အမေရိကန်နဲ့တရုတ် - ပွန်ပေယိုရဲ့ တွစ်တာက ဓာတ်ပုံ

  • ရေးသားသူ, ကယ်ရီ အဲလ်လန်
  • ရာထူးတာဝန်, BBC Monitoring

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ တွိဒ်တခုက တရုတ်အစိုးရကို သူက သတင်းစကားတခု ပါးချင်တာလား ဆိုတဲ့အမေးကို ဖြစ်လာစေပြီး ဒီအပေါ် မှန်းဆပြောတာတွေဖြစ်ကုန်ပါတယ်။

မိုက်ခ် ပွန်ပေယိုက သူ့ ကိုယ်ပိုင် တွစ်တာအကောင့်ကနေ သူ့အိမ်မွေး ခွေးမလေး မာဆာနဲ့ အတူ ခွေးလေးရဲ့ အချစ်တော် အရုပ်ကလေးတွေကို ဓာတ်ပုံရိုက်ပြီးတင်ခဲ့ပါတယ်။

အရုပ်ကလေးတွေထဲ အလယ်မှာ အထင်ရှားဆုံးပေါ်နေတဲ့အရုပ်ကလေးက ဝင်နီ သည် ပူး (Winnie the Pooh) ဝက်ဝံရုပ်လေးပါ။

အဲဒီ ဝင်နီ သည် ပူး (ဝက်ဝံလေး) ဆိုတာက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နောက်ပြောင်ခေါ်ကြတဲ့ အမည်မို့ ဒီတွိဒ်က သိပ်အာရုံစိုက်စရာ တခုဖြစ်အောင် မီးထိုးပေးလိုက်သလိုပါပဲ။

တရုတ်က အင်တာနက်သုံးသူ(netizen)တွေ က မိုက်ခ် ပွန်ပေယိုကို သိပ်ချစ်ခင်ကြတာမဟုတ်ပါဘူး။ သူ့ကို "အလိမ်အညာ ဘုရင်" လို့ ခိုင်းနှိုင်းကြသလို "မိစ္ဆာ" လို့လည်း ခေါ်ကြတာပါ။

ဒါပေမဲ့ ဒီ နက်တီဇင်တွေ သူ့တွိဒ် အကြောင်းကို ပြောတော့မယ်ဆိုရင် ပြောရအတော်ခက်မယ့်အရေးနဲ့ ကြုံရမယ်ဆိုတာ ပွန်ပေယိုက ကြိုတွေးထားမိပုံရပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ခေါင်းဆောင်ကို နာမည်ပြောင်အဖြစ်သုံးတဲ့ စကားလုံးတွေကို အဲဒီမှာ အကြီးအကျယ် ဆင်ဆာဖြတ်လို့ပါ။

ဘာကြောင့် ဝင်နီ သည် ပူး (ဝက်ဝံလေး) ကို အရေးထားရတာလဲ

တရုတ်အစိုးရအနေနဲ့ သူတို့ ကွန်မြူနစ်ပါတီ အရာရှိတွေကို နောက်ပြောင်သရော်တဲ့ နာမည်ပြောင်တွေ၊ နှိမ့်ချတဲ့ ကွန်မန့်တွေကို သေသေချာချာလိုက်ပြီး ဆင်ဆာဖြတ်ပါတယ်။

ဒါပေမဲ့ နက်တီဇင်တွေကလည်း အွန်လိုင်းမှာ တရုတ်ခေါင်းဆောင်တွေကို ညွှန်းဆိုတဲ့အရေးအသား အခေါ်အဝေါ်တွေကို သူတို့နည်းနဲ့ သူတို့ ကြံဆရေးခဲ့ကြတာပါ။

ကာတွန်းထဲက ဝက်ဝံပုံလေးနဲ့ သမ္မတ ရှီရဲ့ ကိုယ်ခန္ဓာပုံပန်းကို နှိုင်းယှဉ်ထားတဲ့ပုံတွေ ၂၀၁၃ ခုနှစ်အတွင်းမှာ ထွက်တုန်းက နိုင်ငံတကာမှာ ပျံ့နှံ့ခဲ့ပါတယ်။

ကလေးတွေအချစ်တော် ဝက်ဝံပုံလေးက ဘေးဖြစ်စေတယ်ဆိုပြီး ဆင်ဆာကနေ ဖယ်ဖြစ်ဖို့က အတော်ခက်တာဆိုတော့ ချက်ချင်းဆိုသလို နာမည်ပြောင်က လူကြားထဲ ခပ်မြန်မြန်ပဲ ပျံ့သွားစေခဲ့ပါတယ်။

အရင်တုန်းကလည်း အလားတူနည်းလမ်းတွေသုံးပြီး တရုတ်ခေါင်းဆောင် ကျန်ဇီမင်းကို "ဖားပြုပ်" ဆိုတဲ့ နာမည်ပြောင်ကို ဖြစ်စေခဲ့ပါတယ်။

ဝင်နီ သည် ပူး (Winnie the Pooh) က တကယ့်အထိမခံ ကိစ္စလား

ပြောရရင် တကယ့်အထိမခံ ကိစ္စလို့ ပြောရမှာပါ။

ဝင်နီ သည် ပူး (Winnie the Pooh) ရယ်၊ အလားတူ စကားလုံးလေးတွေကို တရုတ်ဆိုရှယ်မီဒီယာတွေမှာ ဆင်ဆာဖြတ်ထားတာ ကြာပါပြီ။

တရုတ်မှာ လူသုံးများတဲ့ စိန ဝေဘို (Sina Weibo) မိုက်ခရို ဘလော့ခ်မှာ တက်ပြီး "ဝင်နီ (Winnie)" လို့ ရိုက်ရှာကြည့်ရင် အစိုးရက အတည်ပြုထားတဲ့ မီဒီယာတွေနဲ့ တရားဝင် စိစစ်ထားတဲ့ အကောင့်တွေကို ပဲတွေ့ရမှာပါ။

၂၀၁၉ တုန်းက ထိုင်ဝမ်ထုတ် ဗီဒီယိုဂိမ်းတခုဖြစ်တဲ့ Devotion ကို တရုတ်မှာပိတ်ထားပါတယ်၊ အဲဒီထဲမှာ ရှီကျင့်ဖျင်နဲ့ Winnie the Pooh ဝက်ဝံလေးကို သွယ်ဝိုက် ညွှန်းဆိုထားလို့ပါ။

ပွန်ပေယိုကရော ဘာရည်ရွယ်ချက်မှမထားဘဲ ဒီပုံကို တင်ခဲ့သလား

ပုံကိုကြည့်လိုက်ရင်တော့ သူ့ခွေးလေးနဲ့ ကစားစရာလေးတွေပါပဲ။ ဒါပေမဲ့ ဒီပုံကိုကြည့်ပြီး တခြားညွှန်းဆိုတာတွေဖြစ်နိုင်တယ်လို့လည်း တွေးကြမှာပါ။

မစ္စတာ ပွန်ပေယိုအနေနဲ့ "ခွေး" ဆိုတာကို အမေရိကန် ဒါမှမဟုတ် သူ့ကိုယ်သူ တင်စားညွှန်းဆိုနိုင်ဖွယ်ရာ ရှိနိုင်ပါတယ်။ တရုတ်မှာက "ခွေး" ဆိုတဲ့ စကားလုံး အသုံးအနှုန်းကို ရန်လိုတဲ့၊ အရိုင်းဆန်တဲ့ လူတွေ ဒါမှမဟုတ် နိုင်ငံတွေကို ရည်ညွှန်းပြောကြတာပါ။

တရုတ်ပြည်မကြီးမှာ အမေရိကန်နဲ့ မိုက်ခ် ပွန်ပေယိုကို ခွေးတွေ လို့ စဉ်ဆက်မပြတ် ခေါ်ဝေါ်ခဲ့ကြတာပါ။

တရုတ် တယ်လီကွန်း ကုမ္ပဏီကြီး ဟွာဝေရဲ့ ဘဏ္ဍာရေးမှူးချုပ်ကို အမေရိကန်ရဲ့ တောင်းဆိုချက်အရ ကနေဒါက ဖမ်းလည်းပေးရော၊ ကနေဒါရဲ့ နာမည်ပြောင်က အမေရိကန်ရဲ့ "ခွေး ခြေထောက်တွေ" ဆိုပြီးဖြစ်သွားတာပါ။

အခု ဒီအပေါ်မှာ လူတွေက ဘာတွေပြောနေကြလဲ

ထောင်နဲ့ ချီတဲ့ တွစ်တာ အသုံးပြုသူတွေက မစ္စတာ ပွန်ပေယိုရဲ့ တွိဒ်ကို ကွန်မန့်တွေရေးပြီး တုံ့ပြန်နေကြပါတယ်။

တရုတ်သမ္မတကို နောက်ပြောင်တဲ့ မီးစ် (memes) ပုံလေးတွေနဲ့လည်း ကွန်မင့်ရေးကြသလို၊ နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို အရုပ်လေးတွေနဲ့ ကစားနေတယ်လို့ လည်း ဆိုကြပါတယ်။

တရုတ်မှာတော့ တွစ်တာက အပိတ်ခံထားရသလို တရုတ်နိုင်ငံခေါင်းဆောင်တွေကို ညွှန်းဆိုတာတွေနဲ့ ပတ်သက်လို့ တားမြစ်ထားတဲ့အတွက် ဒီ ပိုစ့်နဲ့ ပတ်သက်ပြီး နိုင်ငံတွင်းမှာ ပြောကြဆိုကြတာ နည်းမှာပါ။

တရုတ်အစိုးရ မီဒီယာတွေကတော့ မေလကတည်းက စကားလုံးခပ်ကြမ်းကြမ်းတွေ သုံးပြီး မိုက်ခ် ပွန်ပေယိုကို ညွှန်းဆိုခဲ့တာပါ။

တရုတ်ရဲ့ ကိုဗစ် - ၁၉ အရေးကိုယ်တွယ်ပုံ၊ ဟောင်ကောင်အရေး၊ ရှင်ကျန်းပြည်နယ် အရေးတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ သူ့အဖွဲ့က ပြောဆိုချက်တွေအပေါ် သူတို့က "အလိမ်အညာ ဘုရင်" ၊ "မိစ္ဆာ" စသဖြင့် စကားလုံးတွေနဲ့ မိုက်ခ် ပွန်ပေယိုကို ခိုင်းနှိုင်းပြောခဲ့ပါတယ်။

အခုတော့ မိုက်ခ် ပွန်ပေယို က သူ့ တွစ်တာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးတွေပါဆိုတဲ့ အဖုံးအကွယ်နဲ့ တရုတ်ကို ထိုးနှက်နိုင်မယ့်နည်းကို တွေ့သွားပုံပါ။

အဲဒီအတွက် တရုတ်ကဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ အဖြေတွေ့သေးပုံမရပါဘူး။ နှုတ်ဆိတ်လို့သာနေပါတယ်။