မြန်မာကနေ အရှေ့တောင်အာရှအထိပျံ့တဲ့ ကေနဲ့ အီး

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရဲ့ မြို့ပြညတွေမှာ မျိုးဆက်သစ်လူငယ်အချို့ အမှောင်ရိပ် တစ်နေရာ ပိတ်မိနေကြပါတယ်။ မူးယစ်ဆေးဝါးရဲ့ ဖြားယောင်းမှုက တစထက်တစ မြိုပြနေရာ အတော်များများမှာ တဖြည်းဖြည်း အမြစ်တွယ်လာနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှု သုံးစွဲမှုတွေက စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်ရှိလာနေပါတယ်။

စစ်ကောင်စီက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမှုတွေရှိတယ်လို့ ထုတ်ပြန်ပေမယ့် နိုင်ငံတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ဖြန်ချိမှု ရဲ့ အဓိက ရင်းမြစ်ပြဿနာနဲ့ အလှမ်းဝေးနေဆဲ ဆိုတာကို မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒီနှစ်အတွင်းတိုး တက်လာတယ်ဆိုတဲ့ နိုင်ငံတကာ အစီရင်ခံစာတွေက မီးမောင်းထိုးပြနေပါတယ်။

‘‘ရန်ကုန်မြို့မှာ ဘားတွေ၊ ကလပ်တွေထဲရောက်ရင် ကေနဲ့ အီး ရ၊ မရကို ဆိုင်ဝန်ထမ်းကို မေးကြည့် တာနဲ့တင် သိနိုင်တဲ့အခြေအနေရောက်နေပြီ’’လို့ မူးယစ်ဆေးဝါးပျံ့နှံ့နေတဲ့အခြေအနေကို ဘားတစ်ခုရဲ့ မန်နေဂျာ ဟောင်းတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

သူပြောတဲ့ ကေ(K)ဟာ လူငယ်တွေကြား အမှုန့်အဖြစ်ရှုရတဲ့ မူးယစ်ဆေးလို့ သိကြတဲ့ ကတ်တမင်းဖြစ်ပြီး အီး(E)ကတော့ အတ်စ်တစီ လို့ခေါ်တဲ့ မူးယစ်ဆေးပြားနဲ့ အမှုန့်ကို ပြောတာဖြစ်ပါတယ်။

ကေဟာ မေ့ဆေးအနေနဲ့ သုံးကြတဲ့ ကတ်တမင်း ဆေးရည်ကို အငွေ့ပျံပြီး အမှုန့်ပြန်ဖြစ်အောင်လုပ်ထားတဲ့ အမှုန့်ဖြစ်ပြီး စိတ်ကိုပေါ့ပါးလွတ်လပ်စေတဲ့အာနိသင်ရှိလို့ ဘားနဲ့ ကလပ်သွားကြတဲ့ လူငယ်တွေကြားမှာ သုံးစွဲလာကြတာဖြစ်ပါတယ်။

အီးဟာ အရက်ဘီယာတွေထဲထည့်သောက်ရင် အာနိသင်ပိုတယ်လို့ ယူဆကြတာကြောင့် မြန်မာပြည်တွင်းက ညမြင်ကွင်းတွေမှာတွေ့ရတဲ့လူငယ်တွေကြား သုံးလာကြတဲ့ မူးယစ်ဆေးဖြစ်ပါတယ်။

အိုက်စ်လို့ သိကြတဲ့ မက်သာဖက်တမင်းကတော့ WY လို စာသားနှိပ်ထားတဲ့ ဆေးပြားအနေနဲ့ရော၊ အဖြူရောင်ပုံ ဆောင်ခဲအနေနဲ့ပါ မူးယစ်ဆေးဝါးအဖြစ် ထုတ်လုပ်ထားတဲ့ပုံစံမြင်ရတဲ့ စိတ်ကြွဆေးဖြစ်ပါတယ်။

အခုတော့ ဒီမူးယစ်ဆေးဝါးတွေဟာ အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေအပြင် တာချီလိတ်လို နယ်စပ်မြို့တွေမှာ လူငယ်တွေကြား တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေတဲ့မူးယစ်ဆေးဝါး တွေဖြစ်နေပါတယ်။

စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ ကတ်တမင်း မူးယစ်ဆေးဝါးကို ဖမ်းဆီးရမှုဟာ ၂၀၂၂ ခုနှစ် အတွင်း အလေးချိန် ၂၃၂၉ ကီလိုဂရမ်အထိရှိခဲ့ပြီး အဲဒီအရင်နှစ်က ဖမ်းဆီးမှုရဲ့ ၃ ဆ အထိ မြင့်တက်ခဲ့တာပါ။

တစ်ဖက်မှာလည်း အိုက်စ်လို့ခေါ်တဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါးအခဲ ဖမ်းဆီးရမှုဟာ ၂၀၂၂ ခုနှစ် အတွင်းမှာ ၂၃ တန်ရှိပြီး မက်သာဖက်တမင်းဆေးပြား ၇ တန်အထိရှိနေတယ်လို့ ကုလသမဂ္ဂ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှု နှိမ်နင်းရေးရုံး(UNDOC) အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့ပြင် မြန်မာ့ အိမ်နီးချင်း လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာလည်း မြန်မာပြည်က လာတဲ့ ကတ်တမင်းနဲ့ မက်သဖက်တမင်း ပမာဏ အတော်များများကို ပြီးခဲ့တဲ့နှစ်အတွင်း ဖမ်းမိခဲ့ပါတယ်။

မလေးရှားမှာလည်း မြန်မာကလာတဲ့ ကတ်တမင်းနဲ့ မက်သာဖက်တမင်းတွေကို မလက္ကာရေလက်ကြားမှာ ပြီးခဲ့တဲ့နှစ်အတွင်းဖမ်းမိခဲ့တယ်လို့ UNDOC အစီရင်ခံစာက ဆိုပါတယ်။

ဒီအခြေအနေတွေကို ကြည့်ရင် မြန်မာပြည်တွင်းမှာ မက်သာဖက်တမင်းကို အိုက်စ်(Ice) အခဲအနေနဲ့ရော၊ ဆေးပြားပုံစံနဲ့ပါ အသုံးပြုမှုဟာ ၂၀၂၁ ခုနှစ်မှာ ကျဆင်းခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ ပြန်မြင့်တက်လာတယ်ဆိုတာကို ပြနေတယ်လို့ ကုလအစီရင်ခံစာမှာ သုံးသပ်ပါတယ်။

After ပါတီ ယဥ်ကျေးမှု၊ အလွယ်တကူရနိုင်တဲ့ ကေနဲ့ ဆေးပြား

အမှုန့်အဖြစ်ရှုရတဲ့ ကေ ကို ရန်ကုန်မြို့က ဘားတွေနဲ့ ကလပ်တွေမှာ အလွယ်တကူရနိုင်သလို မက်သာဖက်တမင်းဆေးပြားကိုလည်း လမ်းတွေပေါ် စျေးပေါပေါနဲ့ ရနိုင်တယ်လို့ မြေပြင် အခြေအနေသိသူတွေက ဘီဘီစီကို ‌ပြောပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ရန်ကုန်ကမြို့နယ်အချို့မှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာပြီး ညအချိန် အပြင်ထွက်မှုကို စစ်ကောင်စီအုပ်ချုပ်ရေးက ကန့်သတ်လိုက်ပါတယ်။

ဒီလိုညအချိန် သွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ဘားနဲ့ကလပ်တွေကို သွားတဲ့လူငယ်တွေ ည အချိန်လွန် အိမ်မပြန်ဘဲ After party လို့ ခေါ်ကြတဲ့ပါတီတွေ ဆက်ရင်း မူယစ်ဆေးသုံးစွဲမှု ဖြစ်စေတဲ့ အခြေအနေကို ဖန်တီးပေးစေတယ်လို့ After party ယဥ်ကျေးမှုနဲ့ အကျွမ်းတဝင်ရှိသူတွေက ပြောကြ ပါတယ်။

‘‘တချို့ကလပ်တွေက ည ၉ နာရီလောက်မှစတယ်။ ညနက်တဲ့အခါ ဝင်း တစ်ခုလုံးကို ပိတ်လိုက်ပြီး ညမထွက်ရအမိန့်လွတ်တဲ့ ကာဖျူးချိန်လွန်မှ ဝင်း ထဲကနေ ပြန်ထွက်ခွင့်ပေးတယ်။ အဲဒါကြောင့်လည်း ကလပ်တွေ၊ ဘားတွေမှာ ကေနဲ့ အီး သုံးလာကြတာ။ ဒါမှ တစ်ညလုံး ကခုန်မြူးတူးနိုင်မှာကိုး’’လို့ ရန်ကုန်မြို့ခံ တစ်ဦးကပြောပါတယ်။

တစ်ဖက်မှာလည်း ရန်ကုန်မြို့က လှိုင်သာယာ၊ တာမွေ၊ မင်္ဂလာဒုံ၊ အင်းစိန်နဲ့မြောက်ဒဂုံလိုမြို့ နယ်တွေမှာ စိတ်ကြွဆေးပြား(WY)ကို တစ်ပြားကို ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်ကြား အလွယ်တကူ ဝယ်ယူလို့ ရနေတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ အီး အလေးချိန် ၁ ဂရမ်တစ်ထုပ်ကို ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး မြန်မာကျပ်ငွေ ၄ သောင်းကနေ ၆ သောင်းနီးပါးအထိစျေးပေါက်သလို ရေခဲလို့ခေါ်ကြတဲ့ အိုက်စ် ကတော့ ၁ ဂရမ်ကို မြန်မာကျပ်ငွေ ၄ သောင်းကနေ ၇ သောင်းအထိ စျေးရှိနေပါတယ်။

ဒီအချိန်မှာ WY လိုဆေးပြားတွေကို ကျပ်ငွေ ရာဂဏန်းဝန်းကျင်တဲ့ဝယ်လို့ရနေတာကလည်း ဆေးပြားတွေ လွယ်လွယ်ကူကူဝယ်လို့ရနေတဲ့အချက်တစ်ချက်ဖြစ်နေတယ်လို့လည်းသိရပါတယ်။

ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ နိုင်ငံရေးအခြေအနေကြောင့် အခြေခံ ကုန်စျေးနှုန်း တရိပ်ရိပ် တက်လာနေချိန်မှာပဲ စိတ်ကြွဆေးပြားတွေကို စျေးနည်းနည်းနဲ့ လွယ်လွယ်ကူကူရနေတဲ့အခြေအနေကြောင့် မူးယစ်ဆေး ပြဿနာ နောက်ဆက်တွဲတွေဖြစ်လာမှာကိုလည်း လူထုကြားမှာ စိုးရိမ်မှု ရှိနေပါတယ်။

ဓာတ်မှန်ရလဒ်တွေက ပြောတဲ့ ကေနဲ့ အီး အန္တရာယ်

ပြီးခဲ့တဲ့ရက်တွေအတွင်း မြန်မာပြည်တွင်းက အထွေထွေအကူးကုဆရာဝန်ကြီးတစ်ဦးက ကေ(ကတ်တမင်း)အမှုန့် အရောကို ၃ ရက်ဆက်တိုက်သုံးပြီး ရောက်လာသူတစ်ဦးရဲ့ အဆုတ်ဓာတ်မှန်နဲ့ ကေလို မူးယစ်ဆေးတွေ အသုံးလွန်ပြီး ဦးနှောက်ထိခိုက်ထားတဲ့ လူနာတစ်ဦးရဲ့ ခေါင်းဓာတ်မှန် လူမှုကွန်ရက်ပေါ် တင်လိုက်အခါ လူစိတ်ဝင်စားမှု အတော်လေး မြင့်တက်ခဲ့ပါတယ်။

လူနာဟာ အဆုတ်နှစ်ဖက်မှာ အနာဖြစ်ပြီး အောက်စီဂျင် ကျတဲ့ အနေအထားနဲ့ သတိလစ် ရောက်လာခဲ့တာ ကြောင့် ၅ ရက်ဆက်တိုက် ကုသလိုက်ရတဲ့အကြောင်း၊ နောက်တစ်ဦးကတော့ ကေလို မူးယစ်ဆေးတွေ အသုံးလွန်ပြီး ဦးနှောက်အသားတွေ တိုက်ရိုက်ထိပြီး ပျက်စီးနေတဲ့အခြေအနေလို့လည်း သူက ပြောပါတယ်။

အဲဒီလူနာဟာ ထိုင်းနိုင်ငံထဲအထိ သွားရောက် ကုသခဲ့ပေမဲ့ အခြေအနေမထူးလို့ မိသားစုက နေရပ်ပြန်ခေါ်လာခဲ့သူဖြစ်ပြီး သတိမကောင်း၊ ခြေလက်အကြောဆွဲတောင့်တင်းတဲ့အခြေအနေ ဖြစ်နေပြီလို့ သူကဆိုပါတယ်။

ဘားတွေ၊ ညကလပ်တွေမှာ ပျော်ကြတဲ့လူငယ်တွေဟာ ကေ နဲ့ ပျှော်ရွှင်ဆေးရည် (Happy Water) ရောထားတဲ့ မူးယစ်ဆေးဝါး အရော၊ အီး တို့ကို ရောနှောသုံးစွဲတဲ့အခါ ဆေးလွန်လို့ ကုသရတာတွေလည်း ရှိတယ်လို့ မြန်မာဆရာဝန်တွေက ပြောကြပါတယ်။

‘‘ Happy water မှာပါတာက Ketamine,amphetamine,caffeine, MDMA (Ecstacy) diazepam, tramadol ဆိုတဲ့ ဆေး ၆မျိုးပေါ့ တစ်ချို့လည်း MDMA သီးသန့် ပါတဲ့ E ကိုလည်း သုံးနေကြတယ် ICE ဆိုတာကတော့ သူ့ထက်ပိုပြင်းတဲ့ Crysrtal methamphetamine ပေါ့။ ရန်ကုန်မှာလည်း happy တွေသုံးနေကြပြီ တစ်ခုတည်း သုံးတာထက်K + E or ICE or Happy နှစ်ခုပေါင်းပြီးသုံးကြတယ်။ ဒီကြားထဲ အရက်ဘီယာကလည်း သောက်ထားတတ်ကြ သေးတယ်။ ဒါပေမဲ့ ဒီလိုရောတဲ့ လုပ်တဲ့ အချိုးအစား အမြဲမမှန်နိုင်တော့ တစ်ခုခု ပိုများတဲ့ အခါ များတဲ့ဆေးက overdose ဖြစ်ပြီး ဆေးရုံရောက်လာတတ်သလို ထုတ်တဲ့ဆီက အပတ်စဥ် (batch) အသစ်မှာ ပိုပြင်းသွားရင်းလည်းရောက်လာတတ်တယ်’’ လို့ ဆေးလွန်လူနာတွေကို ကုသပေးရလေ့ရှိတဲ့ နယ်စပ်မြို့က အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။

‘‘ဆေးတစ်ခုရဲ့အာနိသင်က တစ်ခုကိုချေဖျက်ပြီး နောက်တစ်ခုကို ပိုပိုသုံးမိတတ်တယ်။ ဥပမာ diazepam တို့ tramadolတို့ များနေလို့ အိပ်ချင်လာလို့ ketamine ကိုပိုပိုရှုမိတာမျိုး၊ တစ်ဖက်မှာလည်း MDMA တို့ Amphetamine တို့ကြောင့်ကြွနေရင်း happy water ကိုပိုပိုသောက်ရင်း tramadolတို့ diazepam တို့ overdose ဖြစ်တာမျိုးပေါ့။ Ketamine သက်သက်ပဲ ဆိုရင်တောင်သူက အစပိုင်းမှာ စိတ်ကို relax ဖြစ်ကခုန်စေတာမှန်ပေမယ့် များလာရင် စိတ်နဲ့ကိုယ်လွတ်သွားတာမျိုး ဖြစ်နေတယ်။ Out of body experience ပေါ့ Ketamine သိပ်များရင်တော့ လူနာ စိတ်ဂနာမငြိမ် ခြောက်ခြားပြီး ရန်လိုတတ်တယ်။ သိပ်ဆိုးရင်တော့ စိတ်လွတ်ပြီး အရူးတစ်ယောက်လို လျှောက်လုပ်တတ်တယ် သူ့ကိုယ်သူပျံနိုင်တယ်ဆိုပြီး အိမ်အမြင့်ကနေ ခုန်ချမိတာ တစ်ယောက်ကြုံဖူးတယ်။ Methamphetamine amphetamine များရင်တော့ နှလုံးခုန် အရမ်းမြန်နေပြီး ရောက်လာတက်တယ်။ တစ်ခါတလေ စည်းချက်မမှန်တာ(Arrythmia)တွေအထိ ဖြစ်ပြီးရောက်လာတတ်တယ်။ တစ်ချို့လည်း သတိလစ်၊ တက်ပြီး ရောက်လာတတ်တယ်။ Diazpam များရင်တော့လူနာက နှိုးမရ အိပ်ပျော်ပြီးရောက်လာတတ်တယ်။ တစ်ရက်ကျော်လောက်မှ နိုးတာတွေကြုံရတယ်။ Tramadol သို့ ketamine ထဲမှာ fentanyl ရောပါနေတာများရင်တော့ opiod overdose သတိလစ်၊ သူငယ်အိမ်ကကျဥ်းပြီး အသက်ရှူတာနှေးမယ်၊ သူကတော့ နံပါတ်ဖိုး(ဘိန်းဖြူ)များသလိုပဲ ဖြေဆေးထိုးပြီးကုပေးနိုင်ဖို့လိုတယ်။ အချိန်မီမရောက်ရင် သေနိုင်ပါတယ်’’ လို့ ဆေးလွန်ပြီး အသက်ဆုံးနိုင်တဲ့ အန္တရာယ်ကိုလည်း ပြောပြပါတယ်။

အခုလအတွင်း ဆေးလွန်လို့ ဆေးရုံတင်ကုသ ပေးနေရတဲ့လူနာ ၆ ဦးရှိပြီး အရေးပေါ် ကုသပေးရတာတွေ၊ ရေရှည်သုံးပြီး စိတ်ဂနာမငြိမ်၊ စိတ်ကျတာတွေကြောင့် ဆေးဖြတ်ချင်လို့ လာပြသူတွေပါ အပါအဝင်ဆိုရင် တစ်လကို လူနာ ၅ ဦးကနေ ၁၀ ဦးအထိ ဒီမူးယစ်ဆေးတွေနဲ့ပတ်သက်လို့ကြည့်ပေးနေရတယ်လို့ တာချီလိတ်မြို့က အထူးကုဆရာဝန်ကြီးနောက်တစ်ဦးက ပြောပြပါတယ်။

ဒီမူးယစ်ဆေးတွေကြောင့် လာရောက်ကုသခံလူနာတွေဟာ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်ကြား အများစု ဖြစ်ပြီး ဟိုတယ်တွေ၊ ကေတီဗီ အခန်းတွေမှာ သီးသန့်သုံးရင် ဆေးအသုံးပြုလို့ များသွားတဲ့ အသက် ၄၀ ကနေ ၅၀ ကျော်လူကြီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်ထဲက တာချီလိတ်မြို့မှာ Happy Water မူးယစ်ဆေးထုတ်လုပ်တဲ့နေရာ ၂ ကို မြန်မာအာဏာပိုင်တွေဘက်က ဖမ်းဆီးမိတာ၊ ရှမ်းပြည်နယ်က မူးယစ်ဆေးထုတ်လုပ်တဲ့အဖွဲ့တွေရဲ့အမှတ်သညာဖြစ်တဲ့ တရုတ်လက်ဖက်ရည်ထုတ်တွေထဲထည့်ထားတဲ့ ကတ်တမင်းတွေကို ဖမ်းမိတာတွေကိုကြည့်ရင် ရှမ်းပြည်နယ်ဟာ မူးယစ်ဆေးဝါးတွေ ထွက်ရှိနေတဲ့နေရာ လို့ နားလည်ရပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ စစ်ကောင်စီ ဘာတွေလုပ်နေလဲ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ ဖမ်းဆီးရ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီက ဇွန်လ ၂၆ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှု တွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြီးစိုးတဲ့နယ်မြေတွေမှာ အဓိကလုပ်ကိုင်နေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဝင်ငွေရလမ်းတစ်ခုအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ်သက်နေတယ်လို့ စစ်‌ကောင်စီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဘက်က ပြောထားပါတယ်။

ဒါ့ကြောင့် မူးယစ်ဆေးဝါးတွေ၊ ထိန်းချုပ်ဓာတုပစ္စည်းတွေနဲ့ ထိန်းချုပ်ထားတာမရှိတဲ့ ဓာတုပစ္စည်းတွေကို တားဆီးနှိမ်နင်းရေးအတွက် မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အထူးစစ်ဆင်ရေး “Operation 39”ကို အခုနှစ်ဆန်းပိုင်းကစလို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးနေချိန်မှာပဲ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ပတ်လမ်းနဲ့ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ice(မက်သာဖက်တမင်း)နဲ့ ကတ်တမင်း ကီလို ၇၀၀ ကျော်၊ ဘိန်းဖြူ ကီလို ၇၀၀ ကျော်အပြင် ရွှေ ၂ ပိဿာကျော်နဲ့ မူးယစ်ဆေးဝါးသယ်ယူရာမှာ သုံးတဲ့ကားတွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖမ်းမိထားတယ်လို့ စစ်ကောင်စီလက်အောက် မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တခါ ရန်ကုန်မြို့က ကေတီဗီ၊ကလပ်၊ဘားတွေနဲ့ စားသောက်ဆိုင်တွေမှာ လူငယ်တွေကို ဖြန့်ဖြူးရောင်းချနေတဲ့ စိတ်ကြွရူးသွပ်ဆေးဝါး ၉ သိန်းကို ကမာရွတ်မြို့နယ်ထဲက ပတ္တမြားလမ်းမှာရှိတဲ့ အမျိုးသားတစ်ဦးရဲ့နေအိမ်ကနေ အခုလ ဆန်းပိုင်းက ဖမ်းမိတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောထားပါတယ်။

UNDOC အချက်အလက်တွေအရ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေဟာ အာဏာသိမ်းစမှာ အနည်းငယ်ကျဆင်းနေပေမဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါး တန်ချီ ဖမ်းဆီးရမှုတွေကို ကြည့်ရင် ဒါဟာ ရေတိုကျဆင်းမှုဆိုတာကို ပြသနေပါတယ်။

အခုတော့ ညမိုးချုပ်လို့ နေဝင်လာတာနဲ့ ရန်ကုန်မြို့ရဲ့ မှောင်ရိပ်သန်းနေတဲ့လမ်းတွေပေါ်မှာ မူးယစ်ဆေးဝါးပြဿနာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ စွန်းထင်းလာနေပါတယ်။ တစ်ချိန်က အိပ်မက်တွေ ရည်မှန်းချက်တွေ ပြည့်နှက်နေတဲ့ လူငယ်တွေဟာ အခုအချိန်မှာတော့ မူးယစ်ဆေးဝါး နွံထဲက အမြန်လွတ်မြောက်ဖို့ လိုသလို မူလဇစ်မြစ်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့လည်း လို‌နေဆဲဖြစ်ပါတယ်။