အမေရိကန်မှာ ဒီဇိုင်းဖော်၊ တရုတ်မှာ ထုတ်တဲ့ Apple ကုန်သွယ်ခွန် နပန်းပွဲမှာ ဘယ်လိုကြားညပ်လဲ

  • ရေးသားသူ, အန်နာဘယ် လျန်း
  • ရာထူးတာဝန်, စီးပွားရေးဆိုင်ရာသတင်းထောက်
  • ရေးသားပေးပို့သည့်နေရာ စင်္ကာပူ

အိုင်ဖုန်း အလုံးတိုင်းကိုကြည့်ရင် ဒီအိုင်ဖုန်းကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒီဇိုင်းထုတ်တယ်ဆိုတဲ့ စာပါတာတွေ့ရမှာပါ။

ကျွန်မတို့ နေ့စဥ်ဘဝမှာ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်လာတဲ့ ထောင့်ချွန်းချောချောနဲ့ ဒီဖုန်းကို အမေရိကန်မှာ ဒီဇိုင်းထုတ်တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီဖုန်းရဲ့ အသက်ဝင်မှုဟာ တင်သွင်းလာတဲ့ကုန်တွေကို အခွန် ၂၄၅ ရာခိုင်နှုန်းအထိကောက်မယ်လို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကောက်ယူမှု အကြမ်းဆုံး အခွန်နှုန်းကို ရင်ဆိုင်ရတဲ့ မိုင်ထောင်ချီအဝေးက တရုတ်ကနေ လာတယ်လို့ဆိုနိုင်ပါတယ်။

အက်ပဲလ်ဟာ တစ်နှစ်ကို ဖုန်းအလုံးရေ သန်း ၂၂၀ ကျော် ရောင်းချပြီး အဲဒီဖုန်း ၁၀ လုံးမှာ ၉ လုံးဟာ တရုတ်နိုင်ငံထဲမှာ ထုတ်တယ်လို့ ခန့်မှန်းကြပါတယ်။ လင်းလက်လက် ဖန်သားပြင်တွေကစလို့ ဘက်ထရီတုံးတွေအဆုံး အက်ပဲလ်ထုတ်ကုန်တစ်မျိုးမျိုးရဲ့ အစိတ်အပိုင်းအများစုကို တရုတ်မှာ ထုတ်တာ၊ တရုတ်ကနေ ရယူတာနဲ့ တပ်ဆင်တာတွေလုပ်ပါတယ်။ အဲဒီထဲမှာ အိုင်ဖုန်းအပြင်၊ အိုင်ပက်နဲ့ မက်ဘွတ်တွေ ပါဝင်ပါတယ်။ ထုတ်ကုန်အများစုကိုတော့ အက်ပဲလ်ရဲ့အကြီးဆုံးစျေးကွက်ရှိတဲ့ အမေရိကန်ကို ပြန်တင်ပါတယ်။

ဒါပေမဲ့ အက်ပဲလ်ကုမ္ပဏီအတွက် ကံကောင်းတာကတော့ ထရမ့်ဟာ စမတ်ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ တခြားအီလက်ထရောနစ်ပစ္စည်းတွေကို သူ့ရဲ့အခွန်တိုးကောက်မှုကနေ ကင်းလွတ်ခွင့် ရုတ်တရက် ပေးလိုက်တာပါ။

ဒါပေမဲ့ သက်ပြင်းလုံးလုံးချနိုင်တဲ့အခြေမဟုတ်ပါဘူး။

အခွန်တွေ တိုးကောက်ဖို့ရှိတယ်ဆိုတဲ့စကားကိုတော့ သမ္မတ ထရမ့်က လေသံပစ်ထားပါတယ်။ ''ဘယ်သူမှ ကင်းလွတ်ခွင့်မရစေရဘူး'' လို့ သူ့ရဲ့ လူမှုကွန်ရက် ထရုသ်(Truth)ပေါ်မှာ ရေးတင်ပါတယ်။ ပြီးတော့ သူ့အစိုးရဟာ စမီ ကွန်ဒတ်တာတွေနဲ့ အီလက်ထရောနစ် ထောက်ပို့ကွင်းဆက်ကြီးတစ်ခုလုံးကို စုံစမ်းစစ်ဆေးနေပြီ'' လို့လည်း ဆိုပါတယ်။

ခိုင်မာတယ်လို့ဆိုပြီး အက်ပဲလ်က တစ်ချိန်က ပြောခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပို့ကွင်းဆက်ကြီးဟာ အခုတော့ ညောင်သီးစားလည်းစား၊ လေးသံလည်းနားထောင်ဆိုတဲ့အခြေစိုက်နေပါတယ်။

ကမ္ဘာမှာ အကြီးမားဆုံးစီးပွားရေးနိုင်ငံကြီးတွေဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ တစ်နိုင်ငံအပေါ် တစ်နိုင်ငံ မီခိုနေတာဖြစ်ပြီး ထရမ့်ရဲ့ အခွန်တိုးကောက်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ ညတွင်းချင်းမှာပဲ တမျိုးတဖုံ ပြောင်းလဲခဲ့ပါတယ်။ ဒီနေရာမှာ မေးခွန်းထွက်လာတာကတော့ ဘယ်နိုင်ငံက ဘယ်နိုင်ငံအပေါ် ပိုပြီး မီခိုနေရတာလဲဆိုတဲ့အချက်ပါ။

အသက်သွေးကြောဖြစ်ရာကနေ ခြိမ်းခြောက်မှုအဖြစ် ဘယ်လိုပြောင်းလဲသွားတာလဲ

တရုတ်ဟာ ကမ္ဘာ့ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ အက်ပဲလ် ကုမ္ပဏီကို ပြည်တွင်းမှာ ပစ္စည်းတပ်ဆင်ခွင့်ပြုရာကနေ အကျိုးအမြတ်များများရနေတာပါ။ ဒါကပဲ အနောက်ကမ္ဘာအတွက် အရည်အသွေးရှိ ထုတ်ကုန်ဖြစ်ရေးအပိုင်းမှာ အကျိုးဖြစ်စေသလို တရုတ်ပြည်တွင်းအတွက်ဆိုရင်လည်း ပြည်တွင်း ဆန်းသစ်တီထွင်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။

အက်ပဲလ်ဟာ တတိယထောက်ပို့ကုမ္ပဏီတွေကနေဆင့် ကွန်ပြူတာတွေ ရောင်းချဖို့ တရုတ်ကို ၁၉၉၀ ပြည့်နှစ်တွေမှာ ဝင်ရောက်ခဲ့တာပါ။

၁၉၉၇ ခုနှစ်အရောက် ပြိုင်ဘက်တွေနဲ့ယှဥ်ဖို့ ကြိုးပမ်းရလို့ ဒေဝါခံရလုနီးနီးဖြစ်ချိန်မှာပဲ အက်ပဲလ် အတွက် တရုတ်ဟာ အသက်ဆက်စရာဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နုနုနယ်နယ် တရုတ်စီးပွားရေးဟာ ထုတ်ကုန်မြှင့်ဖို့နဲ့ အလုပ်အကိုင်တွေဖန်တီးဖို့ ပြည်ပကုမ္ပဏီတွေကို ဖိတ်ခေါ် နေတဲ့အချိန်ပါ။

အက်ပဲလ်ဟာ တရုတ်ကို ၂၀၀၁ ခုနှစ် မတိုင်ခင်အထိ တရားဝင် မရောက်သေးဘူးလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အက်ပဲလ်ဟာ အဲဒီအချိန်တုန်းက ရှန်ဟိုင်းမြို့အခြေစိုက် ကုန်သွယ်ကုမ္ပဏီတစ်ခုကနေတဆင့် တရုတ်နိုင်ငံထဲမှာ ထုတ်ကုန်တွေ ထုတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အက်ပဲလ်ဟာ ထိုင်ဝမ်အခြေစိုက် အီလက်ထရောနစ်ထုတ်လုပ်ငန်း ဖောက်စ်ကွန်နဲ့ မိတ်ပြုပြီး တရုတ်မှာ လည်ပတ်ပါတယ်။ သီးချင်းနားထောင်နိုင်တဲ့ အိုင်ပေါ့နဲ့ စားပွဲတင်ကွန်ပြူတာ အိုင်မက်ခ်တွေကို ထုတ်ခဲ့ပြီး နောက်ပိုင်းမှာ အိုင်ဖုန်းတွေ ဆက်ထုတ်ပါတယ်။

ဘေကျင်းအစိုးရဟာ ကမ္ဘာကြီးတဲ့ ကုန်သွယ်မှု ထွေးရောယှက်တင်လာချိန်မှာတော့ အမေရိကန်ရဲ့ အားပေးမှုနဲ့ အက်ပဲလ်ဟာလည်း နောင်မှာ ကမ္ဘာ့စက်ရုံကြီးဖြစ်လာတဲ့တရုတ်မှာ သူ့ရဲ့ခြေလက်ဆန့်ဖို့ ပြင်ပါတယ်။

အဲဒီအချိန်တုန်းကတော့ တရုတ်မှာ အိုင်ဖုန်းထုတ်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ အက်ပဲလ်ဟာ သူ့အတွက် ပစ္စည်းထောက်ပို့တဲ့ကုမ္ပဏီတွေကို ရွေးချယ်ပြီး အဲဒီကုမ္ပဏီတွေဟာ ''ကုန်ထုတ်အပိုင်းမှာ ကြီးမားလာကြအောင်'' အကူအညီပေးခဲ့တယ်လို့ ထောက်ပို့စျေးကွက် ကျွမ်းကျင်သူ လင်ရွှဲပင်က ပြောပါတယ်။

လက်ရှိမှာ နည်းပညာမြင့်ပစ္စည်းအစိတ်အပိုင်းတွေကို လိုသလောက်ထုတ်နိုင်အောင် ကူညီပေးတဲ့ မြန်နှုန်းမြင့်ဖြတ်စက်တွေထုတ်ရာမှာ ဦးဆောင်နေတဲ့ ဘေကျင်း ကျင်းဒေါင် ကုမ္ပဏီကို သူက နမူနာပြပါတယ်။

အဲဒီကုမ္ပဏီဟာ ချည်မျှင်နဲ့ ပလက်စတစ်တွေကို ဖြတ်တောက်ဖို့ သုံးတဲ့စက်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီဟာ နောက်ပိုင်းမှာ ဖန်သားတွေကို ဖြတ်နိုင်တဲ့စက်အဖြစ် ထီထွင်ခဲ့ပြီး ''အက်ပဲလ်ထုတ် မိုဘိုင်းဖုန်းတွေရဲ့ မျက်နှာပြင်ထုတ်လုပ်မှုအပိုင်းမှာ ပြောင်မြောက်တဲ့ကုမ္ပဏီတစ်ခုဖြစ်လာတယ်'' လို့ မစ္စတာ လင်းက ပြောပါတယ်။

အက်ပဲလ်ဟာ သူ့ရဲ့ ပထမဆုံးစတိုးဆိုင်ကို ဘေကျင်းမြို့မှာ ၂၀၀၈ ခုနှစ်တုန်းက ဖွင့်ခဲ့ပါတယ်။ အဲဒီနှစ်မှာ တရုတ်က အိုလံပစ်ပြိုင်ပွဲကို ဘေကျင်းမြို့မှာ အိမ်ရှင်အဖြစ် စတင်ကျင်းပတဲ့နှစ်ဖြစ်ပြီး အနောက် ကမ္ဘာနဲ့ တရုတ်ကြားက ဆက်ဆံရေးဟာ အမြင့်ဆုံးကို ရောက်နေချိန်လည်းဖြစ်ပါတယ်။ အဲဒီကနေ စလို့ အက်ပဲလ်စတိုးဆိုင်တွေ တရုတ်မှာ ဆိုင် ၅၀ အထိ ဖွင့်လာပါတယ်။

အက်ပဲလ်ရဲ့ အမြတ်နှုန်း တိုးလာတာနဲ့အမျှ တရုတ်မှာရှိတဲ့သူ့ရဲ့ ထုတ်ကုန်တပ်ဆင်လုပ်ငန်းလည်း ကြီးထွားလာပါတယ်။ ဖောက်စ်ကွန်ကုမ္ပဏီဟာ ''အိုင်ဖုန်းမြို့တော်'' တို့ အခေါ်ခံရတဲ့ ကျန်းကျိုးမြို့မှာ အကြီးမားဆုံး အိုင်ဖုန်းထုတ်စက်ရုံကြီးဖြစ်လာပါတယ်။

အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့တရုတ်အတွက်တော့ အက်ပဲလ်ဟာ အနောက်ကမ္ဘာရဲ့ နည်းပညာမြင့်မှု ပြယုဂ်ဖြစ်လာပါတယ်။

ဒီနေ့ခေတ်မှာတော့ အက်ပဲလ်ရဲ့ အိုင်ဖုန်းအများစုကို ဖောက်စ်ကွန်းကနေပဲ ထုတ်လုပ်တာဖြစ်ပါတယ်။ အဲဒီဖုန်းတွေလည်ပတ်နိုင်အောင် သုံးတဲ့ နည်းပညာမြင့် ချပ်စ်ပြားတွေကိုတော့ ထိုင်ဝမ်မှာထုတ်ပါတယ်။ အဲဒီကုမ္ပဏီကတော့ ကမ္ဘာမှာ အကြီးမားဆုံး ချပ်စ်ပြားထုတ်ကုမ္ပဏီ TSMC ဖြစ်ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ မြေရှားသတ္တုတွေလိုအပ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ အက်ပဲလ်အတွက် ပစ္စည်းထောက်ပို့တဲ့ကုမ္ပဏီပေါင်း ၁၈၇ ခုအထိရှိပြီး အဲဒီကုမ္ပဏီတွေထဲက အချို့ဟာ တရုတ်မှာ စက်ရုံတွေ တည်ထားတယ်လို့ နစ်ကေး အေးရှားရဲ့ သုံးသပ်ချက်ဆောင်းပါး တစ်ခုမှာ ဖော်ပြပါတယ်။

''ကမ္ဘာမှာ တရုတ်လောက် ပိုအရေးကြီးတဲ့ ထောက်ပို့ကွင်းဆက် နိုင်ငံဆိုတာ ကျွန်တော်တို့မှာ မရှိတော့ဘူး'' လို့ အက်ပဲလ်အမှုဆောင်ချုပ် တင်ကွတ်ခ်က ပြီးခဲ့တဲ့နှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။

အခွန်ကောက်မယ့်ခြိမ်းခြောက်မှု - အပြောသက်သက်လား၊ လက်တွေ့လုပ်မှာလား

ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းက တရုတ်ကို အခွန်ချမှတ်တဲ့အခါမှာ အက်ပဲလ်ဟာ ကင်းလွတ်ခွင့်တွေ ရခဲ့ပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထရမ့်အစိုးရဟာ အီလက်ထရောနစ်ပစ္စည်းအချို့အပေါ် အခွန်ကင်းလွတ်တာမလုပ်ခင် အက်ပဲလ်ကို နမူနာတစ်ခု လုပ်ပြခဲ့ပါတယ်။ ထရမ့်အစိုးရကတော့ အခွန်တွေ တိုးကောက်လိုက်တာဟာ ကုန်ပစ္စည်းတွေကို အမေရိကန်မှာ ထုတ်အောင် စီးပွားရေးလုပ်ငန်းတွေကို အားပေးမှုဖြစ်စေတယ်လို့ ယူဆတာပါ။

''အိုင်ဖုန်းတစ်လုံးပီပီပြင်ပြင် ရုပ်လုံးပေါ်လာဖို့ (လုပ်သား)လူ သိန်းသန်းချီက ဝက်အူသေးသေးလေးတွေကို လှည့်နေကြတာ။ ဒါက အမေရိကန်ကို လာကို လာရမယ်'' လို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝါ့ဒ် လက်နစ်က အခုလ အစောပိုင်းတုန်းက ပြောတဲ့ အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ အတွင်းဝန် ကာရိုလင်း လာဗစ်ကတော့ ''အမေရိကန်ဟာ စမီ ကွန်ဒတ်တာ၊ ချစ်ပ်ပြားတွေ၊ စမတ်ဖုန်းတွေနဲ့ လက်တော့တွေ ထုတ်လုပ်တဲ့အပိုင်းမှာ တရုတ်ကို မီခိုလို့မရဘူးဆိုတာကို သမ္မတ ထရမ့်က ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်'' လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထပ်ပြောပါတယ်။

သူက ဆက်ပြီး ''သမ္မတရဲ့လမ်းညွှန်မှုနဲ့ ဒီကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်လုပ်မှုအပိုင်းကို အမေရိကန်ပြည်ထောင်စုဆီ မြန်နိုင်သမျှ မြန်မြန် ပြန်လာဖို့ လုပ်နေကြပြီ'' လို့ လည်း ပြောပါတယ်။

ဒါပေမဲ့ အများစုကတော့ ဒါကို အပြုသဘောဆောင်တဲ့အမြင်မျိုးမရှိကြပါဘူး။

အက်ပဲလ်ဟာ သူ့ရဲ့ ထုတ်ကုန်တွေ ပစ္စည်းတပ်ဆင်မှုအပိုင်းကို အမေရိကန်ကို ပြန်ရွှေ့လာမယ်ဆိုတဲ့ အတွေးဟာ ''စိတ်ကူးယဥ်မှုသက်သက်ပဲ'' လို့ အက်ပဲလ်ရဲ့ပညာရေးအကြံပေးဘုတ်အဖွဲ့မှာ ပါဝင်ခဲ့ဖူးသူ အီလိုင်း ဖရိုင်းမန်းက ပြောပါတယ်။

အက်ပဲလ် ကုမ္ပဏီဟာ တရုတ်ကို ကျော်လွန်ပြီး သူ့ရဲ့ ထောက်ပို့ပစ္စည်းကွင်းဆက်ကို တခြားနေရာတွေကနေရဖို့ မျှော်ကြည့်နေတာ ၂၀၁၃ ခုနှစ်ကတည်းက ဆိုပေမဲ့ အမေရိကန်ဟာ ဘယ်တုန်းကမှ ရွေးချယ် စရာ မဖြစ်ခဲ့ဘူးလို့ သူက ပြောပါတယ်။

မစ္စတာ ဖရိုင်းမန်းကတော့ အက်ပဲလ်ဟာ ဒါနဲ့ပတ်သက်ပြီး နောက်ဆယ်စုနှစ်တစ်ခုတိုင်တောင် တိုးတက်မှု ကြီးကြီးမားမား မလုပ်ခဲ့ပေမဲ့ တရုတ်က ကိုဗစ်ကာလ လော့ဒေါင်းတွေကို တင်းကျပ်ချိန် ထုတ်လုပ်ရေးအပိုင်းထိခိုက်တဲ့အခါ အက်ပဲလ်ဟာ ကပ်ဘေးကာလနောက်ပိုင်းမှာ ဒါနဲ့ပတ်သက်လို့ ''အားထုတ်မှုတစ်ခု တကယ်ပဲလုပ်ခဲ့တယ်'' လို့ ဆိုပါတယ်။

''ပစ္စည်းတွေ တပ်ဆင်ဖို့ လုပ်တဲ့ နေရာသစ်တွေထဲမှာ အရေးပါဆုံးက ဗီယက်နမ်နဲ့ အိန္ဒိယပဲ။ ဒါပေမဲ့ အက်ပဲလ်ထုတ်ကုန်အများစုအတွက် ပစ္စည်းတပ်ဆင်နေတာကတော့ တရုတ်မှာပဲ ရှိနေသေးတာပေါ့လေ''

ဘီဘီစီရဲ့ မေးမြန်းချက်တွေကို အက်ပဲလ်က တုံ့ပြန်တာမျိုးမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အင်တာနက်စာမျက်နှာမှာတော့ အက်ပဲလ်ရဲ့ ထောက်ပို့ကွင်းဆက်ကြီးတစ်ခုလုံးမှာ ထောင်နဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းတွေပါဝင်ပြီး နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တယ်''လို့ ဆိုပါတယ်။

ရှေ့မှာ ကြုံရမယ့် စိန်ခေါ် ချက်တွေ

လက်ရှိ ထောက်ပို့ကွင်းဆက်ရဲ့ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲမယ့် အက်ပဲလ်ရဲ့ အပြောင်းအလဲမှန်သမျှဟာ ကပ်ဘေးအလွန် စီးပွားရေးနလန်ထူအောင် ကြိုးစားနေတဲ့ တရုတ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။

၂,၀၀၀ ပြည့်နှစ်တွေမှာ တရုတ်ရည်မှန်းခဲ့တဲ့ အနောက်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်ဗဟိုချက်ဆိုတဲ့ရည်မှန်းချက်ဟာ ဒီနေ့အထိ ဆက်ရှိနေရတဲ့အကြောင်းအချက်အများကြီး ရှိနေပါတယ်။ ဒါကြောင့်ပဲ အလုပ်အကိုင် သိန်းချီဖန်တီးနိုင်သလို ကမ္ဘာ့ကုန်သွယ်ရေးမှာ တရုတ်ကို ရှေ့တစ်ပန်း ရောက်နေစေတာပါ။

''အက်ပဲလ်ဟာ အမေရိကန်- တရုတ် တင်းမာမှုတွေကြား အလယ်တည့်တည့်ရောက်နေတယ်။ အခွန်တိုးကောက်မှုတွေကလည်း အဲဒီလိုရောက်နေရတဲ့အခြေအနေမှာ လူးသာလွန့်သာဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာကို မီးမောင်းထိုးပြနေတာပေါ့'' လို့ လုပ်ငန်းလည်ပတ်မှုနဲ့ ထောက်ပို့ကွင်းဆက်ဆိုင်ရာ အကြံပေး ဂျီဂါး ဒီဇစ်က ပြောပါတယ်။

ဒါကပဲ တရုတ်ဟာ ထရမ့်ရဲ့ခြိမ်းခြောက်မှုတွေကို ခေါင်းမငံ့ဘဲ အမေရိကန်သွင်းကုန်တွေကို ၁၂၅ ရာခိုင်နှုန်းအထိ လက်တုံ့ပြန် အခွန်ကောက်ရတဲ့အချက်ဖြစ်တယ်ဆိုတာလည်း မြင်သာနေပါတယ်။ တရုတ်ဟာ အရေးပါတဲ့ မြေရှားသတ္တုတွေနဲ့ သံလိုက်တွေကို တင်ပို့မှုအပိုင်းမှာ ထိန်းချုပ်တာတွေ လုပ်ထားပြီးဖြစ်တာကြောင့် ဒီအချက်ဟာ အမေရိကန်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။

ဒါပေမဲ့လည်း တရုတ်ရဲ့ တခြားကဏ္ဍတွေပေါ် စည်းကြပ်မှုဆက်ထားတဲ့ အမေရိကန်ရဲ့ အခွန်အတုတ်ဟာ တရုတ်အတွက် အထိနာစေမှာတော့ သံသယဖြစ်စရာမလိုပါဘူး။

ပြီးတော့ အခွန်တိုးကောက်တာကို ကြုံရတာ ဘေကျင်းတစ်ခုတည်းမဟုတ်ပြန်ပါဘူး။ တရုတ်ရဲ့ ထောက်ပို့ပစ္စည်းကွင်းဆက်မှာပါတဲ့နိုင်ငံတွေကိုလည်း ပစ်မှတ်ထားမယ်လို့ ထရမ့်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဥပမာအနေနဲ့ ဗီယက်နမ်ပါ။

အက်ပဲလ်ဟာ ဗီယက်နမ်ကို သူ့ရဲ့ နားကြပ်တွေဖြစ်တဲ့ အဲပေါ့ တွေ ထုတ်လုပ်မှု ရွှေ့ထားတာပါ။ ဒါပေမဲ့လည်း ဗီယက်နမ်ဟာ ရက် ၉၀ ကြာ ဆိုင်းငံ့လိုက်တဲ့ ထရမ့်အခွန်တိုးကောက်မှုမတိုင်ခင်တုန်းကဆိုရင် ၄၆ ရာခိုင်နှုန်းအထိ အခွန်တိုးကောက်ခံထားရတာပါ။

ဒါကြောင့်လည်း ထုတ်လုပ်ရေးပိုင်းမှာ အာရှက တခြားတစ်နေရာကို ရွှေ့မယ်ဆိုရင်တောင် လွယ်လွယ်ရွှေ့လို့ မရတဲ့အခြေပါ။

''ဖောက်စ်ကွန်ရဲ့ ပစ္စည်းတပ်ဆင်လုပ်ငန်းခွင်ကြီးတွေအတွက် လိုအပ်တဲ့ ထောင်သောင်းချီတဲ့လုပ်သားတွေဟာ အာရှရဲ့ တခြားနေရာတွေမှာရှိပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေအားလုံးဟာလည်း အခွန်တိုးကောက်ခံရတာတွေကြုံနေရတယ်'' လို့ မစ္စတာ ဖရိုင်းမန်းက ပြောပါတယ်။

ဆိုတော့ အက်ပဲလ် အခုဘာလုပ်မှာပါလဲ။

အက်ပဲလ်ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီတွေကို အမေရိကန်နဲ့အပြိုင် နည်းပညာမြှင့်ထုတ်ကုန်ပိုင်း တွန်းအားပေးနေတဲ့ တရုတ်အစိုးရကြောင့်လည်း စျေးကွက်နဲ့ နည်းပညာ ယှဥ်ပြိုင်မှုအပိုင်းမှာ မလျော့နေပြန်ပါဘူး။

ဒါကြောင့်ပဲ ''အက်ပဲလ်ဟာ သူ့ရဲ့ ရဲ့ထောက်ပို့ပစ္စည်းကွင်းဆက်ကို ပြန်အသုံးပြုနိုင်တဲ့ ဟွာဝေး၊ ရှောင်မီ၊ အော်ပိုနဲ့ တခြားကုမ္ပဏီတွေလို အီလက်ထရောနစ် ပစ္စည်းထုတ်နိုင်စွမ်းတွေကို ပျိုးထောင် ပေးခဲ့တယ်'' လို့ မစ္စတာ လင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ အက်ပဲလ်ဟာ တရုတ်မှာ စမတ်ဖုန်းအများဆုံးအရောင်းရဆုံးနေရာကို ဟွာဝေးနဲ့ ဗီဗိုထံ လွှဲလိုက်ရပါတယ်။ တရုတ်လူထုဟာ ChatGPT ကို တရုတ်မှာ တားမြစ်ထားတာနဲ့ စီးပွားရေးမကောင်းတာတွေကြောင့် ငွေသိပ်မသုံးကြတော့ပါဘူး။ အက်ပဲလ်ဟာ ဉာဏ်ရည်တု နည်းပညာ အေအိုင်ပါတဲ့ စမတ်ဖုန်းတွေကို လိုချင်လာကြတဲ့ သုံးစွဲသူတွေကြားမှာ တမူထူးခြားနေအောင် ဆွဲဆောင်မှုရှိဖို့ ရုန်းကန်နေရပါတယ်။ အရောင်းမြှင့်တင်ဖို့ဆိုပြီး အိုင်ဖုန်းတွေကို ဇန်နဝါရီလမှာ ရှားတောင့်ရှားပါး စျေးချခဲ့တာမျိုးတောင်ရှိပါတယ်။

သမ္မတ ရှီကျင်းဖျင်လက်ထက် တင်းကျပ်လာမှုတွေအောက်မှာ လည်ပတ်ရတဲ့ အက်ပဲလ်ဟာ တရုတ်ကွန်မြူနစ်ပါတီက လူထုကြား နိုင်ငံရေးသတင်းစကားမျှဝေမှုကို ဆင်ဆာဖြတ်ဖို့ လုပ်လာတာနဲ့ လိုက်လျောညီထွေအောင် သူ့ရဲ့ Airdrop နဲ့ ဘလူးတု အသုံးပြုမှုကိုလည်း အက်ပဲလ်ထုတ်ပစ္စည်းတွေမှာ ကန့်သတ်လာရပါတယ်။

အက်ပဲလ်ကတော့ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ပမာဏဟာ ဒေါ်လာ ဘီလျံ ၅၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီပမာဏဟာ ထရမ့်အစိုးရအတွက် ကြာကြာကြေနပ်စရာတော့ ရှိနိုင်ခြေ မရှိပါဘူး။

ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေကြား မရေရာမှုတွေနဲ့ ပြန်ရုပ်သိမ်းမှုတွေ အကြိမ်ကြိမ်ဖြစ်ထားတာကို ကြည့်ရင် ဒီထက် အံ့သြစရာ အခွန်အတုပ်တွေတော့ ပေါ်လာနိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့လည်း ဒီအခြေအကြောင့်ပဲ အက်ပဲလ်အတွက် လူးသာလွန့်သာ အခြေအနေနည်းပြီး ပြင်ဆင်ဖို့အချိန်လည်း နည်းနေပြန်ပါတယ်။

မစ္စတာ ဒီဇစ်ကတော့ စမတ်ဖုန်း အခွန်အတုပ်တွေဟာ အက်ပဲလ်အတွက် ဦးလည်တဲ့အထိ ယိုယွင်းနိုင်မှာ မဟုတ်ပေမဲ့ ''လုပ်ငန်းလည်ပတ်မှုကြောင့်အရပဲဖြစ်ဖြစ်၊ နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်'' ဖြစ်လာတဲ့ ဖိအားတွေဟာ ဒီနယ်ပယ်က ထောက်ပို့ကွင်းဆက်အပေါ်မှာတော့ ရုတ်ချည်း လျော့သွားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

''လောလောဆယ်မှာတော့ ချက်ချင်းဖြစ်မယ့်အကျပ်အတည်း အတိုင်းအဆဟာ ပေါ့သွားတယ်လို့တော့ မြင်နိုင်တာပေါ့လေ'' လို့ မစ္စတာ ဖရိုင်းမန်းက ပြောပါတယ်။

''ဒါပေမဲ့ ဒါက အက်ပဲလ်အတွက် အေးဆေးသက်သာနေလို့ရတယ်ဆိုတာမျိုးတော့ ရည်ညွှန်းတာ မဟုတ်ဘူး''

ဖန်ဝမ်း ပူးပေါင်းရေးသားပါတယ်။