုခဲ့တဲ့ ဇီကျန်တာဟွာ နည်းပညာကုမ္ပဏီ၊ ဟွာဝေးနဲ့ ဟိုက်ဗွီရှင်းတွေကနေ ဝယ်ယူထားတာပါ။
နည်းပညာ ၄ - ဒါကတော့ အင်တာနက် အသုံးပြုတာတွေကို ပိတ်ဆို့တဲ့ Firewall နည်းပညာကို သုံးတာပဲ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာ ဝက်ဘ်ဆိုက်တွေကို ပိတ်တာ၊ လူမှုကွန်ရက်နဲ့ ဆက်သွယ်ရေး အက်ပလီကေးရှင်းတွေကို ဆင်ဆာဖြတ်တောက်တာတွေကို ပိုလုပ်ဆောင်နိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဖေ့ဘုတ်ခ်လူမှုကွန်ရက်ကို သုံးစွဲခွင့် ပိတ်ထားသလို ဒါကို ကျော်ပြီးသုံးနိုင်တဲ့ VPN တွေကိုလည်း ပိတ်ဆို့တဲ့ ဒီနည်းပညာကို ၂၀၂၄ ခုနှစ် မေ ၂၉ ရက်မှာ စသုံးခဲ့တယ်လို့ သိရပါတယ်။
နည်းပညာ ၅ ဖြစ်တဲ့ Cyber Narrator ဆိုတာက ကွန်ရက်စောင့်ကြည့်ရေး နည်းပညာတစ်ခုဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုတွေကို စောင့်ကြည့်တဲ့အခါမှာ ပိုပြီး လျှင်မြန်အောင် ပုံဖော်နိုင်စွမ်း ရှိတာ ဖြစ်ပါတယ်။
လူသုံးများတဲ့ အက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေကို ခြေရာခံနိုင်သလို ဘယ်သူက ဘယ်ဝန်ဆောင်မှုကို သုံးနေလဲဆိုတာကို ခွဲခြားဖော်ထုတ်နိုင်တဲ့အတွက် နိုင်ငံတဝန်းက အင်တာနက်သုံးသူတွေရဲ့ ချိတ်ဆက်စီးဆင်းမှုတွေကို စိစစ်ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။
"လူတစ်ယောက်ရဲ့ အချက်အလက်တွေကို ရောထွေးမသွားအောင် အချက်အလက်ရှိသမျှ နေရာတွေကနေ ဝိုင်းပေါင်းပြီး ထည့်ထားပေးတာမျိုးနဲ့ ပိုတူတယ်"လို့ ကိုဗောက်က ပြောပါတယ်။
နောက်တစ်ခုကတော့ အမျိုးသား ဒီဂျစ်တယ် ဓာတ်ခွဲခန်းကနေ သံသယရှိသူရဲ့ ဖုန်း၊ ကွန်ပြူတာ စတာတွေကို ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်တွေ ရယူတာပဲ ဖြစ်ပါတယ်။
လူတစ်ယောက်ချင်းစီကို စစ်ကောင်စီက ဘယ်လိုစောင့်ကြည့်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူတစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေကို ရယူထားနိုင်ပြီး အဆင့်မြှင့် စောင့်ကြည့်ရေး နည်းပညာတွေ သုံးလာတဲ့ စစ်ကောင်စီဟာ ကြားဖြတ်စောင့်ကြည့်တာတွေကို ပိုလုပ်လာနိုင်ပါတယ်။
အာဏာမသိမ်းခင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီကတည်းက တယ်လီနော အော်ပရေတာမှာ ကြားဖြတ် စောင့်ကြည့်ရေးစနစ်တွေကို တပ်ဆင်ထားပြီလို့ Justice For Myanmar ကနေ ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ ပြည်တွင်း ဖုန်းအော်ပရေတာတိုင်းမှာ တပ်ဆင်လာတယ်လို့ နွေဦးလုံခြုံရေးအဖွဲ့က ပြောပါတယ်။
ဖုန်းပြောတာတွေ မလုံခြုံတော့သလို စာပို့တာတွေကလည်း စောင့်ကြည့်ခံရပြီ လို့သူတို့ကပြောပါတယ်။
ဉာဏ်ရည်တု (AI) နည်းပညာတွေ သုံး စောင့်ကြည့်ရေးစနစ်တွေ သုံးထားနိုင်တဲ့အတွက် ဖုန်းခေါ်တဲ့အခါ၊ စာပို့တဲ့အခါမှာ စစ်ကောင်စီက သူတို့ သတ်မှတ်ထားတဲ့ အဓိက စကားလုံးတွေ ပါဝင်သွားရင် အလိုအလျှောက် မှတ်တမ်းယူတာ၊ သက်ဆိုင်ရာကို အသိပေးတာတွေ လုပ်ဆောင်သလို ဖုန်းသုံးစွဲသူရဲ့ ခန့်မှန်း တည်နေရာကိုပါ ရရှိသွားနိုင်တာပါ။
" Key word ဆိုတဲ့နေရာမှာ ဥပမာ ဆန္ဒပြတာ၊ တော်လှန်ရေး ဆိုတဲ့ စကားလုံးမျိုး ပါသွားပြီဆိုတာနဲ့ အဲဒီစနစ်က စ အလုပ်လုပ်တော့တာ"လို့ ကိုဗောက်က ရှင်းပြပါတယ်။
လူမှုကွန်ရက်သုံးစွဲသူတွေကို စောင့်ကြည့်နေတဲ့အတွက် စစ်ကောင်စီကို ဆန့်ကျင်ရေးသားသူတွေ၊ ထင်မြင်ချက် ရေးသားသူ၊ ထပ်ဆင့်ဖြန့်ဝေသူတွေလည်း ဖမ်းဆီးခံရတာတွေ ရှိခဲ့တာပါ။
Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် ဇူလိုင်အထိ အွန်လိုင်းပေါ်ကနေ ထုတ်ဖော်ပြောဆိုတာကြောင့် ဖမ်းဆီးခံရသူ ၁,၆၉၀ ကျော်ရှိခဲ့ပါတယ်။
အာဏာသိမ်းထားတဲ့ လေးနှစ်တာကာလအတွင်းဆိုရင်တော့ လူမှုကွန်ရက်မှာ ပြောဆိုရေးသားတာကြောင့် ဖမ်းခံရသူ ၁,၈၈၀ ကျော် ရှိတယ်လို့ သိရပါတယ်။
မြန်မာ အင်တာနက် ပရောဂျက်ကနေ စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း ဖေ့ဘွတ်ခ်၊ တစ်တော့ နဲ့ တယ်လီဂရမ်တို့ကနေတဆင့် စစ်အာဏာရှင်ကို ဆန့်ကျင်ရေးသားသူ ၃၇၄ ယောက် ဖမ်းဆီးခံခဲ့ရသလို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီကနေ ဧပြီအတွင်း ဖမ်းဆီးခံရသူ ၁၆ ယောက်ရှိခဲ့ပါတယ်။
"လူဦးရေ သန်း ၅၀ ကျော်ထဲကနေမှ ကိုယ်တစ်ယောက်တည်းကို စောင့်ကြည့်နိုင်မလား၊ ကိုယ်ကရော သူတို့စောင့်ကြည့်ရအောင် အရေးပါလို့လားဆိုတဲ့ အနေအထားမျိုးကို ပုံမှန်ပြည်သူတွေ တွေးခဲ့မှာပါ။ အခုတော့ ထိရှလွယ်တဲ့ စကားလုံးပါလာရင်တောင် သံသယနဲ့ ပစ်မှတ်ထားပြီး ပိုတင်းတင်းကျပ်ကျပ် လုပ်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာပြီ"လို့ ကိုဗောက်က ပြောပါတယ်။
ဒါအပြင် ငွေလွှဲပြောင်းတာတွေကိုလည်း စစ်ကောင်စီက တစိုက်မတ်မတ် စောင့်ကြည့်ပါတယ်။
မြန်မာနိုင်ငံ ငွေလွှဲလုပ်ငန်းတွေမှာ အသုံးများတဲ့ Wave Money, KBZ pay လို အွန်လိုင်းငွေလွှဲလုပ်ငန်းတွေရဲ့ အလွှဲအပြောင်းတွေကို ကြပ်မတ်နေတာကြောင့် KBZ pay အပိတ်ခံရသူတွေလည်း များခဲ့ပါတယ်။
နေ့စဉ်သွားလာလှုပ်ရှားမှုတွေဟာလည်း သတိထားစရာဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို စစ်ကောင်စီရဲ့ အဆင့်မြှင့် နည်းပညာတွေ သုံးလာတာကိုလည်း သတိထားမိလာတဲ့အတွက် လူမှုကွန်ရက်တွေမှာ ဘယ်မှတ်ချက်မှ မပေးရဲသလို သတင်းဌာနအောက်တွေမှာလည်း မရေးသားရဲတဲ့အထိ စိုးရိမ်လာကြသူတွေလည်း ရှိလာပါတယ်။
မြန်မာအင်တာနက် ပရောဂျက်က ဦးဟန်က "ပြည်သူတွေ ဘက်ပေါင်းစုံကနေ စောင့်ကြည့်ခံ ဘဝ ဖြစ်နေတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း သတင်းသမား တစ်ယောက် ဖြစ်ပေမဲ့ သတင်းထောက်ဆိုတာကို ထုတ်ဖော်ပြောလို့ရတဲ့ အခြေအနေ မရှိပါဘူး"လို့ ပြောပါတယ်။
စစ်တပ်အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ လေဆိပ်၊ စစ်ဆေးရေးဂိတ်တွေကလည်း CDM ဝင်ထားသူတွေ၊ တော်လှန်ရေး လှုပ်ရှားသူတွေအတွက် ရှောင်ရှားရမယ့် နေရာမျိုး ဖြစ်လာပါတယ်။
အဓိကကျတဲ့စစ်ဆေးရေးဂိတ်တွေမှာဆိုရင် ကွန်ပြူတာ၊ တက်ဘလက်သုံးပြီး ဖြတ်သန်းသွားလာသူတွေရဲ့ အချက်အလက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့်လည်း ခရီးသွားလာရေးမှာ စိုးရိမ်ကြောင့်ကြနေကြရပါတယ်။
"မှတ်ပုံတင်တောင်းလို့ ပေးလိုက်တော့ ကွန်ပြူတာထဲကို အချက်အလက်တွေ ထည့်လိုက်တယ်။ ပြီးတော့ လူကိုသေချာစစ်တယ်။ သူတို့ရှာနေတဲ့သူ ဟုတ် မဟုတ်ပေါ့။ ဒါက ခရီးသွားကားပေါ်မှာ ပါလာသမျှ ခရီးသည်တိုင်းကို စစ်တာ"လို့ မန္တလေးမြို့နဲ့ ရှမ်းပြည်နယ်အစပ် စစ်ဆေးရေးဂိတ်နဲ့ မကွေးမြို့ အဝင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံခဲ့ရသူ ခရီးသွားတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာဆိုရင်လည်း မေ ၂၁ ရက်မှာ ခရီးသည်တင် လိုင်းကားတွေပေါ်က လူငယ်တွေသာမက ခရီးသည်တွေအားလုံးရဲ့ အထုပ်အပိုးတွေ၊ ဖုန်းတွေကိုပါ လိုက်စစ်နေတာတွေလည်း ရှိနေတယ်လို့ ခရီးသည်တစ်ယောက်က ပြောပါတယ်။
ဒါ့ကြောင့် အပြင်သွားမယ်ဆိုရင် ကိုယ့်ကို ထိခိုက်နိုင်တဲ့ အချက်အလက်တွေပါဝင်တဲ့ ဖုန်းတွေကို လုံခြုံတဲ့နေရာမှာ သိမ်းခဲ့တာမျိုး လုပ်ဖို့ အင်တာနက်ကနေ စစ်ကောင်စီရဲ့ စောင့်ကြည့်မှုတွေကို ရှောင်ရှားဖို့ကတော့ လုံခြုံမှုရှိတဲ့ VPN တွေကို သုံးတာ၊ ထိရှလွယ်တဲ့ စကားတွေကို ရှောင်ရှားတာမျိုး နဲ့ လူမှုကွန်ရက်က သူငယ်ချင်းတွေကို စိစစ်တာမျိုး လုပ်သင့်တယ်လို့ ကိုဗောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လူကိုယ်တိုင် စစ်ဆေးတာတွေ သာမက နည်းပညာသုံးပြီး လူမှုဘဝတွေကိုပါ စောင့်ကြည့်ခံနေရတဲ့ အခြေအနေတွေမှာ နိုင်ငံသားတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေ တိုက်ရိုက်ထိခိုက်နေတာဖြစ်ပါတယ်။
"စစ်ကောင်စီရဲ့ စောင့်ကြည့်မှုတွေကို အလွယ်ကူဆုံး ကာကွယ်လို့ရတာ မရှိဘူး။ ဂရုတစိုက် ရှင်သန်သွားကြရမှာပဲ"လို့ ကိုဗောက်က ပြောပါတယ်။