မန္တလေးသံဃသမဂ္ဂသပိတ်က သံဃာတွေကို အရပ်ဝတ်က ဝင်ရောက်ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို မနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အရပ်ဝတ်နဲ့ ဝင်ရောက်ပြီး သံဃာတော် တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မန္တလေးသံဃသမဂ္ဂ သပိတ် စစ်ကြောင်းမှာ ပါဝင်တဲ့ သံဃာတွေက မိန့်ကြားပါတယ်။

မနေ့ကနေ့လယ်ပိုင်းမှာတော့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာပါဝင်တဲ့ မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးကျောင်းတိုက်က သံဃာဦးပညာသီဟကို အရပ်ဝတ်စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်မှာရှိတဲ့ ကားတစ်စီးကိုလည်း သိမ်းယူသွားခဲ့တယ်လို့ နီးစပ်တဲ့ သံဃာတော်တွေက ဘီဘီစီကို မိန့်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာပဲ မဟာဝိဇိတာရာမတိုက်နဲ့ တေဇာလင်္ကာရကျောင်းတိုက်တွေကိုလည်း ထပ်မံစီးနင်း ဝင်ရောက်ခဲ့ပြီး ဆရာတော်နဲ့တပည့် ရဟန်းတစ်ပါး၊ လူ နှစ်ဦးတို့ကို ခေါ်ဆောင် သွားပြီး ကား၂စီးဆိုင်ကယ် ၄စီးပါ သိမ်းယူသွားခဲ့တယ်လို့ မန္တလေးသံဃသမဂ္ဂသပိတ် စစ်ကြောင်းက သံဃာတွေကမိန့်ပါတယ်။

" မနေ့ကအဖမ်းခံရတာဆိုရင် သံဃာ ၃ပါး၊ လူ ၂ ယောက်၊ ကား၂စီးနဲ့ဆိုင်ကယ် ၄စီး။ အကုန် သိမ်းသွားတယ်။ တချို့ သံဃာတွေကိုတော့ သပိတ်မှာပါတဲ့ သံဃာတော်တွေကို လက်ခံထား တယ်ဆိုတဲ့ သံသယနဲ့ဖမ်းတာပါ။ အခုနောက်ပိုင်း သံဃသပိတ်စစ်ကြောင်းတွေကိုလည်း အရပ်ဝတ်တွေနဲ့ဖမ်းတာ၊ သပိတ်မှာ သံဃာတော်တွေ ကျောင်းတိုက်တွေမှာပုန်းအောင်းနေလို့ မရအောင်တင်းကျပ်တာတွေလုပ်လာတယ်။ ဒါသူတို့လမ်းစဉ်ပဲလေ။ သူတို့အာဏာတည်မြဲဖို့ သံဃသပိတ်စစ်ကြောင်း၊ လူငယ်သပိတ်စစ်ကြောင်း၊ PDF စတာတွေကို အကုန်ရအောင်လိုက်ဖြို မှာပဲ" လို့သံဃသပိတ်စစ်ကြောင်းကိုဦးဆောင်ပါဝင်တဲ့ဆရာတော်တစ်ပါး ဘီဘီစီကိုမိန့်ကြား ပါတယ်။

မန္တလေးမြို့ပေါ်က သံဃသမဂ္ဂ သပိတ်စစ်ကြောင်းအနေနဲ့ စစ်အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်းတွေ နေ့စဉ်မပျက်ထွက်လာတာ ရက်ပေါင်း ၂၃၂ ရက် ရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သံဃာတော်၅ပါးရှိနေပြီလို့ သံဃသမဂ္ဂထံက သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း မန္တလေးမြို့ပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတိုက်တွေက သံဃာ တော်တွေကို စာရင်းကောက်ယူတာ ၊ စစ်ဆေးတင်းကျပ်တာတွေဆက်လုပ်နေပေမယ့် သံဃာတော်တွေရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေကရပ်တန့်သွားမှာမဟုတ်ဘူးလို့ မန္တလေးသံဃသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။