မေ ၁၁ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - စစ်တပ် ဦးဆောင်တဲ့ရွေးကောက်ပွဲ သမာသမတ် ပိုကျနိုင်တယ်လို့ ဒေါ်သက်သက်ခိုင်ပြော

နိုင်ငံရေးပါတီတစ်ရပ်ရပ်က အစိုးရဖြစ်လာပြီးမှ ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ မသမာမှုဖြစ်နိုင်ခြေများပြီး စစ်တပ်က ဦးစီးတဲ့ ရွေးကောက်ပွဲဟာ သမာသမတ်ဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြည်သူ့ရှေ့ဆောင် ပါတီ(PPP)ရဲ့ ဥက္ကဋ္ဌ‌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ဒီနေ့ မေ ၁၁ ရက်တုန်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ PPP ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ဟာ လွှတ်တော်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်း၊ ဒုတိယ သမ္မတ တစ်ဦး၊ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာတွေကို အဆိုပြု ခန့်အပ်နိုင်ခွင့် အလိုအလျောက် ရထားပြီးသားဖြစ်တဲ့အတွက် ယုံကြည်တာလို့ သူက ပြောပါတယ်။

"နိုင်ငံရေးပါတီက အစိုးရဖြစ်လာပြီးတော့မှ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ မသမာမှုဖြစ်ဖို့ ပိုပြီးအလား အလာရှိတယ်။ တပ်မတော်က ဦးစီးလုပ်ပေးတဲ့ ရွေးကောက်ပွဲသည် သမာသမတ်ဖြစ်မယ်လို့ ယုံကြည် ပါတယ်" လို့ ဒေါ်သက်သက်ခိုင်က ပြောခဲ့တာပါ။

PPP ပါတီဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ကိုယ်စားလှယ်တွေကို ရွေးချယ်ရေးအတွက် ကိုယ်စားလှယ်လောင်း စိစစ်လျာထားရေး ကော်မတီ ဖွဲ့စည်း‌ဆောင်ရွက်နေပြီလို့ သူက ပြောပါတယ်။

"အခုရွေးကောက်ပွဲက နိုင်သူအကုန်ယူစနစ်၊ အချိုးကျကိုယ်စားပြုစနစ် ဒါတွေကို ရောပြီး ကျင်းပမယ်လို့ နားလည်ထားတယ်။ ပါတီက ကိုယ်စားလှယ်လောင်းတွေ အဆင်သင့်ပြင်ထားပြီး နိုင်ငံတော်က ရွေး ကောက်ပွဲဥပဒေ၊ နည်းဥပဒေထွက်ပြီးမှ မဲဆန္ဒနယ်က ဘယ်သူ၊ ဘယ်လွှတ်တော်က ဘယ်ကိုယ် စား လှယ်ပြိုင်မယ်ဆိုတာ ရွေးချယ်သွားမယ်" လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

မဲမသမာမှုဖြစ်ခဲ့တယ်လို့ စစ်တပ်ကကြေညာပြီး အာဏာသိမ်းမှုဖြစ်တဲ့အထိ ဦးတည်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။

ဒေါ် သက်သက်ခိုင်ကိုယ်တိုင်လည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီမဲဆန္ဒနယ်မှာ သူနဲ့အတူဝင်ရောက် ရွေးချယ်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါက်တာမေဝင်းမြင့်က အနိုင်ရခဲ့ပါတယ်။

တစ်ဖက်မှာလည်း မတ်လ ၉ ရက်နေ့အထိဆိုရင် စစ်ကောင်စီ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီအရေအတွက် စုစုပေါင်း ၇၆ ခုအထိ ရှိနေပြီဖြစ်ပါတယ်။

ရွှေကျင်မြို့နယ်ထဲက ခမရ ၅၉၈ ကို တော်လှန်ရေး ပူးပေါင်းတပ်တွေသိမ်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာက စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်း(ခမရ ၅၉၈)ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းလိုက်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး အရာရှိနဲ့တပ်သား ၅၀ က စခန်းစွန့်ထွက် ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်း ၆ ဦး နဲ့ မိသားစုဝင် ၇ ဦးလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆိုပြီး မေလ ၈ ရက် စခန်းသိမ်းတိုက်ပွဲ ထုတ်ပြန်ချက်မှာ NUG ကာကွယ်ရေးဌာနက ပြောထားပါတယ်။

ခမရ ၅၉၈ စခန်း သိမ်းပြီးနောက် လက်နက်မျိုးစုံ ၈၃ လက်၊ဂျန်မာ ၃ လုံး နဲ့ ခဲယမ်းတွေသိမ်းဆည်းရ မိတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အကျအဆုံးတွေရှိခဲ့ပေမဲ့ ထုတ်ပြန်တာ မရှိပါဘူး။

မွန်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိနေတဲ့ ဒီတပ်စခန်းကို PDF အစီအစဉ် နဲ့ KNU တပ်မဟာ ၃က ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကဆိုပါတယ်။

တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF(အထူးလှုပ်ရှားဗျူဟာ)၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့တွေအပါအဝင် ပူး‌ပေါင်းတပ်ဖွဲ့ ၂၀ ထက်မနည်းလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်တို့လည်း ကပ်နေတဲ့ ဒီစခန်းသိမ်း တိုက်ပွဲတွေကြောင့် ဒေသခံ ၉,၀၀၀ ဝန်းကျင် စစ်ရှောင်နေကြရတယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြပါတယ်။

စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ ဒီနေ့မနက်ပိုင်းမှာ ကျိုက်ထိုနဲ့ ရွှေကျင်မြို့နယ် တဝိုက်မှာ တိုက်လေယာဥ်နဲ့ ပစ်ခတ် တိုက်ခိုက်တာရှိတယ်လို့ စစ်တပ်လေကြောင်းတိုက်ခိုက်တာကို စောင့်ကြည့်နေ နေတဲ့အဖွဲ့တချို့ကထုတ်ပြန်ပါတယ်။

ရွှေကျင်နယ်ထဲမှာ စစ်ကောင်စီရဲ့ ခမရ ၅၈၉ နဲ့ ၄၄၀ တပ်ရင်းတွေလည်း တည်ရှိနေတာဖြစ်ပါတယ်။

ဗုဒ္ဓအဆုံးအမတွေကို လမ်းညွှန်မှုယူရမယ်လို့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ကုလ သတင်းစကားပါး

ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းတွေကို ရင်ဆိုင်ကျော်ဖြတ်ရမယ့် အနာဂတ်ရှေ့ခရီးမှာ ဗုဒ္ဓအဆုံးအမတွေကို လမ်းညွှန်မှုယူရမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်‌တိုနီရယ် ဂူတာရက်စ်က သတင်းစကားပါး လိုက်ပါတယ်။

ဗုဒ္ဓရဲ့အဆုံးအမတွေဖြစ်တဲ့ ကရုဏာ၊ ခန္တီပါရမီနဲ့ ကိုယ်ကျိုးမဖက်တဲ့လုပ်ဆောင်ချက်တွေဟာ ကုလသမဂ္ဂရဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီနေတာကြောင့် ဒါတွေကို စံပြုလို့ ခံယူသင့်တဲ့အကြောင်း အတွင်းရေးမှူးချုပ်က ဗုဒ္ဓနေ့အတွက် ပြောကြားတဲ့သူ့ ရုပ်သံ သတင်းစကားမှာ ဆိုပါတယ်။

ကဆုန်လပြည့်နေ့ဟာ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ်ခံယူတဲ့နေ့၊ ဖွားမြင်တော်မူတဲ့နေ့၊ သဗ္ဗညုတဉာဏ်တော်ရပြီး ဘုရားဖြစ်တဲ့နေ့၊ ပရိနိဗ္ဗာန်စံတဲ့နေ့တွေဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားတဲ့နေ့လည်းဖြစ်ပါတယ်။

ဗုဒ္ဓနေ့ကို မြန်မာအပါအဝင် အရှေ့တောင်အာရှက ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တောင်အာရှနိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ဘူတန်နိုင်ငံတို့မှာပါ ကျင်းပလေ့ရှိပြီး ဂျပန်၊ တရုတ်၊ မွန်ဂိုလီးယားနဲ့ ကိုရီးယားတို့မှာပါ ပိတ်ရက်သတ်မှတ်ဆင်နွှဲကြပါတယ်။

မြန်မာမှာတော့ ကဆုန်လပြည့် ကျရောက်တဲ့ ဗုဒ္ဓနေ့မှာ ဂေါတမမြတ်စွာဘုရားရှင် ဘုရားဖြစ်ဖို့ အမှီပြု အားထုတ်ရာခဲ့ရာ ပရိဘောဂစေတီဖြစ်တဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်ပွဲတွေကို မြို့ရွာ ရပ်ကွက်အလိုက် ကုသိုလ်ပြုကြလေ့ရှိပါတယ်။

နိုင်ငံ့ခေါင်းဆောင်တချို့က ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ရုရှားကအပြန်မှာ စစ်ခေါင်းဆောင်ပြော

ရုရှားခရီးစဉ်မှာ တွေ့ဆုံခွင့်ရခဲ့တဲ့ တရုတ်အပါအဝင်နိုင်ငံခေါင်းဆောင်တွေက ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါ တယ်။

ရုရှားကနေ အပြန်ခရီး လေယာဥ်ပေါ်မှာ နိုင်ငံပိုင်မီဒီယာတွေရဲ့ မေးမြန်းမှုကို သူက ပြန်ဖြေကြားတဲ့အချိန် အခုလို ပြောလိုက်တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့ဇနီးတို့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမယ့် ရင်ပြင်နီချီတက်ပွဲကို တက်ရောက်ဖို့ မေ ၇ ရက်မှာ နိုင်ငံက ထွက်ခွာခဲ့ပြီး မေ ၁၀ ရက် ညမှာ ရုရှားကနေ ပြန်လည် ရောက်ရှိလာတာဖြစ်ပါတယ်။

''မြန်မာနိုင်ငံကနေပြီးတော့မှ ကျွန်တော့်ရဲ့ သဘောထားပေါ့၊ ကျွန်တော်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့အတွက် ကျွန်တော်လက်ခံပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ သွားဖို့ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော် သူတို့ကို ရှင်းပြပါတယ်။ ဆွေးနွေးတဲ့လူတွေကတော့ အားလုံးလည်း လက်ခံပြီးတော့မှ အားပေးထောက်ခံမှု ရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်'' လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ရုရှားခရီးစဥ်မှာ နိုင်ငံ့ခေါင်းဆောင်တချို့နဲ့ အလွတ်သဘောတွေ့ဆုံတာလည်းရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံတွေနဲ့ တွေ့ဆုံခဲ့လဲ ဆိုတာတော့ သူက ထည့်မပြောခဲ့ပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂ လအတွင်းမှာ ဒုတိယအကြိမ်သွားတဲ့ သူ့ရဲ့ ရုရှား ခရီးစဥ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ နောက် ကာဇက်စတန် သမ္မတတို့နဲ့ သီးခြားတွေ့ဆုံခဲ့တယ်ဆိုတာကို စစ်ကောင်စီ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါပေမဲ့ အခုတစ်ခေါက် ခရီးစဥ်မှာ ရုရှားသမ္မတ ပူတင်နဲ့ သီးခြားတွေ့ဆုံခဲ့တာရှိ မရှိဆိုတာကိုတော့ ရုရှားဘက်ကရော၊ စစ်ကောင်စီဘက်ကပါ မေလ ၁၁ ရက်မနက်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

စစ်ခေါင်းဆောင်ဟာ အခုနှစ်နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ သူ့ရဲ့ ပြည်ပခရီးစဥ်တွေနဲ့ ခရီးစဥ်တွေ အပြန်မှာ ပြောလေ့ရှိပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ၂၀၂၁ အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ထိန်းချုပ်နယ်မြေ တွေလျော့လာနေတဲ့အချိန်မှာ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုနဲ့ အသိအမှတ်ပြုမှု အပါအဝင် မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

တစ်ဖက်မှာလည်း ၂၀၂၅ ဒီဇင်ဘာနဲ့ ဇန်နဝါရီအတွင်း အပိုင်းလိုက်ခွဲပြီးပြုလုပ်မယ်လို့ဆိုတဲ့ ဒီ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ ပါတီ ၇၆ ပါတီရှိပြီဖြစ်ပါတယ်။

မေ ၉ ရက်ဟာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် နောက်ဆုံးရက်လည်းဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ မှတ်ပုံတင်ခွင့် နောက်ဆုံးကာလအလွန် ရွေးကောက်ပွဲမတိုင်မီ ၆ လအလိုမှာ ပါတီတွေကို မဲဆွယ်စည်းရုံးခွင့်ပေးရ တော့မယ်လို့ နားလည်ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ကတော့ မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ စစ်ကောင်စီဦးဆောင်ပြုလုပ်တဲ့ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်တာမလုပ်ဖို့ အလေးအနက်တိုက်တွန်းတယ်လို့ မေလ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မြို့နယ် ၈ ခုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်မှု မောင်ရင်လောင်းနဲ့ ဖခင်ဖြစ်သူအပါအဝင် လူ ၁၁ ဦးသေဆုံး

စစ်ကောင်စီတပ်က ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ကယား(ကရင်နီ)နဲ့ ရှမ်းမြောက်တို့က မြို့နယ် ၈ ခုမှာ မနေ့ မေလ ၁၀ ရက် တစ်ရက်တည်းမှာတင်ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မောင်ရင်လောင်းနဲ့ ဖခင်ဖြစ်သူအပါအဝင် စုစုပေါင်း လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ချောင်းဦး၊ မင်းတပ်၊ ဖားဆောင်း၊ ဝက်လက်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ အပြင် တအာင်းတပ်(TNLA)ကို ဆုတ်ပေးဖို့ ကူမင်းဆွေးနွေးပွဲကတဆင့် တောင်းဆိုထားတဲ့ နောင်ချိုမြို့နယ်တို့မှာပါ လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဒီလေကြောင်းဗုံးကြဲမှုတွေအတွင်း သေဆုံးသူ စုစုပေါင်း ၁၁ ဦး ရှိပြီး ဒဏ်ရာရသူ နောက်ထပ် ၂၀ ဦး နီးပါးရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

ချောင်းဦးမြို့နယ်ထဲကို စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုအတွင်း အနိမ့်ရွာက မောင်ရင်လောင်းတစ်ဦးနဲ့ သူ့ ဖခင်ဖြစ်သူအပါအဝင် လူ ၃ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အချက်အလက်အရ စဉ့်ကူးမြို့နယ်၊ ကျည်တောက်‌‌ပေါက်ရွာကို စစ်တပ်က ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

ဒီလမ်းကြောနဲ့တဆက်တည်းမှာရှိတဲ့ သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းရွာကိုလည်း စစ်တပ်က အချိန် ၅ မိနစ်သာခြားပြီး တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် မနေ့ မေလ ၁၀ ရက် တစ်ရက်တည်းမှာပဲ စစ်တပ်က ကယား(ကရင်နီ) ပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲက ကမ္ဘာကျော်သတ္တုလုပ်ငန်းရှိရာ မော်ချီး၊ နောက် စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်လို့ လူ ၂ ဦး သေဆုံးပြီး နောက်ထပ် ၃ ဦး ထိခိုက်ခဲ့ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ရှမ်းမြောက်၊ နောင်ချိုက ထိခိုက်သေဆုံးမှုတွေကိုတော့ အဲဒီဒေသတွေကို ထိန်းချုပ်ထားတဲ့တပ်ဖွဲ့တွေဘက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

စစ်ကောင်စီဟာ လူထောင်နဲ့ချီ သေဆုံးခဲ့တဲ့ မတ်လ ၂၈ ရက် ငလျင်အလွန် ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ဖို့ဆိုပြီး အပစ်ရပ်ကာလကို မေလကုန်ပိုင်းအထိ အကြိမ်ကြိမ် သက်တမ်းထပ် တိုး ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် နီးပါးပြုလုပ်နေတာကို မြေပြင်ကင်းထောက်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီကတော့ မေလ ၁၀ ရက်မှာ ပြုလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဘန်ကောက်မှာ မိုးသည်းထန်ချိန် မြန်မာစုံတွဲ ၂ ဦး ဆိုင်ကယ်မှောက်ပြီး သေဆုံး

မေ ၁၀ ရက်၊ ညနေ ၅ နာရီဝန်းကျင်ကစပြီး ထိုင်းနိုင်ငံအတွင်း မိုးသည်းထန်နေချိန် ဘန်ကောက်ရဲ့ အနောက် မြောက်ဘက်က နွန်တဘူရီခရိုင်မှာ မြန်မာစုံတွဲနှစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး သေဆုံးတယ်လို့ ထိုင်း သတင်းက ‌ဖော်ပြပါတယ်။

သေဆုံးသူ နှစ်ဦးဟာ အသက် ၃၈ နှစ်နဲ့ ၃၅ နှစ်အရွယ်တွေပြီး ရဲတွေရောက်လာချိန်မှာ လမ်းပေါ်မှာ သေဆုံးဖြစ်နေပြီလို့ သတင်းက ဆိုပါတယ်။

ဆိုင်ကယ်တိမ်းမှောက်တဲ့နေရာကို ရဲတွေရောက်လာချိန်မှာ ဟွန်ဒါဆိုင်ကယ်တစ်စီးကလွဲပြီး အနားမှာ တခြားယာဥ်တွေမတွေ့ရဘူးလို့ ရဲကပြောထားပါတယ်။

ဒါပေမဲ့ မျက်မြင်သက်သေကားတစ်စီးရဲ့ ရှေ့ပိုင်းကင်မရာမှာတော့ မြန်မာစုံတွဲဆိုင်ကယ်ဟာ လမ်းချေ်သွားပြီး လဲကျချိန်မှာ ဆန့်ကျင်ဘက် ယာဥ်ကြောကနေလာတဲ့ ထရပ်ကားတစ်စီးက တိုက်ပြေးခဲ့တာလို့ ပြသနေပါတယ်။

ထိုင်းရဲတပ်ဖွဲ့က သေဆုံးသူ မြန်မာဇနီးမောင်နှံရဲ့သမီးဖြစ်သူကို အကြောင်းကြားခဲ့ပြီး အနီးအနားက CCTV မှတ်တမ်းတွေ ရယူကာ တိုက်ပြေးတဲ့ကားသမားကို စစ်ဆေးမေးမြန်းနိုင်အောင် လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့ကတစ်ရက်တည်းမှာပဲ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် နခွန်ရချာစီမားခရိုင်၊ သပ်လန်းအမျိုးသား ဥယျာဥ်မှာ ရေကြီးချိန် အသက် ၁၈ နှစ်အရွယ် မြန်မာအလုပ်သမား ၁ ဦး ရေစီးထဲ မျောပါသွားခဲ့တာကြောင့် ရှာဖွေရေးတွေ လုပ်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တောင်ကြီးက အေးသာသာမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၃၅ သန်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက အေးသာယာမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား‌ပေါင်း ၃၅ သန်းဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ငွေကျပ်သန်းပေါင်း တစ်သောင်းခုနစ်ထောင်ကျော် တန်ဖိုးရှိတဲ့ ဒီဆေးပြားတွေကို လျှို့ဝှက် သတင်း ပေးပို့မှုကြောင့် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာပါဝင်တဲ့ တောင်ကြီးမြို့ဟာ အာဏာသိမ်းမှု လေးနှစ်ကျော်လာတဲ့အထိ စစ်ကောင်စီထိန်းချုပ်မှု အားကောင်းတဲ့ဒေသဖြစ်ပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ကတော့ အခုဖမ်းဆီးမှုကို အေးသာယာမြို့ရဲ့ ရပ်ကွက် ၁၁၊ နယ်မြေ ၇၆ က နေအိမ်တစ်အိမ်မှာ မေလ ၅ ရက်ညပိုင်းကပြုလုပ်ခဲ့တာဖြစ်ပြီး ဝင်ဖမ်းချိန်မှာ ဆာလာအိတ် ၁၇၅ အိတ်ထဲနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေတွေ့ခဲ့တာလို့ ဆိုပါတယ်။

ဒီဆေးပြားတွေနဲ့အတူ အိမ်ရှင် အမျိုးသားအပါအဝင် စုစုပေါင်း လူ သုံးဦးကို ဖမ်းထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မူးယစ်‌ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကုလသမဂ္ဂရုံးကတော့ ရှမ်းပြည်နယ်ဟာ အရှေ့တောင်အာရှမှာ မက်သာဖက်တမင်းလို ချက်လုပ်မူးယစ်ဆေးဝါးတွေရဲ့ အဓိက အရင်းအမြစ်အဖြစ် ဆက်ရှိနေတယ်လို့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်လိုမြို့ကြီးတွေ အပါအဝင် နိုင်ငံအနှံ့အပြားမှာ မက်သာဖက် တမင်းဆေးပြား တစ်ပြားကို အမျိုးအစားပေါ် မူတည်ပြီး ငွေကျပ် ရာဂဏန်းလောက်နဲ့ လွယ်လွယ်ကူကူ ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာဆိုရင် စစ်အာဏာမသိမ်းခင်က ဆေးပြားတစ်ပြားကို ငွေကျပ် ၁,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ငွေကျပ် ၈၀၀ လောက်အထိ ဈေးပေါပေါနဲ့ ဖြန့်ဖြူးနေကြတယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။