ယူနန် မြန်မာ ရထားလမ်း - မဟာဗျူဟာလား ပါဝါအာဂျင်ဒါလား

မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်း စီမံကိန်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် နဲ့အတူ တကျော့ပြန်ပေါ်လာပါတယ်။

အင်္ဂလိပ်ခေတ်ကတည်းက စိတ်ကူးယဉ်ခဲ့တဲ့ ဒီစီမံကိန်းဟာ နှစ်ပေါင်း ၈၀ ကျော်တဲ့အထိ မြန်မာဘက်မှာ အကောင်အထည်မဖော်နိုင်သေးပါဘူး။

ဒါပေမဲ့ တရုတ်ဘက်အခြမ်းမှာ ရထားလမ်းပိုင်းတချို့ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာဘက်အခြမ်းကတော့ စီမံကိန်းဖြတ်သန်းသွားမဲ့နယ်မြေတွေမှာ ဘယ်တုန်းကနဲ့မှ မတူအောင် ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒီအခြေအနေကြားမှာပဲ စစ်ခေါင်းဆောင်က မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းကို ပြန်စမယ်လို့ ကတိပြုခဲ့တာပါ။

မအောင်မြင်ခဲ့တဲ့ ဒေါ်လာဘီလျံတန် ရထားလမ်း

တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ စတင်ဆောက်လုပ်တဲ့ ၂၀၀၉ ခုနှစ်၀န်းကျင်ကတည်းက ပိုက်လိုင်းနဲ့အပြိုင် ရထားလမ်းဖောက်လုပ်ဖို့ ဆွေးနွေးချက်တွေရှိခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)က ရေးပါတယ်။

မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်း စီမံကိန်းနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရလက်ထက် ကတည်းက ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ အများပြည်သူကြားကျယ်ကျယ်ပြန့်ပြန့် သိခွင့်ရလာတာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ဆန္ဒပြမှုတွေနဲ့အတူ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းလိုက်တဲ့နောက် အမေရိကန်ဒေါ်လာဘီလျံ ၂၀ ဝန်းကျင် ကုန်ကျမဲ့ နောက်ထပ်စီမံကိန်းအသစ်တစ်ခုကို စဖို့ နှစ်နိုင်ငံလုံးက လက်တွန့်ခဲ့ပါတယ်။

ကျောက်ဖြူ-ကူမင်း မီးရထားလမ်း ဖြစ်တန်ခြေဆန်းစစ်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၁ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ပေမဲ့ ၂၀၁၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ဒီစီမံကိန်းက ခေါင်းပြန်ထောင်လာပြီး ၂၀၁၇ ခုနှစ်မှာ ဖြစ်တန်ချေဆန်းစစ်ရေး အတွက် တရုတ်ဘက်က အဆိုပြန်ပြုလာပါတယ်။

ဒီတခါမှာတော့ မူဆယ်-မန္တလေးလမ်းပိုင်းကို အရင်စဖို့ဖြစ်ပြီး စီမံကိန်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါး ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ မြန်နှုန်းအမြင့်ဆုံးရထားလမ်းဖြစ်လာမယ့် မူဆယ်-မန္တလေး ရထားလမ်းပိုင်းစီမံကိန်းဟာ မိုင်ပေါင်း ၂၅၀ ကျော်ရှည်လျားပါတယ်။

ဒီတကြိမ်မှာတော့ ဦးသိန်းစိန်အစိုးရလက်ထက်ကထက် စီမံကိန်းတည်ဆောက်ဖို့ကနဦးလုပ်ဆောင်မှုတွေရှေ့ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာခရီးစဉ်မှာ ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာကို လဲလှယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ NLD အစိုးရရဲ့ စာချုပ်ပြင်ဆင်ခဲ့တဲ့အတွက် တရုတ်အနေနဲ့ NLD အစိုးရကို စိတ်ပျက်ခဲ့ပါတယ်။

အဲဒီနောက် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့အတူ ကျောက်ဖြူအထိရည်ရွယ်ထားတဲ့ ရထားလမ်းစီမံကိန်းဟာ ရပ်တန့်သွားခဲ့ပြန်ပါတယ်။

တရုတ်ဟာ ကပ်ရောဂါကာလအတွင်းမှာကို ဒီရထားလမ်းစီမံကိန်းကို မျက်ခြည်ပြတ်မခံဘဲ ၂၀၂၁ ဇန်နဝါရီမှာ မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စာချွန်လွှာ သက်တမ်းက နှစ်နှစ်ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းမှာပါဝင်တဲ့ China Railway Group Co.,Ltd.(CRGC) ရဲ့ အဓိကနည်းပညာကုမ္ပဏီဖြစ်တဲ့ China Railway Eryuan Engineering Group Co.,Limited(CREEC)က မန္တလေး- ကျောက်ဖြူရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုကို ဆောင်ရွက်ဖို့တာဝန်ယူခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး အရပ်သားအစိုးရတွေလက်ထက်မှာအကောင်အထည်မဖော်နိုင်ခဲ့တဲ့ စီမံကိန်းကို ဆက်ခံပါတယ်။

ရထားလမ်းစီမံကိန်းအတွက်အဓိက တာဝန်ရှိတဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး တို့ကိုပဲ တာဝန်ပေးခဲ့ပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ ကော်မတီဖွဲ့စည်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ တာဝန်ခံ ဗိုလ်ချုပ်ကြီးတွေအပါအဝင် သက်ဆိုင်တဲ့ဝန်ကြီးတွေကို ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကြီးကြပ်ပါတယ်။

မူဆယ်-မန္တလေးလမ်းပိုင်းကို အကောင်အထည်ဖော်ဖို့ ပတ်ဝန်းကျင်ထိန်းသိန်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်ကို တောင် စစ်ကောင်စီက ၂၀၂၂ ခုနှစ်က ထုတ်ပေးခဲ့ပြီး သက်တမ်းငါးနှစ်ပေးထားတဲ့အတွက် ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါပေမဲ့ ရှေ့ကအစိုးရတွေတောင် မကြုံခဲ့ရဖူးတဲ့ အခြေအနေဆိုးတွေကို စီမံကိန်းနယ်မြေအတွင်းမှာ စစ်ကောင်စီ ကြုံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ မှာ စတင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရထားလမ်းဖြတ်သန်းသွားမဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မြို့တချို့ကို တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့ဆီ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဘာကြောင့် စစ်ခေါင်းဆောင်က တရုတ်မှာ ရထားလမ်းစတင်မယ်လို့ ကတိပေးခဲ့ရတာပါလဲ။

စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးရည်မှန်းချက်

ရှေ့ မြန်မာပြည်ထဲ တရုတ်စီမံကိန်းတွေအကောင်အထည်ဖော်ရေးမှာ ရှေ့က အရပ်သားအစိုးရနှစ်ရပ်ထက်ပိုပြီး အာမခံမှုပေးနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ခရီးစဉ်မှာ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

ရထားလမ်းစီမံကိန်းနယ်မြေတချို့ကို လုံခြုံရေးအာမခံချက်မပေးနိုင်တဲ့အနေအထားမှာ‌တောင် ‘’နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်တဲ့ နေရာတွေမှာ လုပ်ငန်းစတင်မယ်’’ လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို ကတိပြုခဲ့ပါတယ်။

‘’မြန်မာဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မယ့်နိုင်ငံ’’ လို့ လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်မှာပြောခဲ့ပြီး မူဆယ်-ကျောက်ဖြူ ရထားလမ်းရဲ့ အရေးပါပုံကို သွယ်ဝိုက်ပြောပါတယ်။

‘’ တရုတ်ရဲ့ ထောက်ခံမှုပိုပြီးခိုင်မာအောင်ရဖို့ လက်တွေ့မဖြစ်နိုင်တာတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တယ်ဆိုတာ အသိသာကြီးပါ’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

မူဆယ်-မန္တလေး ရထားလမ်း ဖြတ်သန်းသွားမယ့် မြို့နယ်ပေါင်း ၁၁ ခုအထိရှိပြီး ရှမ်းပြည်ထဲက ဖြတ်သွားမယ့် ၈ မြို့နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တာ မူဆယ် တစ်မြို့ပဲ ရှိနေတာဖြစ်ပါတယ်။

လားရှိုး နဲ့ သိန္နီ ကို MNDAA က ထိန်းချုပ်ထားပြီး ကွတ်ခိုင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ တို့ကို TNLA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မန္တလေး၊ ပုသိမ်ကြီး နဲ့ ပြင်ဦးလွင်ကလည်း မန္တလေး PDF အားကောင်းတဲ့ နေရာတွေဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နဲ့ဆက်ဆံရေးမကောင်းခဲ့တာကို အခွင့်အရေးရခိုက်ပြန်တည်ဆောက်ပြီး တရုတ်စီမံကိန်းတွေကိုလိုလားသူအဖြစ် တရုတ်မှာ သူ့ပုံရိပ်ကို တည်ဆောက်ခဲ့တယ်လို့ ခရီးစဉ်မှာပါသွားသူတစ်ဦးက ပြောပါတယ်။

တရုတ်တွေကို ဖိတ်ခေါ်တဲ့ စစ်ခေါင်းဆောင်

စီးပွားရေးကိုစိတ်ဝင်စားတဲ့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ခရီးစဉ်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့အတူ မြန်မာလုပ်ငန်းရှင်တချို့ကိုပါ ခေါ်ဆောင်သွားပါတယ်။

တရုတ်ကိုရောက်ရောက်ချင်း ပထမဆုံးလုပ်တာက တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မြန်မာမှာ စီးပွားရေးလုပ်ဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။

စိုက်ပျိုးရေး နဲ့ မွေးမြူရေးကဏ္ဍ ကို အဓိကထားဖိတ်ခေါ်ပြီး အရှေ့တောင်အာရှမှာ မြန်မာက လယ်ယာမြေအများဆုံးပိုင်ဆိုင်တဲ့ နိုင်ငံလို့ သူက ပြောပါတယ်။

တရုတ်ရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အဆင့်မြင့်နည်းပညာတွေနဲ့ ဇီဝနည်းပညာသုံး စိုက်ပျိုးနည်းစနစ်ကို အောင်မြင်စွာအသုံးပြုနေလို့ ရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် နည်းပညာလွှဲပြောင်းရယူဖို့ကို စစ်ကောင်စီကစိတ်ဝင်စားပါတယ်။

တလက်စတည်းမှာပဲ ကျောက်မီးသွေးကနေ ဓာတ်မြေဩဇာထုတ်ယူဖို့ကိုလည်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူတွေကတော့ တရုတ်ရင်းနှီးမြှပ်နှံမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ဘိလပ်မြေကို ပြည်တွင်းမှာ လုံလောက်အောင် မထုတ်လုပ်နိုင်သေးလို့ မြန်မာနိုင်ငံမှာဘိလပ်မြေလာထုတ်ဖို့လည်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ တရုတ်လုပ်ငန်းရှင်တွေ နဲ့ ယန်စီ မြစ်ထဲမှာလှေအတူစီးခဲ့တဲ့အထိ ရင်းနှီးချစ်ကြည်မှုကို ပြခဲ့ပါတယ်။

တရုတ်ကိုရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တဲ့ ကဏ္ဍများ

  • စိုက်ပျိုးရေး နဲ့ မွေးမြူရေးကဏ္ဍ
  • သံမဏိထုတ်လုပ်ရေးစီမံကိန်း
  • ဘိလပ်မြေထုတ်လုပ်ရေး
  • ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်ယူရေး
  • လျှပ်စစ်ကား ထုတ်လုပ်ခြင်း
  • ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ခြင်း
  • စားသုံးဆီထုတ်လုပ်ခြင်း
  • လျှပ်စစ်ကဏ္ဍ

စစ်ကောင်စီ၊စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ဟာ ဘေဂျင်းကိုခရီးဆက်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်ကတရုတ်နိုင်ငံပိုင် China National Petroleum Corporation (CNPC) ဥက္ကဋ္ဌ နဲ့ သွားတွေ့ခဲ့ပါတယ်။

‘’မြန်မာနဲ့တရုတ်နှစ်နိုင်ငံလုံးဟာ သဘာဝဓာတ်ငွေ့လိုအပ်ချက်တွေရှိနေလို့ မြန်မာနိုင်ငံမှာ LNG Terminal တည်ဆောက်ပြီးရရှိလာမယ့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ဖို့’’ ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။

China National Petroleum Corporation ဟာ ကမ္ဘာမှာအကြီးဆုံးလျှပ်စစ်ပေးဝေရေးလုပ်ငန်စုကြီးတစ်ခုဖြစ်ပြီး ဝန်ထမ်းဦးရေတင် တစ်သန်းကျော် ရှိပါတယ်။

တရုတ်နိုင်ငံဟာ စွမ်းအင်ကဏ္ဍမှာ အရှေ့အလယ်ပိုင်း၊ အာဖရိကတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာလည်း လာရောက်ပူးပေါင်းဖို့ စွမ်းအင်ဝန်ကြီးကဖိတ်ခေါ်ခဲ့ပါတယ်။

တရုတ်စဉ်းစားချက်

တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဟာ ထိပ်တန်းစီမံကိန်းဖြစ်လို့ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်းက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာပြောပါတယ်။

မူဆယ်-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဟာ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံမှာ ပါဝင်နေတဲ့ အရေးကြီးစီမံကိန်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဒါလီ- ရွှေလီ ရထားလမ်း နဲ့ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းကို ချိတ်ဆက်ဖို့ တရုတ်ဘက်ကရည်ရွယ်ထားပါတယ်။

ဒီရထားလမ်းကွန်ရက်ချိတ်ဆက်မှုကနေ လူဦးရေ ၁ ဒသမ ၄ ဘီလီယံ စျေးကွက်ကို မြန်မာကဝင်ရောက်နိုင်မှာဖြစ်တယ်လို့ တရုတ်သံအမတ်ကြီး ချန်ဟိုင်က ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီက မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲမှာ ပြောတာဖြစ်ပါတယ်။

တရုတ်ဟာ မူဆယ်-ကျောက်ဖြူ စီမံကိန်းအပါအဝင် စီမံကိန်းကြီးတွေကို စစ်ကောင်စီ ထက်စာရင် ရွေးကောက်ပွဲကတက်လာမဲ့ အစိုးရတစ်ရပ်နဲ့ပဲ အကောင်အထည်ဖော်ဖို့ စဉ်းစားလိမ့်မယ်လို့ တရုတ်အရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စီမံကိန်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ တရုတ်ဘက်က နှစ်နိုင်ငံလုံခြုံရေးကုမ္ပဏီတွေ ပူးတွဲတည်ထောင်ဖို့ အဆိုပြုထားပါတယ်။

‘’ရထားလမ်းဖောက်ဖြစ်ရင်လည်း သူ့လုံခြုံရေးကုမ္ပဏီ နဲ့ သူ ဖောက်လိမ့်မယ်’’ လို့ လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုက အကဲခတ်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံထဲက တရုတ်လုပ်ငန်းကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ပေးဖို့ ဝန်ကြီးချုပ်လီချန်းရော နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

ယူနန်-ကျောက်ဖြူ ချိတ်ဆက်မယ့် ရထားလမ်းကွန်ရက်ဟာ မဟာဗျူဟာရှုထောင့်အရအရေးပါပေမဲ့ စီးပွားရေးအရတော့ တွက်ချေကိုက်မှာမဟုတ်ဘူး လို့ တရုတ်အရေးကျွမ်းကျင်သူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။

တရုတ်-မြန်မာ-အိန္ဒိယ သမုဒ္ဒရာလမ်းကြောင်းသစ်

ဒါပေမဲ့ တရုတ်ဟာ ယူနန်ကရထားလမ်းကွန်ရက်တွေနဲ့ မြန်မာကိုချိတ်ဆက်ဖို့ အမြဲစဉ်းစားနေပြီး ရထားလမ်းသစ်မဖောက်ရသေးတဲ့အနေအထားမှာတောင် မန္တလေးကနေ ကားလမ်းနဲ့ ယူနန်ကရထားလမ်းကွန်ရက်တွေကို ချိတ်ဆက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ဒီချိတ်ဆက်မှုကို ‘’တရုတ်-မြန်မာလမ်းကြောင်းသစ် (မြန်မာ-ပေါင်ရှန်းဖူဖြောင်-ချိန်တူး)ကားလမ်း-မီးရထားလမ်းပူးတွဲပို့ဆောင်ခြင်း’’ လို့ အမည်တပ်ပြီး တရုတ်မီဒီယာတွေက အထူးသတင်းအဖြစ်ဖော်ပြကြပါတယ်။

မြန်မာ့သံသတ္တုတုံးတန်ချိန်(၁၀၀၀)ကျော်ကို မန္တလေးကနေ ကားလမ်းကတဆင့် တရုတ်နယ်စပ်ထိန်ချုန်းကို ဖြတ်ပြီး ပေါင်ရှန်းမြို့၊ ဖူဖြောင်သယ်ယူပို့ဆောင်ရေးစင်တာကို ပို့ခဲ့ပါတယ်။ ပေါင်ရှန်း ကနေ ရထားလမ်းနဲ့ ချိန်တူးမြို့ကို ထပ်ပို့ခဲ့ပါတယ်။ မန္တလေးကနေစတင်တဲ့ ပူးတွဲပို့ဆောင်မှုဟာ ကီလိုမီတာ(၂၃၀၀)ကျော်ရှိပြီး သယ်ယူပို့ဆောင်မှုခရီးစဉ်တစ်ခုလုံး (၅)ရက်ခန့် ကြာခဲ့ပါတယ်။

ယူနန်နေ့စဉ်သတင်းစာ၊ ပေါင်ရှန်းနေ့စဉ်သတင်းစာ နဲ့ တရုတ်နိုင်ငံသတင်းကွန်ရက်တို့က ဒီအကြောင်းရေးတဲ့ဆောင်းပါးမှာ “တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်” လို့ တင်စားပါတယ်။

မီးရထားလမ်း နဲ့ ကားလမ်းကနေ “သမုဒ္ဒရာပို့ဆောင်ရေး” လမ်းကြောင်းဟာ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှမှ နိုင်ငံအသီးသီးက ကုန်စည်တွေယူနန်ကို ရောက်ဖို့ရည်ရွယ်ပါတယ်။

ရန်ကုန် နဲ့ ကျောက်ဖြူဆိပ်ကမ်းက ကုန်တွေကို ကုန်းလမ်းကနေ တရုတ် နယ်စပ်ဂိတ်တွေကိုပို့ပြီး ယူနန်ကနေ ရထားလမ်းနဲ့ တရုတ်နိုင်ငံအတွင်းပိုင်းကို ဆက်လက်ပို့ဆောင်ဖို့ ရည်ရွယ်ပါတယ်။

လက်ရှိသုံးနေတဲ့ ပစိဖိတ်သမုဒ္ဒရာ မာလက်ကာရေလက်ကြားက ပတ်ပြီး သမုဒ္ဒရာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ နှိုင်းယှဉ်ရင် သယ်ယူပို့ဆောင်မှုအကွာအဝေးနဲ့ အချိန်တိုတောင်းသွားတယ်လို့ ယူနန်နေ့စဉ်သတင်းစာကရေးပါတယ်။

“ချုံချင့်-လင်ချန်း-မြန်မာ”၊ “ရှန်းကျန့်-လင်ချန်း-ရန်ကုန်-အိန္ဒိယ”စတဲ့ သမုဒ္ဒရာ-ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေး နိုင်ငံတကာလမ်းကြောင်းလို့ ယူနန်နေ့စဉ်သတင်းစာကရေးပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ လင်ချန်း-ချင်းရွှေဟော်ရထားလမ်းကိုပါ ဖောက်လုပ်ဖို့ တရုတ်ဘက်က ၂၀၂၃ မှာ စဉ်းစားခဲ့ပြီး ချင်းရွှေဟော်ကို လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်အဖြစ် အဆင့်မြင့်ဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

‘’တရုတ်က မြန်မာဘက်မှာ ရထားလမ်းမဖောက်ရသေးခင်မှာကို မစောင့်တော့ဘဲ ကားလမ်းနဲ့ရသလို ချိတ်ဆက်တော့တာ မြင်သာပါတယ်’’ လို့ ပို့ကုန်-သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ဒီချိတ်ဆက်မှုတွေအကုန်လုံးဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ ရပ်တန့်သွားပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ချိန်မှာတော့ တရုတ်ဘက်က စစ်ကောင်စီနဲ့ အနီးကပ်ပြန်ဆက်ဆံပြီး ရွေးကောက်ပွဲကျင်းပဖို့ ဖိအားပေးလာပါတယ်။

အာဆီယံ၊ အာဖရိက၊ ဥရောပအထိ ရထားလမ်းကွန်ရက် စီမံကိန်းတွေ ဖြန့်ကျက်အကောင်အထည်ဖော်နိုင်နေတဲ့ တရုတ်ဟာ အိမ်နီးချင်းမြန်မာမှာ စီမံကိန်းမစနိုင်သေးတာကလည်း ထူးခြားမှုပဲလို့ အကဲခတ်တစ်ဦးကပြောပါတယ်။

‘’သေချာတာက စစ်ကောင်စီနဲ့တော့ တရုတ်ကစီမံကိန်းကြီးတွေ စမှာမဟုတ်ဘူး။ တရုတ်နဲ့ အာဆီယံနိုင်ငံတချို့ ထောက်ခံသော မြန်မာရွေးကောက်ခံအစိုးရသစ်နဲ့ ပဲ အလုပ်လုပ်လိမ့်မယ်’’ လို့ တရုတ်အရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။