ဇွန်လ ၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
window.__reverb = {}; window.__reverb.__reverbLoadedPromise = new Promise((resolve, reject) => { window.__reverb.__resolveReverbLoaded = resolve; window.__reverb.__rejectReverbLoaded = reject; }); window.__reverb.__reverbTimeout = setTimeout(() => { window.__reverb.__rejectReverbLoaded(); }, 5000);
မန္တလေးကအမျိုးသမီး ၁ ဦးနဲ့ ရန်ကုန်ကအမျိုးသား ၁ ဦးတို့ကို အဆိုတော်ချမ်းချမ်းနဲ့ ဆက်စပ်ထောက်ပို့လုပ်တယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီးလိုက်တဲ့ သတင်းအပါအဝင် ဇွန် ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဇွန်လ ၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်ထဲက ချီဖွေ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေထဲမှာ ရေကြီးရေလျှံမှုတွေဖြစ်တာကြောင့် လူဦးရေ ထောင်ချီရေဘေးသင့်ခဲ့ပါတယ်။
လာနီညာ အပျော့စားနှစ်မို့ မုတ်သုန် မိုးဦးအဝင်စောသလို ဘင်္ဂလားပင်လယ်အော်မှာဖြစ်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးပြီး မြစ်ရေလျှံကာ ရေကြီးရေလျှံဖြစ်နေတာပါ။ နိုင်ငံရဲ့အထက်ပိုင်းဒေသတွေမှာ မိုးများလို့ မြစ်ရေတက်ရေကြီးတာက ရက်ပိုင်းအကြာမှာ နိုင်ငံအောက်ပိုင်းမှာလည်း ရေဆက်ကြီးနိုင်ခြေရှိပါတယ်။
"မြစ်ရေရဲ့ သဘာဝအတိုင်း အထက်ရေက ရက်ပိုင်းအတွင်း အောက်ကို ဆင်းလာမယ်" လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကို ပြောပါတယ်။
နိုင်ငံအထက်ပိုင်းရေကြီးပြီးရင် အောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှု ဘယ်လောက်စိုးရိမ်ရလဲ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုပါ။
ဇွန် ၂ ရက်ကစပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။
ပထမဆုံး ကျောင်းဖွင့်ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား၊ ကျောင်းသူ ငါးသန်းရှစ်သောင်းကျော် တက်ရောက်နေတယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနှစ်မှာ ကျောင်းအပ်တဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသား ခြောက်သန်းကျော်အထိရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကို သင်ရိုးညွှန်းတန်းစာအုပ်၊ဗလာစာအုပ်နဲ့ စာရေးကိရိယာတွေ အခမဲ့ထုတ်ပေးပြီး KG ကလေးတွေကို ကျောင်းဝတ်စုံအခမဲ့ထုတ်ပေးတယ်လို့ ထုတ်ပြန်ပါတယ်
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံဖို့ နောက်ကျနေသူတွေကိုလည်း ဆက်လက် လက်ခံနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်ငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် မီးလောင်မှုမှာ အဖြေလွှာ သိန်းနဲ့ချီ မီးထဲ ပါသွားခဲ့တာ ကြောင့် စစ်ကောင်စီပညာရေးဌာနဟာ မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ မကွေးတို့မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို အခုလဆန်းပိုင်းမှာပဲ ပြန်လည််ဖြေကြားခိုင်းဖို့ ပြင်ဆင်နေပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းရွှေဈေးဟာ ဇွန် ၂ ရက်ကစပြီး ငွေကျပ် ၇,၇၄၀,၀၀၀ သိန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ပြင်ပပေါက်ဈေး ငွေကျပ် ၇,၇၆၀,၀၀၀ သိန်းအထိ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီနေ့ရည်ညွှန်းဈေးကတော့ ငွေကျပ် ၅,၈၀၀,၀၀၀ သိန်းသာ ရှိပါတယ်။
ဒါကြောင့် ရည်ညွှန်းဈေးနဲ့ ပြင်ပပေါက်ဈေးအကြား သိန်း ၂၀ ဝန်းကျင်ကွာဟနေတာပါ။
မြန်မာ့ရွှေဈေးဟာ ပြီးခဲ့တဲ့နှစ် ကာလတူပေါက်ဈေးနဲ့ နှိုင်းယှဥ်ရင်လည်း ၂၅ သိန်းကျော် မြင့် တက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ရွှေကို အရေးကြီးကုန်စည်အဖြစ် မနှစ်က အောက်တိုဘာမှာ သတ်မှတ်ခဲ့ပြီး အမိန့် တစ်ရပ်ရပ်ကို ဖောက်ဖျက်ရင် ထောင်ဒဏ်ကျခံရနိုင်တဲ့ တင်းကျပ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ကျန်းမာရေးဝန်ကြီးဌာန
ပြီးခဲ့တဲ့တစ်ပတ်အတွင်း မြန်မာက ကိုဗစ်သံသယလူနာတွေကို စစ်ဆေးခဲ့ရာမှာ ရန်ကုန်တိုင်းထဲမှာ ကိုဗစ် လူနာသစ် ၁၇ ဦးကို တွေ့ရှိထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ်လူနာသစ် ၁၇ ဦးကို မေလ ၂၅ ရက်ကနေ ဇွန်လ ၁ ရက်မနက်ပိုင်းအတွင်း တွေ့ထားတာလို့ ဆိုပါတယ်။
တစ်ပတ်အတွင်း ကိုဗစ်လူနာတွေ့ကြသူတွေထဲမှာ လှိုင်မြို့နယ်က ၃ ဦးနဲ့အများဆုံး ဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက် ထုတ်ပြန်ချက်မှာတော့ တစ်ပတ်အတွင်း ကိုဗစ် လူနာသစ် ၆ ဦးရှိခဲ့ပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနဟာ ကိုဗစ် ၁၉ ရောဂါ စောင့်ကြည့်မှုအခြေအနေကို အပတ်စဉ် ထုတ်ပြန်နေတာဖြစ်ပါတယ်။
မေလ နောက်ဆုံးပတ်မှာ မြန်မာမှာ ကိုဗစ်ကူးစက်မှု အနည်းငယ်မြင့်တက်လာပေမဲ့ ပြင်းထန် လူနာနဲ့ အထူးကုသပေးရတဲ့လူနာမရှိလို့ စိုးရိမ်ဖွယ်ရာ မရှိတဲ့အကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက မေလ ၂၅ ရက် အစည်းအဝေးမှာပြောထားပါတယ်။
ကိုဗစ် မျိုးဗီဇ ပြောင်းလဲမှုတွေမှာ အခုတွေ့ရတဲ့ ဗီဇပြောင်းပိုးတွေဟာ ပြင်းထန်မှုမရှိတဲ့ မျိုးကွဲတွေဖြစ်တဲ့အတွက် လက်ရှိထိုးနေတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေနဲ့ ထိထိရောက်ရောက် ကာကွယ်နိုင်တာကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးတာကို လုပ်သွားမယ်လို့လည်း သူကပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, TNLA
မတ်လ ၂၈ ရက် ငလျင် နောက်ဆက်တွဲ ဆက်စပ်လုပ်ငန်းတွေ ဆက်လုပ်နိုင်အောင် အပစ်ရပ်ကာလကို ၁ လနီးပါး ထပ်တိုးလိုက်တယ်လို့ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းတပ်(TNLA) နဲ့ ကိုးကန့်တပ်(MNDAA)တို့ ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လာပါတယ်။
အပစ်ရပ်ကာလကို ဇွန် ၂ ရက်ကနေ ဇွန် ၃၀ ရက်အထိ သက်တမ်းတိုးတာလို့ ညီနောင် မဟာမိတ် သုံးဖွဲ့က မနေ့နှောင်းပိုင်းတုန်းက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
ငလျင်ကြီးလွန်လာတာ ၂ လကြာမြင့်ပြီဖြစ်ပေမဲ့ ရှင်းလင်းဖယ်ရှားရေးတွေ မပြီးသေးတဲ့အပြင် ထပ်မံပြိုကျတဲ့ အဆောက်အအုံတွေရှိတာကြောင့် ငလျင်နောက်ဆက်တွဲ ဆက်စပ်လုပ်ငန်းတွေအတွက် အချိန်ထပ်ရအောင် တိုးလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ဇွန်လကုန်အထိ အပစ်ရပ်တယ်လို့ ဒီလ တစ်ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အခုလို အပြန်အလှန် ကြေညာချက်တွေထုတ်နေပေမဲ့ တအာင်းနဲ့ ရခိုင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေသလို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားနဲ့ ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးအတွက် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ဒုတိယအကျော့ ပြီးဆုံးပြီဖြစ်ပေမဲ့ ထူးထူးခြားခြား သဘောတူညီချက် မရခဲ့ပါဘူး။
ဒါပေမဲ့ စစ်သုံ့ပန်းတွေကို အလဲအလှယ်လုပ်ဖို့ကိုတော့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ယူကရိန်း ညှိနှိုင်းဆွေးနွေးသူတွေကတော့ ရုရှားဟာ ''ကန့်သတ်ချက်မရှိအပစ်ရပ်ဖို့'' ကို ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အမေရိကန်နဲ့ ဥရောပတို့ရဲ့ မဟာမိတ်တွေနဲ့ ကိယက်ဗ်တို့ဘက်က အဓိကတောင်းဆိုချက်ဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ စစ်သား ၁၂,၀၀၀ ကို ပြန်လွှဲရေး လုပ်ဖို့တော့ ကတိကဝတ်ပြုခဲ့ကြပါတယ်။
ရုရှားအဖွဲ့ကတော့ ရှေ့တန်းက ''တချို့နေရာတွေ''မှာ အပစ်ရပ်ကာလကို ၂ ရက် ဒါမှမဟုတ် ၃ ရက် ပြုလုပ်ဖို့ အဆိုပြုထားတယ်လို့ဆိုပေမဲ့ အသေးစိတ် အချက်အလက်ကိုတော့ မပြောထားသေးပါဘူး။
တူရကီမြို့တော် အစ္စတန်ဘူလ်မြို့မှာ ဇွန်လ ၁ ရက်တုန်းက ဆွေးနွေးပွဲဟာ တစ်နာရီကြာအောင် ကြာမြင့်ခဲ့တာဖြစ်ပြီး နှစ်ဖက်ဟာ အသက် ၂၅ နှစ်အောက် ဒဏ်ရာရ စစ်သားတွေကို လဲလှယ်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲတွေ ပြန်စတင်ကတည်းက ဒါနဲ့ပတ်သက်ပြီး မျှော်လင့်ချက် သိပ်မကြီးခဲ့ပါဘူး။ နှစ်ဖက်စလုံးကတော့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းမှာ ရုရှားက ယူကရိန်းကို အင်အားပြည့် ကျူးကျော်မှု စတင်ကတည်းက စစ်ပွဲ ဘယ်လို အဆုံးသတ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲတာတွေရှိနေပါတယ်။
ရုရှားဟာ ၂၀၁၄ ခုနှစ်မှာ သူ ကျူးကျော်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်တောင်ပိုင်းအပါအဝင် ယူကရိန်း နယ်မြေ ၂၀ ရာခိုင်နှုန်းနီးပါးကို လက်ရှိမှာ ထိန်းချုပ်ထားပါတယ်။
ဆွေးနွေးပွဲအပြီး အခြေအနေကို ပြောကြားရာမှာတော့ ဆွေးနွေးပွဲကို ယူကရိန်းဘက်ကနေ ဦးဆောင်တဲ့ ကာကွယ်ရေးဝန်ကြီး ရုစတန် အူမရော့ကတော့ ''သတ်ဖြတ်မှုတွေကို ချက်ချင်းအဆုံးသတ်နိုင်ဖို့'' မြေပြင်၊ ရေပြင်နဲ့ ဝေဟင်မှာ ရက် ၃၀ နီးပါးကြာ သတ်မှတ်ချက်မရှိ အပြည့်အဝ အပစ်ရပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနဲ့ ယူကရိန်း အပစ်ရပ်အဆိုပြုချက်တွေကို အများပြည်သူကို တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
ဓာတ်ပုံ ရင်းမြစ်, IBEC - Myanmar Official Information Office Committee
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကောင်စီရဲ့အခြေခံပညာကျောင်းတွေကို ဇွန် ၂ ရက်ကစလို့ ကျောင်းဖွင့်ပြီဖြစ်ပါတယ်။
ဒီအတွက် စစ်ကောင်စီပညာရေးဌာနဟာ မေလ ၂၂ ရက်ကစလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းအပ်လက်ခံနေပါပြီ။
"ကျောင်းဖွင့်ရင်းနဲ့ အဆောက်အအုံ ပြင်မယ်။ ကျောင်းကတော့ သတ်မှတ်ရက်အတိုင်း ဖွင့်မယ်" လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးက ဘီဘီစီကို ပြောပါတယ်။
မြန်မာ့ငလျင်ကြီးဒဏ်သက်ရောက်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့က အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းတွေကိုလည်း ဖွင့်လှစ်မှာဖြစ်ပါတယ်။
ငလျင်အပြီး နှစ်လကျော်အကြာမှာ ကျောင်းတံခါးတွေပြန်ဖွင့်ပေမဲ့ ကျောင်းတက်ရောက်မယ့်ဦးရေ လျော့ကျနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ထောက်ပြပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျပ်ငွေ ဘီလျံနဲ့ချီ အရှုံးပေါ်ခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့တဲ့ တောင်ကြီးမြို့၊ ပင်းပက်ဒေသက သံမဏိစက်ရုံစီမံကိန်းကို စစ်ကောင်စီက အခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာ အမြန်ဆုံးအပြီးသတ်နိုင်ဖို့ အပူတပြင်း ကြိုးစားလာတာမျိုးတွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီးပြီးချင်း ၂၀၂၁ ခုနှစ်မှာပဲ ဒီစီမံကိန်းကို ပြန်အသက်သွင်းဖို့ စစ်ကောင်စီရဲ့ စက်မှုဝန်ကြီးဌာနနဲ့ ရုရှားသံအမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။
အခုတော့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကဖိတ်တဲ့ စစ်ခေါင်းဆောင်ရဲ့ မတ်လ ရုရှားခရီးစဥ်အပြီး လပိုင်းအကြာမှာပဲ ပင်းပက်စက်ရုံမှာ စက်တပ်ဆင်ရေးတွေလုပ်ဖို့ ရုရှားပညာရှင်တွေ ရောက်နေပြီလို့ စစ်ကောင်စီက ကြေညာပါတယ်။
မြန်မာမှာ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးမယ်လို့ ပူတင်က ကတိပေးလိုက်သလို ရုရှားက မြန်မာကို စစ်လက်နက်ပစ္စည်းရောင်းချပေးတာသာမက ကဏ္ဍစုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လာတဲ့အထဲ ဒီပင်းပက်စီမံကိန်းလည်း ပါဝင်လာတာဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ချီဆောင်ခြင်းလူမှုကူညီရေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ ၄ ပေကျော်ကျဆင်းခဲ့ပြီး ကသာမှာတော့ ၃ ပေကျော်တက်လာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ညနေပိုင်းမှာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ရေက အကျဘက်ရောက်လာပြီး အောက်ဘက်ပိုင်းကို ဆင်းလာတာပါ။
မြစ်ကြီးနားမြို၊ မြို့သစ်ကြီးရပ်ကွက်ရဲ့ မိန်းလမ်းမပေါ်မှာ ရေကျသွားပြီလို့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ချီဆောင်ခြင်းလူမှုကူညီရေးအသင်းက လူမှုကွန်ရက်မှာ ဒီမနက် ၈ နာရီခွဲတုန်းက ပြောထားပါတယ်။
“နေ့လယ်ပိုင်းမှာတော့ ရပ်ကွက်အားလုံးနီးပါး ကျနေပါပြီ” လို့ အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့က ရေတက်ခဲ့တဲ့ ရပ်ကွက် ၈ ခုလောက်က ရေဘေးသင့်သူတချို့ ဒီနေ့ နေအိမ်ပြန်တာရှိတယ်လို့ သူက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာကနေ ဧရာဝတီတိုင်းထဲက ဇလွန်အထိ မြို့တွေမှာတော့ ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေတာကို မိုးဇလထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
မြစ်အထက်ပိုင်းက ရေတွေဟာ မြစ်အောက်ပိုင်းမြို့တွေကို ဆင်းလာမှာဖြစ်ပေမဲ့ စိုးရိမ်ရေအမှတ်ကို မရောက်နိုင်ဘူးလို့ မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကို မနေ့က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, အမှတ် ၃ ထိုင်းပင်လယ်ရေကြောင်းထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ ကော့သောင်းမြို့ဘက်ကို ပြန်ခုတ်မောင်းလာရင်း ဖူးခက်အပိုင် သဘာဝ သန္တာကျောက်တန်းတွေရှိရာ ကျွန်းကို ဝင်တိုက်တဲ့ မြန်မာသင်္ဘောကြောင့် သန္တာကျောက်တန်းတွေ ပျက်စီးမှု ရှိ မရှိကို ထိုင်းအာဏာပိုင်တွေက စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။
ကုန်တန် ၁၀၀ နီးပါးတင်လာတဲ့ ဧရာလင်းဆိုတဲ့နာမည်နဲ့မြန်မာသင်္ဘောဟာ ဇွန်လ ၁ ရက်မှာ ရေစီးကြောင့် စူရင်ကျွန်းစုတွေထဲက ကျွန်းတစ်ကျွန်းထဲကို ဝင်တိုးခဲ့တာဖြစ်ပါတယ်။
သင်္ဘောပေါ်ပါတဲ့ လှေလုပ်သား ၈ ဦးစလုံး ထိခိုက်ဒဏ်ရာ မရပေမဲ့ သင်္ဘောဝမ်းဗိုက် ပွင့်ထွက်မှု ဖြစ်ခဲ့တယ်လို့ ထိုင်းရေတပ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
အခုတော့ ထိုင်းပင်လယ်ရေကြောင်းအဏ္ဏဝါအာဏာပိုင်အဖွဲ့ကတော့ တော်ဝင်ထိုင်းရေတပ်နဲ့ အဏ္ဏဝါထိန်းသိမ်းရေးက ရေငုပ်သမားတွေဟာ ကုန်တင်သင်္ဘော သန္တာကျောက်တန်းကို ဝင်တိုက်တဲ့နေရာမှာ စစ်ဆေးတာတွေ လုပ်နေပြီလို့ သိရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, MOI
အဆိုတော်ချမ်းချမ်း ကိုယ်စား တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ကြားခံငွေလွှဲပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေး က အမျိုးသမီး ၁ ဦးနဲ့ နဲ့ ရန်ကုန်က အမျိုးသား ၁ ဦး တို့ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
သူတို့ကို ဧပြီ ၁၃ ရက်နဲ့ မေ ၈ ရက်တို့မှာ ဖမ်းဆီးတာလို့ဆိုပါတယ်။
ဒါ့အပြင် သူတို့ ၂ ဦးဟာ ချမ်းချမ်းရဲ့ အွန်လိုင်းဈေးရောင်းလုပ်ငန်းကနေ နိုင်ငံခြားပစ္စည်းတွေ ထပ်ဆင့်ဖြန့်ဝေပေးတာနဲ့ ငွေကောက်တာတွေ လုပ်ပေးတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီက အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်ထားတာကြောင့် ဖမ်းဆီးရမိတဲ့ ၂ ဦးကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ စစ်တပ်ဘက်က စွပ်စွဲချက်ဖြစ်တဲ့ ထောက်ပို့လုပ်ဆောင်တယ်ဆိုတာနဲ့ပတ်သက်လို့ ဘယ်လိုအရေးယူထားတယ်ဆိုတာကိုတော့ တိတိကျကျ ထည့်ပြောထားတာမရှိပါဘူး။
နိုင်ငံပြင်ပရောက်နေတဲ့ တော်လှန်ရေးထောက်ခံသူတွေရဲ့ အွန်လိုင်းလုပ်ငန်းကို ပြည်တွင်းကနေ ကူညီရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက သတိထားပေးထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပန်ဆယ်လိုအကောင့်ပိုင်ရှင် မအိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် မအိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် မသင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် မဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် ကိုအောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် မထက်နီနီသန်းနဲ့ Tr Chan Chan အကောင့်ပိုင်ရှင် မချမ်းမြမြသော်တို့နဲ့ ချိတ်ဆက်လုပ်ကိုင်နေသူတွေကိုလည်း စိစစ်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁,၈၈၄ ဦး ရှိခဲ့တယ်လို့ Data for Myanmar ရဲ့ အချက်အလက်က ဖော်ပြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, MOI
မင်္ဂလာပါ။ ဇွန် ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။