သမ္မတထရမ့်က ဒေါ်လာ သန်း ၄၀၀ တန်လေယာဥ်ကို လက်ဆောင် ယူပိုင်ခွင့်ရှိလား

  • ရေးသားသူ, Jake Horton, Tom Edgington and Joshua Cheetham
  • ရာထူးတာဝန်, BBC

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အစိုးရဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးတန်လေယာဥ်ကို ကာတာနိုင်ငံဆီကနေ လက်ခံရယူချင်တဲ့ကိစ္စဟာ ''ယဥ်ကျေးမှုအရ'' ဖြစ်ပြီး ဒီလက်ဆောင်ကို ငြင်းပယ်လိုက်မယ်ဆိုရင် တုံးရာကျမယ်လို့လည်း ပြောပါတယ်။

ပြိုင်ဘက် ဒီမိုကရက်ပါတီဝင်အချို့ဘက်ကတော့ လေယာဥ်ကို လက်ခံနိုင်ဖွယ်ရှိတဲ့ ဒီအခြေအနေကို ''ဥပဒေနဲ့မညီဘူး'' လို့ တံဆိပ်တပ်ပေမဲ့ သမ္မတအိမ်တော် အိမ်ဖြူတော် ဘက်ကတော့ ငြင်းချက်ထုတ်ပါတယ်။ ထရမ့် ထောက်ခံသူ အချို့ကတောင် ဝေဖန်တာမျိုးရှိလာပါတယ်။

လေယာဥ်နဲ့ပတ်သက်ပြီး သတင်းဖော်ပြချက်တွေဟာ "မတိကျသေး" ဘူးလို့ ကာတာ ဘက်ကပြောထားသလို ညှိနှိုင်းတာတွေဆက်လုပ်နေတုန်းလို့လည်း ဆိုပါတယ်။

ကာတာအပါအဝင် အရှေ့အလယ်ပိုင်းကို သွားတဲ့ ထရမ့်ရဲ့ ခရီးစဉ် မတိုင်ခင်မှာ ဒီသတင်းတွေ ထွက်ပေါ်ခဲ့ဖြစ်ပါတယ်။

သမ္မတတွေက လက်ဆောင်လက်ခံခွင့်ကို ဥပဒေအရ ဘယ်လိုရှိလဲဆိုတာကို BBC က စေ့ငုကြည့်ထားပါတယ်။

လေယာဥ်နဲ့ ပတ်သက်ပြီး သိထားရသမျှ

ကာတာတော်ဝင်မိသားစုထံကနေ ဘိုရင်း ဂျန်ဘို ဂျက်လေယာဥ်ကို လက်ခံဖို့ ထရမ့်အစိုးရအဖွဲ့က ပြင်ဆင်နေပြီလို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။ လေယာဥ်ကိုတော့ ပြန်လည်ပြုပြင်မွမ်းမံပြီး အမေရိကန်သမ္မတတွေ အသုံးပြုတဲ့ Air Force One လေယာဥ်အဖြစ်ယာယီအသုံးပြုမှာလို့ ဆိုပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနက လက်ဆောင်လက်ခံရရှိထားပြီး၊ နှစ် ၄၀ ကြာပြီဖြစ်တဲ့ Air Force One နေရာမှာ ဘိုရင်း ၇၄၇ လေယာဥ်နဲ့ ယာယီအစားထိုးတာကို အများပြည်သူရှေ့ ပွင့်လင်းမြင်သာတဲ့လုပ်ငန်းအဖြစ် လုပ်ဆောင်မယ်လို့" ထရမ့်က သူရဲ့ Truth အကောင့်မှာ တင်ခဲ့ပါတယ်။

"ကာတာဘက်က ယဉ်ကျေးမှုအရ မေတ္တာလက်ဆောင် ပေးတာပါ။ ကျွန်တော်လည်း သိပ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုကမ်းလှမ်းလာတာကို မငြင်းချင်ပါဘူး" လို့ ထရမ့်က သတင်းထောက်တွေအမေးကို ပြန်ဖြေကြားပါတယ်။

လေယာဥ်ထုတ် ဘိုရင်း ကုမ္ပဏီကနေ ရဖို့ရှိနေတဲ့ Air Force One လေယာဉ်သစ် နှစ်စင်းကို ရဖို့ ကြန့်ကြာနေတာကြောင့် သူ့အနေနဲ့ "ဘိုရင်းနဲ့ ပတ်သက်ပြီး စိတ်အလိုမကျပါဘူး" လို့ ထရမ့်က ဖေဖော်ဝါရီလတုန်းက ပြောခဲ့ပါတယ်။ အဲဒီအစား အိမ်ဖြူတော်အနေနဲ့ "လေယာဥ်တစ်စင်းဝယ်တာ၊ ရတာ၊ ဒါမှမဟုတ် တစ်ခုခုတော့" ချက်ချင်းလုပ်ရမယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ဖလော်ရီဒါပြည်နယ်၊ ပန်းဘိချ်မြို့က လေဆိပ်မှာ ရပ်ထားတဲ့ ကာတာ လေယာဉ်တစ်စင်းကို ထရမ့် စစ်ဆေးခဲ့တဲ့ ဓာတ်ပုံ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီ လေယာဉ်မှာ အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်းနဲ့ ရုံးခန်းတို့ ပါဝင်တယ်လို့ လေယာဉ်နဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ်တုန်းက ထွက်တဲ့ ဖွဲ့စည်းပါဝင်မှု စာရွက်စာတမ်းအရ သိရပါတယ်။

ကာတာ ကာကွယ်‌ရေးဝန်ကြီးဌာနကနေ ပင်တဂွန် စစ်ဌာနချုပ်ကို ပေးခဲ့တဲ့ လေယာဥ်ဖြစ်ပြီး အဲဒီလေယာဉ်ကို Air Force One ရဲ့ လုံခြုံဘေးကင်းရေးစံ သတ်မှတ်ချက်တွေနဲ့ညီအောင် ပြုပြင်ဖို့ ရှိတယ်လို့ ကာတာ အရာရှိတစ်ဦးက စီအန်အန် သတင်းဌာနကို ပြောပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီလိုပြင်မယ်ဆို နှ‌စ်ပေါင်းများစွာ ကြာနိုင်ပြီး ထရမ့် သမ္မတ သက်တမ်းကုန်သွားတာတောင် ပြီးနိုင်ခြေမရှိဘူးလို ထောက်ပြကြပါတယ်။

ထရမ့်ကတော့ သူ့ သမ္မတ သက်တမ်းကုန်သွားတာနဲ့ ဒီလေယာဉ်ကို ဆက်သုံးမှာ မဟုတ်ဘဲ သမ္မတ မော်ကွန်းတိုက်ကို ပြန်လှူမယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်နေပါစေ အခုအခြေအနေကို ဒီမိုကရက်တွေသာမက ထရမ့်ကို ကာလရှည်ထောက်ခံခဲ့တဲ့ လော်ရာ လွန်မာတို့လို လူတွေကပါ ဝေဖန်လာပါတယ်။

"ဒါသာ အမှန်ဆိုရင် ထရမ့်အစိုးရအတွက် အမည်းစက် ထင်သွားမှာပါပဲ" လို့ လော်ရာ လွန်မာကပြောပါတယ်။

ဒီလက်ဆောင် တရားဝင်လား

လက်ဆောင်ကို လက်ခံတာက ဥပဒေနဲ့ညီမှာမဟုတ်ဘူးလို့ ဝါရင့်ဒီမိုကရက်အများအပြားကထုတ်ဖော် ပြောဆိုကြပါတယ်။

ရွေးကောက်ခံအရာရှိ ဘယ်သူမဆို နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်တွေထံကနေ ဘယ်လိုလက်ဆောင်မျိုးမှ ယူခွင့်မရှိဘဲ ယူမယ်ဆိုရင်လည်း ကွန်ကရက်လွှတ်တော်ရဲ့အတည်ပြုချက်ရမှ ဖြစ်မယ်လို့ ဒီမိုကရက်လွှတ်တော်အမတ် အဒမ် ရှစ်ဖ(စ်)က အမေရိကန်ပြည်ထောင်စုအခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။

"အဲဒီပုဒ်မဟာ လာဘ်ပေးပြီး အစိုးရကို လွှမ်းမိုးမှုကနေ ကာကွယ်ဖို့ ရည်ရွယ်ထားခဲ့တယ်" လို့ အီဒင်ဘရာတက္ကသိုလ်၊ အမေရိကန်သမိုင်းပါမောက္ခ၊ ဖရန့်ခ် ကော့လီရာနိုက ပြောပါတယ်။

"ဒီကိစ္စက ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဆွဲဆန့် ဆွေးနွေးရမှာမျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလောက်တန်ဖိုးအတိုင်းအဆရှိတဲ့ လက်ဆောင်မျိုးကို ဒီလိုသဘောသဘာဝမျိုးနဲ့ မမြင်ဖူးဘူးလေ" လို့ လန်ဒန်မက်ထရိုပိုလီတန်တက္ကသိုလ်ရဲ့ ပါမောက္ခ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဥပဒေရေးရာကျွမ်းကျင်သူ အင်ဒရူးမိုရမ်က ပြောပါတယ်။

၁၉၆၆ ခုနှစ် ပြည်ပလက်ဆောင်ပနာဆိုင်ရာ အက်ဥပဒေလို ပြည်ပကနေ လက်ဆောင်ရယူမှုနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ဥပဒေအများအပြား ရှိပါတယ်။

ဆိုလိုတာကတော့ သတ်မှတ်ထားတဲ့တန်ဖိုးအထက် နိုင်ငံခြားလက်ဆောင်လိုအရာတွေကို လက်ခံဖို့ဆိုရင် ကွန်ကရက်လွှတ်တော်ရဲ့ သဘောတူညီချက် လိုအပ်တာမျိုးဖြစ်ပါတယ်။

လက်ရှိမှာတော့ အမေရိကန်အရာရှိတွေဟာ အမေရိကန်ဒေါ်လာ ၄၈၀ ထက် မကျော်လွန်တဲ့ လက်ဆောင်တွေကို လက်ခံနိုင်ပါတယ်။

အဲဒီလေယာဥ်ဟာ နောက်ဆုံးမှာတော့ "သူ့လက်ထက်သုံးခဲ့တဲ့အသုံးအဆောင် မော်ကွန်း တိုက်"ကို ပို့မယ်လို့ ထရမ့်က ပြောထားပေမဲ့ အကဲခတ်တွေကတော့ သူ့ရဲ့ဖောင််ဒေးရှင်း ပြတိုက်ကို ပို့မှာလို့ ဆိုလိုတာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

အမေရိကန်သမ္မတဟောင်းတွေမှာ ပုံမှန်အားဖြင့် သူတို့ လက်ထက် စာရွက်စာတမ်းတွေကို မော်ကွန်းတိုက်အနေနဲ့ ထားရှိတဲ့ စာကြည့်တိုက်လို နေရာထားရှိလေ့ရှိပြီး အဲဒီပြတိုက်ကို ပုဂ္ဂလိက လှူဒါန်းမှု ရန်ပုံငွေနဲ့ ရပ်တည်ပါတယ်။ အမှတ်တရပစ္စည်းတွေကို အပြည့်စုဆောင်းထားပြီး အများပြည်သူ လေ့လာနိုင်ပါတယ်။

BBC က စကားပြောခဲ့တဲ့ ကျွမ်းကျင်သူတွေကတော့ လေယာဥ်ကို နောက်ပိုင်းမှာ သမ္မတပြတိုက်ကို မလွှဲပြောင်းခင်မှာ သမ္မတကို တိုက်ရိုက်ပေးတာမျိုး မဟုတ်ဘဲ အစိုးရအဖွဲ့ကို ပေးတာဖြစ်လို့ ဖွဲ့စည်းပုံအရ ချိုးဖောက်တာမျိုး ဖြစ်နိုင်ခြေမရှိဘူးလို့ ပြောပါတယ်။

''ရေဂင်ရဲ့ Air Force One  လေယာဉ်ဆိုရင် သူ့ လက်ထက် သမ္မတအသုံးအဆောင်ပြတိုက်မှာပဲ လမ်းဆုံးသွားတာပါ။ ဒါပေမဲ့ အခုကိစ္စမှာက နည်းနည်းလေး ကွဲပြားနေတယ်။ ရေဂင်က အဲဒီလေယာဥ်ကို ဘယ်တုန်းကမှ ထပ်မသုံးတော့ဘူး။ ပြတိုက်ပြစ္စည်းတစ်ခုအနေနဲ့ပဲ ဆက်ထားခဲ့တာ''

လေယာဥ်ကို လက်ခံမယ်ဆိုရင် ဘာကြောင့်လက်ခံသင့်တယ်ဆိုတဲ့အကြောင်း မှတ်တမ်းမူကြမ်းတစ်ခုကို အမေရိကန်တရားရေးဌာနက ရေးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ အဲဒီမူကြမ်းမှတ်တမ်းဟာ လူထုကြားထဲတော့ မထွက်လာခဲ့ပါဘူး။

ဒီလေယာဉ်ကိစ္စနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ ဘယ်လိုရှိလဲလို့ မေးခွန်းမေးတဲ့အခါမှာတော့ အိမ်ဖြူတော် ပြောခွင့်ရ ကယ်ရိုလင်း လဗစ်က ''ဥပဒေကြောင်းအရ အသေးစိတ်အပိုင်းကိုတော့ ဆက်လုပ်နေတုန်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီအစိုးရကို ဘာပဲ လှူလာလာ ဥပဒေနဲ့အညီပဲ လိုက်နာ လုပ်ဆောင်ပါတယ်'' လို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ ထရမ့်မိသားစု ဘာတွေလုပ်နေလဲ

သမ္မတထရမ့်ဟာ သူ့သမ္မတ သက်တမ်း ဒုတိယအကြိမ် အလုပ်အတွက်သွားတဲ့ခရီးကို အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေကို လေးရက်ကြာခရီးနဲ့ စတင်ခဲ့ပါတယ်။ အမေရိကန်ကို လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ရည်သန်ပြီး ခရီးနှင်ခဲ့တာပါ။

သူ့ရဲ့ အရှေ့အလယ်ပိုင်းခရီးဟာ သားနှစ်ယောက်ဖြစ်တဲ့ အဲရစ်နဲ့ ဒေါ်နယ် ဂျူနီယာတို့ စီမံတဲ့ ထရမ့်အဖွဲ့ (Trump Organization)ကနေ စီးပွားရေးဆိုင်ရာသဘောတူညီချက်တွေ တသီကြီး လုပ် နိုင်ပြီလို့ ကြေညာအပြီးမှာ ထွက်ပေါ်ခဲ့တာပါ။

အဲဒီီစီးပွားရေးသဘောတူညီချက်တွေထဲမှာ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာဂေါက်ကွင်းတည်ဆောင်ဖို့နဲ့ ဇိမ်ခံအိမ်ရာတွေ ဆောက်လုပ်ဖို့ အစီအစဥ်တွေ ပါဝင်ပါတယ်။

လက်ရှိမှာ သမ္မတထရမ့်ဟာ ထရမ့်အဖွဲ့ (Trump Organization) နဲ့ ဆက်နွှယ် ချိတ်ဆက်မှု မရှိပါဘူး။ ဇန်နဝါရီလ ၂၀ ရက်မှာ သူ သမ္မတအဖြစ် တာဝန််ယူပြီးကတည်းက အဲဒီအဖွဲ့ရဲ့စီမံခန့်ခွဲမှုအပိုင်းကို သူ့သားသမီးတွေကို လွှဲထားတာဖြစ်ပါတယ်။

ထရမ့်အဖွဲ့က မေလတုန်းက ကြေညာခဲ့တဲ့ စီးပွားရေးသဘောတူညီချက်တွေထဲမှာ ထရမ့် အမှတ်တံဆိပ်နဲ့ ၁၈ ကျင်းပါ ဂေါက်ကွင်း၊ ကာတာမြို့တော် ဒိုဟာမြောက်ပိုင်းမှာ ဇိမ်ခံ အိမ်ရာစု တည်ဆောက်မှု ပါဝင်ပါတယ်။

အဲဒီအချိန်က အဲရစ်ထရမ့်က "Qatari Diar နဲ့ Dar Global တို့နဲ့အတူ ထူးခြားတဲ့ပူးပေါင်းဆောင်ရွက်မှုလုပ်ပြီး ထရမ့်အမှတ်တံဆိပ်ကို ကာတာနိုင်ငံထဲအထိ ရောက်အောင် ဖြန့်နိုင်မှာကိုပဲ ကျွန်တော်တို့ အတော်လေး ဂုဏ်ယူမိပါတယ်'' လို့ ပြောခဲ့ပါတယ်။

Dar Global က အများပိုင် ဆော်ဒီဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး Qatari Diar က ကာတာနိုင်ငံပိုင် ကုမ္ပဏီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်တုန်းကလည်း ထရမ့်အဖွဲ့က သီးခြားကြေညာချက် တစ်ခုထုတ်ပါတယ်။ အဲဒါက ဒူဘိုင်းက အချက်အခြာကျတဲ့နေရာမှာ ဒေသတွင်း ပထမဆုံးဖြစ်လာမယ့် အထပ် ၈၀ ပါ ထရမ့် နိုင်ငံတကာ ဟိုတယ်နဲ့ တာဝါ တစ်ခုကို တည်ဆောက်ဖို့ရှိပြီး ဇိမ်ခံလူနေခန်းတွေနဲ့ ကမ္ဘာ့ အဆင့် ဟိုတယ်ပါဝင်မယ်လို့ ဆိုပါတယ်။

အဲရစ်ထရမ့်ကလည်း မေလ ၁ ရက်နေ့က UAE မှာ ကျင်းပတဲ့ Token 2049 လို့ ခေါ်တဲ့ ခရစ်တိုငွေရေး ကြေးရေးညီလာခံကို တက်ရောက် စကားပြောထားပါတယ်။

ထရမ့်အနေနဲ့ သူ့ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ မိသားစုလုပ်ငန်းနဲ့ ဆက်နွှယ်မှုရှိသူ တစ်ဦးဦးနဲ့ တွေ့ဆုံနိုင်ခြေရှိလားလို့ မေးခွန်းထုတ်ခဲ့ရာမှာတော့ အိမ်ဖြူတော်ပြောခွင့်ရက သမ္မတအနေနဲ့ သူ့ကိုယ်ကျိုးအတွက် တစ်ခုခုလုပ်မယ်လို့များ တွေးမိကြမယ်ဆိုရင် ဒီအတွေးဟာ ရယ်စရာ ကောင်းတယ်လို့ ပြောခဲ့ဖူးပါတယ်။