အတက်ရောဂါကု ပစ္စည်းတခုကို ကလေးရဲ့ ဦးခေါင်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းကုသ

  • ရေးသားသူ, ဖားဂတ်စ် ဝဲလ်ချ
  • ရာထူးတာဝန်, ဆေးပညာ အယ်ဒီတာ

အတက်ရောဂါ (epilepsy) မျိုးမှာမှ အပြင်းစားအဆင့်ထိ ရှိနေတဲ့ ‌ယောက်ျားလေး တယောက်ဟာ တက်တာကို ထိန်းတဲ့ ပစ္စည်းတခု ဦးခေါင်းထဲမှာ ထည့်သွင်း ကုသပေးထားတဲ့ ကမ္ဘာ့ပထမဆုံးသော လူနာဖြစ်လာပါပြီ။

နျူရို စတီမြူလိတ်တာ (neurostimulator) လို့ ခေါ်တဲ့ အဲဒီပစ္စည်းလေးဟာ သူ့ဦးနှောက်ထဲ လျှပ်စစ် အချက်ပြစီးဆင်းမှုတွေကို ပို့ပေးမှာ ဖြစ်ပြီး အဲလို လုပ်ပေးတာကြောင့် အဲဒီကလေး အော်ရန် နိုဆန်တယောက် နေ့ဘက်တွေမှာ ခံစားနေရတဲ့ အတက်ဝေဒနာကို ၈၀% လျော့ကျသွားစေမှာပါ။

ကလေးက အခု ပိုပျော်ရွှင်နေတယ်၊ သူ့ဘဝက “ပိုပြီးကျန်းမာ၊ ပိုပြီး သက်တောင့် သက်တာရှိနေပြီး ပိုပျော်မွေ့စရာ ဖြစ်နေတယ်” လို့ သူ့ရဲ့အမေ ဂျတ်စ်တင်းက ဘီဘီစီကို ပြောပါတယ်။

လန်ဒန်က ဂရိတ်အော်မွန်းလမ်း ဆေးရုံမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက သူခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ဒီကုသမှုက အခုမှ လူနာတွေနဲ့ စမ်းသပ်ကုသနေဆဲ ကုထုံးဖြစ်ပြီး သူ အဲဒီတုန်းက ၁၂ နှစ်ပါ၊ အခုတော့ သူ ၁၃ နှစ်ရှိပါပြီ။

ဆမ်းမားဆက်မှာနေထိုင်တဲ့ အော်ရန်ဟာ အတက်ရောဂါကို ၃နှစ်သား ကတည်းက စရလာတာဖြစ်ပြီး သူ့ရဲ့ အတက်ရောဂါက ကုသမှုတွေ မတိုးတဲ့ အတက်ရောဂါမျိုး ဖြစ်ကာ သူဖြစ်နေတဲ့ ‌ရောဂါကို လန်းနော့စ် ဂက်စ်တို ဆင်ဒရုမ်း (Lennox-Gastaut syndrome) လို့ ခေါ်ကြပါတယ်။

သူ့မှာ ဒီရောဂါစရလာကတည်းက တက်တာကို နေ့စဥ် ခံစားနေရပြီး သူဟာ တနေ့ကို ၂၄ ကြိမ်ကနေ အကြိမ်ပေါင်း ရာနဲ့ချီပြီး တက်တတ်လေ့ ရှိပါတယ်။

ခွဲစိတ်ကုသမှု မတိုင်မီ မနှစ် ဆောင်းဦးကာလက ကျွန်တော်တို့ အော်ရန်ရဲ့ မိခင်နဲ့ စကားပြောတဲ့အခါ အော်ရန်ရဲ့ အတက်ရောဂါက ကလေးရဲ့ ဘဝကို ဖိစီးနေတဲ့ အကြောင်း ပြောပြပါတယ်၊ “သူ့ကလေးဘဝရဲ့ အရာရာ အားလုံးကို ဒီရောဂါက လုယူသွားတာပဲ။”

အော်ရန် တက်တာတွေကို သူက ကျွန်တော်တို့ကို ပြောပြတဲ့အခါ တက်တဲ့ ပုံစံ အမျိုးမျိုးရှိပြီး သူ မြေပေါ် လဲကျသွားတာ၊ ကိုယ်က အရမ်းကို တုန်ပြီး တက်နေတာ၊ သတိမေ့မြောသွားတာ စတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သူ အသက်ရှူရပ်သွားတာမျိုးတွေလည်း ရှိတတ်ပြီး သူ့ကို အသက်ပြန်ရှူလာအောင် အရေးပေါ်ကုသပေးရတာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဂျတ်စ်တင်းက ပြောပါတယ်။

အော်ရန်မှာ အော်တစ်ဇင် (autism) နဲ့ Attention deficit hyperactivity disorder – ADHD (ဒီရောဂါတွေက ကလေးဟာ တခုခုမှာ အာရုံမဝင်စားနိုင်တာ၊ စိတ်လှုပ်ရှား လွန်းတာ၊ တခုခုကို အလွန် အမင်း စိတ်ဝင်စားတာ စသဖြင့် ဖြစ်တတ်) တို့လည်း ရှိပြီး အတက်ရောဂါကတော့ ကလေးအတွက် အခက်ခဲဆုံးပဲလို့ သူ့မိခင်က ပြောပါတယ်။

“သူ့ ၃ နှစ်အထိ အတော်လေး ထက်မြက်တဲ့ ကလေးကို ကျွန်မ ရခဲ့တယ်၊ သူ့ရဲ့ အတက်‌ရောဂါကြောင့် လပိုင်းအတွင်းမှာပဲ သူ့ကျန်းမာရေးက သိပ်ကို ယိုယွင်းသွားတော့တာပါပဲ၊ သူ့ သိထား၊ တတ်ထားတွေလည်း အကုန်မေ့ပျောက်သွားတယ်။”

အတက်ရောဂါအပြင်းစားအတွက် ဦးနှောက်ထဲကို လျှပ်စစ်စီးပြီးနှိုးဆွပေးတဲ့ ဒီကုထုံးသစ်ဟာ ဘယ်လောက် လုံခြုံစိတ်ချရသလဲ၊ ဘယ်လောက် အစွမ်းထက် သလဲဆိုတာကို ဆန်းစစ်တဲ့ စမ်းသပ်မှု အဆင့်ဆင့်ကို အော်ရန် ဖြတ်သန်းနေပြီး ဒီစမ်းသပ်မှု စီမံချက်ကို ကဒက် (CADET) လို့ ခေါ်ပါတယ်။

ဂရိတ်အော်မွန်းလမ်း ဆေးရုံ၊ ယူနီဗာစီတီ ကောလိပ် လန်ဒန်၊ ကင်းစ် ကောလိပ် ဆေးရုံနဲ့ အောက်စဖို့ဒ် တက္ကသိုလ်တို့ ဒီစီမံချက်မှာ အတူပါဝင်ကြပါတယ်။

သူတို့ အသုံးပြုတဲ့ Picostim နျူရိုစတီမြူလိတ်တာ ကတော့ ယူကေက ကုမ္ပဏီတခုဖြစ်တဲ့ အမ်ဘာ သီရာပြုတစ်စ် (Amber Therapeutics) က ထုတ်လုပ်တာပါ။

ကုထုံးက ဘယ်လိုအလုပ်လုပ်တာလဲ

လူတွေတက်တာက သူ့ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်လှိုင်း လှုပ်ရှားမှုတွေ ရုတ်တရက် သိပ်များလာတာကြောင့် ဖြစ်လာတာပါ။

လျှပ်စစ်ဓာတ်လေးတွေ တချိန်လုံး စီးဆင်းထားပေးမယ့် ဒီကိရိယာပစ္စည်းက အဲဒီ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်လှိုင်းတွေကို ပိတ်ဆို့တာ ဒါမှမဟုတ် တားဆီးနှောင့်ယှက်တာ တွေကို လုပ်ဆောင်ပေးမှာပါ။

အဲဒီခွဲစိတ်ကုသမှုက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၈ နာရီ ကြာမြင့်ခဲ့ပါတယ်။

ကလေးအထူးကု ဦးနှောက်ခွဲစိတ်ဆရာဝန် မာတင် တစ်စ်ဒဲလ်က အော်ရန်ရဲ့ ဦးနှောက်အတွင်းနက်နက်ပိုင်း သဲလမတ်စ် နေရာအထိရောက်အောင် လျှပ်ခေါင်း ၂ ခု ထိုးသွင်းထည့်ပေးခဲ့ပါတယ်၊ အဲဒီ သဲလ်လမတ်က နာဗ်ကြောဆိုင်ရာ သတင်းအချက်အလက်တွေကို လက်ဆင့်ကမ်း သယ်ဆောင်ပေးတဲ့ နေရာပါ။

လျှပ်ခေါင်းတွေ ထားရမယ့်နေရာက လွဲလို့မရပါဘူး၊ အမှားလုပ်နိုင်တဲ့ အကွာအဝေး က ၁ မီလီမီတာ တောင်မရှိပါဘူး။

လျှပ်ခေါင်းအစွန်းတွေကို အလျား အနံ ၃.၅ စင်တီမီတာ စီရှိပြီး ၀.၆ စင်တီမီတာထူတဲ့ နျူရိုစတီမြူလိတ်တာ ကိရိယာနဲ့ ဆက်ထားပါတယ်။ အဲဒီကိရိယာပစ္စည်းကိုတော့ အော်ရန် ရဲ့ ဦးခေါင်းခွံတနေရာမှာ ဖောက်ပြီးထည့်ပေးထားပါတယ်။

နောက် နျူရိုစတီမြူလိတ်တာကို ဘေးနားက ဦးခေါင်းခွံမှာ မူလီစုပ်ပြီး ငြိမ်အောင် ထိန်းထားပေးပါတယ်။

ကလေးတွေ တက်တတ်တဲ့ရောဂါတွေနဲ့ ပတ်သက်ပြီး ဦးနှောက်အတွင်းပိုင်းကို လျှပ်စစ်နဲ့ နှိုးဆွတဲ့ ကုထုံးက အရင်ကတည်းက ရှိပါတယ်၊ ဒါပေမဲ့ လက်ရှိအချိန်အထိ အဲဒီကုထုံးမျိုးတွေက နျူရိုစတီမြူလိတ်တာ တွေကို လူနာရဲ့ ရင်ပတ်မှာတပ်ထားပြီး အဲဒီကနေ ဝိုင်ယာကြိုးတွေနဲ့ ဦးနှောက်ကို ဆက်ထားတာပါ။

“ဒီစမ်းသပ်လေ့လာမှုက ဦးနှောက်အတွင်းပိုင်း နှိုးဆွတာက အတက်ရောဂါ အပြင်းစားမှာ ဘယ်လောက် အထိ ထိရောက်လဲ ဆိုတာကိုကြည့်ဖို့ရယ်၊ နောက်ပြီး ရင်ပတ် အစား ဦးခေါင်းခွံမှာ နျူရိုစတီမြူလိတ်တာ ပစ္စည်းကို တပ်ဆင်နိုင်တာပါ၊ ဒီလို တပ်ဆင်နိုင်တာက ကလေးတွေ အတွက် အများကြီး အဆင်ပြေပါတယ်” လို့ မာတင် တစ်စ်ဒဲလ်က ဘီဘီစီကို ပြောပါတယ်။

“နောက်ဆက်တွဲ ပြဿနာတွေကို လျှော့ချနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထား ပါတယ်။”

ခွဲစိတ်မှုကနေ နောက်ပိုင်း ရလာနိုင်တဲ့ ရောဂါပိုးကူးစက်တဲ့ ပြဿနာ၊ ကိရိယာက အလုပ်မဖြစ်တာ စတဲ့ ဟာတွေက လျှော့ချနိုင်တဲ့ ပြဿနာတွေထဲမှာ ပါဝင်ပါတယ်။

ခွဲစိတ်ပြီး နာလန်ထူအောင် အော်ရန်ကို တလတာ အချိန်ပေးရပြီး အဲဒီနောက်မှ နျူရိုစတီမြူလိတ်တာကို အလုပ်လုပ်စေတာပါ။

အဲဒီလို ခလုပ်ဖွင့်လိုက်ပြီး နျူရိုစတီမြူလိတ်တာ အလုပ်လုပ်နေတာကို အော်ရန် အနေနဲ့ ဘယ်လိုမှ ခံစား လိုက်ရမှာ မဟုတ်ပါဘူး။ သူ ဝိုင်ယာလက်စ် နားကျပ်တပ်ပြီး ဥပမာ - တီဗွီကြည့်တာ မျိုးလုပ်နေတုန်း အဲဒီ နားကျပ်ကနေ့ သူ့ရဲ့ ခေါင်းထဲက ကိရိယာကို ဓာတ်အား ပြန်ဖြည့်ပေးပါလိမ့်မယ်။

ခွဲစိတ်မှုအပြီး ၇ လအကြာမှာ အခြေအနေ သိရအောင် အော်ရန်နဲ့ မိသားစုကို ကျွန်တော်တို့ သွားတွေ့ခဲ့ပါတယ်။ ဂျတ်စ်တင်းက အော်ရန်ရဲ့ အတက်ရောဂါ သိသိသာသာကို သက်သာလာတယ်လို့ ပြောပါတယ်။ "သူ ပိုပြီး ဖျတ်ဖျတ် လတ်လတ် ရှိလာတယ်၊ နေ့ဘက်တွေမှာ ကြွက်သားတွေ ရုတ်တရက် ပျော့ခွေ ကျသွားတာမျိုး မရှိတော့ဘူး။”

သူ ညဘက် တက်တာမျိုးတွေလည်း ”တက်တဲ့အချိန်နည်းလာသလို၊ ပြင်းထန်မှုလည်း လျော့ကျလာတယ်။”

''သူ့ကို ကျွန်မ တဖြည်းဖြည်းနဲ့ အရင်လို ကလေးအဖြစ် ပြန်ရလာပါပြီ” လို့ ဂျတ်စ်တင်းက ပြောပါတယ်။

မာတင် တစ်စ်ဒဲလ်က ''ဒီကုသမှုကြောင့်ရတဲ့ အကျိုးကျေးဇူးတွေကို အော်ရန်နဲ့ သူ့တို့မိသားစု ရလိုက်တာကို ကျွန်တော်တို့ သိပ်ဝမ်းသာရပါတယ်၊ သူ့ရဲ့ အတက် ရောဂါလည်း တိုးတက်လာပြီ၊ သိသိသာသာ သက်တောင့် သက်တာ ဖြစ်လာပါပြီ”

အော်ရန်ဟာ အခုဆိုရင် မြင်းစီးသင်တန်းယူနေပါပြီ၊ သူ သိပ်ကို သဘောကျပါတယ်။

တခုခုကြုံရရင် သူ့ကို ကူညီနိုင်အောင် သူနာပြုတယောက်က အနားမှာ အောက်စီဂျင် ဗူးနဲ့ ရှိထားသလို၊ သူ့ ဆရာကလည်း အနားမှာ အမြဲစောင့်ပါတယ်။ လောလောဆယ်အထိတော့ သူတို့အကူအညီတွေကို အော်ရန် မလိုအပ်သေးပါဘူး။

အခု ကုထုံးစမ်းသပ်မှုကို လန်းနော့စ် ဂက်စ်တို ဆင်ဒရုမ်း ရှိတဲ့ နောက်ထပ် ကလေး ၃ ယောက်အတွက် လုပ်ဆောင်ပေးသွားဦးမှာ ဖြစ်ပြီး သူတို့ ဦးနှောက်တွေမှာ နျူရို စတီမြူလိတ်တာ တပ်ဆင်ပေးသွားမှာပါ။

လောလောဆယ်မှာတော့ သူ့ ကိရိယာကနေ အဆက်မပြတ် စီးဆင်းလာတဲ့ လျှပ်စစ် နှိုးဆွမှုတွေကို အော်ရန် ရရှိနေပါလိမ့်မယ်။

ဒါပေမဲ့ အနာဂတ်မှာတော့ တက်တော့မလို ဖြစ်တဲ့အချိန်ကျမှ နျူရိုစတီမြူလိတ်တာက အလုပ်လုပ်စေမယ့် နည်းလမ်းကို သုတေသီတွေက စီမံပြင်ဆင် ထားပါတယ်။

နောက်တဆင့်ဖြစ်လာမယ့် စမ်းသပ်ကုသမှုကို သိပ်စိတ်ဝင်တစားနဲ့ စောင့်ဆိုင်းနေတယ်လို့ ဂျတ်စ်တင်းက ပြောပါတယ်။ "ဂရိတ်အော်စမွန်းလမ်း ဆေးရုံကအဖွဲ့က ကျွန်မတို့ မျှော်လင့်ချက်တွေကို ပြန်ရှင်သန်စေပါပြီ၊ အနာဂတ်က ပိုတောက်ပလာတော့မှာပါ။"

ဒီကုသမှုဟာ အတက်ရောဂါကို ပျောက်ကင်းသွားအောင် ကုပေးတဲ့ ကုထုံး မဟုတ် ကြောင်း အော်ရန်တို့ မိသားစုက သိပါတယ်၊ ဒါပေမဲ့ သူ့ အတက်ရောဂါ ဝေဒနာ အိပ်မက်ဆိုးထဲက ရုန်းထွက်နိုင်တော့မှာကို မျှော်လင့်ကြပါတယ်။

အမ်ဘာ သီရာပြုတစ်စ် (Amber Therapeutics) က ထုတ်လုပ်တဲ့ Picostim နျူရိုစတီမြူလိတ်တာကို ပါကင်ဆန် ရောဂါ (Parkinson’s disease) ဖြစ်နေတဲ့ လူနာတွေကို ကုသရာမှာလည်း အသုံးချကြပါတယ်။