ဥရောပကို ချုပ်ကိုင်ခဲ့တဲ့ ရောမသာသနာစောင့် ပုပ်ရဟန်းမင်းဆက်

ပုပ်ရဟန်းမင်းဆက်
ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းဆက်
  • ရေးသားသူ, ဘိုဘို
  • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ရောမကက်သလစ်ခရစ်ယာန်ဂိုဏ်းကြီးဟာ ကမ္ဘာမှာ လူဦးရေအများဆုံး ခရစ်ယာန်ဂိုဏ်းကြီးဖြစ်ပြီး လူသန်း ၁,၄၀၀ ကျော် ကိုးကွယ်တဲ့ ဂိုဏ်းဖြစ်ပါတယ်။ ဗရင်ဂျီဂိုဏ်းလို့လည်း သိကြတဲ့ ကက်သလစ်ဘာသာ၀င်တွေရဲ့ ခေါင်းဆောင်အဖြစ် ရောမမြို့ ဗာတီကန်ကျောင်းတော်မှာ သီတင်းသုံးတဲ့ ပုပ်ရဟန်းမင်းအစဉ်အဆက် ဆောင်ရွက်လာကြတာဟာ အခုဆို ၂၆၇ ပါး တိုင်ခဲ့ပါပြီ။

ဒီရာထူးဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ဘာသာရေးခေါင်းဆောင်ရာထူးဖြစ်ပြီး တချိန်က ဥရောပ၊ အာရှအနောက်ဖျားနဲ့ မြေထဲပင်လယ်ဒေသ၊ အာဖရိက ဦးချိုထိ ကျယ်ပြန်ခဲ့တဲ့ ခရစ်ယာန်ကမ္ဘာရဲ့ အထွတ်အထိပ်ရာထူးဖြစ်ခဲ့သလို ရောမသာသနာစောင့်နိုင်ငံဆိုတဲ့ ဂျာမနီ၊ သြစတြီးယားနဲ့ အီတလီနယ်မြေတွေ ပါ၀င်တဲ့ လက်နက်နိုင်ငံကြီးရဲ့ သာသနာရေးဦးသျှောင်ရာထူးလည်း ဖြစ်ခဲ့ပါတယ်။

ခရစ်တော်ရဲ့ တပည့်ကြီး စိန့်ပီတာက ဆင်းသက်လာတဲ့ ပုပ်ရဟန်းမင်းရာထူး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခရစ်တော်ရဲ့ တပည့်ကြီး စိန့်ပီတာက ဆင်းသက်လာတဲ့ ပုပ်ရဟန်းမင်းရာထူး

ရောမမြို့က ဂိုဏ်းအုပ်ကြီးနဲ့ အရှေ့-အနောက် ဂိုဏ်းကွဲမှု

ခရစ်တော်ရဲ့ တပည့်ကြီး စိန့်ပီတာကနေ ဆင်းသက်လာတယ်လို့ ယူဆကြတဲ့ ရောမကက်သလစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ရာထူးကို ပုပ်ရဟန်းမင်းလို့ ခေါ်ဆိုကြပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ကော့ပတစ် ခရစ်ယာန်တွေရဲ့ ခေါင်းဆောင် ပုပ်ရဟန်းမင်းတွေနဲ့ ကွဲပြားပါတယ်။

လက်တင်ဘာသာနဲ့ ဖခင်လို့ အဓိပ္ပာယ်ရတဲ့ ပါပါ ဆိုတဲ့ စကားလုံးက ဆင်းသက်လာတဲ့ ပုပ်ရဟန်းမင်းကြီးရာထူးကို ရောမမြို့က ဂိုဏ်းအုပ်ကြီးလို့လည်း လူသိများကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၇ မှာ ပါရှိပါတယ်။

အစဥ်အဆက် အလက်ဇန္ဒရီးယား၊ အန္တိယော့၊ ဂျေရုဆလမ်မြို့တွေက ခရစ်ယာန်ဂိုဏ်းအုပ်တွေကလည်း ရောမဂိုဏ်းအုပ်ကြီး ခေါ် ပုပ်ရဟန်းမင်းရဲ့ လမ်းညွှန်ချက်ကို နာခံလေ့ ရှိပါတယ်။

ရောမအင်ပါယာဘုရင်တွေအောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့ ခရစ်ယာန်ဘာသာ၀င်တွေရဲ့ ပုပ်ရဟန်းမင်းဖြစ်လို့ စိန့်ပီတာက စပြီး အစောပိုင်း ပုပ်ရဟန်းမင်းတချို့ဟာ ခရစ်ယာန်အာဇာနည် သူတော်စင်တွေ ဖြစ်ကြပါတယ်။

ရောမက မဟာကွန်စတန်တင်းဘုရင် ဦးခေါင်းပုံ ရုပ်ကြွ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရောမက မဟာကွန်စတန်တင်းဘုရင် ဦးခေါင်းပုံ ရုပ်ကြွ

မဟာကွန်စတန်တင်းဘုရင်လက်ထက် ခရစ်နှစ် ၃၂၄ ကျမှ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာကိုးကွယ်လို့ ခရစ်ယာန်ခေါင်းဆောင် ပုပ်ရဟန်းမင်းတွေ တန်ခိုးတက်လာပြီး ပုပ်ရဟန်းမင်းတွေအတွက် နန်းတော်နဲ့ ဘုရားကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းခဲ့ကြပါတယ်။

ကွန်စတန်တင်း လက်ထက်ကစလို့ နေပြည်တော်ကို ကွန်စတန်တီနိုပယ် (အစ္စတန်ဘူလ်) မြို့ကို ပြောင်းခဲ့ပေမယ့် ရောမက အယူ၀ါဒ မြို့တော်အဖြစ် ကျန်နေခဲ့ပါတယ်။

၃၈၁ ခုနှစ်မှာ ဒုတိယအယူ၀ါဒရေးရာကောင်စီ ညီလာခံကြီးက ကွန်စတန်တီနိုပယ်ဂိုဏ်းအုပ်က ရောမဂိုဏ်းအုပ်အောက် နိမ့်ကျကြောင်း ဆုံးဖြတ်ခဲ့ပေမယ့် ရောမလက်အောက်ခံ မဖြစ်ချင်တဲ့ အရှေ့ဂရိဂိုဏ်းက ခွဲထွက်ရာကနေ ၁၀၅၄ မှာ အနောက်ရောမဂိုဏ်းနဲ့ လုံး၀သီးခြားဖြစ်ခဲ့ပါတယ်။

ရောမနဲ့ ကွန်စတန်တီနိုပယ်မြို့တော် နှစ်ခုဟာလည်း ရောမနဲ့ ဗိုင်ဇင်းတိုင် အင်ပါယာနှစ်ခုရဲ့ မြို့တော်တွေ ဖြစ်သွားပြီး ရောမကို မြောက်ဘက်က မျိုးနွယ်စုတွေ ၀င်တိုက်လို့ ပြိုကွဲသွားပါတယ်။

အလယ်ခေတ် ရောမသာသနာစောင့်နိုင်ငံ

ပုပ်ရဟန်းမင်းသြဇာကြီးစေတဲ့ ပထမ ဂရက်ဂရီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းသြဇာကြီးစေတဲ့ ပထမ ဂရက်ဂရီ

အနောက်ဥရောပမှာ ရောမအင်ပါယာပြိုကွဲပြီး အလယ်ခေတ်ခေါ် အမှောင်ခေတ်ကြီး ဖုံးလွှမ်းလာပေမယ့် အရှင်သခင်သစ်တွေအောက်မှာ ခရစ်ယာန်ဘာသာ၀င်တွေကို ပုပ်ရဟန်းမင်းအဆက်ဆက်က ဆက်ပြီး စုစည်းထားနိုင်ခဲ့ပါတယ်။

ခရစ် ၅၉၀ မှာ တက်လာတဲ့ မဟာဂရက်ဂရီခေါ် ပထမ ဂရက်ဂရီလက်ထက် ရဟန်းမင်းသြဇာကို ပိုကြီးအောင် ဆောင်ရွက်ခဲ့ပြီး အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီကို သာသနာပြုတွေ စေလွှတ်ပြီး ခရစ်ယာန်ဘာသာကို ပြန့်ပွားတိုးတက်စေပါတယ်။ ဂရိရောမခေတ်လက်ရာ ဘာသာစာပေတွေနဲ့ ယဉ်ကျေးမှုအနုပညာတွေကိုလည်း ဥရောပအလယ်ခေတ်တလျှောက်လုံး ခရစ်ယာန်ဘုန်းတော်ကြီးတွေက ထိန်းသိမ်းခဲ့ပြီး အီတလီ၊ ပြင်သစ်၊ အင်္ဂလန်က ဥရောပတက္ကသိုလ်ကြီးတွေရဲ့ အစဟာ ဘုန်းကြီးကျောင်းတွေ ဖြစ်ကြပါတယ်။

တတိယလီယိုနဲ့ ရှားလမိန်းအလယ်က စိန့်ပီတာပုံ ကျောက်စီပန်းချီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တတိယလီယိုနဲ့ ရှားလမိန်းအလယ်က စိန့်ပီတာပုံ ကျောက်စီပန်းချီ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၈ ရာစုနဲ့ ၉ ရာစု နှစ်တွေမှာတော့ ဂျာမန်အနွယ် ဖရန့်ဘုရင်တွေက ပုပ်ရဟန်းမင်းတွေအတွက် အီတလီမှာ နယ်မြေတွေ လှူလို့ ပုပ်ရဟန်းမင်းတွေရဲ့ လောကီအာဏာကြီးမားလာပါတယ်။ အပြန်အလှန်အနေနဲ့ ၈၀၀ ပြည့်နှစ် ခရစ္စမတ်နေ့မှာ ပုပ်ရဟန်းမင်း တတိယလီယိုက စိန့်ပီတာ ဘုရားကျောင်းကြီးမှာ ရှားလမိန်းဘုရင်ကြီးကို ရောမဧကရာဇ် သရဖူဆောင်းပြီး ဘိသိက်မြှောက်ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ မှာ ပါရှိပါတယ်။ အနောက်နဲ့ အလယ်ဥရောပကို ကြီးစိုးခဲ့တဲ့ ရှားလမိန်းဘုရင်ဟာ ရောမအင်ပါယာပျက်ပြီးနောက် ပထမဆုံး အင်ပါယာနိုင်ငံကို ထူထောင်နိုင်တဲ့ ဘုရင် ဖြစ်ပြီး ၁၉ ရာစုထိ သြဇာလွှမ်းတဲ့ ကံကျွေးချ မြေရှင်ပဒေသရာဇ်စနစ်ကို ထူထောင်တဲ့ ဥရောပဖခင်ကြီးအဖြစ် ရှုမြင်ခံရပါတယ်။

အဲဒီအချိန်ကစလို့ ခရစ်ယာန်လောကရဲ့ လောကီအရာမှာ ဧကရာဇ်ဘုရင်က အချုပ်အချာဖြစ်ပြီး အယူ၀ါဒမှာ ပုပ်ရဟန်းမင်းက အထွတ်အထိပ် ဆိုပြီး ဖြစ်လာသလို ဘယ်သူက ဘယ်သူ့အပေါ် သြဇာလွှမ်းတယ် ဆိုတဲ့ ကိစ္စမှာလည်း သဘောမညီညွတ် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဥရောပ အလယ်ခေတ်မှာ ရဟန်းမင်းတွေရဲ့ သြဇာကို ဖိနှိပ်လိုတဲ့ ဘုရင်တွေနဲ့ ပုပ်ရဟန်းမင်းတွေကြားမှာ တန်ခိုးအာဏာလုပွဲတွေ ဖြစ်ခဲ့ပါတယ်။ အလယ်ခေတ် ဥရောပသမိုင်းတလျှောက် ပုပ်ရဟန်းမင်းရဲ့ ကိုယ်စားလှယ် ကာဒီနယ်ဂိုဏ်းချုပ်ကြီးတွေ တန်ခိုးထွားခဲ့ပြီး အင်္ဂလန်၊ ပြင်သစ်နိုင်ငံဘုရင်တွေရဲ့ အတိုင်ပင်ခံ အမတ်ကြီးနဲ့ ဝန်ကြီးချုပ်တွေ ဖြစ်ခဲ့ကြပါတယ်။

ခရူးဆိတ်စစ်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းတွေ ပွင့်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခရူးဆိတ်စစ်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းတွေ ပွင့်လာ

ရှားလမိန်းဘုရင်မရှိတဲ့နောက် သူ့နိုင်ငံကြီး ပြိုကွဲသွားပေမယ့် ၉၆၂ မှာ ဂျာမနီ ဆက္ကဆွန်နီဘုရင် ပထမအော့တိုက အီတလီကို အောင်နိုင်ပြီး ရောမဧကရာဇ်ဘွဲ့ကို ခံယူပါတယ်။ ၁၃ ရာစု ဖရက်ဒရစ် ဗာဗရော့ဆာခေတ်မှာတော့ ပုပ်ရဟန်းမင်းတွေကို ကာကွယ်စောင့်ရှောက်တဲ့၊ ရဟန်းမင်းထက် တန်ခိုးကြီးတဲ့ သာသနာစောင့် ဧကရာဇ်ဆိုပြီး ဖြစ်လာပါတယ်။ ၁၃ ရာစုထိ ရောမသာသနာစောင့် နိုင်ငံမှာ အီတလီ၊ ဂျာမနီနဲ့ သြစတြီးယားတို့ ပါ၀င်ပြီး ဟန်ဂေရီ၊ ပိုလန်နဲ့ ဒိန်းမတ်လည်း ရံဖန်ရံခါ ပါ၀င်ခဲ့ပါတယ်။ သာသနာစောင့် ဧကရာဇ်တွေကတော့ ဂျာမန်ဘုရင်တွေ ဖြစ်လေ့ရှိပါတယ်။

ခရစ်နှစ် ၁၀၉၆ ကစပြီး အနှစ် ၁၅၀ ကျော်အတွင်း ခရူးဆိတ်စစ်ပွဲ ခုနစ်ကြိမ်ခင်းပြီး ခရစ်တော် ဖွားမြင်ရာ သန့်ရှင်းသောနယ်မြေက ဂျေရုဆလမ်မြို့ကို မွတ်ဆလင်ဘုရင်တွေ လက်က သိမ်းဖို့ ဥရောပ ဘုရင်တွေနဲ့ မင်းညီမင်းသားတွေ ကြိုးစားရာကနေ အာရှနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိုတိုးတက်လာပြီး ဗင်းနစ်၊ ဂျီနိုအာ စတဲ့ အီတလီမြို့ကြီးတွေ ကြီးပွားလာပါတယ်။

ပြင်သစ်ရှောင် စင်ပြိုင်ပုပ်ရဟန်းမင်းများ

ပုပ်ရဟန်းမင်းတွေထဲမှာ တန်ခိုးအကြီးဆုံး တတိယ အင်နိုဆင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းတွေထဲမှာ တန်ခိုးအကြီးဆုံး တတိယ အင်နိုဆင့်

ရဟန်းမင်းတွေနဲ့ အတိုက်အခံဖြစ်ပြီး အစွမ်းထက်တဲ့ ဖရက်ဒရစ် ဗာဗရော့ဆာ ဘုရင်ကြီး သေလွန်ချိန်မှာတော့ အရည်အချင်းအလွန်ပြည့်စုံတဲ့ တတိယအင်နိုဆင့် ရဟန်းမင်းတက်လာလို့ ပုပ်ရဟန်းမင်းတွေရဲ့ သြဇာဟာ ဘုရင်ထက် ကြီးခဲ့ပါတယ်။

ဒီလိုနဲ့ ၁၃ ရာစု ဥရောပတလွှားမှာ ရဟန်းမင်းတွေဟာ အယူ၀ါဒမှာ ခေါင်ချုပ် ဖြစ်ခဲ့ပေမယ့် ၁၄ ရာစုမှာတော့ ရဟန်းမင်းတွေရဲ့ နယ်မြေတွေ တိုက်ခိုက်ခံရလို့ ရောမက ခွာပြီး ပြင်သစ်က အဗီညွန်မှာ အနှစ် ၇၀ ခိုလှုံခဲ့ရပါတယ်။ အဲဒီကာလမှာ ပြင်သစ်ဘုရင်တွေက ပုပ်ရဟန်းမင်းတွေအပေါ် သြဇာလွှမ်းခဲ့တာပါ။

အဗီညွန်က ပုပ်ရဟန်းမင်း နန်းတော်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဗီညွန်က ပုပ်ရဟန်းမင်း နန်းတော်ကြီး

ရောမကို ပုပ်ရဟန်းမင်းတွေ ပြန်ရောက်ပြီးချိန်မှာတောင် အဗီညွန်က စင်ပြိုင်ရဟန်းမင်းတွေ ပေါ်ပေါက်နေလို့ ၁၄၁၇ မှာ ပဥ္စမမာတင်ကို ပုပ်ရဟန်းမင်းမြှောက်ပြီးမှ စင်ပြိုင်ရဟန်းမင်းတွေ ပျောက်ကွယ်ခဲ့ပါတယ်။

အယူ၀ါဒ ကွဲပြားမှု၊ အာဏာအလွဲသုံးမှုနဲ့ ပုပ်ရဟန်းမင်း ရာထူးဆက်ခံမှုတွေမှာ အငြင်းပွားစရာတွေ ကြုံလာချိန်မှာ အသင်းတော်ညီလာခံတွေ ခေါ်ပြီး ဆုံးဖြတ်ရလေ့ရှိပြီး ၁၄၁၄ ကနေ ၁၄၁၈ ထိ ကျင်းပတဲ့ ကွန်စတန့်ညီလာခံ၊ ၁၄၃၁ ကနေ ၁၄၄၉ ထိ ကျင်းပတဲ့ ဗားလညီလာခံတွေလို နှစ်ရှည်ကျင်းပရတဲ့ ညီလာခံတွေ ရှိပါတယ်။

တခါ ၁၃ ရာစုက စပြီး သာသနာစောင့်နိုင်ငံထဲမှာ အီတလီ မပါတော့ဘဲ ဂျာမနီနဲ့ သြစတြီးယားပိုင် နယ်မြေတွေသာ ကျန်ပါတယ်။ ၁၄၃၈ နောက်ပိုင်းမှာတော့ စပိန်နဲ့ သြစတြီးယားက ဟက်စဗတ်မင်းဆက်တွေက သာသနာစောင့် ဧကရာဇ်တွေ ဖြစ်လာပါတယ်။

စစ္စတင်းဘုရားကျောင်းနဲ့ ဉာဏ်သစ်လောင်းခေတ်

အနုပညာအားပေးတဲ့ ပုပ်ရဟန်းမင်း ဒသမ လီယို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနုပညာအားပေးတဲ့ ပုပ်ရဟန်းမင်း ဒသမ လီယို

ဥရောပ အလယ်ခေတ် နောက်ပိုင်းနဲ့ ရီနေဆွန်းခေါ် ဉာဏ်သစ်အရေးတော်ပုံခေတ်မှာတော့ ဒုတိယ ဂျူးလယပ်၊ ဒသမလီယိုနဲ့ တတိယပေါတို့လို စာပေအနုပညာ တိုးတက်ရေး အားပေးတဲ့ ပုပ်ရဟန်းမင်းတွေ ပေါ်လာပြီး မိုက်ကယ်အန်ဂျယ်လို၊ လီယိုနာဒို ဒါဗင်ချီ၊ ရာဖယ် စတဲ့ ပန်းချီ ပန်းပုပညာကျော်ကြီးတွေ ပေါ် ထွက်ခဲ့ပါတယ်။

အလယ်ခေတ် ကုန်သွယ်လုပ်ငန်း၊ သိုးမွေးလုပ်ငန်းတွေနဲ့ ကြီးပွားခဲ့တဲ့ ဖလော်ရင့်၊ ဗင်းနစ်၊ ဂျီနိုအာ စတဲ့ အီတလီ မြို့ပြနိုင်ငံတွေက လူချမ်းသာတွေက စာပေအနုပညာ အားပေးရာက ရီနေဆွန်းခေတ်ကြီး ပေါ်ထွန်းပြီး ဥရောပခေတ်မီတိုးတက်မှုတွေ အစပြုလာတာ ဖြစ်သလို မဲဒီချီစတဲ့ လူချမ်းသာမျိုးရိုးတွေ ကိုးကွယ်တဲ့ ပုပ်ရဟန်းမင်းတွေအတွက် စံနန်းတော်ကြီးတွေ၊ ဘုရားကျောင်းကြီးတွေကိုလည်း တခမ်းတနားဆောက်လုပ်ပြီး ခုထိ အမြတ်တနိုး ထားရှိကြပါတယ်။

ရောမမြို့ ဗာတီကန်နန်းတော်က နာမည်ကျော် ဘုရားကျောင်းဆောင်တွေထဲမှာ အထင်ရှားဆုံးက စစ္စတင်းဘုရားကျောင်းဖြစ်ပြီး ရောမမြို့ထဲက ဘုရားကျောင်းကြီးလေးကျောင်းနဲ့ ဘုရားကျောင်းများစွာမှာလည်း ခုထိ ဉာဏ်သစ်လောင်းခေတ်လက်ရာတွေ အများအပြား ကျန်ရစ်ပါတယ်။

ဗာတီကန်က စစ္စတင်းဘုရားကျောင်းအလှ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗာတီကန်က စစ္စတင်းဘုရားကျောင်းအလှ

တခြားဘက်မှာတော့ ရဟန်းမင်းတွေ စည်းစိမ်အလွန်ခံစားတယ်၊ စည်းကမ်းပျက်တယ် စတဲ့ စွပ်စွဲမှုတွေကြောင့်လည်း ၁၆ ရာစုမှာ ခရစ်ယာန် သာသနာအရေးတော်ပုံ ပေါ်ပြီး ဂျာမနီ၊ ဆွစ်ဇာလန်၊ အင်္ဂလန် စတဲ့ ဥရောပ မြောက်ပိုင်းနဲ့ အနောက်ပိုင်းနိုင်ငံတွေက ပုပ်ရဟန်းမင်းသြဇာကို မနာခံဘဲ ဂိုဏ်းခွဲပြီး စစ်တွေ ဖြစ်ကြပါတယ်။

၁၅ ရာစု၊ ၁၆ ရာစုနှစ်တွေမှာပဲ စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေ အာဖရိကနဲ့ အာရှသွားတဲ့ ပင်လယ်ရေကြောင်းလမ်းကို တွေ့တာ၊ အမေရိကတိုက်ကို ရှာတွေ့တာတွေ ပေါ်ပေါက်လာပြီး ကမ္ဘာပတ်လည် ကက်သလစ်လက်နက်နိုင်ငံကြီးတွေ ပေါ်လာပေမယ့် နောက်ပိုင်းမှာ အင်္ဂလန်၊ ပြင်သစ်နဲ့ ဒတ်ချ်နယ်ချဲ့၀ါဒက ပိုကြီးစိုးခဲ့ပါတယ်။

၁၇ ရာစု ထိုင်းဘုရင်နဲ့ ဂျက်ဇူးအစ် သာသနာပြုများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၇ ရာစု ထိုင်းဘုရင်နဲ့ ဂျက်ဇူးအစ် သာသနာပြုများ

၁၇ နဲ့ ၁၈ ရာစုတွေမှာတော့ ရဟန်းမင်းတွေ သြဇာကျပြီး နိမ့်ပါးလာလို့ တတိယပေါနဲ့ စတုတ္ထပိုင်းယပ်တို့ ခေတ်မှာ အယူ၀ါဒရေးရာ ကောင်စီတွေ ခေါ်ပြီး သန့်ရှင်းပြုပြင်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်ကို ဂျက်ဇူးအစ်သာသနာပြုတွေ စေလွှတ်ပြီး စွန့်စား သာသနာပြုကြပါတယ်။

တဖက်မှာတော့ ရောမသာသနာစောင့် နိုင်ငံ အားနည်းပြီး မညီမညွတ် ဖြစ်နေလို့ ၁၈ ရာစုခေတ်မှာ ရောမလည်း မဟုတ်၊ သာသနာစောင့်လည်း မဟုတ်၊ နိုင်ငံတော်လည်း မဟုတ်အဆင့်ကို ရောက်ခဲ့ပါတယ်။

၁၈၀၆ မှာ ပြင်သစ် ဧကရာဇ် နပိုလီယန် သြစတြီးယားနဲ့ ဂျာမနီတောင်ပိုင်းကို အောင်နိုင်ပြီးနောက် ဟက်စဗတ် ဧကရာဇ် ဒုတိယဖရန်စစ်က ရောမသာသနာစောင့် ဧကရာဇ်ဘွဲ့ကို စွန့်လွှတ်ပြီး သြစတြီးယားဧကရာဇ်အဖြစ် ခံယူပြီး နှစ်တထောင်ကြာ သာသနာစောင့်နိုင်ငံ ချုပ်ငြိမ်းခဲ့ပါတယ်။

ဗာတီကန်နန်းမြို့နိုင်ငံ

၁၁ ဆက်မြောက် ပိုင်းယပ်နဲ့ အီတလီဘုရင်၊ အာဏာရှင် မူဆိုလီနီတို့ကြား လက်တာရန်စာချုပ် ချုပ်ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၁ ဆက်မြောက် ပိုင်းယပ်နဲ့ အီတလီဘုရင်၊ အာဏာရှင် မူဆိုလီနီတို့ကြား လက်တာရန်စာချုပ် ချုပ်ဆို

၁၈၇၀ န၀မပိုင်းယပ်လက်ထက် ရဟန်းမင်းအဆက်ဆက် အုပ်ချုပ်တဲ့ အီတလီအလယ်ပိုင်းက ပြည်နယ်တွေကို ပေါ်ထွန်းစ အီတလီနိုင်ငံထဲ သွတ်သွင်းခံရပြီး ဗာတီကန်ဥယျာဥ်မှာ ပုပ်ရဟန်းမင်းကြီး အကျယ်ချုပ်သဖွယ် နေခဲ့ရပါတယ်။ ဒီပြည်နယ်တွေ ပြန်ရဖို့ အီတလီဘုရင်တွေနဲ့ ပုပ်ရဟန်းမင်းတွေ အတိုက်အခံဖြစ်ခဲ့ကြပါတယ်။

၁၉၂၉ မှာတော့ ဖက်ဆစ် အာဏာရှင် မူဆိုလီနီနဲ့ ၁၁ ဆက်မြောက် ပိုင်းယပ်ရဟန်းမင်းတို့ ချုပ်ဆိုတဲ့ လက်တာရန် စာချုပ်အရ ရဟန်းမင်းအုပ်ချုပ်ရေးမှာ ထိခိုက်နစ်နာခဲ့တဲ့ ကြေးငွေတွေကို ပြန်လျော်ပေးပြီး ရဟန်းမင်း စံမြန်းတဲ့ ဗာတီကန်နန်းတော်တ၀ိုက်ကို အချုပ်အချာနိုင်ငံအဖြစ် ဖန်တီးပေးပါတယ်။ အဲဒီအချိန်ကစပြီး ၁၀၈ ဧကကျော် ကျယ်၀န်းတဲ့ ဗာတီကန်နန်းမြို့တ၀ိုက်ကို ပုပ်ရဟန်းမင်း ပိုင်စိုးခဲ့ပါတယ်။ ၁၁ ဆက်မြောက် ဂရက်ဂရီလက်ထက် ၁၃၇၇ ကစပြီး ဗာတီကန်မှာ ရဟန်းမင်းတွေ အတည်တကျနေလာတာ ဖြစ်ပြီး အဲဒီအချိန်က ပုပ်ရဟန်းမင်းပိုင်နယ်မြေက စတုရန်းမိုင် ၁၆၀၀ ရှိသလို လူဦးရေ သုံးသန်းကျော်ခဲ့ပါတယ်။

မိုက်ကယ်အန်ဂျလိုရဲ့ ယေရှုကို မယ်တော်မာရီ ပိုက်ထွေးထားတဲ့ လက်ရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုက်ကယ်အန်ဂျလိုရဲ့ ယေရှုကို မယ်တော်မာရီ ပိုက်ထွေးထားတဲ့ လက်ရာ

ဗာတီကန်မှာ ပထမဆုံး ပုပ်ရဟန်းမင်းကြီး စိန့်ပီတာ ကားစင်တင် အသတ်ခံရတယ်ဆိုပြီး ယုံကြည်မှုကြောင့် ကက်သလစ်ဘာသာ၀င်တွေရဲ့ အထွတ်အမြတ်နေရာတခုလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော် စိန့်ပီတာ ဘုရားကျောင်းကြီးနဲ့တကွ ပုပ်ရဟန်းမင်း အစဥ်အဆက် စုဆောင်းခဲ့တဲ့ စာကြည့်တိုက် ပြတိုက်တွေထဲက စာပေအနုလက်ရာတွေကြောင့်လည်း ကမ္ဘာအရပ်ရပ်က နှစ်စဥ်လာရောက်ကြည့်ရှုသူ အလွန် များပြားပါတယ်။

ဒီထဲမှာ စိန့်ပီတာ ဘုရားကျောင်းကြီးထဲက မိုက်ကယ်အန်ဂျယ်လိုရဲ့ လက်ရာဖြစ်တဲ့ ယေရှုအလောင်းတော်ကို မယ်တော်မာရီ ပိုက်ထွေးထားတဲ့ ကျောက်ဆစ်ရုပ်တုက ကမ္ဘာကျော်ပါတယ်။

နာဇီ၊ စစ်အေးနဲ့ ၂၁ ရာစု ရဟန်းမင်းများ

ဒုတိယကမ္ဘာစစ်တွင်းက ၁၂ ဆက်မြောက် ပိုင်းယပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုတိယကမ္ဘာစစ်တွင်းက ၁၂ ဆက်မြောက် ပိုင်းယပ်

ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ၀ါဒ လွှမ်းမိုးမှုကြောင့် ဗာတီကန်မှာ ရုံးထိုင်တဲ့ ၁၂ ဆက်မြောက် ပိုင်းယပ် ပုပ်ရဟန်းမင်းအတွက် အကျပ်အတည်း အများကြီးဆိုက်ပါတယ်။

ဂျူးလူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်နေချိန်မှာ ဒါတွေကို ပုပ်ရဟန်းမင်းနဲ့ ဗာတီကန်က တိတိလင်းလင်း မရှုတ်ချဘူးဆိုပြီး နှောင်းကာလတွေမှာ ပြန်လည် ၀ေဖန်တာတွေ ရှိသလို ကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးတွေအတွက် ကူညီထောက်ပံ့တာ၊ ကက်သလစ်ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေမှာ ခိုလှုံရာတွေ ဖန်တီးပေးတာကြောင့် ပုပ်ရဟန်းမင်းကို ကျေးဇူးတင်ကြောင်း ကမ္ဘာကျော် ရူပဗေဒပညာရှင် အဲလဘတ် အိုင်းစတိုင်း၊ အစ္စရေး ဝန်ကြီးချုပ် ဂိုလ်ဒါမီယာစတဲ့ ဂျူးခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

၁၂ ဆက်မြောက် ပိုင်းယပ်ရဲ့ ၁၉၄၂ ခရစ္စမတ်နေ့ တရားတော်မှာတော့ သိန်းနဲ့ချီသူတွေကို အမျိုးဇာတိအနွယ်ကြောင့် သတ်ဖြတ် ညှဉ်းဆဲနေမှုအတွက် လူသားမျိုးနွယ်မှာ တာ၀န်ရှိကြောင်း ဟောကြားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ ပေါ်လာတဲ့ စစ်အေးခေတ်မှာတော့ အရှေ့အုပ်စုရဲ့ ကွန်မြူနစ် ၀ါဒနဲ့ ကက်သလစ်ကျောင်းတော် ထိပ်တိုက်တွေ့ကြပါတယ်။

ကမ္ဘာစစ်မတိုင်ခင်ကတည်းက ဆိုဗီယက်ခေါင်းဆောင် စတာလင်ရဲ့ ရုရှား အော်သိုဒေါက်ဘုန်းတော်ကြီးတွေအပေါ် နှိပ်ကွပ်ဖမ်းဆီးမှုတွေအပေါ် ၀ေဖန်လာတဲ့ ဗာတီကန်ကျောင်းတော်က ကမ္ဘာတလွှား ကွန်မြူနစ်သြဇာကြီးလာမှုကို ဆက်ပြီး ၀ေဖန်ပါတယ်။

ဒီလို ၀ေဖန်တဲ့အတွက် ကက်သလစ်ဂိုဏ်းကို အနောက်အုပ်စု အရင်းရှင်ဂိုဏ်းသားအဖြစ် ဆိုဗီယက်အုပ်စုက ရှုတ်ချခဲ့ပါတယ်။

၁၉၈၁ မှာ လုပ်ကြံခံရတဲ့ ပုပ်ရဟန်းမင်း ဒုတိယ ဂျွန်ပေါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၁ မှာ လုပ်ကြံခံရတဲ့ ပုပ်ရဟန်းမင်း ဒုတိယ ဂျွန်ပေါ

၁၉၈၀ ကျော်မှာတော့ ပိုလန်က ကွန်မြူနစ် ဆန့်ကျင်ရေး သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုအတွက် ပုပ်ရဟန်းမင်းကြီး ဒုတိယ ဂျွန်ပေါ ထောက်ခံသလို ပိုလန်နဲ့ အရှေ့ဥရောပမှာ ကွန်မြူနစ် စနစ်ပြိုလဲတာမှာ ပုပ်ရဟန်းမင်းရဲ့ သြဇာ အများကြီးပါကြောင်း နောက်ဆုံး ဆိုဗီယက်ခေါင်းဆောင် ဂိုဘာချော့ကိုယ်တိုင် ၀န်ခံခဲ့ပါတယ်။

လက်တင်အမေရိကနဲ့ ဖိလစ်ပိုင်က အာဏာရှင်အစိုးရတွေ ပြုတ်ကျရေးမှာ ကက်သလစ်ကျောင်းတော်ရဲ့ အခန်းက အရေးပါခဲ့ပြီး ပုပ်ရဟန်းမင်းကိုယ်တိုင် အားပေးတာတွေ ရှိခဲ့ပါတယ်။ ဒီလို နိုင်ငံရေး တက်ကြွတဲ့ ဒုတိယ ဂျွန်ပေါ ဟာ ၁၉၈၁ နဲ့ ၁၉၈၂ မှာ နှစ်ကြိမ် လုပ်ကြံခံရပေမယ့် အသက်မသေ လွတ်မြောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တွေနဲ့ စု၀ေး ၀တ်ပြုခဲ့တဲ့ ပုပ် ဖရန်စစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တွေနဲ့ စု၀ေး ၀တ်ပြုခဲ့တဲ့ ပုပ် ဖရန်စစ်

ဒုတိယဂျွန်ပေါနဲ့ ၂၁ ရာစု ပုပ်ရဟန်းမင်းတွေ ခေတ်မှာတော့ ခေတ်သစ် လူနေမှုပုံစံနဲ့ စံနှုန်းတွေ ပြောင်းလဲလာတဲ့အတွက် စိန်ခေါ်မှုအသစ်တွေ ရှိလာပါတယ်။ ဒီထဲမှာ ကိုယ်၀န်ဖျက်ချခွင့်၊ လက်မထပ်ဘဲ အတူနေခြင်း၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူလက်ထပ်မှု၊ လိင်ပြောင်းလဲ ခံယူမှု၊ ဘာသာမဲ့မှု စတဲ့ လူမှုပုံစံတွေနဲ့ ရိုးရာ ကက်သလစ်စံနှုန်းတွေကြား ပဋိပက္ခအပြင် ကလေးသူငယ်တွေကို ကျူးလွန်စော်ကားတဲ့ ကက်သလစ် ဘုန်းကြီးတွေရဲ့ မှုခင်းတွေလည်း ပါပါတယ်။

နောက်ဆုံး ပျံတော်မူသွားတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ် လက်ထက်မှာတော့ ဒုတိယဂျွန်ပေါခေတ်မှာလိုပဲ အာဏာရှင်စနစ်အောက်က မြန်မာနဲ့ တခြားနိုင်ငံတွေအတွက် ဆုတောင်းပေးတာ၊ ကမ္ဘာတလွှားက ဒုက္ခသည်တွေ၊ ဆင်းရဲသားတွေအတွက် ရပ်တည်ပေးတာနဲ့ ဂါဇာ စစ်မီး ငြိမ်းဖို့ တောင်းဆိုတာတွေ ရှိလာပါတယ်။

မြေရှင်ပဒေသရာဇ်ကြီးမှ ကမ္ဘာ့လူသားများ ကိုယ်စားလှယ်

တိုင်းဘားမြစ်ဘေးက စိန့်ပီတာဘုရားကျောင်းကြီးရဲ့ အလှ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိုင်းဘားမြစ်ဘေးက စိန့်ပီတာဘုရားကျောင်းကြီးရဲ့ အလှ

အနှစ် ၂,၀၀၀ နီးပါး ရှည်ကြာခဲ့တဲ့ ပုပ်ရဟန်းမင်းစနစ်ဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ ကုန်သွယ်နဲ့ စက်မှု အရင်းရှင်နယ်ချဲ့ခေတ်၊ ကွန်မြူနစ်ခေတ်တွေကို ကျော်ဖြတ်ပြီး ၂၁ ရာစု ခေတ်ထိ ရှင်သန်နေခဲ့ပါတယ်။

၂၆၇ ဆက်သော ပုပ်ရဟန်းမင်းအဆက်ဆက်လက်ထက်မှာ အရှေ့အနောက် ဂိုဏ်းကွဲမှု၊ ရောမနိုင်ငံတော် ပြိုကွဲမှု၊ အမှောင်ခေတ်ရှည်ကြီး၊ ခရူးဆိတ်စစ်ပွဲများ၊ ဥရောပကို မွန်ဂို ကျူးကျော်မှု၊ အနက်ရောင် သေမင်းခေါ် ပလိပ်ကပ်ဆိုးကြီး၊ ခရစ်ယာန်သာသနာ အရေးတော်ပုံ၊ အမေရိကနဲ့ အာဖရိက-အာရှ ကိုလိုနီ ချဲ့ထွင်မှုများ၊ လူ ၈ သန်းလောက်ထိ သေတဲ့ ၁၇ ရာစုက နှစ် ၃၀ စစ်ပွဲ၊ ပြင်သစ်တော်လှန်ရေးနဲ့ တခြား တော်လှန်ရေး စစ်ပွဲများ၊ စက်မှု တော်လှန်ရေး၊ ကမ္ဘာစစ်ကြီးနှစ်ရပ်နဲ့ စစ်အေးကာလကြီး၊ ကွန်မြူနစ်အုပ်စု ပေါ်လာခြင်း စတဲ့ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲ အများကြီးနဲ့ ကပ်ဘေးမျိုးစုံကို ကျော်ဖြတ်ခဲ့ပြီး ခေတ်ကောင်းတွေလည်း ကြုံခဲ့ရပါတယ်။

တချိန်က ကိုယ်တိုင် မြေရှင်ပဒေသရာဇ်ဖြစ်ခဲ့ပြီး ပဒေသရာဇ်ဘုရင်တွေအတွက် ကောင်းကင်ဘုံနဲ့ ကြားခံဆက်သွယ်ပေးရာ အဖြစ် ရပ်တည်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးတွေဟာလည်း ခေတ်စနစ်အပြောင်းအလဲတွေကြောင့် သန်းထောင်ချီရှိတဲ့ ကက်သလစ်ဘာသာ၀င်တွေနဲ့ ကမ္ဘာ့လူသားတွေ ကောင်းကျိုးအတွက် ရပ်တည်ပြောဆို ဆုတောင်းပေးသူတွေ ဖြစ်လာကြပါတယ်။

ဒါကြောင့် ပုပ်ရဟန်းမင်းတွေမှာ ကိုယ်ပိုင်စစ်တပ်တွေ မရှိတော့ပေမယ့် အမေရိကန်၊ရုရှား၊ တရုတ် စတဲ့ လက်နက်နိုင်ငံကြီးတွေထက် ဘာသာရေး စည်းရုံးရေးအာဏာမှာ တပန်းသာတဲ့ ခေါင်းဆောင်တွေ ဖြစ်နေကြပါတယ်။