အမေရိကန် ဗီဇာ ပိတ်မှု - နိုင်ငံတကာကျောင်းသားတွေ ဘာဆက်လုပ်နိုင်မလဲ

  • ရေးသားသူ, ရေဘက်ကာ သွန်း
  • ရာထူးတာဝန်,

ကျောင်းသားဗီဇာအတွက်ပေးတဲ့ ရက်ချိန်းတွေကို အမေရိကန်က ယာယီရပ်တန့်ထားတဲ့ အစီအစဥ်ကို ထရမ့်အစိုးရအဖွဲ့က လုပ်ဆောင်ခဲ့တာကြောင့် ကမ္ဘာတစ်လွှားက ကျောင်းသားတွေအကြား စိုးရိမ်မှုနဲ့ သောင်တင် ရေမကျတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကျောင်းသားတွေနဲ့ ပညာတော်သင်အစီအစဉ်တွေအတွက် ဗီဇာပေးရာမှာ လူမှုကွန်ရက်ကိုလည်း စောင့်ကြည့်မှု တိုးလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်နေချိန်မှာ ဗီဇာအတွက် လူတွေ့ အင်တာဗျူးတာတွေကို ယာယီဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ စာကို ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက်သတင်းဌာန စီဘီအက်စ်က တွေ့ခဲ့ရပါတယ်။

ဒါဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လစ်ဘရယ်ကျလွန်းတယ်လို့ မြင်နေတဲ့ အမေရိကန် ထိပ်တန်းတက္ကသိုလ်ကြီးတွေထဲက တချို့ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ သမ္မတရဲ့ နှိမ်နင်းမှုတွေထဲ နောက်ဆုံးဖြစ်ထားတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်ကို နိုင်ငံတကာကျောင်းသားတွေ ကျောင်းလျှောက်ထားမှုကို တားမြစ်တာလုပ်ခဲ့ပြီး ကျောင်းအတွင်းမှာ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရေးတယူ မဆောင်ရွက်ခဲ့ဘူးလို့လည်း သမ္မတ ထရမ့်က စွပ်စွဲ ပါတယ်။

ဟားဗတ်ဘက်ကတော့ တရားစွဲဆိုပြီးပြန်လည်တုန့်ပြန်ထားပြီး ထရမ့်ရဲ့တားမြစ်မှုကို လတ်တ လောမှာ တရားသူကြီးက ဟန့်တားထားပါတယ်။

ဗီဇာ ယာယီဆိုင်းငံ့မှု ဘယ်ကျောင်းသားတွေ အများဆုံးထိခိုက်မလဲ

၂၀၂၃-၂၄ ပညာသင်နှစ်မှာ အမေရိကန်နိုင်ငံတလွှားက ကောလိပ်တွေမှာ နိုင်ငံပေါင်း ၂၁၀ က ‌ကျောင်းသားပေါင်း ၁.၁ သန်းကျော် တက်ရောက်ခဲ့ကြတယ်လို့ နိုင်ငံတကာကျောင်းသားတွေနဲ့ဆိုင်တဲ့ အချက်အလက်တွေကို စုစည်းတဲ့ Open Doors အဖွဲ့ ရဲ့အချက်အလက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ရဲ့ စာရင်းအရ အမေရိကန်မှာ ကျောင်းတက်တဲ့ နိုင်ငံတကာကျောင်းသားတွေ အများဆုံးလာတဲ့နိုင်ငံဟာ အိန္ဒိယကဖြစ်ပြီး ကျောင်းသားအရေအတွက် သုံးသိန်းသုံးသောင်းကျော် ရှိတယ်လို့ Open Doors ရဲ့အချက် အလက်အရသိရပါတယ်။

တရုတ်ကတော့ ကျောင်းသား နှစ်သိန်းရှစ်သောင်းခန့်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ အဲဒီနောက်မှာ ကျောင်းသားအများဆုံးလာတက်တဲ့နိုင်ငံတွေက တောင်ကိုရီးယား၊ ကနေဒါ၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးနဲ့ နီပေါတို့ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ ထရမ့်အစိုးရဟာ '' တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်သူတွေ ဒါမှမဟုတ် အရေးပါတဲ့ပညာရပ်နယ်ပယ်မှာ လေ့လာနေသူတွေအပါအဝင် တရုတ်ကျောင်းသားတွေကို ဗီဇာ အမြန်ပြန်ရုပ်သိမ်းဖို့ လုပ်သွားမယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ပြောပါတယ်။

အခုအစီအစဥ်ရဲ့ အစိတ်အပိုင်းအနေနဲ့ အနာဂတ်မှာ တရုတ်နဲ့ ဟောင်ကောင်တို့ထံကနေ ဗီဇာ လျှောက်ထားသူတွေအတွက် "စိစစ်မှုပိုတင်းကျပ်'' သွားမယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေကြောင့် အမေရိကန်မှာ ပညာသင်နေတဲ့တရုတ်ကျောင်းသားဘယ်လောက် များများအထိ သက်ရောက်လိမ့်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

တရုတ်ကတော့ အခုအစီအစဉ်ကို "ပြတ်ပြတ်သားသားကန့်ကွက်" တယ်လို့ပြောပြီး အမေရိကန် အနေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေကို ဆက်ရှိအောင်လုပ်ဖို့ တိုက်တွန်းပါတယ်။

ထရမ့်အစိုးရဟာ ဗီဇာထောင်ပေါင်းများစွာကိုလည်း ပြန်လည်ရုတ်သိမ်းနေစဥ် နိုင်ငံခြားသားကျောင်းသားအချို့ကို နေရပ်ပြန်ပို့တာတွေ လုပ်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။

‌ကျောင်းဝန်းတွေထဲမှာ ပါလက်စတိုင်းထောက်ခံအားပေးတဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းရေး သမ္မတဒေါ်နယ်ထရမ့်ရဲ့ အားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ မတ်လကုန်ပိုင်းမှာ နိုင်ငံခြားကျောင်းသား အယောက် ၃၀၀ နီးပါးရဲ့ ဗီဇာတွေကို ပြန်ရုပ်သိမ်းခဲ့တယ်လို့ ရူဘီယိုက ပြောပါတယ်။ ဘယ်နိုင်ငံက ကျောင်းသားတွေလဲဆိုတာကိုတော့ ရူဘီယိုက မပြောထားပါဘူး။

ဟားဗတ်တက္ကသိုလ်က တရားရုံးကို တင်ပြတဲ့အစီရင်ခံမှုမှာတော့ တက္ကသိုလ်ကို နိုင်ငံတကာ ကျောင်းသားတွေ တက်ရောက်ခွင့်ပေးမှုကို ပြန်လည်ရုပ်သိမ်းလိုက်တာဟာ တက္ကသိုလ်အတွက် ပြင်လို့မရတဲ့ ထိခိုက်မှုကို ဦးတည်သွားစေနိုင်တယ်လို့ ဆိုပါတယ်။

တရားရုံးကိုတင်သွင်းတဲ့တိုင်ချက်မှာတော့ အခုလုပ်ဆောင်မှုဟာ ကျောင်းသားတွေနဲ့ ပညာရှင်တွေအတွက် "စိတ်သောကပွေ ရတက်မအေးဖြစ်ရစေတယ်" လို့ ဟားဗတ်တက္ကသိုလ် နိုင်ငံတကာကျောင်းသားရေးရာရုံး ညွှန်ကြားရေးမှူး မော်ရင်း မာတင်က ပြောပါတယ်။

ကျောင်းသားတွေဟာ ဘွဲ့ယူမယ့်အခမ်းအနားတွေ မတက်နိုင်ကြတော့တာ၊ နိုင်ငံတကာ ခရီးစဉ်တွေကို ပယ်ဖျက်ရတာနဲ့ တချို့အခြေအနေတွေမှာဆိုရင် တခြားကောလိပ်တွေကို ပြောင်းကြ ရွှေ့ကြဖို့တောင်လုပ်နေကြရပြီလို့ သူက ပြောပါတယ်။

ကျောင်းသားတချို့ဟာ ပဋိပက္ခဖြစ်နေတာနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေ ကြုံနေရတဲ့ မိခင်နိုင်ငံကို ပြန်ဖို့ ဖိအားပေးခံရမှာကိုလည်း စိုးရွံ့နေကြတယ်လို့လည်း ဟားဗတ်ရဲ့ တရားရုံးကို တင်ပြချက်မှာပါရှိပါတယ်။

အမေရိကန်အပေါ် အကျိုးသက်ရောက်မှုက ပြင်းထန်လိမ့်မယ်လို့ အနောက်ဗာဂျီးနီးယား တက္ကသိုလ်နဲ့ ပစ်ဘာ့တက္ကသိုလ်တို့နဲ့ ပညာရေးချိတ်ဆက်ထးတဲ့ နိုင်ငံတကာအဆင့်မြင့်ပညာရေးဆိုင်ရာ အကြံပေး ဂုဏ်ထူးဆောင် ပါမောက္ခ ဝီလျှံ ဘရုစတိန်းက ပြောပါတယ်။

"ဟားဗတ်အတွက်တော့ ဒီအခြေအနေကို ကျော်လွှားသွားနိုင်မှာပါ။ ကျွန်တော်စိုးရိမ်တာက ပုဂ္ဂလိက တက္ကသိုလ်တွေအတွက်ပါ။ ဒီတက္ကသိုလ်တွေက နိုင်ငံတကာ ကျောင်းသားတွေဆီကနေ ရလာမယ့် ကျူရှင်စရိတ်တွေနဲ့ ကျောင်းဝင်ခွင့်တွေကနေ တဆင့် ရပ်တည်နေရတာကိုး'' လို့ သူကပြောပါတယ်။

" ကျောင်းစာသင်ခန်းမှာ ပြဿနာကြီးငယ် ပုစ္ဆာတွေအပေါ် မတူညီတဲ့အမြင်တွေနဲ့ ချဉ်းကပ်ဖြေရှင်းကြမယ့် နိုင်ငံတကာကျောင်းသားတွေဆီက စွမ်းဆောင်ရည်မျိုးအပိုင်းမှာ တကယ့်ကို ရိုက်ခတ်မှု ရှိလာမှာ'' လို့ သူကပြောပါတယ်။

တခြားရွေးချယ်စရာတွေ

ကနေဒါ၊ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နိုင်ငံတကာကျောင်းသား အရေအတွက် ပမာဏတစ်တစ်ခုအထိ ဆွဲဆောင်ထားနိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။

ဒါပေမဲ့ လူဝင်မှုဥပဒေတွေ ရုတ်တရက် ပြောင်းလဲခဲ့တာကြောင့် လတ်တလောမှာ နိုင်ငံတကာကျောင်းသားအရအတွက် သိသိသာကျဆင်းနေပါတယ်။

ကနေဒါဆိုရင် သူလက်ခံနေတဲ့ နိုင်ငံခြားကျောင်းသားအရေအတွက်ကို လျော့ချတာမျိုး လုပ်နေပါတယ်။ ဥပမာအနေနဲ့ ပြည်ပကျောင်းသားတွေအတွက် ငွေကြေးနဲ့ပတ်သက်ပြီး ပြသမယ့် ပမာဏကို သိသိသာသာမြှင့်ထားလိုက်တာမျိုးပါ။ ဒါဟာ ကနေဒါဘက်က လက်ရှိလုပ်ဆောင်နေတဲ့ လူဝင်မှုအပိုင်းနဲ့ပတ်သက်ပြီး ကန့်သတ်တဲ့အားထုတ်မှုရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အောက်စဖို့နဲ့ ကိန်းဘရစ်ချ်တို့လို ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်တွေရှိရာ ဗြိတိန်နိုင်ငံဟာလည်း နိုင်ငံတကာကျောင်းသားတွေရဲ့အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေ လုပ်နေပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီအတွင်းကစလို့ ကျောင်းသားဗီဇာကန့်သတ်ချက်တွေ ဗြိတိန်မှာရှိခဲ့ပါတယ်။ ဘွဲ့လွန်ကျောင်းသားတွေအနေနဲ့ မှီခိုနေတဲ့မိသားစုဝင်တွေကို ယူကေကို ခေါ်ဆောင်ခွင့် မပေးတော့သလို ကျောင်းသားအသစ်တွေအနေနဲ့လည်း ကျောင်းမပြီးသေးခင်မှာ ကျောင်းသား ဗီဇာကနေ အလုပ်အကိုင် ဗီဇာကို ပြောင်းလဲလျှောက်ထားခွင့် မပေးတော့တာမျိုးဖြစ်ပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတကာကျောင်းသားစျေးကွက်အကြီးမားဆုံးရှိတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ သြစတြေးလျဆိုရင်လည်း ကပ်ရောဂါမတိုင်ခင်တုန်းက လိုမျိုး လူဝင်မှုကို လျှော့ချချင်တာကြောင့် ပြည်ပကနေ ကျောင်းလျှောက်လာသူအရအတွက်ကို ကန့်သတ်ထားပါတယ်။

ဒါတွေရဲ့ အကျိုးဆက်တစ်ခုကတော့ ကျောင်းသားတွေဟာ ကိုယ့်နိုင်ငံမှာပဲ ပညာရေး ရွေးချယ်ဖို့ ဖြစ်သွားစေတယ်လို့ ပါမောက္ခ ဘရုစတိန်းက ပြောပြီး နိုင်ငံ့ပညာရေးကို ကောင်းသထက်ကောင်းအောင် ကြိုးပမ်းလာကြတဲ့နိုင်ငံတွေလည်း ရှိလာနေတယ်လို့ သူက ထောက်ပြပါတယ်။

အမေရိကန်တက္ကသိုလ်တွေ အခက်၊ တခြားနိုင်ငံတွေအချက် - ဘယ်တက္ကသိုလ်တွေက ဘာတွေကမ်းလှမ်းနေလဲ

အမေရိကန်မှာ အခုဖြစ်နေတဲ့ အခင်းအကျင်းဟာ အခွင့်အခါကောင်းလို့ မှတ်ယူတဲ့ တက္ကသိုလ်တွေလည်း ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီတက္ကသိုလ်တွေက ကျောင်းသားတွေဟာ ကျူရှင်ခ ပိုပေးတာမျိုးဖြစ်တာကြောင့် ပြည်ပကျောင်းသားတွေကို မီခိုရတဲ့ တက္ကသိုလ်တွေအတွက်တော့ အချက်ဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ အကြီးအကဲ ဂျွန်လီကတော့ အမေရိကန်မူဝါဒအရ ခွဲခြားခံခဲ့ကြရပြီး ပညာသင်ဖို့ ဒါမှမဟုတ် အမေရိကန် တက္ကသိုလ်တွေမှာ ဆက်လက်လေ့လာဖို့ အခက်အခဲ ရင်ဆိုင်နေရသူ ဘယ်လိုကျောင်းသားကိုမဆို "ကြိုဆိုပါတယ်" လို့ပြောပါတယ်။

"ဟောင်ကောင်မှာပညာဆက်လက်သင်ယူဖို့ ရွေးချယ်ကျသူတွေအတွက် အစိုးရနဲ့ သက်ဆိုင်ရာ ဒေသန္တရအဖွဲ့အစည်းအတွေက အကောင်းဆုံး ကူညီ စီစဉ်ပေးဖို့ လုပ်ပါမယ်" လို့ လီကပြောပါတယ်။

မလေးရှားနိုင်ငံက ဆန်းဝေးတက္ကသိုလ်အပါအဝင် အာရှဘက်က တခြားတက္ကသိုလ်တွေကလည်း အမေရိကန်မှာ ကျောင်းတက်ဖို့ စိတ်ကူးထားတဲ့ ပြည်ပကျောင်းသားတွေကို ဖိတ်ခေါ် တာတွ တိုးလုပ်ထားပါတယ်။

"အရီဇိုးနားပြည်နယ်တက္ကသိုလ်နဲ့ချိတ်ဆက်ထားလို့ ဟားဗတ်တက္ကသိုလ်မှာရထားတဲ့ အမှတ်တွေကို အရီဇိုးနားတက္ကသိုလ်မှာ ဆက်သုံးလို့ရပါမယ်။ ဒါအပြင် ကျွန်မတို့ ဆန်းဝေးတက္ကသိုလ်က ဘယ်ပရိုဂရမ်မှာပဲ တက်တက်၊ လန်ကတ်စတာ တက္ကသိုလ်ကနေ အသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်ကိုလည်း ရယူနိုင်ပါတယ်'' လို့ အမှုဆောင်ချုပ် အလစ်ဇဘတ် လီက လင့်ခ်အင် လူမှုကွန်ရက်မှာ ရေးပါတယ်။

အမေရိကန်ပြင်ပ ရွေးချယ်စရာအဖြစ် ကျောင်းသားတွေ မျက်စိကျစရာနေရာနဲ့ ကျော်ကြားတဲ့ ဥရောပနိုင်ငံကတော့ ဂျာမနီ ဖြစ်လာပါတယ်။

ဂျာမန်တက္ကသိုလ်ဆိုင်ရာဖလှယ်ရေးဝန်ဆောင်မှု ခန့်မှန်းချက်အရ အခုနှစ်မှာ ဂျာမနီမှာ လာတက်မယ့် ကျောင်းသားအရေအတွက် လေးသိန်းကျော်မယ်လို့ ခန့်မှန်းပါတယ်။

ဂျာမနီဟာ ဥရောပပြင်ပက နိုင်ငံတကာကျောင်းသားတွေအနေနဲ့ အလုပ်လုပ်ခွင့်နာရီကို ၁၀ နာရီကနေ နာရီ ၂၀ အထိ လုပ်ကိုင်နိုင်တယ်လို့ ပြီးခဲ့တဲ့နှစ် မတ်လမှာ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ကျောင်းလာတက်မယ့် ကျောင်းသားတွေ ငွေကြေးခိုင်မာကြောင်းပြသဖို့ တောင်းတဲ့ပမာဏကို မြှင့်လိုက်ပေမဲ့ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့က တိုးပြခိုင်းတဲ့ ပမာဏလောက်တော့ အများလှပါဘူး။

အဆင့်မြင့်ပညာရေးကမ္ဘာ့စျေးကွက်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းကပြောင်းလဲနေပါပြီ။ ဒါကြောင့် ရွေချယ်စရာများစွာနဲ့ နေရာများစွာ နိုင်ငံတကာကျောင်းသားတွေအတွက် စဥ်းစားစရာတွေရှိနေပါပြီလို့ ပါမောက္ခ ဘရူစတိန်းကပြောပါတယ်။

"မလေးရှားကတက္ကသိုလ်အများစုဟာ တကယ်ထိပ်တန်းတွေပါ။ သြစတြေးလျကလည်း အလားအလာရှိတုန်းပါ။ ပြင်သစ်ဆိုရင် အမေရိကန်ကနေ ထွက်လာဖို့စဥ်းစားတဲ့ ပါမောက္ခတွေကို လစာကောင်းကောင်းပေးဖို့ ခွဲဝေတာတွေ လုပ်ထားပြီးပြီ။ ဒါကြောင့် လက်ရှိမှာ ဥရောပကအခုထိတိုင် စဥ်းစားသင့်တဲ့နေရာဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ အရှေ့နဲ့ အရှေ့တောင်အာရှလိုနေရာကို သွားစေချင်တာ။ ဘာလို့လဲဆိုရင်တော့ အဲဒီနေရာက ကမ္ဘာ့ပေါ်မှာ အခင်းအကျင်းစုံတယ်'' လို့ ပါမောက္ခ ဘရူစတိန်းကပြောပါတယ်။

နိုင်ငံခြားက ကျောင်းခွဲတွေမှာ တက်ကြရမှာလား

သက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ ကျောင်းခွဲဆိုတာမျိုးက အခုကာလမှာ ပိုပြီး ရေပန်းစားမယ်လို့ သူမျှော်လင့်တဲ့အကြောင်း ပါမောက္ခ ဘရူစတိန်းကပြောပါတယ်။

"ဗြိတိသျှတက္ကသိုလ်တွေမှာ ဒီလိုမျိုးလုပ်လာတာ ကြာလှပြီ" လို့ သူကပြော ပါတယ်။ မလေးရှားတက္ကသိုလ်တွေလည်း အဲဒီလိုမျိုးပါပဲ။ အမေရိကန်ထဲမှာဘယ်လိုတွေ လုပ်နေနေ အီလီနွိုက်နည်းပညာတက္ကသိုလ်ဆိုရင် အိန္ဒိယမှာ အလုပ်လုပ်နေသလို၊ တရုတ်မှာလည်း အလုပ်လုပ်နေတာပဲ။ အဲဒီလိုတွေရှိနေတာပါပဲလေ"

သူတို့ရဲ့ ဝက်ဆိုက်ပေါ်မှာဆိုရင် ဟားဗတ်ဟာ အာဂျင်တီးနား၊ တောင်ကိုရီးယား၊ စီနီဂေါနဲ့ ဘရာဇီး အပါအဝင်နိုင်ငံပေါင်း ၅၀ မှာ ရှိနေပြီး နိုင်ငံခြားမှာပညာသင် ကြားနိုင်တဲ့အခွင့်အလမ်းတွေ ပေးထားပါတယ်။

ထရမ့်ရဲ့တားမြစ်မှုသာ အတည်ဖြစ်မယ်ဆိုရင် ဟားဗတ်အနေနဲ့ သူ့ ကျောင်းသားတွေကို အဲဒီနေရာတွေထဲက တစ်နေရာရာမှာ ဆက်ပြီး ပြောင်းရွှေ့သင်ယူနိုင်တယ်ဆိုတာမျိုး ကြေညာလာနိုင်ခြေလည်း ရှိနေပါတယ်။ လောလောဆယ်တော့ ဟားဗတ်ဘက်က ဒီလိုကြေညာချက် မထွက်သေးပါဘူး။