"အိုမင်းလာတာဟာ ရောဂါတခု" ဖြစ်တယ်၊ ကုသလို့ရတယ် - ဒေါက်တာ ဆင်ကလဲယား

အိုမင်းလာခြင်းဟာ သဘာဝတရားပါ၊ လူတိုင်း ဒါကို တနေ့ကြုံကြရမှာပါ။ ဘဝနဲ့ ပတ်သက်လို့ လူတိုင်းအားလုံးနီးပါးက အဲဒီလို ခံယူထားကြပါတယ်၊ ဒါပေမယ့် မျိုးရိုးဗီဇပညာရှင် ဒေးဗစ် ဆင်ကလဲယားကတော့ အဲဒီလို မခံယူပါဘူး။

ဆယ်စုနှစ် ၂ စုကျော်ကြာသူလုပ်ခဲ့တဲ့ လေ့လာမှုတွေကို အခြေတည်ပြီး ရိုးစင်းတဲ့ ကျင့်ကြံမှုနဲ့ အိုမင်းခြင်းရောက်မလာအောင် အချိန်ဆွဲထားလို့ရတယ်၊ အဲဒါကြောင့် လူတွေဟာ ပိုအသက်ရှည်ပြီး ပိုကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ရနိုင်တယ်လို့ သူက ဆိုပါတယ်။

အခုအချိန်မှာ စမ်းသပ်နေတဲ့ 'မအိုဆေး' ကို မကြာခင်အနာဂတ်ကာလမှာ အသုံးချနိုင် တော့မယ်လို့ အဲဒီပညာရှင်က ပြောပါတယ်။ လူတွေဟာ အိုနေရာကနေ ပြန်နုပျိုသွားတဲ့ အထိ ဖြစ်လာနိုင်တယ်လို့လည်း သူကဆိုပါတယ်။

သြစတြေးလျက University of New South Wales မှာ ပါရဂူ ဒေါက်တာဘွဲ့ယူခဲ့ပြီး ပါရဂူ ဘွဲ့လွန်တန်းကို အမေရိကန်က Massachusetts Institute of Technologyမှာ ယူခဲ့တဲ့ ဒေါက်တာ ဆင်ကလဲယားဟာ ဟားဗတ် တက္ကသိုလ်က ဓာတ်ခွဲခန်းတခုကို ကြီးကြပ်နေပြီး ဘာကြောင့် လူတွေ အိုမင်းလာကြလဲဆိုတာကို အဲဒီမှာ သူက စူးစမ်းလေ့လာနေတာပါ။

သူ့ရဲ့အလုပ်တွေကြောင့် သူဟာ သိပ္ပံပညာဆိုင်ရာ ဆုတွေ ဒါဇင်နဲ့ချီပြီး ရခဲ့ပြီးပါပြီ။ တိုင်းမ်မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာမှာ အလွှမ်းမိုးနိုင်ဆုံး လူပေါင်း ၁၀၀ ထဲမှာ တယောက်အဖြစ် သူ အရွေးချယ်ခံရပါတယ်၊ သူ့တွစ်တာမှာ လူပေါင်း ၂ သိန်းလောက် ပရိသတ် ရှိနေပါတယ်။ ဆိုတော့ သူက ဆယ်လီ တယောက်ပါ။

ဒီသုတေသီဟာ မူပိုင်ခွင့် ၃၅ ခုကို ပိုင်ဆိုင်ထားပြီး၊ ဇီဝနည်းပညာ ကုမ္ပဏီအတော်များများကို တည်ထောင်တာ၊ ဒါမှမဟုတ် ပါဝင်ပတ်သက်တာတွေ လုပ်ထားပါတယ်။ အဲဒီ ဇီဝနည်းပညာ ကုမ္ပဏီတွေထဲက တချို့ဟာ အိုမင်းလာတာကို ကာကွယ်ဖို့ ဒါမှမဟုတ် အိုမင်းလာမယ့်အချိန်ကို နောက်ရွှေ့ဆိုင်းဖို့ အတွက် ရည်မှန်းလုပ်ဆောင်နေကြတာပါ။

Merrill Lynch ဘဏ်က အဲဒီ မအိုဆေး ကုမ္ပဏီတွေအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကုန်ကျရင်းနှီးငွေ၊ ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၁၀ ရှိတယ်၊ ၂၀၂၅ ခုနှစ်ရောက်ရင် ဘီလျံ ၆၀၀ အထိ မြင့်တက်လာမယ်လို့ တွက်ဆထားပါတယ်။

ရောင်းအားအကောင်းဆုံး စာအုပ်တွေထဲက တအုပ်ဖြစ်တဲ့ Lifespan: Why we age - and why we don't have to (ဘဝသက်တမ်း - ဘာကြောင့် အိုလာသလဲ၊ ဘာကြောင့် အိုစရာ မလိုတော့ဘူးလဲ) ကို ဒေါက်တာ ဆင်ကလဲယားက ရေးခဲ့ပါတယ်။

အိုမင်းခြင်းကို ရှောင်လွှဲလို့မရဘူးဆိုတဲ့ လူတိုင်းလက်ခံထားတဲ့တရားကို အဲဒီစာအုပ်ထဲမှာ သူက ငြင်းဆန်ထားပါတယ်။

အိုမင်းလာခြင်းနဲ့ပတ်သက်ပြီး ပုံမှန်စဉ်းစားလာနေကျတဲ့အတိုင်း ဒါဟာ သဘာဝ ဖြစ်စဉ်တရပ် လို့ စဉ်းစားတာမျိုးမဟုတ်ဘဲ အဲဒီလို တွေးမြင်ထားချက်ကနေ လုံးဝပြောင်းလဲပစ်လိုက်ဖို့ လိုပြီလို့ သူက ယုံကြည်ထားပါတယ်။ ဒီအိုမင်းလာခြင်းဟာ ရောဂါတပါးဖြစ်တယ် ဆိုတာကို လက်ခံထားပြီး ဒီရောဂါဟာ ကုသနိုင်တယ်၊ ကုသလို့ ပျောက်ကင်းနိုင်တယ်ဆိုတာကို သူက လူတွေ လက်ခံစေချင်ပါတယ်။

အိုမင်းလာခြင်းနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ အမြင်ကို အခြေခံကျကျ လုံးဝပြောင်းလဲလိုက်မှသာ ကျွန်ုပ်တို့ လူသားတွေရဲ့ အသက်ဟာ ပိုရှည်လာစေမယ်လို့ ဒေါက်တာ ဆင်ကလဲယားက ဆိုပါတယ်။

ဆေးပညာရဲ့ တိုးတက်မှုက လူသားတွေကို နှစ်အနည်းငယ် ပိုရှည်အောင်လုပ်ပေးနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် "ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်ရအောင်ပါ"လို့လည်း သူကဆိုပါတယ်။

အောက်ပါအကြောင်းအရာတွေကတော့ ဘီဘီစီနဲ့ ဒေါက်တာ ဆင်ကလဲယားတို့ မေးမြန်းခန်း ကနေ ကောက်နုတ်ထားတာပါ။

လူတွေ ဘာကြောင့် အိုလာပါသလဲ

အိုမင်းလာတဲ့ အကြောင်းရင်း အဓိက ၉ ခု ရှိတယ်ဆိုပြီး ကျန်းမာရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ထားကြတယ်၊ ကျွန်တော်ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း လုပ်ခဲ့တဲ့ သုတေသနအရ ဒီအကြောင်းရင်းတွေထဲက တခုက တခြားအကြောင်းရင်းတွေ အကုန်လုံး မဟုတ်တာတောင်မှ အကြောင်းရင်းအတော်များများကို ဖြစ်စေတာ တွေ့ရတယ်၊ နောက်ပြီး အချက်အလက်တွေ ဆုံးရှုံးတာနဲ့ ပတ်သက်တယ်၊ ဒါတွေကို အထောက်အထားတွေနဲ့ တွေ့ရပါတယ်။

ကျွန်တော်တို့ ကိုယ်ခန္ဓာမှာ အချက်အလက်က ၂ မျိုးရှိပြီး၊ အဲဒါတွေက ကျွန်တော်တို့ရဲ့ မိဘတွေဆီက မျိုးဗီဇအနေနဲ့ ပါလာတာပါ။ နောက်ပြီး ဒီအချက်အလက်တွေဟာ ပတ်ဝန်းကျင်တို့၊ အချိန်ကာလတို့ရဲ့ သက်ရောက်တာကို ခံရပါတယ်။

အချက်အလက် တခုက "ဒစ်ဂျစ်တယ် (Digital) " အချက်အလက်ပါ၊ မျိုးရိုးဇီဝ ကုတ်ဒ် (genetic code) လို့လည်းခေါ်တယ်။နောက် တမျိုးကတော့ အဲန်နာလော့ခ် (Analogue) အချက်အလက်ဖြစ်ပြီး "အက်ပီ ဂျီနုမ်း (epigenome)"လို့ခေါ်ပါတယ်၊ သူက ဓာတုဓာတ် တွေနဲ့ ပရိုတင်းတွေဖြစ်တယ်၊ ဆဲလ်ထဲမှာ စနစ်တွေလို သူတို့ကရှိပြီး မျိုးဗီဇတွေကို ဖွင့်တာ၊ ပိတ်တာ ကိုလုပ်ပါတယ်။

ဆဲလ်တခုမှာပါတဲ့ မျိုးဗီဇ ၂ သောင်း ကို ဖွင့်တာ၊ ပိတ်တာလုပ်တာကနေ ဒီဆဲလ်ရဲ့ ကိုယ်ပိုင် လက္ခဏာက ဘာဖြစ်တယ်ဆိုတာကို ဖော်ကျူးပြလိုက်သလို ဆဲလ်အနေနဲ့ ဘယ်လို အလုပ်လုပ်ပါလို့ ညွှန်ကြားလိုက်တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်အချိန်ကာလကြာလာတာနဲ့ အမျှ အက်ပီ ဂျီနုမ်း (epigenome) တွေဟာ အချက်အလက်တွေ ပျောက်ဆုံးလာပါတယ်၊ စီဒီပြားတွေမှာ အကြောင်းအစင်းတွေ ထင်လာတာမျိုးလိုပေါ့။ ဒီတော့ ဆဲလ်တွေအနေနဲ့ ဘယ်အချိန်မှာ ဘယ် မျိုးဗီဇကို ဖွင့်ထားနိုင်တယ်ဆိုတဲ့ စွမ်းရည် ပျက်ယွင်း လာပါတယ်။ အက်ပီ ဂျီနုမ်း (epigenome) တွေ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ဆုံးရှုံးလာပါတယ်။

ကျွန်တော့အထင် ကျွန်တော်တို့ အိုလာတဲ့ အကြောင်းရင်းက အဲဒါလို့ ထင်ပါတယ်။

ဆရာကပြောတယ် ကျွန်တော်တို့ အိုမင်းသွားဖို့ မလိုပါဘူးပေါ့၊ ဘာ့ကြောင့် အဲလိုပြောတာပါလဲ။

ဇီဝဗေဒပညာမှာ ကျွန်တော်တို့ အိုမင်းသွားရမယ်လို့ ပြောထားတဲ့ ဥပဒေသတ်မှတ်ချက် မျိုးမရှိပါဘူး။ အိုမင်းလာတာကို ဘယ်လိုတားဆီးမလဲဆိုတာကို ကျွန်တော်တို့ မသိတာပါ၊ ဒါပေမယ့် အဲဒါကို နှေးကွေးသွားအောင် ကျွန်တော်တို့ ပိုပြီးလုပ်လာနိုင်ပါပြီ။ ဓာတ်ခွဲခန်းထဲမှာဆိုရင် အဲဒီအိုမင်းလာတဲ့ ဖြစ်စဉ်ကို ပြောင်းပြန်ပြန်သွားအောင်တောင် ကျွန်တော်တို့ လုပ်လို့ရနေပါပြီ။

ကျွန်တော့အမြင်အရတော့ အက်ပီ ဂျီနုမ်း (epigenome) တွေကို ပြောင်းလဲပစ်လို့ ရပါတယ်။

ကျွန်တော်တို့ရဲ့ ဘဝနေထိုင်ပုံတွေက ဒီအပြောင်းအလဲတွေအပေါ်မှာ အများကြီး သက်ရောက်ပါတယ်။ မှန်ကန်တဲ့ဟာတွေ လုပ်မယ်ဆိုရင် အိုမင်းသွားမယ့်အချိန်ပြနာရီကို အများကြီး နှေးပစ်လို့ရနိုင်ပါတယ်၊ ဒီအိုမင်းသွားမယ့်အချိန်ကို ကျွန်တော်တို့ အခုအချိန်မှာ တိုင်းတာ ဆန်းစစ်နိုင်တယ်၊ ကျွန်တော်တို့ သွေးစစ်တာ၊ တံတွေးစစ်တာတွေကို လုပ်ပြီး ဆန်းစစ်ကြည့်လို့ရပါတယ်။

သက်တမ်းမတူကြတဲ့ သတ္တဝါတွေ ဥပမာ၊ ကြွက်တွေ၊ ဝေလငါးနဲ့ ဆင်တွေ၊ လူသားတွေကို လေ့လာတယ်၊ အဲဒီမှာ အိုမင်းခြင်းဆိုက်ရောက်လာတာက နှုန်းမတူညီကြတာတွေကို တွေ့ပါတယ်။ အနာဂတ်မှာဖြစ်လာမယ့် ကိုယ့်ရဲ့ ကျန်းမာရေးက ကိုယ်ဘယ်လိုနေထိုင်တယ် ဆိုတဲ့ အပေါ် ၈၀ % ကျော် မူတည်ပါတယ်၊ ကိုယ့် ဒီအန်အေ (DNA) ပေါ်မှာ မူမတည်ပါဘူး။

သက်တမ်းရှည်ရှည်နေခဲ့ကြတဲ့ လူတွေကိုလေ့လာပြီး ပညာရှင်တွေက တချို့အရာတွေကို တွေ့ခဲ့ကြပါတယ်။ အဲဒီထဲမှာ မှန်ကန်တဲ့ အစားအစာစားတာ၊ ကယ်လိုရီ နည်းနည်းပဲစားတာ၊ ပမာဏနည်းနည်းနဲ့ အကြိမ်များများစားတာ စတာတွေပါဝင်ပါတယ်။ နောက်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်တာကလည်း အထောက်အကူ ပေးပါတယ်။

ကိုယ်ခန္ဓာကို ရေခဲတို့၊ ရေအေးတို့နဲ့ ကိုယ်အပူချိန်ကို ပြောင်းအောင်လုပ်တာကလည်း ကောင်းကျိုးပေးတယ်လို့ ယူဆကြသူတွေရှိပါတယ်။

အဲဒါတွေက အိုမင်းတာကို နှေးသွားအောင် ဘယ်လို လုပ်လိုက်ကြတာပါလဲ

ဘဝနေထိုင်ပုံ အလေ့အထတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေက ရောဂါနဲ့ အိုမင်းလာတာကို ကာကွယ်တားဆီးပေးတဲ့ သဘာဝ ကိုယ်ခံအားတွေကို ပိုအားဖြစ်စေတယ်လို့ ပညာရှင်တွေက ယုံကြည်ထားပါတယ်။

ပူတာ၊ အေးတာကို ခံစားတာ၊ ဆာလောင်စိတ်ဖြစ်တာ၊ အသက်ရှူနှုန်းမြန်လာစေတာ စတာတွေက အဲဒီ အကာအကွယ် ကိုယ်ခံအားတွေကို နှိုးဆွတဲ့နည်းလမ်းတချို့ပါ။

ဒီအကာအကွယ်တွေရဲ့ အရင်းအမြစ်ကိုကြည့်ရင် မျိုးဗီဇ (gene) တချို့ကို တွေ့ရမှာပါ၊ အဲဒီ မျိုးဗီဇတွေကို လိုက်လေ့လာကြည့်လိုက်ရင် သူတို့ဟာ အက်ပီ ဂျီနုမ်း (epigenome) တွေကို ထိန်းချုပ် ထားပြီး တော့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာတွေ၊ ဆာလောင်မှုတွေက အဲဒီ မျိုးဗီဇတွေကို နှိုးဆွ အလုပ်လုပ်စေတာကို သွားတွေ့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော် တို့က မှန်မှန်ကန်ကန် စားတာ၊ မှန်မှန်ကန်ကန် အဆာခံတာ စတာတွေက အိုမင်းခြင်း နာရီကို နှေးသွားနိုင်တယ်လို့ ယုံကြည်တာပါ။

ရောဂါအတော်များများဖြစ်လာတဲ့ အကြောင်းရင်းက အိုမင်းလာခြင်းပါ၊ နှလုံးရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ သွေးချိုဆီးချို စတဲ့ ရောဂါတွေရဲ့ အဓိကအကြောင်းရင်းက အိုမင်းလာလို့ပါ။

ဒါကြောင့်မို့ ကျွန်တော်တို့မြင်တာက အိုမင်းလာခြင်းကို နှေးပစ်လိုက်ရင် လူတွေ ပိုသန်မာလာမယ်၊ ပိုပြီးတော့လည်း အသက်ရှည်ရှည်နေနိုင်လာမှာပါ။

Nature ဂျာနယ်မှာ ဟိုတလောက ဖော်ပြလိုက်တဲ့ လေ့လာချက်တခုကို ကြည့်ရင် ပရိုင်းမိတ် တွေရဲ့ အိုမင်းလာတဲ့ နှုန်းက မကွဲပြားတာကိုတွေ့ရတယ်၊ အဲဒီလေ့လာချက်က ဆရာတို့ တွေ့ထားတာနဲ့ ကွဲပြားပြီး ဆန့်ကျင်ပါတယ်၊ သူတို့လေ့လာချက်ကတော့ အိုမင်းလာတာကို နှေးသွားအောင်၊ ရပ်သွားအောင် လုပ်လို့မရဘူးလို့ ဆိုလိုတာပါ။

လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်တုန်းက လူတွေခရီးသွားရင် အလွန်ဆုံး မြင်းတကောင်ရဲ့ အမြန်နှုန်း လောက်ပဲ မြန်အောင်သွားနိုင်တာပါ။

ကျွန်တော်တို့ရဲ့ ကိုယ်တွင်းက ဇီဝဗေဒ အလုပ်လုပ်ပုံထက် ကျော်လွန်ပြီးအသုံးချနိုင်အောင် အတွက် နည်းပညာတွေပေါ်ထွန်းလာခဲ့ပါပြီ၊ နည်းပညာတွေက ပြဿနာပေါင်းများစွာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ကျွန်တော်တို့ အရင်ကနေထိုင်ခဲ့ရတဲ့ အခြေအနေတွေထက် သာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့က တီထွင်ဖန်တီးတတ်တဲ့ သတ္တဝါပါ။ နည်းပညာသာ မရှိရင် ကျွန်တော်တို့ ရှင်သန်နိုင်ကြမှာမဟုတ်ပါဘူး။

နှစ်ပေါင်း ၁ သန်းကျော်လောက်ကျွန်တော်တို့ ရှင်သန်နိုင်အောင်လုပ်ခဲ့ကြတယ်၊ နည်းပညာတွေ နဲ့ အတူ အခက်အခဲတွေကို ဖြတ်သန်းခဲ့ကြတယ်။

အခုတော့ နောက် တဆင့်ကို တက်ဖို့ပါ၊ အဲဒါကတော့ ကျွန်တော်တို့ အမွေဆက်ခံရရှိခဲ့တဲ့ ကျန်းမာရေးရဲ့ အကန့်အသတ်ဆိုတာကို ကျော်လွှားပစ်ဖို့ပါ။

တကယ်တော့ဒါတွေကို နေ့စဉ်ကျွန်တော်တို့ လုပ်နေတာပါ၊ အက်စပရင် ဆေးပြားသောက် လိုက်တာက အစ၊ အဝတ်အစား ဝတ်လိုက်တာက အစပေါ့။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်ပြုပြင်ပြောင်းလဲပစ်တယ်၊ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာက ဓာတုဓာတ်တွေကိုလည်း ကျွန်တော်တို့ ပြောင်းလဲနိုင်ပါတယ်။

ဆရာ့အနေနဲ့ အိုမင်းခြင်းကို ရောဂါတခုလိုပဲ ကုသလို့ရမယ်ဆိုပြီး ရှုမြင်ထားပါတယ်၊ ဘာကြောင့်ပါလဲ

ရောဂါတခုဆိုတာ အချိန်ယူပြီး တဖြည်းဖြည်းနဲ့ဖြစ်လာတဲ့ ဖြစ်စဉ်တခုပါ၊ ရောဂါရင့်လာရင် ရလဒ်က မသန်စွမ်းတာမျိုး ဒါမှမဟုတ်လည်း သေဆုံးသွားတာမျိုး ဖြစ်လာမှပါ။ အိုမင်းလာတာလည်း ဒီသဘောပါပဲ။

အိုမင်းလာတာ ရောဂါတခုပါ။ ကင်ဆာလိုတော့ မဆိုးဝါးပါဘူး။ အိုမင်းခြင်းရောဂါကို ကုသလို့ရတယ်ဆိုတာ၊ အိုမင်းလာမှု နှေးသွားအောင်လုပ်လို့ရတယ်ဆိုတာ၊ မအိုလာအောင် တားဆီးဖို့ ဆိုတာတွေကို ကျွန်တော်တို့ သက်သေပြနေပါတယ်။

အိုမင်းခြင်းကို ရောဂါတရပ်လို့ မခံယူ မသတ်မှတ်ထားရင် ဆရာဝန်တွေအနေနဲ့ လူတွေ ပိုကျန်းကျန်းမာမာနဲ့ နောက်ထပ်နှစ်တွေအများကြီး ပိုနေရနိုင်ဖို့ လုပ်ပေးနိုင်စွမ်းရှိတဲ့ ဆေးဝါးတွေကိုပေးမယ့်အရေးမှာ နောက်တွန့်နေပါလိမ့်မယ်။

ဒါကြောင့်မို့ အိုမင်းလာခြင်းဟာ ရောဂါတရပ် ဒါမှမဟုတ် ကုသလို ရနိုင်တဲ့ ကျန်းမာရေး အခြေအနေတရပ်လို့ ကျွန်တော်တို့ ကြေညာကို ကြေညာရမှာဖြစ်တယ်။

အခုလူတွေ နားလည်ထားမှုတွေနဲ့ ဒီအမြင်က သိပ်ကိုကွဲပြားခြားနားပါတယ်၊ ဘာကြောင့်ဒီလို ပြောရလဲဆိုရင် အားလုံးက အိုမင်းခြင်းဟာ မရှောင်လွှဲနိုင်တဲ့ တရားတခုလို့ လက်ခံထားကြတာပါ၊ ဒါပေမယ့် ဆရာက အဲဒါမဟုတ်ဘူး၊ ကုသလို့ရတယ်၊ အိုမင်းခြင်း ရောက်မလာအောင် နှေးပစ်လိုက်လို့ရတယ်၊ အိုမင်းလာတာကို ပြောင်းပြန်ပြန်လှည့်ပြီး ပြန်နုပျိုသွားအောင်လုပ်လို့ရတယ်လို့ ဆိုတော့ ဒါက ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်မနေဘူးလား။

ဟုတ်ပါတယ်၊ အစွန်းရောက်ပါတယ်။ ဒါပေမယ့် လေယာဉ်ကို ပျံမယ်လုပ်တုန်းက၊ ပဋိဇီဝဆေး တွေ စသုံးစွဲစဉ်က၊ ကွန်ပျူတာတွေ ပေါ်လာတုန်းက အဲဒီအခါတွေကလည်း အတွေးအခေါ်သစ်နဲ့ တွေးခဲ့လုပ်ခဲ့ကြတာပါပဲ။

ဒါဟာ လူ့လောက အနေနဲ့ ဆက်လက်လျှောက်လှမ်းရမယ့် လမ်းပါ။

ဆေးဝါးတွေကို သိပ်ကိုတိုးတက်သွားအောင် လုပ်နိုင်တယ်ထားဦး၊ ဒီနေ့ဒီကာလမှာ ရောဂါတွေအားလုံးကို ကျွန်တော်တို့ ကုသနိုင်ပြီပဲ ထားဦး၊ လူတွေရဲ့ သက်တမ်းကို နောက်ထပ် ၂ နှစ်လောက်ပဲ ဆက်ရှည်အောင် လုပ်နိုင်တာပါ။ ကျွန်တော်တို့ အဲဒီထက် ပိုကောင်းမွန်အောင် လုပ်ဖို့လိုအပ်ပါတယ်။

အိုမင်းလာတဲ့ ဖြစ်စဥ်ကို ပြောင်းပြန်ပြန်လှည့်သွားအောင် လုပ်လို့ရတာဆိုတာကို နည်းနည်းလေး ထပ်ရှင်းပြပါဦး။

အိုမင်းခြင်းကို ဘေးကင်းကင်းနဲ့ ပြောင်းပြန်ပြန်လှည့်သွားစေတာကို လုပ်နိုင်မလားဆိုပြီး ကျွန်တော်တို့ မျိုးဗီဇအတော်များများနဲ့ လေ့လာခဲ့ကြတယ်။

ကျွန်တော်တို့ နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့ပါဘူး၊ ဓာတ်ခွဲခန်းထဲက ဆဲလ်တွေမှာ ကင်ဆာဖြစ်လာတာမျိုးတောင် ရှိခဲ့ပါတယ်။

ဒါပေမယ့် ယာမာနာကာ ဖက်တာ (Yamanaka factors) လို့ ခေါ်တဲ့ မျိုးဗီဇ ၃ မျိုးမှာတော့ ဆဲလ်တွေဟာ သူတို့ရဲ့ ပင်ကိုယ်လက္ခဏာတွေ မပျောက်ဆုံးဘဲ အိုမင်းခြင်းကနေ ဘေး ကင်းကင်းနဲ့ နောက်ပြန်လှည့်လာနိုင်တာကိုတွေ့ရပါတယ််။

အဲဒါလူ့အရေပြားဆဲလ်တွေ၊ နာဗ်ဆဲလ်တွေပါ။

အမြင်အာရုံခံနာဗ်တွေ ပျက်ဆီးနေတဲ့ ကြွက်တွေနဲ့ ကျွန်တော်တို့ စမ်းသပ်ကြည့်ခဲ့ကြတယ်၊ အဲဒီမှာ အမြင်အာရုံကြောနာဗ်တွေ ပြန်အသက်ဝင်လာခဲ့ပြီး သူတို့ရဲ့ အမြင်အာရုံတွေ ပြန်ကောင်းလာတာကိုတွေ့ရပါတယ်။

အဲဒါမျိုးက အနာဂတ်မှာ လူတွေအတွက် အလုပ်ဖြစ်လာနိုင်ပါလား

အဲဒါအလုပ်ဖြစ်နိုင်တယ်လို့ ယုံကြည်ထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေရှိပါတယ်။ ဒီမနက်တင် ကျွန်တော်သူတို့နဲ့ စကားပြောခဲ့ပါသေးတယ်။

၂ နှစ်လောက် လုပ်ထားတဲ့ ကြွက်တွေနဲ့ စမ်းသပ်မှုက ဘေးကင်းကင်းနဲ့ အလုပ်ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်၊ နောက် ၂ နှစ်နဲ့ ၃ နှစ်လောက်အတွင်းမှာ လူသားနဲ့ ပထမဆုံး စမ်းသပ်ကြည့် ပါမယ်၊ မျက်စိမမြင်ရသူတွေကို ကုသနိုင်မလား ကျွန်တော်တို့ ကြိုးစားကြည့်ပါမယ်။

လူတွေဘယ်တော့မှ မသေနိုင်တော့ဘူးလို့ များ ဆရာ တွေးဆနေပြီလား

(ဒေါက်တာ ဆင်ကလဲယားက ရယ်ပြုံးပြီး) မဟုတ်ပါဘူးဗျာ။

ဆေးပညာသုတေသနရဲ့ ရည်ရွယ်ချက်က ဘာပါလဲ။

ကျွန်တော်တို့ လူသားတွေ ပိုအသက်ရှည်ရှည်နဲ့ ပိုကျန်းကျန်းမာမာနေရဖို့အတွက် ကူညီတာပဲ မဟုတ်ဘူးလား။

ဒီနေရာမှာလည်း အတူတူပါပဲ။

ကွာတာကတော့ ရောဂါဖြစ်လာပြီဆိုမှ ကုတာမျိုးထက်စာရင် ရောဂါဖြစ်ပွားရခြင်းရဲ့ ရင်းမြစ်တွေဆီကို ကျွန်တော်တို့က လိုက်တာပါ။

အဲဒီရင်းမြစ်တွေကို တိုက်ခိုက်ထားရင် ရလာမယ့် အကျိုးသက်ရောက်မှုက ပိုများမှာပါ။ အခုဟာက ကိုယ်ခန္ဓာတခုလုံးအတွက် အကျိုးဖြစ်မှာပါ။

နှလုံး အိုမင်းလာတာကို နှေးသွားအောင် ကျွန်တော်လို့လုပ်ထားပြီး၊ ဦးနှောက် အိုမင်းလာတာကို ဘာမှမလုပ်ထားဘူးဆိုရင် လူတွေ အယ်ဇိုင်းမားရောဂါဖြစ်တာနဲ့ ကျွန်တော်တို့ ပိုပြီး ကြုံရမှာပေါ့။

ကိုယ်ခန္ဓာက အစိတ်အပိုင်းအားလုံးကို ပိုကြာကြာ ကျန်းမာသန်စွမ်းစေဖို့ လုပ်ဆောင်ရမယ် ဆိုတာကို ကျွန်တော်တို့ ချဉ်းကပ်ရှုမြင်ဖို့လိုပါတယ်။ ကျွန်တော့ ချဉ်းကပ်မှုက အဲဒီအတိုင်းပါ။

ဒီတီထွင်ဖန်တီးမှုကနေ လူမှုအသိုင်းအဝိုင်း တခုလုံးကို ဘာတွေ သက်ရောက် လာမှာပါလဲ

ပုဂ္ဂိုလ်ရေးတဦးချင်းအနေနဲ့ရမယ့် အကျိုးတွေအများကြီးပါ၊ အသက် ၉၀ ကျော်အထိ အသက်ရှင်နေနိုင်မယ်၊ အသက်မွေးမှုအလုပ်တွေကိုလည်း အမျိုးမျိုးကို ပြောင်းပြီးလုပ်နိုင်မယ်၊ ကိုယ့်ရဲ့ မြစ်နဲ့ အတူ ဆော့ကစားနိုင်ပါလိမ့်မယ်၊ ကိုယ့်သားသမီးတွေကလည်း ကိုယ့်အတွက် ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစရာ မရှိပါဘူး။

နောက်အကျိုးရလဒ်ကတော့ ဘဏ္ဍာရေးပိုင်းနဲ့ဆိုင်ပါမယ်။

လုပ်ဖော်ကိုင်ဖက်တွေ၊ လန်ဒန်က စီးပွားရေးပညာရှင်တွေနဲ့အတူ ကျွန်တော် တွက်ချက် ကြည့်ရာမှာ အမေရိကန် တနိုင်ငံအတွက်ပဲ တွက်ကြည့်ဦး၊ လူတွေရဲ့ သက်တမ်းကို နောက်ထပ် ၂ နှစ်သာတိုးနိုင်မယ်ဆိုရင် နောက်ထပ် ဆယ်စုနှစ်အနည်းငယ်ကာလအတွင်း နိုင်ငံစီးပွားရေးမှာ ဒေါ်လာ ၈၆ ဘီလျံတိုးလာနိုင်တယ်၊ တကယ်လို့ လူတွေ ၁၀ နှစ် ပိုနေကြရမယ်ဆိုရင် တိုးလာမယ့် စီးပွားရေးတန်ဖိုးက ဒေါ်လာ ၃၀၀ ဘီလျံအထိရှိလာနိုင်ပါတယ်။

ဒီတန်ဖိုးတွေက ဘယ်ကရမလဲဆိုရင်တော့ လူတွေ မကျန်းမာတာမျိုးတွေ နည်းပါးလာတဲ့ အခြေအနေကနေ ရလာမှာပါ။ အမေရိကန်မှာ ရောဂါကုသမှုတွေအတွက် ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးရပါတယ်။ ဒီပေါ်ထွက်လာမယ့် ငွေတွေကို ဥပမာအားဖြင့် ပညာရေးဘက်မှာ၊ ရာသီဥတုပြောင်းလဲရေးဘက်မှာ သုံးစွဲမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းကို ပြောင်းလဲနိုင်တဲ့ အကျိုးကျေးဇူးရမှာပါ။

ဒီလုပ်ငန်းရဲ့ တန်ဖိုးက Merrill Lynchဘဏ်က တန်ဖိုးသတ်မှတ်ချက်အရ ဘီလျံ ဆယ်ဂဏန်းများစွာရှိပါတယ်၊ ဘီလျံရာပေါင်းများစွာအထိ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီလုပ်ငန်းထဲမှာ ဒီလောက်ငွေတွေများများ ရင်းနှီးမြှုပ်နှံလာကြတာ ဘာကြောင့် လို့ထင်ပါသလဲ။

ဒါက ကမ္ဘာမှာ မဖြည့်ဆည်းနိုင်သေးသော အလိုအပ်ဆုံးအရာတွေထဲက တခုပါ။ ဒီတိုးတက် ဖြစ်ထွန်းမှုကနေ အကျိုးရလဒ် မခံစားလိုတဲ့လူဆိုတာ ကမ္ဘာမှာ မရှိပါဘူး။ ကလေးတွေက အစ ဒီအကျိုးကျေးဇူးကို လိုချင်တာပါ။

လူတွေမှာ ပုံမှန်သဘာဝနည်းလမ်းနဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့စွမ်းအားကို မြှင့်လိုက်နိုင်တဲ့ ဒီစွမ်းရည်ဟာ ကမ္ဘာကို ပြောင်းလဲသွားစေပါမယ်၊ လာမယ့် ဆယ်စုနှစ်တွေအတွင်း ကမ္ဘာ့ စီးပွားရေးမှာ ဒေါ်လာ ဘီလျံပေါင်းများစွာကို စုနိုင်လာမှာပါ။

ပဋိဇီဝဆေးဝါးတွေမပေါ်ခင်ခေတ်နဲ့ ကျွန်တော်တို့ ခေတ်ကွာခြားသလို၊ အခု ကျွန်တော်တို့ ခေတ်နဲ့ ကွာခြားမယ့် ခေတ်တခုကို ဒီပြောင်းလဲမှုကနေ ဖန်တီးသွားပါလိမ့်မယ်။

အိုမင်းတာကို နှေးသွားအောင်၊ ပြန်နုပျိုသွားအောင် လုပ်မယ့် ဆေးတွေထုတ်လုပ်မယ့်၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လုပ်ပေးမယ့် တချို့ကုမ္ပဏီတွေနဲ့ ဆရာက ပတ်သက်နေ ပါတယ်။ ဆိုတော့ လူတွေကို ပိုအသက်ရှည်ရှည်နဲ့ ပိုကျန်းကျန်းမာမာနေစေလို့တဲ့ သုတေသီ တယောက်လို့ ဆရာ့ကို မြင်ကြတာထက်စာရင် ဒီလုပ်ငန်းကနေ ငွေအမြတ်အစွန်းလိုချင်သူလို့ လူတွေက မြင်လာကြမှာကို မစိုးရိမ်ဘူးလား

ကျွန်တော့်ရည်ရွယ်ရာပန်းတိုင်က လူတွေပိုပြီး ကျန်းကျန်းမာမာ နေနိုင်စေဖို့ပါ။ ဒီဆေးဝါးတွေ ထုတ်လုပ်နိုင်ဖို့ တခုတည်းသောနည်းလမ်းက ဒါတွေ ဖြစ်လာအောင်လုပ်မယ့် အဖွဲ့ တွေဖွဲ့စည်း ရမှာပါပဲ။

အဲဒါတွေ ကျွန်တော်လုပ်နေတာပါ။

စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်မျိုးထက် သုတေသီတယောက်အနေနဲ့ ရော အဲဒါကို လုပ်လို့မရနိုင်ဘူးလား

မရပါဘူး။ ဆေးဝါးတမျိုးတည်းပဲထုတ်လုပ်တာ ဖြစ်ဖြစ်၊ အဲဒါကို ထုတ်လုပ်နိုင်ဖို့ ဒေါ်လာ သန်းပေါင်းများစွာ လိုပါတယ်။

ဒါပေမယ့် ဒီကုမ္ပဏီတွေမှာ ပါဝင်ပတ်သက်နေတော့ လူတွေက ဆရာအခု ပြောနေတဲ့ သိပ္ပံပညာအပေါ် သံသယရှိလာမယ်လို့ မထင်မိဘူးလား

ကျွန်တော့် သိပ္ပံပညာက သူ့ခြေထောက်ပေါ် သူ့ဘာသာ ရပ်တည်နေတာပါ။ အဲဒါကို မှားနေပြီ လို့ ဘယ်သူကမှ သက်သေမထူနိုင်ပါဘူး။