ယူကရိန်းကို ရုရှားကျူးကျော်မှု- ရုရှား နည်းဗျူဟာပြောင်းတိုက်တော့မယ်လို့ ယူကေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှား နည်းဗျူဟာပြောင်းတိုက်တော့မယ်လို့ ယူကေပြော
ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ရုရှားတို့ ပြောင်းလဲနိုင်ခြေရှိတဲ့ တိုက်ခိုက်ရေး နည်းဗျူဟာတွေကြောင့် အရပ်သား အသေအပျောက် ပိုများလာနိုင်ခြေရှိတယ်လို့ ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်တဲ့ စုံစမ်းထောက်လှမ်းမှု သတင်းတွေအရ သိရပါတယ်။
ရှရှားဘက်က အခုအချိန်ထိ သူတို့ မူလ ရည်မှန်းချက်ကို မအောင်မြင်သေးပါဘူးလို့လည်း ယူကေကာကွယ်ရေး ဝန်ကြီးဌာနက တွစ်တာမှာ ကြေညာခဲ့ပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
ရုရှား တပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော် သေဆုံးပြီလို့ ယူကရိန်းဘက်ကပြော
ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ပထမသုံးပတ်အတွင်း ရုရှားတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော် သေဆုံးခဲ့ပြီလို့ ယူကရိန်း စစ်တပ်ဘက်က ပြောပါတယ်။
ဒါ့အပြင် ရုရှားဘက်က စစ်လက်နက် ပစ္စည်းတွေ အများအပြားလည်း ဆုံးရှုံးခဲ့ပြီးပြီဖြစ်ပြီး အဲဒီထဲမှာ သံချပ်ကာကား အစီး ၁၄၇၀၊ တင့်ကား အစီး ၅၀ နဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် အစီး ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ဆိုပါတယ်။
ဒီအရေအတွက်ကို ဘီဘီစီက သီးခြား အတည်မပြုနိုင်ပေမဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး သတင်းတွေအရ ရုရှား တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၄၀၀၀ ကနေ ၂၁၀၀၀ ကြား ထိခိုက်ဒဏ်ရာရနိုင်ခြေရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ငါးယောက်မြောက် ရုရှား ဗိုလ်ချုပ် တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး Andrei Mordvichev ဟာ တိုက်ပွဲမှာ ကျဆုံးတဲ့ အဆင့်အမြင့်ဆုံး အရာရှိကြီး ဖြစ်ဖွယ်ရှိပြီး ဒီပြောဆိုမှုကို ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြို့လယ်လမ်းတွေက တိုက်ပွဲတွေကြောင့် မာရီယူပိုးလ်က ပိတ်မိနေသူတွေကို ကယ်ဖို့နှောင့်နှေး
ရုရှားဝိုင်းထားတဲ့ မာရီယူပိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့က ဗုံးကြဲခံခဲ့ရတဲ့ ပြဇာတ်ရုံမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ရာမှာ မြို့လယ် လမ်းတွေပေါ်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကယ်ဆယ်ရေး နှောင့်နှေးနေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
အဲဒီနေရာမှာ တင့်ကားတွေရော၊ အမြောက်တွေနဲ့ ပစ်နေတာရော အပြင် လက်နက်မျိုးစုံ ပစ်ခတ်နေတယ်လို့ သူက ပြောပါတယ်။
"ကျွန်တော်တို့ တပ်တွေက တတ်နိုင်သမျှ အကုန်လုပ်ပြီး မြို့ထဲက သူတို့နေရာကို ထိန်းထားဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ရန်သူ့တပ်တွေက ကျွန်တော်တို့ထက် အင်အားများတယ်"လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ခန့်မှန်းခြေ လူဘယ်လောက် ကယ်ထုတ်ထားနိုင်သလဲဆိုတာ သူမပြောနိုင်ဘဲ ဖြစ်နေပါတယ်။
ပိတ်မိနေတဲ့ သူတွေထဲက ၁၃၀ လောက်ကို ကယ်ထုတ်နိုင်ပြီး လူ ၁၀၀၀ လောက်ကျန်နေသေးတယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောထားပါတယ်။
အရပ်သားတွေ ရှိတဲ့ အဲဒီနေရာကို ပစ်ခတ်ခဲ့တာမရှိဘူးလို့ ရုရှားဘက်က ပြောထားပါတယ်။
မဟာဗျူဟာကျတဲ့နေရာမှာရှိတဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့ကို ရုရှားတပ်တွေ ဝိုင်းထားတာပါ။ လူ သုံးသိန်းလောက်မြို့ထဲ ပိတ်မိနေပြီး မီးမရ၊ ရေမရ၊ အနွေးဓာတ်မရ ဖြစ်နေကြပါတယ်။
မြို့ထဲကနေ လူ လေးသောင်းလောက်က ပြီးခဲ့တဲ့ ၅ ရက်အတွင်း ထွက်သွားနိုင်ခဲ့ကြပြီး နောက်ထပ် နှစ်သောင်းလောက်က ကယ်ဆယ်ရေးတွေကို စောင့်နေကြပါတယ်။
ဇာပရီးယားမှာ အပြင်မထွက်ရအမိန့် ထပ်တိုး
ဒီလအစောပိုင်းတုန်းက နျူးကလီးယား ဓာတ်အားပေး စက်ရုံ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ယူကရိန်း အရှေ့တောင်ပိုင်းက ဇာပရီးယားမြို့မှာ ကာဖျူး သက်တမ်း ထပ်တိုးလိုက်ပါတယ်။
အပြင်မထွက်ရအမိန့်ကို ဒီကနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီကနေ တနင်္လာနေ့ မနက် ၆ နာရီအထိ သတ်မှတ်လိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘာကြောင့် ထပ်တိုးတယ်ဆိုတာ အသေးစိတ် မပြောပေမဲ့ ပစ်ခတ်မှုတွေကြားက အနီးအနား မာရီယာပိုးလ်က လူတွေ အဲဒီကို ရောက်လာနေကြပါတယ်။
ဒီမြို့ဟာ ရုရှားဝိုင်းထားတဲ့ မာရီယာပိုးလ်ကနေ ရုရှားတပ်တွေ ရှေ့တိုးရောက်လာနိုင်တဲ့ လမ်းကြောင်းထဲမှာရှိနေနိုင်ခြေကြောင့်လည်း အခုလို မြို့ကို ပိတ်ဆို့လိုက်တာ ဖြစ်နိုင်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ်တွေက မသေချာသေး
ပြီးခဲ့တဲ့ ညမှာ ယူကရိန်း သမ္မတ ဇယ်လင်းဇကီးက "အခု တွေဆုံဖို့ အချိန်ကျပါပြီ။ အခု စကားပြောဖို့ အချိန်ကျပါပြီ"လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကြားဝင်စေ့စပ်ပေးတဲ့ တူရကီနဲ့ ဆွေးနွေးမှုတွေအရ ရုရှားသမ္မတ ပူတင်က ဇယ်လင်းကီးနဲ့ တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်။
ဒါပေမဲ့ မနေ့က လူထုကို ပူတင်ကို ပြောခဲ့ရာမှာ "ကျွန်တော်တို့ ရှေ့ဆက်ဘာလုပ်ရမယ်ဆိုတာကို သိတယ်။ ပြီးတော့ စီစဥ်ထားတာတွေကို အသေအချာ ဆက်လုပ်မယ်" လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ကျူးကျော်မတိုက်ခိုက်ခင်ကနေ အခုထိ လူတွေ မသိနိုင်သေးတာက ပူတင်က ယူကရိန်းကို ဘာလုပ်မှာလဲ ဆိုတဲ့ အစီအစဥ်ပါ။
မြေပြင်အခြေအနေတွေက ပူတင် ကြံစည်ထားတာတွေကို ရသေးပုံ မပေါ်သေးလို့ ရပ်ဦးမယ့်ပုံ မပေါ်သေးပါဘူး။
ယူကရိန်း မြေအောက်လက်နက်တိုက်ကို အသံထက်မြန်တဲ့ဒုံးနဲ့ ဖျက်ဆီးခဲ့တယ်လို့ ရုရှားပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်း မြေအောက် လက်နက်သိုလှောင်ရုံကို အသံထက်မြန်တဲ့ ဒုံးတွေသုံးပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူက ပြောပါတယ်။
အဲဒီ လက်နက်တိုက်မှာ ယူကရိန်းတွေရဲ့ ဒုံးကျည်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် လက်နက်ခဲယမ်းတွေ သိုလှောင်ထားတယ်လို့ ပြောပါတယ်။
အခုချိန်မတိုင်ခင်အထိ အသံထက်မြန်တဲ့ ဒုံးတွေသုံးခဲ့တယ်လို့ ရုရှားဘက်က ထုတ်မပြောသေးဖူးပါဘူး။
အဲဒီဒုံးတွေဟာ နည်းပညာမြင့် ပဲ့ထိန်းဒုံးတွေဖြစ်ပြီး ကမ္ဘာ့လေထု အပေါ်ပိုင်းကနေ အသံထက် ငါးဆမြန်နှုန်းနဲ့ သွားနိုင်ပါတယ်။
ရုရှား စစ်ဘက်ရဲ့ အဆိုအရ Kinzhal ဒုံးစနစ်က ဒုံးတွေဟာ ပစ်မှတ်ကို မိုင် ၁၂၀၀ ကျော် အကွာအထိ ပစ်ခတ်နိုင်ပြီး လက်ရှိ လေကြောင်းရန်ကာကွယ်ရေး စနစ်မှန်သမျှကို ရှောင်ကွင်းတိုက်ခိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။