အီလွန်မတ်ပိုင် Neuralink ဦးနှောက် ချစ်ပ် ကုမ္ပဏီက သတင်းတွေမှာ ဘာ့ကြောင့်ဖော်ပြခံလာရသလဲ

အီလွန်မတ်ပိုင် Neuralink ကုမ္ပဏီက သူတို့ လူတွေမှာ ပထမဆုံး စတင် စမ်းသပ်ကြည့်နိုင်ဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါး ကြီးကြပ်ရေး အဖွဲ့ဆီက ခွင့်ပြုချက် ရပြီလို့ ကြေညာခဲ့ပါတယ်။

ဒီကုမ္ပဏီဟာ အခုလို ခွင့်ပြုချက်ရဖို့ အစောပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ဒီရလိုက်တဲ့ ခွင့်ပြုချက်ဟာ Neuralink ရဲ့ နည်းပညာကို လူအများအပေါ် အကူအညီပေးတဲ့နေရာမှာ အသုံးချဖို့ အရေးပါတဲ့ ခြေလှမ်းကို ကိုယ်စားပြုနေတယ်လို့လည်း Neuralink က ဆိုပါတယ်။

ဒီလို လုပ်မယ့် လေ့လာမှုရဲ့ ရည်ရွယ်ချက်ကိုတော့ Neuralink က အသေးစိတ် မပြောဆိုခဲ့ပဲ ဒါအတွက် လူသစ်တွေ ခေါ်ယူမှု မလုပ်သေးဘူး ဆိုတဲ့အချက်နဲ့ နောက်ထပ် အသေးစိတ်တွေ ဆက်လက် ကြေညာမယ်လို့ပဲ ပြောဆိုခဲ့ပါတယ်။

Neuralink ကုမ္ပဏီက သူတို့ဟာ ကွန်ပျူတာတွေကို လူရဲ့ ဦးနှောက်နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်စေမယ့် နည်းလမ်းသစ်တွေကို ဖော်ဆောင်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။

အခုလို လုပ်နိုင်ခြင်းအားဖြင့် ဆေးဝါး အသုံးပြုမှုနဲ့ လုံလောက်အောင် မဖြေရှင်းပေးနိုင်တဲ့ ရှုပ်ထွေးတဲ့ အာရုံကြောဆိုင်ရာ ရောဂါ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ Neuralink က မျှော်လင့်နေတာ ဖြစ်ပါတယ်။

အခုလို Neuralink က ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ရှုပ်ထွေးတဲ့ အာရုံကြောဆိုင်ရာ ရောဂါ အခြေအနေတွေထဲမှာ အကြောသေ ရောဂါနဲ့ မျက်စိ မမြင်မှုက စလို့ စိတ်ကျရောဂါနဲ့ စိတ်ကစဉ့်ကလျား ရောဂါ တွေလည်း အပါအဝင် ဖြစ်ပါတယ်။

Neuralink ကုမ္ပဏီဟာ သူတို့ရဲ့ စမ်းသပ်ချက်တွေမှာ လေလုံအောင် ပိတ်ထားတဲ့ ကွန်ပျူတာချစ်ပ်ကို အာရုံကြော ရောဂါ အခြေအနေတခုခု ခံစားနေရတဲ့ လူနာရဲ့ ဦးနှောက်အတွင်းကို တိုက်ရိုက် ထည့်သွင်းဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

အဲဒီ ချစ်ပ်ဟာ လူ့ဆံပင်ထက် ပိုမထူတဲ့ အီလက်ထရုတ် အမျှင် ၁၀၂၄ ခု နဲ့ ချိတ်ဆက်ထားပြီး ကြိုးမဲ့ အားသွင်းနိုင်တဲ့ ဘက်ထရီနဲ့ အလုပ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ချစ်ပ်ဟာ ဦးနှောက်ပြင်ပက ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ ကြားခံအနေနဲ့ အသုံးဝင်မှာလည်း ဖြစ်ပြီး အချက်ပေးမှုတွေနဲ့ ဖမ်းယူမှုတွေ အပြန်အလှန် လုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။

Neuralink ရဲ့ ဦးနှောက်တွင်း ချစ်ပ် ထည့်သွင်းမယ့် နည်းပညာရဲ့ စိတ်ချရမှုနဲ့ ပတ်သက်လို့ အပိုင်း သုံးပိုင်း ခွဲကြည့်နိုင်ပြီး ရေတို ကိုယ်တွင်း အန္တရာယ် ရှိနိုင်ခြေ၊ ရေရှည် ဆေးဘက်ဆိုင်ရာ စိုးရိမ်ရမှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိတ်ချရမှုတို့ ဖြစ်ပါတယ်။

ဦးနှောက်ပါဝင်တဲ့ ခွဲစိတ်မှုတိုင်းဟာ သူ့သဘောအရကိုက အန္တရာယ် ပါပြီးသား ဖြစ်ပြီး ကိုယ်ထိလက်ရောက် ဦးနှောက် ထိခိုက်သွားနိုင်မှုနဲ့ ဦးနှောက်က သူ့အတွင်းထည့်တဲ့ ပစ္စည်းကို ပယ်ချနိုင်မှုတို့လည်း အပါအဝင် ဖြစ်ပါတယ်။

အခုလို လူ့ဦးနှောက်အတွင်း ထည့်သွင်းဖို့ ရည်ရွယ်နေတဲ့ ချစ်ပ်ကို တိရစ္ဆာန်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုတွေ လုပ်ထားပြီး လူအများ ဝေဖန် ပြောဆိုစရာလည်း ဖြစ်ထားခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာဆိုရင် ဒီကုမ္ပဏီဟာ မကတ် အမျိုးအစား မျောက်တွေကို သူတို့ နည်းပညာအတွက် စမ်းသပ်ကြည့်ရာမှာ ရက်ရက်စက်စက် ကိုင်တွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ တိုင်ကြားစာတခုကို အမေရိကန်စိုက်ပျိုးရေး ဝန်ကြီးဌာနက ရရှိခဲ့ပါတယ်။

အခုအချိန်မှာတော့ FDA က ဒီကုမ္ပဏီကို လူတွေမှာပါ စမ်းသပ်ခွင့် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် Neuralink ဟာ အစောပိုင်း ရုန်းကန်ရမှုတွေကို ကျော်လွှားနိုင်ပြီလို့ ယူဆနိုင်စရာ ရှိပါတယ်။

Neuralink နဲ့ ပတ်သက်လို့ အဓိက စိုးရိမ်ကြတာကတော့ ဦးနှောက်ထဲမှာ ကိရိယာတခု ရေရှည်ထားရှိရင် ပေါ်လာနိုင်ခြေရှိတဲ့ ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဦးနှောက်ဆိုတာကလည်း အလွန်ကျယ်ပြန့် ရှုပ်ထွေးလှပြီး လူသားတွေက အခုမှ စပြီး နားလည်ကာစ ပြုလာတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

အခုလို လူတွေမှာတောင် မစမ်းသပ်ရသေးတဲ့ နည်းပညာတခုနဲ့ ပတ်သက်လို့ ရေရှည် ထိခိုက်နိုင်ခြေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မရှိသေးဘူး ဆိုပေမယ့် စတင် စမ်းသပ်လာပြီးနောက်ပိုင်းမှာ အလားတူ ဆင်တူယိုးမှား နည်းပညာတွေပါ တိုးတက်လာနိုင်ပါတယ်။

Neuralink နဲ့ ပတ်သက်တဲ့ နောက်ထပ် စိုးရိမ်မှုတခု ဖြစ်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိတ်ချရမှုကတော့ ကျင့်ဝတ်အပေါ် တဦးချင်း အကောက်အယူအပေါ် တည်မှီနေနိုင်ပါတယ်။

Neuralink ရဲ့ နည်းပညာမျိုးဟာ တကိုယ်ရည် အချက်အလက် လုံခြုံရေး မေးခွန်းထုတ်စရာတွေ သာမက လူသားစွမ်းရည်ကို မြှင့်တင်ရာမှာ အသုံးချနိုင်မှု ဖြစ်နိုင်ခြေတွေနဲ့ ထွေးလျောယှက်တင် ရှိနေတဲ့အတွက်လည်း ကျင့်ဝတ်ဆိုင်ရာ စိတ်ချရမှုကို စောင့်ကြည့် မေးခွန်းထုတ်ရတာ ဖြစ်ပါတယ်။

အခုလို ကျင့်ဝတ်ပိုင်း မေးခွန်းထုတ်စရာ ဖြစ်တဲ့အထိ လူသားစွမ်းရည် မြှင့်တင်မှု ဆိုတာကတော့ လက်ရှိ လူ့ဦးနှောက်က သဘာဝအတိုင်း လုပ်နိုင်တာထက်ပိုတဲ့ စွမ်းရည် တိုးချဲ့မှုမျိုး ဖြစ်ပါတယ်။

ဥပမာ အားဖြင့် လူသားရဲ့ သိမှတ်နိုင်စွမ်း၊ အာရုံခံနိုင်စွမ်း ဒါမှမဟုတ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို သာမန်ထက်ကောင်းအောင် လုပ်တာမျိုးကို ဆိုလိုပြီး လူ့ကျင့်ဝတ် ရှုထောင့်ကနေ စည်းကြပ် ထိန်းချုပ်မှုတွေ လုပ်ဖို့ တောင်းဆိုချက်တွေလည်း ထွက်ပေါ်လာနိုင်ပါတယ်။

Neuralink ကုမ္ပဏီကို အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်မှာ ၂၀၁၆ ခုနှစ်က ထူထောင်ခဲ့ပြီး စတင် ထူထောင်သူတွေထဲမှာ အီလွန်မတ် အပါအဝင် သိပ္ပံနဲ့ အင်ဂျင်နီယာ ပညာရှင် ၇ ဦး အဖွဲ့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ အဲဒီ ပူးတွဲ ထူထောင်သူ ၈ ဦး ထဲက နှစ်ဦးသာ ကုမ္ပဏီမှာ ကျန်တော့တယ်လို့ ဆိုပါတယ်။

အီလွန်မတ်ဟာ ကုမ္ပဏီကြုံရတဲ့ အခက်အခဲတွေကို စွန့်ဦး တီထွင် လမ်းဖောက်မှု ဆန်ဆန် ဖြေရှင်းတာက သိပ္ပံနယ်ပယ်နဲက ကိုက်ညီတယ်လို့ ယူဆသူများလည်း ရှိပါတယ်။

ဒါ့အပြင် သူ့ရဲ့ လူအများအငြင်းပွားဖွယ်ရာ လုပ်ဆောင် ပြောဆိုမှုတွေကြောင့်ရတဲ့ လူသိများမှုကိုလည်း Neuralink ကုမ္ပဏီက ရရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အကြောင်းကတော့ အီလွန်မတ် တခုခု ပြောမှာကို စိတ်ဝင်တစား စောင့်ကြည့် နားထောင်နေကြတာကြောင့်ဖြစ်ပြီး သူ့ပါဝင်မှုကြောင့် တကြောင်း Neuralink အကြောင်းကို လူတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

Neuralink လို စမ်းသပ်မှုတွေ လုပ်ဖို့ ကြိုးစားနေတဲ့ အလားတူ ကုမ္ပဏီ တချို့လည်း ရှိနေပြီး တချို့ဆိုရင် သူတို့ရဲ့ သုတေသန လုပ်ငန်းစဉ်က Neuralink ထက် ရှေ့ရောက် နေတာလည်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအထဲက ကုမ္ပဏီ တခုကတော့ Black Rock Neuro Tech ကုမ္ပဏီဖြစ်ပြီး သူတို့လည်း Neuralink လိုပဲ လူ့ဦးနှောက်ထဲမှာ ကွန်ပျူတာချစ်ပ် ထည့်သွင်းနိုင်တဲ့ ထုတ်ကုန်တခု ထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် Neuralink လို ဦးနှောက်ထဲ တခုခု ထည့်တာ မဟုတ်ပေမယ့် ဦးနှောက်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းပညာတွေ သုတေသန ပြုတာလည်း ရှိနေပါတယ်။

ဖေ့စ်ဘွတ်ရဲ့ မိခင်ကုမ္ပဏီ မက်တာ ဆိုရင် ဦးနှောက်ထဲမှာ စိတ်ကူးတာကို ကွန်ပျူတာ ကီးဘုတ်နဲ့ စာပြန်ရိုက်နိုင်မယ့် ခေါင်းမှာ တပ်ဆင်ရတဲ့ ကိရိယာ တီထွင်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မကြာသေးခင် မေလလယ် လောက်ကပဲ ဆွစ်ဇလန်က သိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ အကြောသေနေသူ တဦး လမ်းလျှောက်လာနိုင်တဲ့ သတင်း ထွက်လာခဲ့ပြီး အခုလို ဦးနှောက် အခြေပြု နည်းပညာအသုံပြုမှာ ပါဝင်လာကြမယ့် ကုမ္ပဏီနဲ့ ပညာရှင်တွေ များပြားလာမှာကို ညွှန်ပြနေပါတယ်။