ကိုဗစ်ကာကွယ်ဆေးတွေကို လှောင်ခဲ့ပြီး ဆေးထိုးဖို့ ငြင်းဆန်ခဲ့သူ ဗိုင်းရပ်စ်ကြောင့် သေဆုံး

ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ လူမှု ကွန်ရက်တွေပေါ်မှာ လှောင်ပြောင် ပျက်ရယ်ပြုနေခဲ့သူ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ နေထိုင်သူ စတီဗင် ဟာမန်းဟာ ဗိုင်းရပ်စ်နဲ့ တလကြာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲခဲ့အပြီးမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူဟာ Hillsong ဘုရားရှိခိုးကျောင်းရဲ့ အသင်းဝင်တယောက်လည်း ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမှုတွေကို လူသိရှင်ကြား ဆန့်ကျင်ခဲ့သလို ကာကွယ်ဆေး မထိုးရေးနဲ့ ပတ်သက်လို့လည်း ပျက်လုံးတွေထုတ် ဟာသလုပ်နေခဲ့သူ ဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ် စတီဗင် ဟာမန်းဟာ တွစ်တာပေါ်မှာလည်း ပရိတ်သတ် ၇,၀၀၀ လောက် ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ အတွင်းကတောင် ပြဿနာပေါင်း ၉၉ ခုလောက် ရှိပေမယ့် ကာကွယ်ဆေး ကိစ္စတော့ မပါဘူးလို့ တွိလုပ်ခဲ့ပါသေးတယ်။

သူဟာ လော့စ်အိန်ဂျလိစ္စ မြို့က ဆေးရုံတခုမှာ အဆုတ်ရောင် ရောဂါနဲ့ ကိုဗစ် - ၁၉ တို့ အတွက် တက်ရောက်ကုသမှု ခံယူခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စတီဗင် ဟာမန်းဟာ နောက်ဆုံး နေ့တွေ နီးလာချိန်မှာ သူ့ရဲ့ အသက်ရှင်ရေး အတွက် ကြိုးစား နေမှုတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။

ဆေးရုံခုတင်ပေါ်မှာ ရှိနေတဲ့ သူ့ဓာတ်ပုံတွေကို အွန်လိုင်းပေါ် တင်ခဲ့သလို သူ့ကို အသက်ရှူစက်ပေါ် တင်ဖို့ ပိုက်တပ်ပေးဖို့ လုပ်နေကြတယ် ဆုတောင်းပေးကြပါဦးလို့ ရေးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ သူ နောက်ဆုံး တွိ ခဲ့တဲ့ နေ့ဖြစ်ပြီး သူ အသက်ရှူပိုက်တပ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ရေးခဲ့ပါတယ်။

ဘယ်တော့မှ ပြန်နိုးထနိုင်မယ် မသိတော့ပါဘူး။ ဆုတောင်းပေးကြပါနော် လို့ ပြောခဲ့ပါတယ်။

သူဒီလို ပိုးနဲ့ တိုက်နေရပေမယ့် ကာကွယ်ဆေးတော့ ထိုးမှာ မဟုတ်ဘူးလို့ စတီဗင် ဟာမန်း က ပြောခဲ့ပါတယ်။ သူယုံကြည်ကိုးကွယ်ရာ ဘာသာတရားက သူ့ကို ကာကွယ်ပေးမှာပါလို့ ဆိုခဲ့ပါတယ်။

စတီဗင် ဟာမန်း ဟာ မကွယ်လွန်ခင်အထိ ကပ်ရောဂါနဲ့ ကာကွယ်ဆေး ထိုးရေးတွေကို အပြောင်အပြက် ပြောနေခဲ့သူ ဖြစ်ပါတယ်။ သူက အမေရိကန် ပြည်ထောင်စုရဲ့ ကူးစက်ရောဂါ ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ အန်သနီ ဖောက်ချီ ပြောတာတွေထက်စာရင် သမ္မာကျမ်းစာကို ပိုယုံကြည်တဲ့ အကြောင်း ပြောခဲ့သူ ဖြစ်ပါတယ်။

Hillsong အသင်းတော်ကို တည်ထောင်သူ Brian Houston က ကြာသပတေးနေ့မှာပဲ သူသေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုတဲ့ တွိကို တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

ကျွနု်ပ်တို့ မိတ်ဆွေ စတီဗင် ဟာမန်း ကိုဗစ်ကြောင့် ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကြေကွဲစရာ သတင်းကို အခုလေးပဲ Ben က လာပြောသွားခဲ့တယ်ဆိုပြီး Brian Houston က ရေးခဲ့ ပါတယ်။

အင်စတာ ဂရမ်ပေါ်မှာလည်း စတီဗင် ဟာမန်း ကို အောက်မေ့ဂုဏ်ပြုခဲ့ပါတယ်။ စတီဗင် ဟာမန်း ဟာ အင်မတန် အပေးအကမ်း ရက်ရော သဒ္ဓါတရား ရှိတဲ့ လူတယောက်ဖြစ်ပြီး သူ့မှာ လှပတဲ့ အနာဂတ် တခု ရှိနေခဲ့ပါတယ်လို့ ရေးခဲ့ပါတယ်။

သူ့ မြေးလေးတွေ ဘောလုံးကန်ရင် အမြဲ မစ္စတာ ဟာမန်း ရောက်လာတတ်တာကြောင့် သူ့ကို အားလုံးက သတိရနေကြမှာပါ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ရေးခဲ့ပါတယ်။

နောက်ပြီး အသင်းတော်က လူတွေကိုလည်း ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုဗစ် - ၁၉ ကူးစက်ခံရမှုတွ တိုးလာခဲ့ပြီး ဆေးရုံတင် ကုသမှု ခံယူရသူ အများစုဟာလည်း ကာကွယ်ဆေး မထိုးရသေးသူတွေ ဖြစ်ပါတယ်။