နယူးဇီလန် ဗလီပစ်ခတ်မှု - ကျန်ရစ်သူမိသားစုတွေ သေနတ်သမားကို တွေ့လိုက်တဲ့အခါ

နယူးဇီလန်မှာဖြစ်ခဲ့တဲ့ ဗလီပစ်ခတ်မှုကနေ ရှင်သန်လွတ်မြောက်နိုင်ခဲ့သူတွေနဲ့ကျန်ရစ်သူမိသားစုတွေ သေနတ်သမား ဘရန်တန် တားရန့်ကို ရုံးတော်ကြားနာ စစ်ဆေးမှု ၃ ရက်မြောက်နေ့မှာ တွေ့လိုက်ရတဲ့အခါ ဒီလူ့ကို သူတို့ပြောချင်နေကြတဲ့ စကားတွေကို ဖွင့်ထုတ်ပစ်လိုက်ကြပါတယ်။

ခရိုက်စ်ချပ်အရပ်မှာဖြစ်ခဲ့ပြီး လူ ၅၁ ယောက်သေဆုံးခဲ့ရတဲ့ အဲဒီပစ်ခတ်မှုကို လူပေါင်း ၉၀ နီးပါးက ရင်ဖွင့်ပြောကြတဲ့အခါ ဝမ်းနည်းပူဆွေးမှုတွေပြည့်နှက်နေသလို၊ ခေါင်းငုံ့ ကြောက်ရွံ့သွားမှာမဟုတ်ဘူး ဆိုတဲ့ မာန်တင်းတုံ့ပြန်တာတွေလည်း ရှိခဲ့ပါတယ်။

ဗလီ ၂ ခုမှာ အရင်နှစ်က တားရန့် သေနတ်နဲ့ဝင်ပစ်ခဲ့တဲ့ အဖြစ်မှာ လူ့အသက်အများအပြားဆုံးခဲ့ရတဲ့အပြင် နောက်ထပ် လူ ၅၀ နီးပါးလောက်လည်း ဒဏ်ရာတွေရခဲ့ကြပါတယ်။

သူ့အမှုကို ကြာသပတေးနေ့ကျရင် တရားရုံးက စီရင်ချက်ချမှာဖြစ်ပြီး အဲဒီအချိန်မတိုင်မီ သူက ဘာစကားမှ မပြောဘူးလို့ ရုံးတော်ကိုပြောထားပါတယ်။

အဲဒီ ၂၉ နှစ်အရွယ် ဩစတြေးလျနိုင်ငံသားက လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြံရွယ်မှု ၄၀ မှု၊ ကြောက်ရွံ့ထိတ်န့်သွားအောင် အကြမ်းဖက်တိုက်ခိုက်မှု စတာတွေမှာ သူအပြစ်ရှိကြောင်း ထွက်ဆိုဝန်ခံထားပါတယ်။

သူဟာ ထောင်ဒဏ် တသက် ကျခံရနိုင်ပါတယ်၊ ကျပြီးတဲ့နောက် ပြစ်ဒဏ်လျော့ပေါ့ပေးပြီး တချိန်မှာ လွှတ်ပေးတာမျိုးလည်း သူခံစားရနိုင်မယ့်ပုံ မရှိပါဘူး၊ ဒီလို ပြစ်ဒဏ်မျိုးကို နယူးဇီလန်မှာ အရင်က ဘယ်သူ့ကိုမှ ချမှတ်ခဲ့တာမဟုတ်ပါဘူး။

ဗုဒ္ဓဟူးနေ့က တရားရုံးခန်းမအတွင်းမှာ ရှင်သန်ကျန်ရစ်သူတွေ၊ ကျန်ရစ်သူမိသားစုတွေက သူတို့ရဲ့ သဘောထားတွေကို ထုတ်ဖော်ပြောရတဲ့အခါ မျက်ရည်တွေကျနေကြသူတွေလည်းရှိသလို၊ ကိုရမ်ကျမ်းစာပိုဒ်တွေကို ရွတ်ဖတ်ပြသူတွေ၊ ဆုံးပါးသွားကြပြီဖြစ်တဲ့ သူတို့ချစ်ခင်ရသူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်မြောက်ပြတာတွေလည်း တွေ့ရပါတယ်။

သူတို့ပြောတာတွေထဲက စွမ်းအားပြင်းတဲ့ ရင်ဖွင့်ပြောဆိုချက်တချို့က ဒီလိုပါ။

ဆာရာ ကာဆန်၊ အသက် ၂၄ နှစ်၊ သူ့အဖေဖြစ်သူ အယ်နူး ဗလီအတွင်းမှာ သေဆုံးခဲ့

"ငါ့နာမည်က ဆာရာ ကာဆန်၊ ငါက ထွန်းလင်းနေဆဲဖြစ်တဲ့ အဘ်ဒဲလ်ဖာတာ ကာဆန်ရဲ့ သမီး၊ နင် အဲဒီနာမည်ကို မှတ်ထား" လို့ သူကပြောပါတယ်။

သူ့ ဖခင်ရဲ့ နောက်ဆုံးအချိန်တွေကို သူပြောတဲ့အခါ "သူနာကျင်ခံစားနေမလား၊ သူ ကြောက်ရွံ့ထိတ်လန့်နေမလား၊ သူ နောက်ဆုံးအချိန်မှာ အတွေးရောက်တာတွေက ဘာတွေလဲ ကျွန်မ စဉ်းစားကြည့်မိတယ်။ သူ့လက်ကို ဆုပ်ကိုင်ပြီး အဖေ.. အဖေပြန်သက်သာပြီး ကောင်းသွားမှာပါလို့ သိပ်ကိုပြောချင်ခဲ့တယ်၊ ဒါပေမဲ့ အဲဒါတွေ ကျွန်မ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။"

သူ့အဖေနဲ့ သူအတူ လုပ်ချင်ခဲ့ပြီး အခုတော့ မဖြည့်နိုင်တော့တဲ့ အစီအစဉ်တွေကိုလည်း သူက ပြောပြပါတယ်၊ "အဖေနဲ့အတူ ခရီးတွေထွက်ချင်ခဲ့တယ်၊ သူအိမ်မှာ ချက်ပြုတ်နေတဲ့ ဟင်းနံ့တွေကို ရချင်တယ်။"

မစ္စ ကာဆန်ဟာ ငိုချလိုက်ပေမယ့် သူ့မျက်ရည်တွေကို ပြန်ထိန်းပြီး တားရန့်ကို စေ့စေ့လှမ်းကြည့်ကာ "ဒီမျက်ရည်တွေဟာ နင့်အတွက်မဟုတ်ဘူး" လို့ ပြောချလိုက်ပါတယ်။

ဟာမားရှ် တူရန် - ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ၄၈ ရက်ကြာကုသခဲ့ပြီးတဲ့နောက် အသက်ဆုံးသွားရတဲ့ ဇက်ကရီယာ တူရန်ရဲ့ ဇနီး

"ငွေတွေ ဘယ်လောက်ပဲပုံပေးပေး ကျွန်မသားတွေရဲ့ ဖခင်၊ ကျွန်မရဲ့ ခင်ပွန်းဖြစ်တဲ့ သူ့ကို ပြန်မရနိုင်တော့ပါဘူး၊ သူချက်ပြုတ်တဲ့ ဟင်းတွေ၊ သူ့ ဟာသ အပြောတွေ၊ သူအိပ်ရင် ဟောက်တဲ့ အသံတွေကို သိပ်သတိရပါတယ်၊ သူက ကျွန်မရဲ့ သက်တော်စောင့်၊ ကျွန်မကို ပျော်ရွှင်အောင် ဖျော်ဖြေပေးတဲ့သူ၊ ကျွန်မကို နှစ်သိမ့်တတ်တဲ့သူ၊ ကျွန်မရဲ့ အကောင်းဆုံး အဖော်အမွန်" လို့ ဟာမားရှ် တူရန်က ပြောပါတယ်။

"ကျွန်မရဲ့ အကြီးဆုံးသားက သူ့အဖေဆုံးတဲ့အချိန်မှာ ၅ နှစ်သားပဲရှိပါသေးတယ်၊ သားက မေးတယ်၊ ပါပါ့ကို သူက ဘာဖြစ်လို့ သတ်တာလဲ တဲ့။ ကလေးနားလည်အောင် ကျွန်မဘယ်လို ပြောရမလဲစဉ်းစားရင်း အဲဒီလူဟာ ဘယ်သူနဲ့ တူလဲဆိုတော့၊ မူကြိုကျောင်းမှာ တခြားကလေးတွေနဲ့ ဘယ်လို အတူကစားရမှန်းမသိတဲ့သူ၊ ဒီတော့ သူက သူ့ စိုးရိမ်ကြောက်လန့်မှုတွေကို ပြသဖွင့်ထုတ်တဲ့အနေနဲ့ သူများတွေကို သူက အရင် တိုက်ခိုက်ပြတဲ့သူ" လို့ ရှင်းပြလိုက်ကြောင်း သူက ပြောပြပါတယ်။

"တခြားကလေးတွေက သူတို့ အဖေတွေနဲ့ အတူ လက်ဂို အတုံးလေး (legos) တွေနဲ့ စီပြီး ကစားကြတာတွေ့တဲ့ အခါ သူ့မျက်လုံးတွေက သူ့အဖေကို လွမ်းဆွတ်နေတာကို ကျွန်မတွေ့ရတယ်။ ကျွန်မသားတွေရဲ့ ထိခိုက်ခံစားနေရတာတွေကို ကျွန်မ ဘယ်လို ဖျောင်းဖျနှစ်သိမ့်ရနိုင်မလဲ။ နေ့တိုင်းနေ့တိုင်း သားတွေက သူ့အဖေအပေါ် ခုန်တက်ပြီး နမ်းခဲ့ကြတာလေ။ အခုတော့ သူတို့ရဲ့ အောင်မြင်မှုတွေကို အတူပွဲခံဖို့ သူ့အဖေသူတို့နားမှာ မရှိတော့ဘူး၊ သူတို့ကို စံပြအဖြစ် ဦးဆောင်ပြမယ့် သူတို့အဖေ သူတို့မှာ မရှိတော့ဘူး။

ဒါပေမဲ့ ရှင့်ရဲ့ ယုတ်မာပြီး စက်ဆုပ်ရွံရှာစရာကောင်းလှတဲ့ လုပ်ရပ်ကြောင့် နယူးဇီလန်ပြည်သူတွေ အများကြီး ကျွန်မတို့နဲ့ အတူစုစည်းခဲ့ကြတယ်၊ ဒီနေရာကို ကြည့်လိုက်ရင် ရှင်သာ ဒုက္ခခံစားရတဲ့သူလို့ ကျွန်မမြင်တယ်၊ ကျွန်မတို့က ရှင်သန်လွတ်မြောက်တဲ့သူတွေ။"

အဟတ် နာဘီ၊ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ သူ့ဖခင်ကို အယ်နူးဗလီမှာ ဆုံးရှုံးခဲ့ရသူ

နယူးဇီလန် စစ်သည်များ ရပ်ဂ်ဘီ လိခ် (New Zealand Warriors rugby league) အသင်း ဂျာစီ အင်္ကျီ ကို ဝတ်ဆင်ထားတဲ့ အဟတ်က တားရန့်ကိုပြောချလိုက်တဲ့အခါ သူ့ဒေါသကို ထိန်းမထားပါဘူး။

မင်းဟာ "လောက်ကောင်" ပဲလို့ တားရန့်ကို ပြောပြီး "မင်းအဖေဟာ အမှိုက်ကောင်၊ မင်းက လူမှုအသိုင်းအဝိုင်းအတွက် အမှိုက်၊ မင်းဟာ အမှိုက်ပုံထဲမှာ မြှုပ်ပစ်ဖို့ပဲ တန်တဲ့ကောင်" လို့ သူက ပြောပါတယ်။

"ဒီ ဆန်ကုန်မြေလေးကောင်ကို တသက်လုံးထောင်ထဲမှာပဲထားပါ၊ လုံးဝပြန်လွှတ်မပေးရအောင် လုပ်ပေးပါ" လို့ သူက တရားသူကြီးကို တောင်းဆိုပြီး "၇၁ နှစ်အရွယ် ငါ့အဖေကို မင်း တိုက်ခိုက်ဖို့ စိန်ခေါ်ကြည့်၊ သူက မင်းကို ထက်ပိုင်း ချိုးပစ်မှာ" လို့လည်းပြောပါတယ်။

သူ့သား အက်တာ အီလေယန် မသေဆုံးခင်နောက်ဆုံးအချိန်ကို မျက်ရည်တွေနဲ့ အတူ မေဆွန်း ဆာလာမာ ပြော

မစ္စ ဆာလာမာ တရားရုံးမှာ ပြောတော့ သူ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေက သူ့ကို ဘေးက အားပေးနှစ်သိမ့်ခဲ့ရပါတယ်။ သူက ငါ့နှလုံးသား ကြေကွဲခဲ့တာ "အကြိမ်မရေနိုင်အောင်ပဲ၊ သားကို မွေးဖွားဖို့ မွေးခန်းမှာ နာကျင်ရတဲ့ ဝေဒနာကို အကြိမ်ကြိမ် ခံစားနေရသလိုပဲ" လို့ သူက ပြောပါတယ်။

"ငါသိပ်ချစ်တဲ့ အက်တာ သေနတ်နဲ့ အပစ်ခံရတဲ့အချိန်မှာ သူဘယ်လို ခံစားနေရမလဲဆိုတာကို ငါအမြဲတွေးမိတယ်။"

"သေနတ်နဲ့ ပစ်တဲ့သူကို သူ ဘယ်လို ရင်ဆိုင်ခဲ့လဲ၊ သူ့ သေရတော့မယ်ဆိုတာကို သိသွားချိန်မှာ သူ့အတွေးတွေထဲ ဘာတွေရှိနေလဲ၊ ငါတွေးမိတာ ခဏခဏ။ မင်းရဲ့ မျက်လုံးထဲမှာ မွတ်ဆလင်ဆိုတာနဲ့ အပြစ်ရှိသူတွေလို့ မြင်လိုက်တယ်၊ အပြစ်မဲ့တဲ့ လူသား ၅၁ ယောက်ရဲ့ ဝိညာဉ်ကို နှုတ်ယူဖို့အတွက် မင်းကိုယ်မင်း အာဏာအပ်လိုက်တယ်။"

အယ်နူး ဗလီအတွင်း အပစ်ခံရစဉ် သူ့သမီးနဲ့ အတူရှိနေခဲ့တဲ့ ဝါဆင်း ဆက်တီ အလီ ဒါရက်မား

ဒါရက်မားက ရုံးတော်မှာ ထွက်ဆိုတော့ တားရန့်ကို တိုက်ရိုက်ပြောပြီး ငါတို့ ခေါင်းငုံ့ကြောက်ရွံ့ မသွားဘူးဆိုတာကို ပြသခဲ့ပါတယ်။

"အားလုံး ကောင်းသော နေ့လယ်ခင်းပါ ဗျ၊ ဒါပေမဲ့ မင်းတော့ မပါဘူး" "သေနတ်ကို ကပ်ပြီးပစ်တတ်တာက လွဲလို့ တခြားနည်းနဲ့ မပစ်တတ်လို့ ငါတို့ လွတ်မြောက်နိုင်ခဲ့တယ်"

တားရန့်က အော်ဟစ် ရယ်လိုက်တယ်၊ ဒါပေမဲ့ နောက်တော့ ရယ်နေတဲ့ သူ့ပါးစပ်ကို သူ့လက်နဲ့ ကာပိတ်ခဲ့ပါတယ်။

ဒါရက်မားက သူ့စကားလုံးတွေကို ချက်ချင်းမာပစ်လိုက်ပြီး တားရန့် မင်း ငါတို့ လူမှုအသိုင်းအဝိုင်းကို ဖျက်ဆီးချင်ပေမယ့် ကျရှုံးသွားပြီလို့ ပြောချလိုက်ပါတယ်။

"မင်း မှန်းခဲ့တာက ငါတို့ လူမှုအသိုင်းအဝိုင်းကို မင်း ဖျက်ဆီးနိုင်မယ်၊ ငါတို့ ယုံကြည်မှုကို လှုပ်ခါပစ်နိုင်မယ်လို့ မှန်းခဲ့တာ၊ ဒါပေမဲ့ မင်း မအောင်မြင်ပါဘူး။ မင်းလုပ်ရပ်က ငါတို့ ပိုခိုင်မာအောင်၊ ငါတို့ ပိုအားရှိသွားအောင် ဖြစ်လာစေခဲ့တယ်" လို့ သူက ပြောပါတယ်။

"ဒါကြောင့် မင်း လုံးဝ (လုံးဝ) ရှုံးနိမ့်သွားပြီ။"