၂၀၂၅ နည်းပညာရေစီးကြောင်း - ခရစ်တို ငွေကြေးနဲ့ ကိုယ့်အကြိုက်ဖန်တီးနိုင်မယ့် AI


ဟောင်ကောင်က စတိုးဆိုင်တစ်ခုမှာ ဒေါ်နယ်ထရမ့်က ဘစ်ကွိုင်ငွေ တစ်ပြားကို ကိုင်ပြထားတဲ့ ကာတွန်းသရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘစ်ကွိုင်ငွေကြေးတန်ဖိုးဟာ ဒီဇင်ဘာလတုန်းကဆိုရင် ဒေါ် လာ တစ်သိန်းအထိ တန်ဖိုးမြင့်တက်ခဲ့ပါတယ်

ဘစ်ကွိုင်ငွေကြေးတန်ဖိုးဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ် လာ ၁ သိန်းအထိ စျေးတက်ခဲ့သလို ဉာဏ်ရည်တု နည်းပညာ AI သုံးနိုင်တဲ့နည်းတွေကလည်း ဖုန်းတွေကနေဆင့် ကိုယ့်ရဲ့ အိပ်ကပ်ထဲရောက်လာတော့ ဒီနှစ် ၂၀၂၅ နှစ်သစ်မှာ ဘယ်လိုနည်းပညာတွေ ခေတ်စားလာနိုင်လဲ။

ဘီဘီစီ စီးပွားရေးနည်းပညာ အယ်ဒီတာ ဘန်မောရစ်နဲ့ နည်းပညာ အယ်ဒီတာ ဇိုး ကလီမန်တို့က ၂၀၂၅ ခုနှစ်မှာထိပ်တန်းရောက်လာနိုင်တဲ့ထိပ်တန်းနည်းပညာတွေအကြောင်း စေ့ငုထားပါတယ်။

ဘန်မောရစ်၊ ဘီဘီစီ စီးပွားရေးနည်းပညာအယ်ဒီတာ

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကတော့ ခရစ်တိုငွေကြေး လုပ်ငန်းရဲ့ လားရာဟာ မျှော်လင့်ချက်မဲ့ပြီလို့ ဆိုတာမျိုး ခန့်မှန်းခဲ့ကြတာမျိုးရှိပါတယ်။

ခရစ်တိုငွေကြေးထဲ နာမည်ကြီးတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ အက်ဖ်တီအိတ်(FTX)ဟာ ဆိုရင် ဒေါ် လာ သန်း ရှစ်ထောင်လောက်နီးပါးနဲ့ ပြိုလဲခဲ့လို့ သူ့ရဲ့ဝန်ဆောင်မှုကို သုံးသူတွေရဲ့ ငွေကြေးဆုံးရှုံးမှုဟာ မှန်းမရတာမျိုးတောင် ဖြစ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လမှာတော့ အဲဒီကုမ္ပဏီပူးတွဲထူထောင်သူ ဆမ်ဘန့်မန်း ဖရိုင်းဟာ ကုမ္ပဏီ ဝန်ဆောင်မှုကို သုံးစွဲသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို လိမ်လည်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရပါတယ်။

ဒီအလိမ်အညာ အရှုပ်တော်ပုံဟာ ခရစ်တို ငွေကြေးနယ်ပယ်တစ်ခုလုံးအပေါ် ယုံကြည်မှုကို လှုပ်ခတ်စေခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခရစ်တိုငွေကြေးတွေဟာ ရှင်သန်ကြီးပွားနိုင်တဲ့အရာလို့ဆိုပြီး စိတ်အားထက်သန်မှုတွေ ဆက်ရှိနေပေမဲ့ အဲဒီလိုင်းကိုလိုက်ကြတာကတော့ အကန့်အသတ်ဖြစ်လာပါတယ်။

ဒါပေမဲ့ လအနည်းငယ်အကြာမှာတော့ ခရစ်တို နယ်ပယ်မှာ အပြုသဘောဆောင် မြင်ကြတာ ထပ်တိုး လာပြန်ပါတယ်။ အဲဒီစိတ်အားထက်သန်မှုဖြစ်လာစေတဲ့ နောက်ခံအကြောင်းအရင်းကတော့ ဒေါ်နယ်ထရမ့် တစ်ယောက် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရရှိမှုဖြစ်ပါတယ်။

ထရမ့်ဟာ ခရစ်တိုငွေကြေးကဏ္ဍကို မျက်နှာသာ ပိုပေးလာနိုင်တယ်လို့ ခံစားမိကြတာဖြစ်ပြီး လက်ရှိ အချိန်အထိလည်း ဒါကပဲ ဒီငွေကြေးနယ်ပယ်ရဲ့လားရာကို ပုံဖော်နေဆဲပါ။

ဒီဇင်ဘာလ အစောပိုင်းတုန်းကတော့ ထရမ့်က သူဟာ အမေရိကန် စတော့ စျေးကွက် လုပ်ထုံးလုပ်နည်းစိစစ်တဲ့ ထိပ်ပိုင်း ဥက္ကဋ္ဌ ရာထူးကို အာမခံနဲ့အိတ်ချိန်းကော်မရှင်နာမင်းကြီးဟောင်း ပေါလ် အကင်းစ်ကို ခန့်မှယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ အကင်းစ်ဟာ အရင် ဥက္ကဋ္ဌ ဂယ်ရီ ဂျန်စလာထက်စာရင် ခရစ်တိုငွေကြေးလိုင်းကို ပိုယိမ်းတဲ့သူလို့ ရှုမြင်ခံရသူဖြစ်ပါတယ်။

ဒီကြေညာချက်ကြောင့်ပဲ ဘစ်ကွိုင်ငွေကြေးတန်ဖိုးဟာ ဒေါ် လာ တစ်သိန်းဆိုတဲ့ပမာဏအထိ ထိုးတက်ပြီး ခရစ်တိုငွေကြေးတွေထဲမှာ တန်ဖိုးအကြီးဆုံးဖြစ်သွားပါတယ်။

''ထရမ့် နိုင်ပြီဆိုရင် ၂၀၂၅ ခုနှစ်မှာ ခရစ်တိုငွေကြေးပိုင်းနဲ့ပတ်သက်လာရင် လုပ်ထုံးလုပ်နည်းအပိုင်းတွေကို ပိုပြီး တက်တက်ကြွကြွလုပ်လာနိုင်တယ်လို့ ပုံဖော်လို့ရတယ်လေ။ အလုပ်မဖြစ်တဲ့စည်းကမ်းတွေကို ဖယ်တာဖြစ်လာနိုင်တာကြောင့် ဘဏ်တွေနဲ့ တခြားငွေရေးကြေးရေးအဖွဲ့တွေအတွက်လည်း လူးသာ လွန့်သာ ဖြစ်သွားစေမှာ'' လို့ Standard Chartered မှာရှိတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုဆိုင်ရာ ကမ္ဘာလုံး သုတေသနအဖွဲ့ ခေါင်းဆောင် ဂျက်ဖရီ ကန်းဒရစ်က ပြောပါတယ်။

အထူးသဖြင့်တော့ SEC ကနေ ထုတ်ပြန်တဲ့ SAB 121 လို့ခေါ်တဲ့ လမ်းညွှန်ချက်ကို မစ္စတာ ကန်းဒရစ်က ထောက်ပြပါတယ်။ အဲဒီလမ်းညွှန်ချက် စတင်အသက်ဝင်တဲ့ ၂၀၂၂ ခုနှစ်ကတည်းကဆိုရင် ဘဏ်တွေနဲ့ တခြားဘဏ္ဍာရေးကုမ္ပဏီတွေဟာ ခရစ်တို ငွေကြေး ဝန်ဆောင်မှုတွေ ပေးဖို့ရာ ပိုခက်သွားစေခဲ့ပါတယ်။

ဒီလို လမ်းညွှန်ချက်ကြောင့်ပဲ ထရမ့်အနေနဲ့ အမေရိကန်ကို ကမ္ဘာ့ ခရစ်တိုငွေကြေးဗဟိုချက်ဖြစ်အောင်လုပ်မယ်လို့ ဇူလိုင်လတုန်းက ပေးခဲ့တဲ့ ကတိအတွက် အထောက်အကူဖြစ်လာနိုင်ပါတယ်။

ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ ဒါဟာ သိပ်ကို ထူးခြားတဲ့အလှည့်အပြောင်းဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုရင် ဘစ်ကွိုင်ကို ''အလိမ်အညာ''လို့ ထရမ့်က ၂၀၂၁ ခုနှစ်မှာ ရုပ်လုံးဖော် ပြောခဲ့တာကြောင့်ဖြစ်ပါတယ်။

သုံးသူနဲ့ ပိုနီးကပ်လာတဲ့ ဉာဏ်ရည်တုနည်းပညာ (AI)

ဖုန်းပေါ်က ချက်ဘော့ကို ကြည့်နေတဲ့ အမျိုးသမီးတစ်ဦးပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဉာဏ်ရည်တု နည်းပညာ အေအိုင်ကို ကိုယ့်အကြောင်း ဘယ်လောက် သိစေချင်လဲ

ဇိုးကလီမန်၊ ဘီဘီစီ နည်းပညာ အယ်ဒီတာ

ဉာဏ်ရည်တု နည်းပညာ(အေအိုင်) ဟာ ကိုယ်သုံးတဲ့ဖုန်းတွေထဲကို ရွှေ့လာတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အက်ပဲ၊ ဂူဂဲနဲ့ ဆမ်ဆောင်းတွေဟာ ဝက်ဘ်ဆိုက်မှာ ရှာဖွေတာ၊ ဘာသာပြန်တာ၊ ဓာတ်ပုံတွေကို ပြုပြင်တည်းဖြတ်တာမျိုးလို အေအိုင် နည်းပညာလုပ်ဆောင်ချက်တွေကို လက်ကိုင်ဖုန်း ဖုန်းထဲကို ထည့်လာတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အေအိုင်ဟာ ကိုယ့်ရဲ့ နေ့စဥ် ဒစ်ဂျစ်တယ်သုံးစွဲမှု အလေ့နဲ့ ကိုယ့်အကြိုက်ကိုလိုက်ပြီးသုံးနိုင်တဲ့အဆင့်ရောက်လာတဲ့ ခေတ်တစ်ခေတ်ရဲ့ အစကို ချင်းနင်း ဝင်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

ဒါကလည်း တဖက်မှာ ကိုယ် ဝင်ခွင့်ပေးမှ ဖြစ်မယ့်အရာမျိုးပါ။ ဘာကြောင့်လဲဆိုရင် နည်းပညာအပေါ် ယုံကြည်မှုဆိုတဲ့ခြေလှမ်းကို အတော်လေး ကြဲကြဲလှမ်းမှဖြစ်မှာမို့လို့ပါပဲ။

ဥပမာအနေနဲ့ ကိုယ့်ရဲ့နေ့စဥ်မှတ်တမ်းရေးတာမျိုးကို စီမံခိုင်းတာမျိုး ဆိုကြပါစို့။ ကိုယ်လုပ်ခွင့်ပြုလိုက်တယ်ဆိုရင် ကိုယ့်ဒိုင်ယာရီ မှတ်တမ်းကို အေအိုင်က ဝင်ပြီး ရေးပေးသွားရုံပါပဲ။ ဒါပေမဲ့ ဒါက ဘယ်လောက်အထိ ပုဂ္ဂိုလ်ရေးအပေါ် သက်ရောက်နိုင်လဲဆိုတဲ့ မေးခွန်းရှိနေပြန်ပါတယ်။

အမှန်တကယ် အသုံးဝင်ဖို့ဆိုရင် ကိုယ် ဘယ်သူနဲ့ မတွေ့ချင်ဘူးလဲ၊ နောက်ပြီး ကိုယ်ဘယ်သူနဲ့တွဲနေတယ်ဆိုတာမျိုး မသိစေချင်တာမျိုးကိုလည်း အေအိုင်က သိဖို့လိုအပ်မှာလားဆိုတာလည်း ရှိနေပြန် ပါတယ်။

ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုအနှစ်ချုပ်တွေ၊ ဒါမှမဟုတ် ဆေးခန်းပြဖို့ ကြိုတင်စာရင်းပေးတာတွေကိုရော အေအိုင်ကို လုပ်စေချင်လားဆိုတာလည်း မေးရမယ့်မေးခွန်းပါ။

သိပ်ကို အတွင်းကျတဲ့ ကိုယ်ပဲသိသင့်တဲ့အချက်အလက်တွေဟာ နည်းပညာချို့ယွင်းမှုဖြစ်တယ်ဆိုတဲ့တစ်ချက်တည်းနဲ့ ပျံ့သွားတဲ့အခါ ကိုယ့်ရဲ့အဖိုးတန်အချက်အလက်တွေဟာ စိတ်ကသိကအောက် ဖြစ်လောက်စရာ ပျံ့သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒီလိုအချက်အလက်မျိုးတွေနဲ့ ပတ်သက်လာရင် ကိုယ်တိုင်က နည်းပညာကုမ္ပဏီတွေကို ယုံကြည်မှာလား။

ကွန်ပြူတာလုပ်ငန်းကြီး မိုက်ခရိုဆော့ကတော့ ဒီတံခါးကို ခပ်တင်းတင်းတွန်းဖွင့်ဖို့လုပ်နေပါတယ်။ သုံးစွဲသူတွေအနေနဲ့ ကိုယ် သိမ်းလိုက်တဲ့အကြောင်းအရာကို ဘယ်မှာ သိမ်းလို့ သိမ်းထားမိမှန်းမသိ မဖြစ်ရလေအောင် အထောက်အကူဖြစ်စေဖို့လို့ဆိုပြီး ကွန်ပြူတာဖန်သားပြင်ကို အလိုအလျှောက် ဓာတ်ပုံရိုက် သိမ်းပေးတဲ့ Recall(ပြန်လည်အမှတ်ရခြင်း)ဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုကို ၂၀၂၄ ခုနှစ် အစမ်းပြခဲ့လို့ ဝေဖန်တာ ကြုံရပါတယ်။

အခုတော့ အများသုံးအောင် ထုတ်မပြသေးတဲ့ ဒီလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အပြောင်းအလဲတွေ ပြုလုပ်ထားပြီးပြီလို့ မိုက်ခရိုဆော့ဖ်က ပြောသလို အများသုံးနိုင်အောင် ဖြန့်ချိဖို့လည်း အသင့်လို့ ဆိုပါတယ်။

''ကျွန်တော်တို့ဟာ ကိုယ့်နေ့စဥ်ဘဝမှာ ကိုယ်နဲ့အတူ ထိန်းကျောင်းတည့်မတ်ပေးမယ့်သူတစ်ဦးက ဘေးမှာ မပြတ်ရပ်နေပြီလို့တောင် မှတ်ယူနိုင်တဲ့ ခေတ်သစ်တစ်ခုကို ဝင်ရောက်နေပြီ ပြောလို့ရပါတယ်'' လို့ မိုက်ခရိုဆော့ဖ်ရဲ့ ဉာဏ်ရည်တု နည်းပညာဆိုင်ရာအကြီးအကဲ မူစတာဖာ ဆူလေမန် က ကျွန်မကို ပြောဖူးပါတယ်။

ဒီလို စိမ်ခေါ်ချက်တွေ ရှိနေပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ ကိုယ့်အလိုက်၊ ကိုယ့်အကြိုက် သုံးနိုင်မယ့် ဉာဏ်ရည်တုနည်းပညာ အေအိုင် ဝန်ဆောင်မှုတွေ ပိုပြီးပေါ်လာနိုင်တယ်လို နည်းပညာသုတေသန ကုမ္ပဏီ စီစီအက်စ အင်ဆိုက်(CCS Insight) က အကဲခတ် ဘန် ဝုဒ် က ပြောပါတယ်။

''အီးမေးလ်တွေ၊ မက်ဆေ့တွေ၊ စာရွက်စာတမ်းတွေ၊ ဆိုရှယ်မီဒီယာသုံးစွဲမှုတွေကနေ ရလာတဲ့အချက်အလက်တွေကို ဆွဲငင် စုဆောင်း တိုးမြှင့်ပြီး နောက်ဆုံးပေါ် နည်းပညာအဖြစ် အသစ်အသစ်တွေဖြစ်လာနေဦးမှာ'' လို့ သူက ပြောပါတယ်။

''ဒါတွေကပဲ အေအိုင်အနေနဲ့ လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ဆက်သွယ်ပြောဆိုမှုပုံစံ၊ လိုအပ်ချက်၊ အကွေ့အယိမ်းတွေကို ညီညီလာလာလိုက်ယိမ်းနိုင်အောင် လုပ်နိုင်စွမ်း ရှိလာစေမှာ''

ဒါပေမဲ့ မစ္စတာ ဝုဒ်ကတော့ ကိုယ့် အချက်အလက်တွေကို အေအိုင်ကို ရဲရဲပေးသုံးမလားဆိုတာကတော့ ကြီးကြီးမားမားချရမယ့် ဆုံးဖြတ်ချက်လို့ ဆိုပါတယ်။

''အဓိကကတော့ ယုံကြည်မှုပဲ။ ကိုယ် ယုံကြည်မလားပေါ့'' လို့ သူက ပြောပါတယ်။

ခြေလှမ်းပြီဖြစ်တဲ့ အချက်အလက်

ထင်ထင်ရှားရှားမြင်နိုင်အောင် အစိမ်းရောင် ဂျာကင်ဝတ်ထားတဲ့ လုပ်သား နှစ်ဦးကို ဒေတာ စင်တာထဲမှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခုနှစ်မှာ အချက်အလက်စင်တာ နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးဝင်လာနိုင်ခြေရှိနေပါတယ်

ဘန်မောရစ်၊ ဘီဘီစီ စီးပွားရေးနည်းပညာအယ်ဒီတာ

အေအိုင်နည်းပညာကို နယ်ပယ်မှာ ငွေကြေးရင်းနှီးမြှုပ်နှံတာတွေ လုပ်လာလေလော အချက်လက်စင်တာတွေ ပိုပြီး တည်ဆောက်ဖို့ လိုလာလေလေဖြစ်လာပါတယ်။

ဉာဏ်ရည်တု နည်းပညာကို သိမှတ်လာနိုင်အောင်နဲ့ လည်ပတ်နေနိုင်အောင် လုပ်ဖို့ဆိုရင် ကွန်ပြူတာ အားကောင်းကောင်းရှိဖို့လိုသလို နောက်ဆုံးပေါ် ကွန်ပြူတာ ချစ်ပ်ပြားတွေနဲ ဆာဗာတွေရှိမှပဲ အလုပ်ဖြစ်မှာဖြစ်ပါတယ်။

ဂူဂဲ၊ မိုက်ခရိုဆော့ဖ်နဲ့ မက်တာ(အရင်က ဖေ့ဘုတ်ခ်)တို့အပါအဝင် ဒေတာကို ကြီးကြီးမားမားသုံးသူတွေရဲ့ ဒေတာစင်တာတွေအပေါ် ရင်းနှီးမြှုပ်နှံမှုဟာ လာမယ့် ၅ နှစ်အတွင်းမှာ ဒေါ် လာ ၁ ထရီလီယံ အထိရှိမယ်လို့ CCS Insight က ခန့်မှန်းပါတယ်။

ဥရောပ တစ်ခုတည်းမှာတင် ၂၀၂၄ ကနေ ၂၀၂၈ ခုနှစ်အတွင်း ဒေတာစင်တာတွေရဲ့ တိုးလာနိုင်ခြေဟာ နှစ်စဥ် ၉ ရာခိုင်နှုန်းအထိ တိုးလာလိမ့်မယ်လို့ အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီ Savills က ပြောပါတယ်။

ဒါပေမဲ့ ဒေတာစင်တာ အဆောက်အဦအသစ်တွေကိုတော့ လက်ရှိမှာ ဒီလိုနယ်ပယ်အတွက် ခရာကျတဲ့ လန်ဒန်၊ ဖရန်းဖက်နဲ့ အမ်စတာဒမ်လို မြို့တွေမှာပဲ ထပ်ပြီး ဆောက်တာမျိုးတော့ ဖြစ်မလာနိုင်ပါဘူး။

အကြောင်းကတော့ ဒီမြို့ကြီးတွေက အိမ်ခြံမြေစျေးတွေကြောင့်ပါ။ Savills ကုမ္ပဏီဘက်ကတော့ လန်ဒန်က မြေစျေးဟာ တစ်ဧကကို ပေါင်ငွေ ၁၇ သန်းနီးပါးလောက်ရှိပြီး ဒီထဲမှာ လျှပ်စစ်ဓာတ်အား အသုံးပြုရတာလည်း ကျပ်မှာဖြစ်တာကြောင့် ဒေတာစင်တာအသစ်ဆောက်မယ့်သူတွေဟာ တခြားတစ်နေရာကိုပဲ ရှာကြမယ်လို့ ပြောပါတယ်။

ဗြိတိန်မှာတော့ ကိမ်းဘရစ်၊ မန်ချက်စတာ၊ ဘာမင်ဂမ်တို့ဟာ အသစ်ဆောက်မယ့် ဒေတာ စင်တာ တွေအတွက် မြို့တွေဖြစ်လာနိုင်ပါတယ်။

ဥရောပက တခြားနေရာတွေဆိုရင်တော့ ပရက်၊ ဂျီနိုအာ၊ ဒက်ဆယ်ဒေါ့ဖ်နဲ့ မီလန်မြို့တို့ဟာ စဥ်းစားနိုင်ခြေရှိစရာ မြို့တွေ ဖြစ်လာနိုင်ခြေရှိပါတယ်။

Nvidia's Blackwell chip on a circuit board

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နည်းပညာကုမ္ပဏီကြီးတွေ နောက်မြီးဆွဲ တန်းတန်းလိုက်ပြီး မှာယူကြမယ့် အန်ဗီဒီယာရဲ့ ကွန်ပြူတာ ချစ်ပ်ပြားသစ်

ဒီဒေတာစင်တာတွေရဲ့ ဗဟိုချက်ကတော့ အေအိုင်နည်းပညာအတွက် ချစ်ပ်ပြားတွေရဲ့ စျေးကွက်ကို ချုပ်ထားသူ အန်ဗီဒီယာ ကုမ္ပဏီကထုတ်တဲ့ နောက်ဆုံးပေါ် ကွန်ပြူတာ ချစ်ပ် ပြားတွေဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လမှာ ထုတ်ပြထားပုံအရဆိုရင် ဘလက်ဝဲလ်လို့ခေါ်တဲ့ချပ်စ်ပြားကို ၂၀၂၅ ခုနှစ်မှာ ကုမ္ပဏီဘက်က ဝယ်လက်တွေလက်ထဲကို ရောက်အောင် စပြီး ပို့ဆောင်မယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီချစ်ပ်ပြားကြောင့် နည်းပညာကုမ္ပဏီတွေဟာ အေအိုင်ရဲ့သိမှတ်နည်းပညာကို ၄ ဆ တိုးနိုင်အောင် လုပ်နိုင်မှာဖြစ်သလို လက်ရှိ ကွန်ပြူတာချစ်ပ်ပြားတွေရဲ့လုပ်နိုင်စွမ်းရဲ့ အဆ ၃၀ လောက်အထိ တိုးပြီး အေအိုင်စနစ် လည်နိုင်အောင် လုပ်နိုင်လိမ့်မယ်လို့ အမေရိကန်အာမခံဘဏ်က ချစ်ပ်ပြားဆိုင်ရာ အကြီးတန်းအကဲခတ် ဗီယက်အာယာက ပြောပါတယ်။

အန်ဗီဒီယာရဲ့ဖောက်သည်ကြီးတွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ်၊ အမေဇုန်၊ မက်တာနဲ့ ကိုးဝေ့ဗ်တို့ဖြဝေ့ဗ်တို့ဟာ ဒီနည်းပညာကို ပထမဆုံးရတဲ့ ကုမ္ပဏီနည်းတွေဖြစ်နိုင်တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

ဒါပေမဲ့ တခြား ဖောက်သည်တွေကတော့ ''၂၀၂၅ ခုနှစ်မှာ ထောက်ပို့လမ်းကြောင်း အကန့်အသတ်တွေကြောင့်'' ဒီ ဆူပါ ချစ်ပ်ပြားကို လက်လှမ်းမီဖို့တော့ ရုန်းရလိမ့်မယ်လို့ အာယာက ပြောပါတယ်။