ပုပ်ရဟန်းမင်းသစ် လီယို ၁၄ ရဲ့ သာသနာပြုဘ၀ ဘယ်ကစ

  • ရေးသားသူ, Guillermo D Olmo
  • ရာထူးတာဝန်, ဘီဘီစီသတင်း မွန်ဒို
  • Twitter,

ပုပ်ရဟန်းမင်းအသစ် လီယို ၁၄ ဟာ ပီရူးနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ သူ့ဘဝရဲ့ အချိန်အတော်တော်များများကိုလည်း အဲဒီမှာ ကုန်ဆုံးခဲ့သလို ကိုယ်တိုင်ကလည်း ပီရူးနိုင်ငံသားဖြစ်ပါတယ်။

သူဟာ အမေရိကန်ဖွားဖြစ်ပါတယ်။ ရောဘတ် ပရက်ဗော့စ်ဟာ စိန့်သြဂတ်စတင်းအသင်းဂိုဏ်း ဝင်လည်းဖြစ်ပါတယ်။ သင်းအုပ်ဆရာဘဝကနေ သာသာပိုင်ဆရာတော်ဘဝအထိ သူ့ ဘဝ တစ်လျှောက်လုံးကို ပီရူးနိုင်ငံတနံတလျားမှာ ၁၉၈၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ သာသနာ့ဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အများဆုံးကတော့ နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပါတယ်။

ပီးရူးမြေနဲ့ သူရဲ့မွေးရပ်မြေ ချီကာဂိုတို့အကြား နှစ်ပေါင်းများစွာ သွားချည်လာလှည့်ခရီးနှင်ခဲ့ပြီး၂၀၁၄ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်း ဖရန်စစ်က သူ့ကို လန်ဘာ‌ရေ့ကေမြောက်ပိုင်းဌာန၊ ချီကလေယိုဂိုဏ်းအုပ်သာသနာရဲ့ ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းဖြစ်ပြီး ပထမဆုံးသတင်းစကားအဖြစ် ပြောခဲ့တုန်းကလည်း ပီရူးက သူ့ ဖြတ်သန်းမှုကို အလေးထားပြောသွားတာ တွေ့ရပါတယ်။

"အားလုံးကို နှုတ်ခွန်းဆက်သပါတယ်။ အထူးသဖြင့် ချစ်ရပါသော ပီရူး၊ ချီကလေယိုရဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများနဲ့ အဲဒီနေရာက သူတို့ရဲ့ဘုန်းတော်ကြီး တွေနဲ့အတူလိုက်ပါ ပြီးယုံကြည်ကြသူအပေါင်း၊ သူတို့ယုံကြည်မှုကိုမျှဝေခဲ့ကြသလို၊ ယေရှုခရစ်တော်ကို ယုံကြည် သက်ဝင်မှု ဆက်ရှိစေခဲ့ကြသူအပေါင်း" လို့ ဗာတီကန်က စိန့်ပီတာရင်ပြင်မှာ စုရုံးခဲ့ကြသူတွေကို စပိန်ဘာသာစကားနဲ့ သူက ပြောပါတယ်။

''ပုပ်ရဟန်းမင်းအသစ် လီယို ရွေးချယ်ခံရတာဟာ ကျွန်မတို့နိုင်ငံအတွက် ဂုဏ်ယူရသလို သာသနာ ထွန်းကားရေး မျှော်လင့်ချက်လည်း ရှိစေပါတယ်​။ ပီရူးဟာ သူ့ အိမ်၊ သူ့ သာသနာပြုဘဝ၊ သူ့ သက်ဝင်မှုနဲ့ ခွဲမရတဲ့နေရာပါ''လို့ ပီရူးသမ္မတ ဒီနာ ဘိုလူအာတေးက ပြောပါတယ်။

ချီကာဂိုမှ ထရိုဟီယိုသို့

ပရက်ဗော့စ်ကို အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ ၁၉၅၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ပြင်သစ်နဲ့ အီတလီ နွယ်ဖွား ဖခင် လူးဝစ် မာရီယက်စ်နဲ့ စပိန်နွယ်ဖွား မိခင် မေးလ်ဒရက် မာတီနက်ဇ်တို့ကနေ မွေးဖွားပါတယ်။

ပန်ဆေဗေးနီးယားပြည်နယ်၊ ဗီလာနိုဗာတက္ကသိုလ်ကနေ သင်္ချာဘာသာအထူးပြုနဲ့ဘွဲ့ရခဲ့သူပါ။ ဒဿနိကဗေဒကိုလည်း အဲဒီမှာပဲ လေ့လာခဲ့ပါတယ်။ ပရက်ဗော့စ်ဟာ ၁၉၈၁ ခုနှစ်မှာ သာသနာ့ ဘောင်ထဲဝင်ပြီး နောက်တစ်နှစ်မှာ ရဟန်း ခံယူခဲ့ပါတယ်။

ဓမ္မသင်္ဂြိုဟ်ပညာရပ်ကို ချီကာဂိုမြို့မှာ လေ့လာသင်ယူခဲ့ပြီး ဘာသာရေး ဥပဒေဆိုင်ရာဘာသာရပ်ကို ရောမမှာ လေ့လာသင်ယူခဲ့ပါတယ်။ အဲဒီနောက်တော့ သူရဲ့ ဒေါက်တာဘွဲ့အတွက်ကျမ်းပြုနေချိန်မှာပဲ ကက်သလစ်အသင်းတော်က သူ့ကို ပီးရူးကို ပထမဆုံးအချိန်လွှတ်ခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာတော့ ချူလူကာ့နာ့စ်မြို့က သြဂတ်စတင်းသာသနာပြုအစီအစဥ်ကို သူရောက်ရှိခဲ့ပါတယ်။

ထရိုဟီယိုမြို့မှာရှိနေတုန်းမှာပဲ သူဟာ ချူလူကာ့နာ့စ်မြို့၊ ဆိပ်ကမ်းမြို့ဖြစ်တဲ့ အကီးတို့စ်နဲ့ အပူရီးမာ့ခ်ပြည်နယ် အသင်းတော်တွေက သြဂတ်စတင်းအသင်းဂိုဏ်းဝင်တွေအတွက် ရည်ရွယ်တဲ့ ပူးတွဲစီမံချက်မှာ ညွှန်ကြားရေးမှူးအနေနဲ့ ပါဝင်ခဲ့ပါတယ်။

ဒါတွေဟာ သူ့ဘဝကို ပြဋ္ဌာန်းလာစေမယ့် နိုင်ငံတစ်နိုင်ငံနဲ့ သူ့ဘဝကြားက ဆက်နွှယ်မှုတွေ ဖြစ်လာပါတယ်။

သူဟာ ချီကာဂိုမြို့ကို မပြန်ခင်မှာ ထရိုဟီယိုမြို့မှာ ရှိတုန်းမှာပဲ ပြည်နယ်သာသနာပိုင်အထိ ရောက်တဲ့ သာသနာ့ ရာထူးအဆင့်ဆင့်ရရှိခဲ့ပါတယ်။

ချီကလေယို သာသနာမှာ ရဟန်းမင်းကြီး ကိုယ်စားလှယ်အဖြစ် ပုပ်ဖရန်စစ်က သူ့ကို ၂၀၁၄ ခုနှစ်မှာ ခန့်အပ်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာပဲ သူ အဲဒီတာဝန်ကို လက်ခံပါတယ်။ ဒါဟာ ပီရူးအတွက် သူထားရှိတဲ့ သန္နိဋ္ဌာန်လို့ သူက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ သူ ပီရူးနိုင်ငံသားအဖြစ် လျှောက်မယ်လို့လည်း ပြောခဲ့ပါတယ်။

ပီရူးနဲ့ ဗာတီကန်ကြား အသင်းတော်ရေးရာ သဘောတူညီချက်အရ ပီရူးနိုင်ငံမှာနေထိုင်တဲ့ ကက်သလစ်ဘုန်းတော်ကြီးတွေဟာ ပီရူးနိုင်ငံသားတွေ ဖြစ်ရမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အခု ပီရူးနိုင်ငံသား ခံယူထားတဲ့ ပရက်ဗော့စ် ဟာ ချီကလေယို သာသနာပိုင် ဆရာတော်ဖြစ်လာခဲ့ပါတယ်။

ပီရူးကို ချစ်သောသူ

ပရက်ဗော့စ်ရဲ့ နိုင်ငံသားပြုမှုလုပ်ငန်းစဥ်ကို လက်မှတ်ရေး ထိုးပေးခဲ့သူက ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ပီရူးပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့သူ ဟိုဆေး လူးဝစ် ပဲရက်ဇ် ဂွါဒါလု ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဥ်ကြောင့်ပဲ သူတို့ အကြိမ်ကြိမ်ဆုံခဲ့ကြဖူးပါတယ်။

ဝန်ကြီးဟောင်းကတော့ ပရက်ဗော့စ်ကို ''အာရုံစူးစိုက်မှုရှိပြီး အမြော်အမြင်ရှိတဲ့သူမျိုး၊ ပြောတာထက် ပိုပြီးတော့ နားထောင်ပေးတတ်တဲ့သူမျိုး" အဖြစ် အမှတ်ရတယ်လို့ ဘီဘီစီ မွန်ဒိုဌာနကို ပြောခဲ့ပါတယ်။

ပဲရက်ဇ် ဂွါဒါလု ဟာ ဘာသာရေးဗေဒသမားလည်းဖြစ်၊ ပြစ်မှုဗေဒပညာရှင်လည်းဖြစ်သလို ပီရူး ဘုန်းတော်ကြီးတွေရဲ့အကြံပေးအဖြစ်လည်း အလုပ်လုပ်ပါတယ်။ ဒါကြောင့်လည်း ပရက်ဗော့စ်နဲ့သူ အစည်းအဝေးတွေမှာ မကြာခဏဆုံလေ့ရှိပါတယ်။

"ဓမ္မရေးရာကိစ္စရပ်တွေရော၊ နောက်ပြီး ကက်သလစ်အသင်းတော်အတွက် စိုးရိမ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ အခြားခရစ်ယာန်ဘာသာရေးဂိုဏ်းကွဲတွေ တိုးလာတာကြောင့် လက်တင်အမေရိကမှာ အသင်းတော်ရဲ့ နောက်လိုက်တွေ လျော့ပါးနေမျိုး ... စတာတွေအတွက် စကားပြောခဲ့ကြဖူးတယ်" လို့ သူက ဘီဘီစီမွန်ဒိုဘာသာစကားဌာနကို ပြောပါတယ်။

"သက်ဝင်ယုံကြည်သူတွေနဲ့ ရင်ဘတ်ချင်းပိုနီးတဲ့အသင်းတော်ဖြစ်ဖို့ လိုအပ်တယ်နေတယ်လို့ သူက ယုံကြည်ထားပါတယ်"

ပီရူးဘုန်းတော်ကြီးတွေ ဖြေရှင်းရတဲ့နောက်ထပ် အကြောင်းရင်းတစ်ရပ်က အသင်းတော်အတွင်းမှာ အရွယ်မရောက်တဲ့သူတွေ လိင်အမြတ်ထုတ်ခံရမှုဖြစ်ပါတယ်။ ဒီကိစ္စဟာ ပီရူးမှာ သြဇာရှိတဲ့ ကက်သလစ်ခရစ်ယာန်အစုအဖွဲ့ အတွက်ဆိုရင် အတိမ်းအစောင်းမခံတဲ့ ကိစ္စဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စွပ်စွဲတာတွေ ခံခဲ့ရတဲ့ ဒီအစုအဖွဲ့ကို ဖျက်သိမ်းဖို့ ပုပ်ရဟန်းမင်း ဖရန်စစ်က သူ့လက်ထက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။

''ပီရူးက ခရစ်ယာန် ဓမ္မဆရာတွေနဲ့ လူဝတ်ကြောင်တွေ အသင်းတော်အရေး ညီလာခံလုပ်နိုင်ဖို့ လမ်းကြောင်းကို ပုပ်ရဟန်းမင်း ဖရန်စစ်က ချမှတ်ခဲ့တာ။ ပရက်ဗော့စ်က အဲဒီလမ်းနဲ့ကိုက်ညီတဲ့သူ'' လို့ ပဲရက်ဇ် ဂွါဒါလု က ပြန်ပြောင်းပြောပြပါတယ်။

ပရက်ဗော့စ်တစ်ယောက် ပီရူးမှာ သာသနာ့ဝန်ထမ်းနေချိန်မှာ ကက်လသစ်အသင်းတော်မှာ ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှု အရှုပ်တော်ပုံလည်း ဝဲဂယက် ထနေချိန်ဖြစ်လို့ အဲဒီဝဲသြဂ ဒဏ်ကို သူလည်း ခံခဲ့ရပါတယ်။

ပရက်ဗော့စ်ဟာ ဒီဖြစ်ရပ်တွေကို မပေါ်အောင် ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေကိုတော့ သူ့ သာသနာပိုင်နယ်က သာဝကတွေက ငြင်းချက်ထုတ်ပါတယ်။

ပုပ်ရဟန်းမင်းသစ်ဟာ သူ့ သာသနာပိုင်နယ်ထဲမှာ သတင်းထွက်တဲ့ အမြတ်ထုတ်မှုစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ငြင်းဆိုခဲ့တယ်လို့ဆိုတဲ့ပြောဆိုချက်တွေကို ပဲရက်ဇ် ဂွါဒါလု ရော၊ ပရက်ဗော့စ်ကို ထောက်ခံသူတွေကရော ပယ်ချပါတယ်။

ဆရာတော် ပရက်ဗော့စ်ဟာ သူ့ ဓမ္မဆရာဘဝ အဓိကတာဝန် ဝတ္တရားတွေကို အာရုံစိုက်နေခဲ့ပေမဲ့ ''ပီရူးမှာဖြစ်နေတဲ့ကိစ္စရပ်တွေကို သာမန်ညောင်ည အဖြစ်မမှတ်ယူခဲ့ပါဘူး'' လို့လည်း ပဲရက်ဇ် ဂွါဒါလု က ပြောပါတယ်။

၂၀၂၃ ခုနှစ်တုန်းက လူဒါဇင်ချီ သေဆုံးခဲ့ပြီးမှ သမ္မတ ပေဒရို ကတ်စတီလို ရာထူးကနေ နုတ်ထွက်သွားတဲ့အခါ အဲဒီတုန်းက ဂိုဏ်းချုပ်ဆရာတော် အဖြစ်ပဲရှိနေသေးတဲ့ ပက်ရက်ဗော့စ်က ''နာကျင်ခံစားရ လွန်းလို့'' လို့ ပီရူးမှာ သူ ဆက်နေပါရစေဦးဆိုပြီး ပုပ်ရဟန်းမင်း ဖရန်စစ်ကို မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပြီး ပီရူး မီဒီယာတွေကို ဖြေခဲ့ဖူးပါတယ်။

'' စေ့စေ့တွေးရင် အခုကာလဟာ နိုင်ငံထဲကနေ ထွက်ခွာဖို့ မဖြစ်သင့်ဆုံး အချိန်ဖြစ်တယ်လို့ ကျွန်ုပ်က အရှင်ရဟန်းမင်းကြီးကို ပြောခဲ့ဖူးပါတယ်။ လူထုအနားမှာပဲ အေးအတူ ပူအမျှ အဖော်ပြုဖို့ ချင်သေးတာကိုး'' လို့ သူက အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။

ပရက်ဗော့စ်ဟာ ရဟန်းအမတ်ဖြစ်လာချိန်မှာလည်း တခြားကိုယ်တော်တွေနဲ့အတူ မိုးသောက် နိုးထ၊ ဝတ်ပြုပြီးမှ မနက်စာ သုံးဆောင်လေ့ရှိတယ်လို့ ပရက်ဗော့စ်ရဲ့ သာသနာပိုင်နယ် ချီကလေယိုရဲ့ ပြောခွင့်ရသူ ဆရာတော် ဖီဒယ် ပူရီဆာကာ ဗီဂျေးက ဆိုပါတယ်။

"သူ့မှာ ဘယ်လောက်ပဲ ပြဿနာတွေ ကြုံနေရပါစေဦး ... ဘေးနားကလူတွေ ရယ်မော ပျော်ရွှင်အောင် လုပ်နိုင်တဲ့သူ'' လို့ ပူရီဆာကာ က အေပီသတင်းဌာနကို ပြောပါတယ်။​

ချင်ကလေယိုရဲ့ သာသနာပိုင်ဆရာတော်ဖြစ်ချိန်မှာ သူဟာ ပီရူးနိုင်ငံအလယ်ပိုင်းက ဟွမ်ကာယိုမြို့အထိကို ခရီးနှင်ခဲ့ပါတယ်။

"ကျွန်တော်တို့နဲ့ သိပ်ကို ရင်းနှီးခဲ့တာ" လို့ မြို့ကက်သလစ် သာသနာပိုင် ဆရာတော် လွီးစ် အဲလ်ဘတ်တို ဟွာမန်းက ပီရူး သတင်းဌာန အာပီပီကို ပြောပါတယ်။ ပရက်ဗော့စ်ဟာ အဲဒီအချိန်တုန်းက သာသနာပိုင်ဆရာတော် တစ်ပါးအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနေခဲ့တာကို သူက ပြောပြတာဖြစ်ပါတယ်။

"သူ့ရဲ့ ဂိုဏ်းအုပ်ဆရာတော်ဘဝ ဖြတ်သန်းမှုကိုကြည့်မယ်ဆိုရင် သူက ပီရူးကို တကယ်ချစ်တဲ့သူပါပဲ'' လို့ မွန်စီညော် ဟွာမန်းက ပြောပါတယ်။

ချီကလေယိုမှာ သာသနာ့ဝန်ထမ်းနေတုန်းကဆိုရင် ပရက်ဗော့စ်ဟာ ကက်သလစ်ဘာသာဝင်တွေနဲ့ သာသနာ နီးကပ်အောင် ဆောင်ကျဥ်းနိုင်ရေးကို ဦးစားပေးလုပ်ခဲ့တယ်လို့ သူ့အကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ကြသူတွေ အပြောအရ သိရပါတယ်။

ပီရူး ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်များအဖွဲ့ချုပ်မှာ ဒုတိယဥက္ကဌအဖြစ် ၂၀၁၈ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ သူ့ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရောမကို ခေါ်ပါတယ်။ လက်တင်အမေရိကဆိုင်ရာ ပုပ်ရဟန်းမင်းသာသနာပြုကော်မရှင်မှာ ဥက္ကဋ္ဌ တာဝန်အပြင် သာသနာနယ်ပိုင်ဆရာတော်များခန့်အပ်ရေးမှာ ပုပ်ရဟန်းမင်းကြီးကို အကြံပေးရတဲ့ဌာနမှာ အုပ်ချုပ်ရေးမှူးတာဝန်တွေကို သူ ထမ်းဆောင်ပါတယ်။

အဲဒီမှာပဲ ပီရူးမှာ သူ့ရဲ့သာသနာဝန်ထမ်းမှု အဆုံးသတ်ပါတယ်။ ဒါပေမဲ့ ပီရူးကတော့ သူ့ နှလုံးသားထဲမှာ ရှိနေတုန်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရချိန် ပထမဆုံး လူထုကို ပြောတဲ့မိန့်ခွန်းမှာ ပီရူးအကြောင်းကို တခုတ်တရ ထည့်ပြောခဲ့တာကိုကြည့်ရင် ဒါကို မြင်နိုင်ပါတယ်။