ညောင်ဦး၊ ဂန့်ဂါရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါ အစုလိုက်သေဆုံးမှုနောက် ဘာဆက်ဖြစ်နေလဲ

ညောင်ဦးမြို့ ၊ ဂန့်ဂါရွာမှာ ပစ်ခတ်ခံရလို့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအမျိုးသားအချို့ သွေးအလိမ်း လိမ်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီထောက်ခံသူတွေက ဇွန် ၂ ရက်က လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။

အဲဒီအစုလိုက်သေဆုံးမှုကို ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေက ပစ်ခတ်ခဲ့တာလို့ စစ်တပ်ထောက်ခံသူတွေက ပြောသလို စစ်ကောင်စီကလည်း အဲဒီပစ်ခတ်မှုကို PDF တွေလုပ်ခဲ့တာလို့ ဇွန် ၂ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအပြောအရ ဇွန် ၁ ရက် နေ့လယ်ပိုင်းက ဂန့်ဂါရွာ ဓမ္မာရုံမှာ ပဋ္ဌာန်းပွဲကျင်းပဖို့ အစည်း အဝေးလုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေကို PDF တွေက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၇ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဇွန် ၃ ရက်မှာတော့ မြင်းခြံအခြေစိုက် ဒေသကာကွယ်ရေးတပ် ထနောင်းမြေစစ်ကြောင်းက အဲဒီပစ်ခတ်မှုကို သူတို့အဖွဲ့ က လုပ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ပုဂံမြို့ဟောင်းနဲ့ ၇ မိုင်ခန့်သာဝေးတဲ့ ညောင်ဦးမြို့ ဂန့်ဂါရွာက သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်ပြောဆိုချက်တွေ ဘယ်လိုရှိလဲ။

ပစ်ခတ်ခံရမှု ဘယ်လိုဖြစ်ခဲ့လဲ

ထနောင်းမြေအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက် ဇရပ်မှာရှိနေတဲ့ ပျူစောထီးခေါင်းဆောင် ကိုဇော်ဇော်နဲ့ နောက်လိုက်နောက်ပါ ၈ ဦးကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။

ဂန့်ဂါရွာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သလို ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ထနောင်းမြေစစ်ကြောင်းက ပြန်ကြားရေးတာဝန်ခံ ကိုမူတူးက ပြောပါတယ်။

ကိုဇော်‌ဇော်နဲ့အဖွဲ့ကို ဂန့်ဂါရွာထိပ်က အလှူခံနေတဲ့နေရာမှာပဲ ကားပေါ်ကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပြီး အလှူဗန်းပြပြီး ဆက်ကြေးကောက်နေတာလို့ ထနောင်းမြေစစ်ကြောင်းက စွပ်စွဲထားပါတယ်။

"အလှူဗန်းပြပြီး ဆက်ကြေးကောက်နေတယ်လို့ သတင်းတွေရထားတာကြောင့် ပစ်ခတ်ခဲ့တာ။ပျူခေါင်းဆောင် အုပ်ချူပ်ရေးမှူးတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားခဲ့တာ" လို့ ကိုမူတူး ကပြောပါတယ်။

ထနောင်းမြေရဲ့ ထုတ်ပြန်ချက်ထဲမှာ PDF ပူးပေါင်းအဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ခဲ့တဲ့အချိန်မှာ ကိုဇော်ဇော်တို့ဘက်က လက်ပစ်ဗုံးနဲ့ ပြန်ပစ်ခတ်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ထနောင်းမြေအဖွဲ့ဘက်က ပစ်လိုက်တဲ့ သေနတ်ကျည်ဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့အဖွဲ့မှာရှိနေတဲ့ လက်ပစ်ဗုံးကို ထိမှန်ပေါက်ကွဲခဲ့တာကြောင့် ကိုဇော်ဇော်နဲ့အပေါင်းအပါ ၈ ဦးအထိ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဘီဘီစီအနေနဲ့ အဲဒီအချက်အပေါ် သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူကို ပစ်ခတ်မှုအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့က သွားရောက် ပစ်ခတ်ပြီးနောက် စက္ကန့်ပိုင်း အကြာမှာ ဗုံးကွဲသံကြားလိုက်ရတာလို့ ဖြေပါတယ်။

"ကျွန်တော်တို့ ပစ်လိုက်တဲ့အချိန် သူတို့(ကိုဇော်ဇော်နဲ့အဖွဲ့)ကလည်း ဗုံးနဲ့ပြန်ပစ်ဖို့ လက်ကရွယ်ထားတယ်။ ကျွန်တော်တို့ ပစ်လိုက်တဲ့ကျည် ထိသွားလို့ စနက်တံဖြုတ်ပြီးသားဗုံးကို လှမ်းမပစ်နိုင်တော့ဘဲ လက်ကနေ လွတ်ကျပြီး ပေါက်ကွဲသွားတာ"လို့ ကိုမူတူးက ဆက်‌ပြောပါတယ်။

ပေါက်ကွဲသံကြားပြီးနောက် ဓမ္မာရုံနေရာကို ထနောင်းမြေစစ်ကြောင်းတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ပြီး ဦးဇော်ဇော်ကိုင်ဆောင်တဲ့ လက်လုပ်သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကိုဇော်ဇော်ရဲ့ မှတ်ပုံတင်ကတ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ထနောင်းမြေရဲ့ ထုတ်ပြန်ချက်နဲ့ ဖြေဆိုချက်ကြားမှာ သေဆုံးမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကွဲလွဲချက်အချို့တွေ့ရပါတယ်။

တစ်ဖက်မှာလည်း ဂန့်ဂေါရွာခံအပါအဝင် မြေပြင်အခြေအနေသိသူ ၃ ဦးထက်မနည်းနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူတို့ ၃ ဦးရဲ့ တူညီတဲ့ပြောကြားချက်က ဇူလိုင်လမှာ ကျင်းပမယ့် ပဋ္ဌာန်းပွဲအတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သက်ကြီးပိုင်း ရွာခံတချို့က အလှူငွေကောက်ခံနေတာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ၇ ဦးထဲမှာ သက်ကြီးပိုင်း နှစ်ဦးကတော့ ပျူစောထီးအဖွဲ့ဝင်လည်း မဟုတ်သလို ဆက်ကြေးကောက်နေတာလည်း မဟုတ်ဘူးလို့ မြေပြင်‌‌‌ဒေသခံတစ်ဦးက အတည်ပြုပါတယ်။

"သေချာပြောနိုင်တာက အဲဒီထဲက ၂ ဦးက ရိုးရိုးရွာခံတွေပါ။ ရောပြီး အပစ်ခံလိုက်ရတာပါ။" လို့ ဒေသခံက ပြောပါတယ်။

ဒါပေမဲ့ ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူကတော့ သေဆုံးသွားတဲ့ ကိုဇော်ဇော်နဲ့ နောက်ထပ် ၇ ဦးဟာ သူနဲ့ အပေါင်းအပါတွေဖြစ်တယ်လို့ဖြေပါတယ်။

ဒေသခံ ၃ ဦးကတော့ အဲဒီပြောဆိုချက်ကို ငြင်းဆိုပြီး ကိုဇော်ဇော်နဲ့ အပေါင်းအပါအချို့သာ သေဆုံးမှုထဲပါဝင်ပြီး အချို့က အရပ်သားတွေလို့ တုံ့ပြန်ပါတယ်။

ပစ်ခတ်မှုအတွင်း ပြည်သူ့စစ်(ပျူစောထီး)မဟုတ်တဲ့ အရပ်သားဒေသခံတချို့ သေဆုံးခဲ့တဲ့အပေါ် ထနောင်းမြေအဖွဲ့ကို ဘီဘီစီက မေးမြန်းတဲ့အခါမှာတော့ "ဒေသခံတွေအနေနဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေနဲ့ အတတ်နိုင်ဆုံး ဝေး‌ဝေးနေသင့်တယ်၊ မဟုတ်ရင် မစ်ရှင်တွေ လုပ်ရတာ အခက်အခဲအများကြီးဖြစ်တယ်" လို့သာ တုံ့ပြန်ပါတယ်။

ထနောင်းမြေအဖွဲ့က ကိုဇော်ဇော်အပါအဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ သတင်းဖော်ပြပေမဲ့ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ရဲ့ အချက်အလက်နဲ့ စစ်ကောင်စီထုတ်ပြန်ချက်အရ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးဇော်ဇော် အပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ညောင်ဦးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ရုံးအမှတ်တံဆိပ်နဲ့ ထွက်လာတဲ့ စာမှာတော့ သေဆုံး/ဒဏ်ရာရသူတွေရဲ့ နာမည်တွေကို အတိအကျဖော်ပြထားပါတယ်။

အဲဒီစာရွက်ပါ အချက်အလက်အရ သေဆုံးသူ ၇ ဦးထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဇော်ဇော် အပါအဝင် ၄ ဦးမှာ ပတဝ လို့ ခေါ်တဲ့ ပါတီဝင်နံပါတ် ရှိပြီး ကျန်တဲ့ ၃ ဦးမှာတော့ ပတဝ နံပါတ် မရှိတာကိုတွေ့ရပါတယ်။ ဒဏ်ရာရရှိသူ ၅ ဦး စာရင်းမှာလည်း ၃ ဦးက ပတဝနံပါတ် မရှိတာကိုတွေ့ရပါတယ်။

ဂန့်ဂါရွာမှာ မကြာခဏစစ်တပ်အထိုင်ချလေ့ရှိသလို ပျူစောထီးအဖွဲ့ဝင်တွေလည်းရှိတယ်လို့ ညောင်ဦးမြို့နယ်တဝိုက်မှာ အခြေစိုက်တဲ့ PDF တပ်ဖွဲ့တွေထဲက အဖွဲ့ဝင်တချို့က ပြောပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လကလည်း ဂန့်ဂါရွာက ပျူစောထီးအဖွဲ့ဝင် ပျူရှမ်းလေးဆိုသူကို နွားထိုးကြီးဒေသကာကွယ်ရေးတပ်ဖွဲ့ (NRDF)က သွားရောက်ပစ်ခတ်ခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ဖူးပါတယ်။

အင်အား ၁၀၀ ကျော်နဲ့ စစ်တပ်စစ်ကြောင်း ပြန်ထိုးနေ

ပစ်ခတ်မှုကြောင့် အစုလိုက်သေဆုံးမှုဖြစ်စဥ်နောက်မှာ ဇွန် ၃ ရက်စလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ဂန့်ဂါရွာအခြေစိုက် ပျူစောထီးနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာလာတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ဂန့်ဂါရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်တချို့က ‌ညောင်ဦးမြို့ထဲက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ပူးပေါင်းပြီး ညောင်ဦး-ချောက်လမ်းပိုင်းပေါ်က ကျေးရွာတွေကို ဇွန် ၃ ရက် မနက်ပိုင်းကစပြီး စစ်ကြောင်းထိုးတာကြောင့် အဲဒီလမ်းပိုင်းကရွာခံအများစုက တိမ်းရှောင်နေကြပြီလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးခံရတဲ့လမ်းပိုင်းမှာ ရှိတဲ့ ပျော်ဘွယ်၊ မြို့လှ၊ မအူပင်၊ ကြအို ရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

"အင်အား ၁၀၀ ကျော်ပါတယ်။ ဂန့်ဂါဘက်မှာ နှစ်ဖက်ပစ်ခတ်သံတွေ ကြားရတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်စစ်ကြောင်းကို ဂန့်ဂါရွာတဝိုက်မှာ မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။

စစ်တပ်ဘက်ကလည်း ဂန့်ဂါရွာကနေ တောင်ဘက် တောက်လျှောက်က ရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးနေပြီး ကြအိုရွာမှာ စစ်ကြောင်း အထိုင်ချထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးတဲ့ ဇွန် ၃ ရက်ကစပြီးညောင်ဦး - ချောက်ဖက်လမ်းပိုင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံလိုက်ရတယ်လို့ မိသားစုနဲ့ အဆက်အသွယ်မရတဲ့ အကြောင်း မန္တလေးကို ရောက်နေတဲ့ ဂန့်ဂါရွာ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

"ဒီမနက် (ဇွန် ၃ ရက်) ကစပြီး မိသားစုကို ဆက်သွယ်လို့မရတော့တာ၊ ဘေးကင်းရာရှောင်ခိုင်းဖို့တော့ ဖုန်းလိုင်းမပြတ်ခင် ပြောလိုက်ရတယ်"

ပြည်တွင်း/ပြည်ပခရီးသွားတွေ လည်ပတ်မှုများတဲ့ ခရီးသွားဒေသ ပုဂံမြို့ နဲ့ ပတ်လည် အဝေးဆုံး မိုင် ၂၀ ဝန်းကျင်အကွာအဝေးတွေမှာ ၂၀၂၅ ခုနှစ်ကစလို့ တိုက်ပွဲသံတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။

ဂန့်ဂါရွာ ပစ်ခတ်မှုဆိုရင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမြို့ နဲ့ အနီးဆုံးဆိုရင် ၇ မိုင်ဝန်းကျင်လောက်သာကွာဝေးပါတယ်။

ပုဂံယဉ်ကျေးမှုဇုန်ထဲပါတဲ့ ညောင်ဦးမြို့နယ်ထဲမှာ ၂၀၂၅ နှစ်ဦးပိုင်းကစတင်လာတဲ့ တိုက်ပွဲတွေကြောင့် ပုဂံအထိ ဦးတည်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ အစောပိုင်းကတည်းက ဘီဘီစီကို ဖြေထားပါတယ်။

မန္တလေးတိုင်း ပုဂံ၊ ညောင်ဦးဒေသမှာ ၂၀၂၅ ခုနှစ် အတွင်း စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) ကလည်း ပြောထားပါတယ်။

ပုဂံဒေသက တော်လှန်ရေးတပ်တွေရဲ့ပြောက်ကျားပုံစံထိုးစစ်ကို စစ်တပ်ကလည်း စစ်ကြောင်းထိုးပြီးတိုက်ခိုက်မှုတွေ ရှိနေပါတယ်။