အဆင်းရဲဆုံးသူတွေ အတွက် ငလျင်လွန် ကာလ ထူထောင်ရေး ဘာတွေ လုပ်မလဲ

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် တီတွန် မီထြာဟာ ငလျင်ကြီး လှုပ်ပြီး ကနဦး ရက်တွေမှာပဲ ငလျင်ဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းကို သွားရောက် ခဲ့သူ ဖြစ်ပြီး၊ အဲဒီက မြေပြင်အခြေအနေတွေကို ကိုယ်တိုင် တွေ့မြင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာငလျင် ထိခိုက် ဆုံးရှုံးမှု အတိုင်းအတာ ပမာဏကို ကုလသမဂ္ဂ အဖွဲ့ အစည်း တွေ အနေနဲ့ အပြည့်အစုံ ဆန်းစစ် ထားနိုင်ပြီလား၊ ဘယ်လို ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်မှာလဲ၊ စာနာမှုနဲ့ အကူအညီတွေ ပေးဖို့ သွားချင်တဲ့ နေရာတွေကို လွတ်လွတ်လပ်လပ် သွားလာနိုင်လား၊ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ မဟုတ်တဲ့ နေရာတွေကိုရော အကူအညီတွေ ရောက်လား .... စတဲ့ အရေးကြီးတဲ့ မေးခွန်းတွေကို မစ္စတာ မီထြာ ကျယ်ကျယ်ပြန့် ဖြေဆိုထားပါတယ်။ ကိုဝေဖြိုး မေးမြန်းထားတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ တီတွန်ဟာ မန္တလေးနဲ့ စစ်ကိုင်းလို ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ နေရာတွေကို ရောက်ခဲ့တယ်လို့ ကျွန်တော် သိထားပါတယ်။ မျက်မြင်ကိုယ်တွေ့ ဘာတွေကြားခဲ့လဲ။ အဲဒီက ငလျင်ဒဏ်သင့် ပြည်သူတွေက ဘာတွေ ပြောကြလဲ။

တီတွန် မီထြာ။ ။ ပထမဆုံး သတိထားမိတဲ့ အချက်ကတော့ ငလျင်ဘေးကို တုံ့ပြန် ကိုင်တွယ်နေကြတဲ့ လုပ်ငန်းတွေဟာ အတော်လေး အရှိန်ရနေပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်း အတော်များများဆီမှာ ငလျင်နဲ့ ပတ်သက်ပြီး ဘယ်လောက် အထိ ထိခိုက်ခဲ့တယ် .... ဘာတွေကို အရေးပေါ် လုပ်ဆောင်ပြီး ... ဘာတွေကို ရေရှည် လုပ်ရမယ် စတဲ့ ကနဦး ဆန်းစစ်မှုတွေ ပြီးစီးလုနီးပါး ဖြစ်နေပါပြီ။ ကျွန်တော်တို့ အနေနဲ့ အခြေအနေ တစ်ခုလုံး အပေါ် ကောင်းကောင်း နားလည် သဘောပေါက်ထားပြီလို့ ယူဆပါတယ်။

အခု ကျွန်တော်တို့ စကားပြောကြတာဆိုရင် အဓိက ငလျင်ကြီး လှုပ်ခဲ့ အပြီး သီတင်း နှစ်ပတ်မြောက် ဖြစ်ပါတယ်။ ဒီ နှစ်ပတ်တာ ကာလ အတွင်းမှာ ကျွန်တော်တို့ UNDP အပါအဝင် တခြား ကုလ အဖွဲ့တွေနဲ့ ၊ NGO တွေ ဟာ အရေးပေါ် ကူညီရေး ပစ္စည်းတွေ၊ ထောက်ပံ့မှုတွေကို ငလျင်ဒဏ် သင့်ခံရတဲ့ နေရာတွေဆီ အတတ်နိုင်ဆုံး ပို့ဆောင်ပေးနေခဲ့ပါတယ်။ ဒီနေရာမှာ ဒီ ငလျင်ဘေးကြီးကို ပထမဆုံး စတင် တုံ့ပြန်ကြတဲ့ first responder တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ first responder ဆိုတာ တခြား မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ တစ်နည်းအားဖြင့် မြန်မာလူမှု အသိုင်းအဝိုင်း ကိုယ်တိုင် ဖြစ်ပါတယ်။

ဒီ ကာလတွေမှာ အစားအသောက်နဲ့ ဆေးဝါးတွေ အပါအဝင် အရေးပေါ် ကူညီရေး ပစ္စည်းတွေ ဖြန့်ဝေတာတွေ လုပ်ဆောင် နေခဲ့ပါတယ်။ တချို့ နေရာတွေမှာ ဆိုရင် အဆောက်အအုံ အပြိုအပျက်တွေကို စတင် ရှင်းလင်း ဖယ်ရှားနေပြီ ဖြစ်ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကတော့ လုံးဝ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေဟာ အခုအချိန်ထိ ဘယ်လိုမှ ရှင်သန် ကျန်ရစ်နိုင်မှာ မဟုတ်တော့ဘူးလို့ပဲ သတ်မှတ်ရတဲ့ အချိန်ကို စိတ်မကောင်းစွာနဲ့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုအဆင့်ဟာ ရှာဖွေ ကယ်ဆယ်တဲ့ "life saving" ဆိုတဲ့ အဆင့်ကနေ ရှင်နေတဲ့ အသက်တွေကို မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက် မွေးမြူကြရမယ့် "life preserving" အဆင့်ကို ကူးပြောင်းရောက်ရှိသွား ပြီ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဟုတ်ကဲ့။ အသက်တွေကို စောင့်ရှောက်ရမယ့် အဲဒီ "life preserving" အဆင့်မှာ ဘယ်လို လုပ်ငန်းတွေ ပါဝင်ပါသလဲ ခင်ဗျ။

တီတွန် မီထြာ။ ။ ခင်ဗျားမြင်သာအောင် အခြေအနေ တချို့ကို ကျွန်တော် ပြောပြပါမယ်။ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းကို ကြည့်ပါ။ ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးရုံ၊ ဆေးခန်းတွေလည်း ထိခိုက် ပျက်စီး သွားပါတယ်။ ကျွန်တော် စစ်ကိုင်း ဆေးရုံကို ရောက်ခဲ့ပါတယ်။ တွေ့ရတာ အင်မတန် ဝမ်းနည်းဖို့ ကောင်းပါတယ်။ လူနာတိုင်းကို ကားရပ်တဲ့ ကွင်းပြင်မှာ ထုတ်ပြီး နေရာချထားရပါတယ်။ ၄၀ ဒီဂရီ ဆဲလ်စီယပ်စ် အပူချိန် အောက်မှာ နေရတာဖြစ်ပါတယ်။ နေမှ ပူမနေဘူး ဆိုရင် torrential rain လို့ ခေါ်တဲ့ မိုးအကြီးကျယ် ချနေတာမျိုး ဖြစ်ပါတယ်။

အဲဒီဒဏ်ကို မိုးကာစ ပါးလှပ်လှပ်နဲ့ ခနော်နီခနော်နဲ့ ယာယီတဲလေးတွေ အောက်ကနေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အပြင်မှာ ရာသီဥတု ဘယ်လောက် ဆိုးဆိုး ဆေးရုံ အဆောက်အအုံထဲ ပြန် မဝင်ရဲပါဘူး။ ဘယ် အချိန် ပြိုကျမယ်မှန်း မသိတဲ့ အတွက် ဖြစ်ပါတယ်။

အဲဒီလို နေရာထိုင်ခင်း ကိစ္စ ဆိုတာ ပြဿနာရဲ့ အစိတ်အပိုင်း တစ်ခုပဲ ရှိပါသေးတယ်။ ငလျင် မတိုင်ခင်ကတည်းက .... အခုလို လူတွေ အစုလိုက် အပြုံလိုက် အရေးပေါ် အခြေအနေ မကြုံရခင်ကတည်းက ကျန်းမာရေး စောင့်ရှောက်မှု စနစ် ယန္တရား တစ်ခုလုံးဟာ ခပ်ယဲ့ယဲ့ပဲ ရှိနေတာပါ။ လုံလောက်တဲ့ ငွေကြေး ဘတ်ဂျက်လည်း မရှိသလို၊ CDM ဝင်သွားသူတွေလည်း ရှိတဲ့ အတွက် လူလည်း မလုံလောက်ပါဘူး။ စစ်ကိုင်းမှာ ဆိုရင် စျေးကြီးလည်း ထိခိုက်သွားတဲ့အတွက် အစားအစာ ရနိုင်ဖို့က အစ အခက်အခဲတွေ ရှိနေပါတယ်။

အဲ ... မန္တလေးကျပြန်တော့ တမျိုးပါ။ မန္တလေးဟာ အဓိက စီးပွားရေး အချက်အခြာ မြို့ကြီး ဖြစ်တဲ့ အတွက် အခုအထိ ရောင်းဝယ် ဖောက်ကားမှုတွေ နဲ့ လည်ပတ်နေနိုင်တဲ့ နေရာတွေ ရှိပါတယ်။ စိုးရိမ်ရတာကတော့ သန့်ရှင်းတဲ့ ရေ ရနိုင်ရေးနဲ့ အညစ်အကြေး စွန့်မှုကို အန္တရာယ်ကင်းအောင် စီမံ ခန့်ခွဲနိုင်ရေး ဖြစ်ပါတယ်။ ကူးစက်ရောဂါ ပြန့်နှံ့မှု ပေါက်ကွဲ ထွက်မလာအောင်လို့ပါ။

အခုဆိုရင် အဖွဲ့အစည်းတော်တော်များများက မြစ်ထဲကရေကို စုပ်တင်ပြီး သန့်ရှင်းအောင် လုပ်ပေးတဲ့ စက်တွေ ထားရှိ ပေးနိုင်ဖို့ လုပ်ဆောင် လာကြပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အိမ်ထဲကိုယ်ပြန် မဝင်ရဲလို့ ဖြစ်စေ၊ နေထိုင်စရာ ဆုံးရှုံးသွားလို့ ဖြစ်စေ အနည်းဆုံး လူဦးရေ ခြောက်သောင်းခွဲဟာ အပြင်ဘက် ဟာလာဟင်းလင်းမှာ နေနေကြရတာ ဖြစ်ပါတယ်။

အခုဆိုရင်ကို ရေကနေ တဆင့် ကူးစက်တဲ့ ရောဂါမျိုးတွေ တွေ့လာရတယ် ဆိုတာမျိုး ကြားနေရပြီ ဖြစ်ပါတယ်။ အဲဒါကို ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုးထိ အရောက်မခံဖို့ အ တော်လေး အရေးကြီးပါတယ်။

လူတွေ အတွက် စနစ်တကျ ရှိမယ့် အရေးပေါ် ယာယီ ခိုလှုံရာ နေရာမျိုးတွေ လိုသလို၊ လူနေအိမ်တွေ ဖြစ်စေ၊ ဆေးရုံတွေ ဖြစ်စေ ဘယ် အဆောက်အအုံကတော့ အန္တရာယ်ကင်းကင်း ပြန်ဝင်လို့ ရတယ် ဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ် အတည်ပြုပေးမှုတွေလည်း လိုအပ်နေပါတယ်။

စျေးတွေ ပြန်ဖွင့်နိုင်ဖို့ လိုသလို၊ စျေးဆီကို စားသောက်ကုန်တွေ ရောက်လာနိုင်ဖို့ လမ်းတွေ၊ တံတားတွေ ပြန်လည် ပွင့်လာဖို့လည်း လိုပါတယ်။ နောက်တစ်ခုကတော့ လူတွေရဲ့ လက်ထဲမှာ သုံးစွဲစရာ ငွေကြေး ရှိလာအောင် ဝင်ငွေ ရမယ့် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့လည်း လိုပါတယ်။

အခု ငလျင်ဒဏ် ခံလိုက်ရတာဟာ မြို့ပြ နေရာ ဒေသ အများစု ဖြစ်ပါတယ်။ လူတွေဟာ အထောက်အပံ့တွေ အပေါ်ပဲ ရေရှည် မှီခိုရတဲ့ အဖြစ်မျိုးကနေ မဖြစ်မနေ လွတ်ဖို့ လိုပါတယ်။ ဒီတော့ လူတွေ လက်ထဲ သုံးစရာ ငွေရှိ၊ ဝယ်ဖို့ စျေးရှိ၊ စျေးထဲ မှာ ရောင်းဖို့ အစား အသောက် ကုန်ပစ္စည်းတွေကို ထုတ်လုပ် ပေးတဲ့ နေရာတွေလည်း ရှိ၊ တခါ .... ရောက်လာနိုင်တဲ့ လမ်းတွေလည်း ပွင့် ဆိုတဲ့ အနေအထားမျိုးကို ဖန်တီး ပေးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနေအထားကို နားလည်သင့်တာက အခု ငလျင်ဘေး ကြုံရတယ် ဆိုတာ တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို ဖြစ်ရတာမျိုးပါ။ အရင်ကတည်းက ပြဿနာတွေ ရှိနေနှင့်ပြီး ဖြစ်ပါတယ်။ ကိုဗစ်ဒဏ် ခံရတာနဲ့ စလိုက်တာဟာ ... အာဏာသိမ်းမှု ဖြစ်တယ် .... တတိုင်းပြည်လုံး အနှံ့ လုံခြုံရေး ပျက်ယွင်းတယ်၊ လက်နက်ပဋိပက္ခတွေ ဖြစ်လာတယ်၊ ပြီးတော့ ဖျက်အားပြင်းတဲ့ တိုင်ဖွန်း မုန်တိုင်း နှစ်ခု ဝင်တယ် ... ပြီးတော့ အခု ငလျင် လှုပ်တယ် ...။ ပြောရရင် လူတွေဟာ အတော်လေး လက်ပန်းကျနေပါပြီ။ ပင်ပန်းလွန်း နေပါပြီ။ လူတွေရဲ့ တောင့်ခံနိုင်စွမ်း .... ဒဏ်နိုင်ခံစွမ်းထက်ကို အကျပ်အတည်း အခက်အခဲတွေက ပိုပြီး လေးလံနေပါတယ်။

ငလျင်မတိုင်ခင်ကတည်းက ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ လူ ၁၄ သန်းကျော်ဟာ နေရေးထိုင်ရေး စားရေး သောက်ရေးတို့မှာ မသေရုံတမယ် ဆိုတဲ့ အနေအထားနဲ့ ပျမ်းမျှ လုံလောက်မှုအောင် လျော့နည်းပြီး အသက် ရှင်နေကြရတာ ဖြစ်ပါတယ်။ ရခိုင်မှာ ဆိုရင် စစ်ကြောင့် စပါးစိုက်ဧက ၂၀ % ဆုံးရှုံးပါတယ်။ စစ်တပ်ကလည်း ပိတ်ဆို့ထားတော့ ရခိုင်ထဲမှာ အစားသောက် လိုအပ်ချက်ရဲ့ ၂၀ % လောက်ပဲ ပြည့်မှီ နိုင်ပါလိမ့်မယ်။

တတိုင်းပြည်လုံးမှာလည်း ထို့ အတူပါပဲ။ အောက်ကခံထားတဲ့ ဘယ်လို အသက်ကယ် ပိုက်ကွန်မျိုးမှ ရှိမနေတဲ့ အခြေအနေမှာ အခုလောက် ဖျက်စီးအားပြင်းတဲ့ သဘာဝဘေး ထပ်ပြီး ကြုံရတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဟုတ်ကဲ့ တီတွန်။ ဒီတော့ ကူညီရေး လုပ်ဆောင်ရာမှာ UNDP ရဲ့ အခန်းကဏ္ဍက ဘာလဲ။ ဘယ်လို နယ်ပယ်တွေကို အဓိက ထားတာလဲ၊ ဘယ်လို အရာမျိုးတွေကို လူတွေ အတွက် ပံ့ပိုးပေးတာလဲ။

တီတွန် မီထြာ။ ။ UNDP ဟာ ပုံမှန်အားဖြင့် လူမှု အသိုင်းအဝိုင်း မြန်မြန်ပြန်ပြီး နာလံထ လာနိုင်စေရေး ... ထူထောင်ရေး အလုပ်တွေကို ဦးဆောင် လုပ်ရလေ့ ရှိပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီတွေဟာ အရေးပေါ် ကယ်ဆယ်ရေး အဆင့်ကနေ ပြန်လည် ထူထောင်ရေး အဆင့်ဆီကို အလျင်အမြန်ဆုံး ကူးပြောင်းနိုင်ဖို့ လုပ်ဆောင်ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ချိန်မှာလည်း UNDP ဟာ အဓိက အားဖြင့် အစားအသောက် မဟုတ်တဲ့ ပစ္စည်းတွေ ... ဥပမာ အားဖြင့် ယာယီတဲတွေ၊ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်တွေ ဖြန့်ဝေတာမျိုး လုပ်ဆောင်ပါတယ်။

အခု ပြန်လည်ထူထောင်ရေး အတွက် အဓိက ကျွန်တော်တို့ အာရုံ စိုက်နေတဲ့ အရာကတော့ အိုးအိမ်အသစ်တွေ ဖန်တီးပေးနိုင်ရေး ဖြစ်ပါတယ်။ မြန်မာ့ သမိုင်းမှာ အိုးအိမ် အသစ် ဖန်တီး ပေးခဲ့သမျှတွေထဲ အကြီးမားဆုံး အစီအစဥ်ကြီး ဖြစ်လာနိုင်ပါတယ်။

ကျွန်တော် အထက်မှာ လူ ခြောက်သောင်းခွဲဆိုတဲ့ ကိန်းဂဏန်း ပမာဏကို ပြောခဲ့ပါတယ်။ ဒါဟာ ဆုံးရှုံးသွားရတဲ့ အိုးအိမ်ပေါင်း အနည်းဆုံး တစ်သောင်း အထက်မှာ ရှိပါလိမ့်မယ်။ အဲဒါကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ ယာယီ နေဖို့ မဟုတ်ကပါဘူး။ အမြဲတမ်း နေထိုင်မယ့် ... နောင်မှာ သဘာဝဘေးကို ကြံ့ကြံ့ ခံနိုင်စွမ်း ရှိမယ့် အိုးအိမ်တွေ ဖန်တီး ပေးရမှာ ဖြစ်ပါတယ်။

သဘာဝဘေးဟာ ဆင်းရဲ ချမ်းသာ မရွေး အားလုံး ခံရတာပဲ ... ငလျင်ဆိုလည်း အားလုံး အပေါ် သက်ရောက်တာပဲလို့ ထင်နိုင်စရာ ရှိပါတယ်။ အဲဒါဟာ မမှား ပေမယ့် ပြန်လည် နာလံထနိုင်စွမ်းကတော့ ကွာပါတယ်။ ဆင်းရဲသူတွေဟာ အမြဲတမ်း အခံရဆုံး ဖြစ်ပါတယ်။ သူတို့မှာ ပြန်လည် ထူထောင်ဖို့၊ ဆုံးရှုံးခဲ့တာတွေကို ကုစား ဖြည့်ဆည်းဖို့ရာ ဘယ်လို ရင်းမြစ်မျိုးမှ ရှိမနေပါဘူး။

အဲဒီလို လူမှု အသိုင်းအဝိုင်းအတွက် UNDP အနေနဲ့ တခြား နိုင်ငံ တော်တော် များများမှာ ဆောင်ရွက် ပေးခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဥပမာ ဆီးရီးယား၊ တူရကီနဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ ပုံစံ တစ်ခုကတော့ သဘာဝ ကပ်ဘေးကြောင့် အိုးအိမ် ဆုံးရှုံးသွားသူတွေကို ဆောက်လုပ်ရေးပိုင်း ဆိုင်ရာ သင်တန်းတွေ ပေးပါတယ်။

ပြီးတော့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးပြီး ကိုယ့်အိုးအိမ်တွေကို ကိုယ်တိုင် ဆောက်လုပ်ကြတဲ့ နည်းနာပါ။ တောင့်တင်း ခိုင်မာမှု၊ ကြံ့ခိုင်မှုနဲ့ အိမ်တစ်အိမ်မှာ ရှိသင့်ရှိထိုက် တာတွေ ကင်းမဲ့နေတဲ့ အိုးအိမ်မျိုးတွေကို သဘာဝဘေးမှာ ဆုံးရှုံးခဲ့ရသူတွေ အတွက်၊ အများကြီး ပိုပြီး ကောင်းမွန်တဲ့ အိမ်မျိုးတွေ ရရှိ ပိုင်ဆိုင်နိုင်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင်၊ ကျွန်တော် အထက်မှာ ပြောခဲ့သလို စျေးကွက်ကို အသက်သွင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဘဏ်တွေကနေ ငွေချေးလို့ မရနိုင်တဲ့ လုပ်ငန်းမျိုး လုပ်ကိုင်နေကြ သူတွေ အတွက် ငွေကြေး အရင်းအနှီး ထုတ်ပေးတာမျိုး၊ ဒါမှမဟုတ် တနိုင်တပိုင် အသက်မွေးဝမ်းကျောင်းလို့ရအောင် လုပ်ငန်းတွေ ထူထောင်ပေးတာမျိုး ဖြစ်ပါတယ်။

ဒီအတွက် ကျွန်တော်တို့ အနေနဲ့ အသေးစား ချေးငွေ ထုတ်ပေးတဲ့ ငွေကြေး အဖွဲ့အစည်းတွေနဲ့ လက်တွဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းလေးတွေကို ကူညီဖို့ကနေ လူ အယောက် ၅၀ ကနေ ၁၀၀ လောက်အထိ အလုပ်ပေးထားနိုင်တဲ့ လုပ်ငန်းမျိုးတွေအထိအောင် အကူအညီပေးနိုင်ဖို့ ရည်မှန်းပါတယ်။ အဲဒီ လုပ်ငန်းတွေဟာ လူမှု အသိုင်းအဝိုင်းကို ထောက်မတ်ပေးထားတဲ့ အဓိက ကျောရိုးပင်မ စီးပွားရေးတွေပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် လုပ်ငန်းတွေ ပြန်ပြီး ထူထောင်နိုင်အောင်၊ အရင်းအနှီးတွေ ရှိလာအောင်၊ ပုဂ္ဂလိက ဘဏ်တွေရဲ့ ပူးပေါင်း လုပ်ဆောင်မှုလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘဏ်တွေနဲ့ စကားပြောဆို ဆွေးနွေးရမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အခုပြောခဲ့တာတွေ လုပ်ဆောင်ဖို့ ဆိုတာ အချိန်ယူဖို့ လိုမယ်လို့ ထင်ပါတယ်။ နှစ်တချို့တောင် ကြာနိုင်ပါတယ်။ တီတွန်တို့ အနေနဲ့ ဘယ်တော့ အပြီး ဆောင်ရွက်မယ် ဆိုပြီး အချိန်ကာလ အပိုင်းအခြား တစ်ခု သတ်မှတ်ထားတာရော ရှိလား။

တီတွန် မီထြာ။ ။ ဟုတ်ကဲ့၊ အချိန်ကာလ အပိုင်းအခြားဆိုတာ ရနိုင်မယ့် ရင်းမြစ်တွေ အပေါ်မှာလည်း အတော်လေး မှီခိုနေပါတယ်။ ကျွန်တော်တို့က သောင်းနဲ့ချီတဲ့ အိုးအိမ်သစ် ဖော်ထုတ်ပေးရေး စီမံကိန်းကြီးကို ရည်မှန်း ထားတယ် .... အတွေ့အကြုံတွေအရ နှစ်တချို့ထိ ကြာနိုင်တယ် .... ဒါပေမယ့် လက်တွေ့မှာ အရင်းအနှီးတွေ လုံလောက်အောင် ရှိမနေဘူး ဆိုရင် .... ဆင်းရဲသူတွေထဲကမှ အဆင်းရဲဆုံး၊ လိုအပ်ချက် အများဆုံး၊ အထိခိုက် အလွယ် ဆုံး လူတွေ အတွက် စပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့မှာ လူအင်အားကတော့ လုံလောက်အောင် ရှိနေပါတယ်။ တခြား ရင်းမြစ်တွေ ရှိလာပြီ ဆိုရင် အိုးအိမ်သစ် ဆောက်ရေး ဆိုတာကို ၁ နှစ် အတွင်း အကောင်အထည်ဖော်လို့ ရနိုင်ပါတယ်။ လူတွေ ၆ လ ကနေ တစ်နှစ် အတွင်း အိုးအိမ်တွေနဲ့ အခြေတကျ၊ အနေတကျ ဖြစ်သွားနိုင်ပါတယ်။

ပြည်သူ့ဝန်ဆောင်မှု အဆောက်အအုံတွေ ပြင်ဆင်တာနဲ့ လမ်း တံတားတွေလိုမျိုး လူမှု အသိုင်းအဝိုင်းအတွက် အခြေခံ အဆောက်အအုံတွေ ပြန်လည် ပြင်ဆင်တာမျိုးတွေကိုလည်း ခပ်မြန်မြန်ဆန်ဆန် လုပ်လို့ ရနိုင်ပါတယ်။ အတော်လေးကြီးတဲ့ အဆောက်အအုံကြီးတွေ ဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ အချိန် ယူရနိုင်ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်ကတော့ ငလျင်ဒဏ်သင့်တဲ့ နေရာတွေဆီ အရောက် သွားနိုင်ရေး၊ မြန်မြန်ဆန်ဆန် သွားနိုင်ရေး ဖြစ်ပါတယ်။ အခု ငလျင်ဘေး ကြုံရတဲ့ ဒေသတွေရဲ့ ၇၀ % ဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က ဒေသတွေ ဖြစ်ပါတယ်။

အခု လက်ရှိ အတွေ့အကြုံတွေ အရ အဲဒီ ဒေသတွေဆီ အရောက် သွားနိုင်ပါတယ်။ အဲဒီလို သွားနိုင်ခြင်း ရှိမရှိ ဆိုတာကလည်း ထူထောင်ရေး လုပ်ငန်းတွေ ဘယ်လောက် ကြာမလဲ ဆိုတာကို အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။ စစ်တပ် ထိန်းချုပ်မှုအောက် မရှိတဲ့ ဒေသတွေ အတွက် ဆိုရင်တော့ အရောက်သွားနိုင် မသွားနိုင် "access" ရှိနိုင် မရှိနိုင် ဆိုတဲ့ ကိစ္စက လွယ်ကူ ရိုးရှင်းမှာ မဟုတ်ပါဘူး။ အတော်လေး စိန်ခေါ်မှု ကြီးနိုင်ပါတယ်။

ဘီဘီစီ။ ။ ဒီတော့ တီတွန်တို့မှာ ငွေရှိလား။ လုံလောက်တဲ့ ရန်ပုံငွေ ရှိလား။ ကုလ အေဂျင်စီတွေ အနေနဲ့ ဖွံ့ဖြိုးရေး တွေ လုပ်နိုင်ဖို့ လုံလောက်တဲ့ ရန်ပုံငွေ မရှိ ဖြစ်နေတယ် ဆိုတာမျိုးက အမြဲကြားနေရတဲ့ စကား မဟုတ်လား။

တီတွန် မီထြာ။ ။ အင်း ... ကျွန်တော် အစောပိုင်းမှာ ပြောခဲ့သလို အခု ကြုံရတာတွေဟာ မြန်မာ ပြည်သူတွေ အတွက် ရှိနှင့်ပြီး အကျပ်အတည်းတွေ အပေါ် ထပ်ဆင့် တင်ပေးလိုက်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပါတယ်။ အဲဒီ ရှိနှင့်ပြီး အကျပ်အတည်းတွေကို ရည်မှန်း ဘတ်ဂျက် ပမာဏရဲ့ ၅ % လောက်နဲ့ပဲ တုံ့ပြန် ကိုင်တွယ် နေခဲ့ရတာ ဖြစ်ပါတယ်။ ဘတ်ဂျက် လိုငွေဟာ အဲဒီလောက်ထိ ကြီးပါတယ်။

ကဲ အခု ငလျင်ဘေးကြီးနဲ့ ကြုံလာရပါပြီ။ အခြေခံ အဆောက်အအုံပိုင်း ပျက်စီးသွားမှုရဲ့ အတိုင်းအတာ ပမာဏဟာ ဒေါ်လာ ၅ ဘီလျံ၊ ဒေါ်လာ သန်းပေါင်း ၅ ထောင် လောက်ထိ မြင့်မား နိုင်ပါတယ်။ အဲဒီလောက် အတိုင်းအတာ ပမာဏမျိုး ပြည့်မှီဖို့ အထိ နိုင်ငံတကာ အသိုင်းအဝိုင်းထံကနေ ရဖို့ မဖြစ်နိုင်ပါဘူး။ စစ်အာဏာပိုင်တွေ အနေနဲ့ ငလျင်ဘေး ပြန်လည် ထူထောင်ရေးနဲ့ ပြန်လည် တည်ဆောက်ရေးတို့ကို အကျိူးရှိရှိ ထိထိရောက်ရောက် လုပ်နိုင်လောက်အောင်အထိ ဘတ်ဂျက်ငွေ သုံးစွဲမလား ... ချပေးမလား ဆိုတာလဲ ကျွန်တော်တို့ မသိပါဘူး။

ဘီဘီစီ ။ ။ ဟုတ်ကဲ့၊ ဒီနေရာမှာ ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ချင်တာ တစ်ခုက UNDP အပါအဝင် ကုလ အဖွဲ့အစည်းတွေ အနေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်ဝေတာက စလို့ ကူညီရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံထဲ ဘယ်လို ပုံစံ လုပ်ဆောင်ရတာလဲ။ အဲဒီလို လုပ်ဖို့ ဘယ်သူနဲ့ ၊ ဘယ် အဖွဲ့အစည်းမျိုးနဲ့ ညှိနှိုင်း ဆောင်ရွက် ရတာလဲ။

တီတွန် မီထြာ။ ။ ပုံမှန် အရ ဆိုရင် ကျွန်တော်တို့ဟာ ကုလ ယန္တရားထဲမှာပဲ နိုင်ငံတကာ အစိုးရတွေက ဖြစ်စေ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ဖြစ်စေ အလှူရှင်တွေနဲ့ အဲဒီ အကူအညီ အထောက်အပံ့တွေကို ဖြန့်ဝေပေးမယ့်၊ အကောင်အထည် ဖော်ပေးကြမယ့် NGO အဖွဲ့တွေကို သူ့ ဆီလျော်လျာ အုပ်စု cluster လေးတွေ ဖွဲ့ပြီး ထားကြပါတယ်။ အဲဒီ အုပ်စု အဖွဲ့တွေကြား ညှိနှိုင်းမှုတွေ လုပ်ကြပါတယ်။

ပုံမှန် မဟုတ်တဲ့ အနေအထားမှာ ဆိုရင်တော့ ညှိနှိုင်း လုပ်ဆောင်မှုတွေဟာ ကုလ ယန္တရားထဲမှာပဲ တည်ဆောက်လို့ မရတော့ပါဘူး။ ဥပမာ ကျွန်တော်တို့ အနေနဲ့ စစ်အာဏာပိုင်တွေထံကမှ သိရမယ့် ၊ သိနိုင်တဲ့ သတင်း အချက်အလက်မျိုးတွေ ရှိနေပြီ ဆိုရင် သူတို့ဆီက ရယူရပါတယ်။ အဲဒါမှပဲ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ ရင်းမြစ်တွေကို အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အရေးပေါ် ကူညီထောက်ပံ့တဲ့ အစားအစာနဲ့ ဆေးဝါးလိုမျိုး၊ ယာယီတဲလိုမျိုးတွေကို ကုလအဖွဲ့တွေက ဖြန့်ဝေတာလား ... စစ်အာဏာပိုင်တွေ လက်ထဲ ထည့်ရတာလား။

တီတွန် မီထြာ။ ။ UNDP အနေနဲ့ အစားအသောက် မဟုတ်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေတာ ဖြစ်ပြီး၊ ကျွန်တော်တို့ ကိုယ်တိုင် ဆန်းစစ်ချက်နဲ့ ဘယ်သူတွေ အလိုအပ်ဆုံး ဖြစ်နေတယ် ... ဘယ်နေရာမှာ အလိုအပ်ဆုံး ဖြစ်နေတယ် ဆိုပြီး ဆုံးဖြတ် ပို့ဆောင်ပါတယ်။ တခြား ကုလ အေဂျင်စီ အဖွဲ့တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်ရပြီး ဒါဟာ ကုလ ယန္တရားတွေ အတွင်းမှာ ဖြစ်ပါတယ်။ တကယ်တမ်း ပို့ဆောင် ဖြန့်ဝေတဲ့ အခါ NGO တွေနဲ့ လက်တွဲ လုပ်ဆောင်ရတာမျိုး ရှိပါတယ်။

အဲဒီအခါမှာ ပို့ဆောင်တဲ့ ယာဥ်တွေကို ပြည်တွင်း ပြည်ပ NGO တွေက သူတို့ ဘာသာ စီစဥ်ကြပါတယ်။ ဒီတော့ ပြောရရင် လုပ်ငန်းစဥ် တော်တော်များများကို ကုလ စနစ်ယန္တရား အတွင်းမှာပဲ ထားပြီး လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။

ဘီဘီစီ။ ။ တီတွန်ပြောခဲ့တယ်။ ငလျင်ဘေး သင့်ခဲ့တဲ့ နေရာတွေရဲ့ ၇၀ ရာခိုင်နှုန်းက စစ်ကောင်စီ ထိန်းချုပ်တဲ့ နေရာတွေမှာလို့ ဆိုတယ်။ ဒီတော့ ကျန်တဲ့ ၃၀ % က စစ်ကောင်စီ ထိန်းချုပ်တဲ့ နေရာတွေ မဟုတ်ဘူးလို့ နားလည်ရတယ်။ အဲဒီနေရာတွေကိုရော နိုင်ငံတကာ အထောက်အပံ့တွေ ဝင်ရောက်နိုင်လား။

တီတွန် မီထြာ။ ။ အဲဒီ ဒေသတွေကိုလည်း ကူညီရေး အထောက်အပံ့တွေ ရောက်ရှိတယ် ဆိုတဲ့ အချက်ကို ကျွန်တော်တို့ သတိထားမိပါတယ်။ ဒါပေမယ့် လုံလောက်အောင် ရလားဆိုတာက အလေးထားရမယ့် ကိစ္စ ဖြစ်နေပါတယ်။ ထိခိုက်မှုရဲ့ ၃၀ % လောက်ကို ပြည့်မှီအောင် အကူအညီ ရချင်မှ ရမယ် ဆိုပြီး ကျွန်တော် ဆန်းစစ်ထားပါတယ်။

ဒီတော့ စစ်ကောင်စီရော၊ တစ်ဘက်က အတိုက်အခံ အင်အားစုတွေရော အပစ်ရပ် ကြေညာကြတော့ စစ်ကောင်စီ ထိန်းချုပ်တဲ့ ဒေသ မဟုတ်တဲ့ နေရာတွေမှာလည်း စာနာမှု အကူအညီတွေ လုပ်နိုင်တဲ့ အခွင့်အလမ်းမျိုး ပွင့်လာမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အပစ်ရပ်မှု တည်တံ့ စေချင်ပါတယ်။ အဲဒါမှပဲ ကျွန်တော်တို့ ပိုပြီး လှုပ်သာရှားသာ ဖြစ်လာပြီး၊ လိုအပ်နေတဲ့ သူတွေဆီ စာနာမှု အကူအညီတွေ အရောက်ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့လည်း စစ်အာဏာပိုင်တွေကို ကျွန်တော်တို့ အမြဲ တိုက်တွန်းနေပါတယ်။

ဘီဘီစီ။ ။ စာနာမှု အကူအညီတွေ ပေးတဲ့ အခါ ကြုံရတဲ့ အဓိက အနှောင့်အယှက် အဟန့်အတားက ဘာလဲ ခင်ဗျ။

တီတွန် မီထြာ။ ။ နံပါတ် တစ် အဟန်အတားကတော့ "ရင်းမြစ်" "resources" ပဲ ဖြစ်ပါတယ်။ ကူနိုင်တဲ့ ပမာဏထက် လိုအပ်တဲ့ ပမာဏာက ပိုပြီး ကြီးမားနေတာက အခြေခံ အချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာသာ လုံလောက်တဲ့ ရန်ပုံငွေတွေ ရှိမယ် ဆိုရင်၊ လိုအပ်တဲ့ နေရာတွေဆီ ကျွန်တော်တို့ တကယ့်ကို အရောက် ပို့ပေးနိုင်စွမ်းပါတယ်။ ကျွန်တော်တို့ ကုလယန္တရား အတွင်းထဲမှာရော၊ မိတ်ဖက် အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေရော၊ လိုအပ်တဲ့ အကူအညီတွေကို ထိထိရောက်ရောက် လုပ်ပေးနိုင်လောက်တဲ့ လူအင်အား ရှိပါတယ်။

နံပါတ် နှစ် အဟန်အတားကတော့ "သွားရောက်နိုင်ခွင့်" "access" ကိစ္စ ဖြစ်ပါတယ်။ ငလျင်ဒဏ် သင့်တဲ့ ဘယ်နေရာကို မဆို ဘယ်လို အဟန့်အတားမျိုးမှ မရှိပဲ ကျွန်တော်တို့ သွားခွင့် ရှိသင့်ပါတယ်။

ဘီဘီစီ။ ။ ဒီတော့ ဟိုနေရာ မသွားရဘူး ဆိုပြီး စစ်တပ်က တားဆီးတာ၊ ဝင်ခွင့် ပိတ်တာမျိုးတွေ တီတွန် ကိုယ်တွေ့ ကြုံခဲ့ရလား။

တီတွန် မီထြာ။ ။ တကယ်လို့ ခင်ဗျားမေးတာက ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံ ဖြစ်စေ၊ UNDP အနေနဲ့ ဖြစ်စေ သွားလာခွင့် အပိတ်ခံရတာမျိုး ကြုံခဲ့လားဆိုရင် မကြုံခဲ့ပါဘူး။ လက်ရှိ အထိတော့ ကျွန်တော်ပြောခဲ့သလို ငလျင် ဒဏ် အထိနာဆုံး နေရာတွေဟာ မြို့ပြ ဒေသတွေ ဖြစ်ပြီး၊ ကျွန်တော်တို့ အာရုံ စိုက်ခဲ့တာကလည်း အဲဒီ အထိခိုက် အခံရဆုံး မြို့ပြ နေရာတွေ ဖြစ်ပါတယ်။

ဥပမာပြောရရင် ကျွန်တော်တို့ စစ်ကိုင်းမြို့ထဲ လွတ်လွတ်လပ်လပ်ပဲ ဝင်နိုင်ခဲ့ပြီး၊ စစ်ကိုင်းမြို့ အနှံ့လည်း အနှောင့်အယှက် အဟန့်တားကင်းကင်း သွားလာနိုင်ခဲ့ ပါတယ်။ စစ်ဆေးရေး ဂိတ်တွေမှာ ရပ်တန့်ခိုင်းတာ၊ စစ်ဆေးတာမျိုးလည်း မကြုံခဲ့ရပါဘူး။ ဒါပေမယ့် စစ်ကိုင်းမြို့ကိုလွန်ပြီး မြောက်ဘက်အထိ ဆက်ပြီး သွားရင်တော့ ဘာဖြစ်မလဲ ...ဘာတွေကြုံရမလဲ ... ခွင့်ပြုမှာလား ... အတားခံရမလား ဆိုတာတော့ မသိသေးပါဘူး။ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ လုပ်ဖော်ကိုင်ဘက် တခြား ကုလအေဂျင်စီက သူတွေ၊ စာနာမှု အကူအညီ ပေးနေသူတွေဆီကရော သူတို့ တားခံရတယ်တို့၊ ဘယ်နေရာကို ဝင်ခွင့်မပေးဘူး ဆိုတာမျိုးတွေရော ကြားရလား။

တီတွန် မီထြာ။ ။ အတူတူပါပဲ။ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ ငလျင် ကယ်ဆယ်ရေး အစိတ်အပိုင်းအနေနဲ့ သွားလာ လှုပ်ရှားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ပြဿနာ ကြီးကြီးမားမား ရှိတာမျိုး မကြားရပါဘူး။ ကျွန်တော်တို့ သိသမျှ ကန့်သတ်ချက် တစုံတရာ ချထားတာမျိုးလည်း မရှိပါဘူး။

လောလောဆယ်မှာတော့ စစ်ကောင်စီ ထိန်းချုပ် နယ်မြေတွေကနေ စစ်ကောင်စီ ထိန်းချုပ် နယ်မြေ မဟုတ်တဲ့ ဒေသတွေဘက်ကိုလည်း ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ မသွားပါဘူး။ တကယ်လို့ သွားမယ် ဆိုရင် တားဆီး ခံရမလား၊ စစ်ဆေးရေး ဂိတ်တွေမှာ ရပ်တန့်စေပြီး နောက်ကို ပြန်လှည့်ခိုင်းမလား ဆိုတာ မသိရသေးပါဘူး။ ကျွန်တော်တို့ ဆက် စောင့်ကြည့်ဖို့ လိုပါတယ်။