အမျိုးသမီးတွေ လူကြားထဲ အသံမထွက်ရ၊ မျက်နှာမပြရဆိုတဲ့ တာလီဘန်ဥပဒေသစ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အလီ ဟူစိန်နီ
- ရာထူးတာဝန်, ဘီဘီစီ သတင်း၊ ပါရှား
အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်ဟာ “မွန်မြတ်သောအကျင့်ကို မြှင့်တင်ဖို့နဲ့ သုစရိုက်တိုးဖို့” ဆိုပြီး အများပြည်သူသွားလာတဲ့နေရာတွေမှာ အမျိုးသမီးတွေ အသံကျယ်ကျယ် စကားမပြောဖို့အပြင် အိမ်အပြင် ထွက်တာနဲ့ မျက်နှာကို ဖုံးကွယ်ထားရမယ်ဆိုတဲ့ တားမြစ်ချက်တွေကို ဥပဒေထုတ် ကန့်သတ်လိုက်ပါတယ်။
ကုလသမဂ္ဂ (UN)ကတော့ “သုစရိုက်တိုးဖို့နဲ့ မွန်မြတ်မှုအတွက်”လို့ ခေါ်နေတဲ့ ဒီကန့်သတ်ချက် ဥပဒေသစ်တွေကို ပြစ်တင်ရှုတ်ချခဲ့ပြီး အဲဒီပြဌာန်းချက်တွေကိုလည်း စိုးရိမ်ကြောင်း ပြောထားပါတယ်။
ကုလသမဂ္ဂ ထိပ်တန်းအရာရှိတစ်ယောက်က ဒီဥပဒေသစ်တွေဟာ “အာဖဂန်နစ္စတန်ရဲ့ အနာဂတ်အတွက် စိတ်ပျက်စရာရှုမျှော်ချက်တစ်ခု” လို့ ဆိုပြီး ပြီးခဲ့တဲ့ တနင်္ဂနွေက သတိပေးလိုက်ပါတယ်။
အဲဒီဥပဒေကို တာလီဘန် ဘာသာရေးအထွဋ်အထိပ် ခေါင်းဆောင် Haibatullah Akhundzada က အတည်ပြုပေးထားတာဖြစ်ပါတယ်။
အကျင့်သီလကောင်း ပြန့်ပွားရေးနဲ့ ဒုစရိုက်တားဆီးရေးဝန်ကြီးဌာနလို့ လူသိများတဲ့ ကိုယ်ကျင့်တရား ဝန်ကြီးဌာနကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဘယ်သူကမှ ဒီဥပဒေကနေ ကင်းလွတ်ခွင့်မရှိစေရလို့ အလေးအနက်ပြောထားပါတယ်။
ဒီစည်းမျဉ်းစည်းကမ်း အသစ်တွေဟာ “Mohtasabeen”ဆိုတဲ့ (တာလီဘန် ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့)က အာဖဂန်နိုင်ငံသားတွေရဲ့ ဝတ်စားဆင်ယင်တာတွေ၊ အများပြည်သူနေရာတွေမှာ စားသောက်နေထိုင်တာတွေ အပါအဝင် လူနေမှုဘဝတွေကိုပါ ဝင်ရောက်စွက်ဖက်ခွင့် ရှိလာစေပါတယ်။
လူအများရှေ့မှာ အသံထွက်ပြောဆိုတဲ့ အမျိုးသမီးတွေရဲ့ စကားပြောဆိုသံတွေကလည်း “မကောင်းမှု” ဖြစ်တယ်လို့ ဥပဒေသစ်အရ မှတ်ယူမှာဖြစ်ပါတယ်။ ဥပဒေသစ်ရဲ့ တားမြစ်ချက်ထဲမှာ နောက်ထပ်ပါတာကတော့ “အရွယ်ရောက် အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်အပြင်ထွက်တဲ့အခါတိုင်းမှာ အသံ၊ မျက်နှာနဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားဖို့ တာဝန်ရှိတယ်”လို့လည်း ကန့်သတ်ထားပါတယ်။
အဲဒီဝန်ကြီးဌာနဟာ လက်ရှိမှာ ရှာရီယာဥပဒေ(အစ္စလာမ်ဘာသာရေးဥပဒေ)ကို အခြေခံတဲ့ အလားတူ ကိုယ်ကျင့်ပြုပြင်ဖို့ လိုအပ်တဲ့ပြုကျင့်ဖွယ်ရာတွေဆိုကာ လူထုကို ကျင့်သုံးခိုင်းတာတာတွေရှိနေပြီး လက်ရှိမှာ အဲဒီပြုကျင့်ဖွယ်တွေကို မလိုက်နာသူ ထောင်ပေါင်းများစွာကိုလည်း ထိန်းသိမ်းထားတယ်လို့ ပြောထားပါတယ်။
တာလီဘန်တွေရဲ့ ပြောဆိုချက်အရ အခုစည်းမျဉ်းတွေကိုတော့ ရှာရီယာဥပဒေပါ အချက်အလက်ကို ကိုက်ညီအောင် ကျင့်သုံးတာဖြစ်ပြီး ဒီသတ်မှတ်ချက်တွေကို လိုက်နာကျင့်သုံးကြအောင် ကိုယ်ကျင့်တရားဝန်ကြီးဌာနက ဦးဆောင်ဦးရွက်ပြုမှာ ဖြစ်ပါတယ်။ ဒီဥပဒေကလည်း ၂၀၂၂ ခုနှစ်မှာ တာလီဘန် ဘာသာရေးအထွဋ်အထိပ်ခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကို အခြေတည်တာဖြစ်ပြီး အခုတော့ ဥပဒေအဖြစ်နဲ့ တရားဝင် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဒီဥပဒေက ဘာတွေပြောထားလဲ

ဒီဥပဒေထဲမှာဆိုရင် “အမျိုးသားတွေကို သွေးဆောင်ဖြားယောင်းတာနဲ့ ဒုစရိုက်ဖြစ်ပွားတာတွေကို ရှောင်ရှားဖို့” အမျိုးသမီးတွေက သူတို့ရဲ့မျက်နှာ အပါအဝင် ကိုယ်ခန္ဓာကို ဖုံးအုပ်ထားရမယ်လို့ ဖော်ပြထားပါတယ်။
အဲဒီမှာ ပြောထားတာတွေက -
- အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ခန္ဓာကို လုံးဝဖုံးထားရမယ်။
- အမျိုးသမီးတစ်ယောက်ဟာ "သွေးဆောင်ခြင်း" ကို မပြုမိအောင် ကိုယ့်မျက်နှာကို ဖုံးအုပ်ထားရမယ်။
- အမျိုးသမီးတစ်ယောက်ရဲ့အသံကိုလည်း “အောဝါ” လို့ သတ်မှတ်ပြီး လူသူကြားထဲမှာ မကြားသင့်တဲ့အရာအဖြစ် မှတ်ယူပါတယ်။ အောဝါဆိုတဲ့ အာရဗီ စကားလုံးကတော့ ဖုံးအုပ်ထားဖို့လိုအပ်တဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ အောဝါဟာ လူသူကြားမမြင်သင့် မမြင်အပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။
- အမျိုးသမီးတွေဟာ ကိုယ့်အိမ်ထဲမှာတောင် သီချင်းဆိုတာ၊ အသံကျယ်ကျယ် စာဖတ်တာတောင် မလုပ်ရပါ။
- အမျိုးသမီးတွေရဲ့ အဝတ်အစားတွေဟာ ခန္ဓာကိုယ်နဲ့ ကပ်မနေသင့်သလို တိုတာ ဒါမှမဟုတ် တင်းကျပ်တာမျိုးလည်း မဖြစ်ရပါဘူး။
- အမျိုးသမီးတွေဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ မျက်နှာကို ဆွေမျိုးမောင်နှမ သားချင်း မဟုတ်သူ၊ ကိုယ့်အိမ်ထောင်မဟုတ်တဲ့ တခြားအမျိုးသားတွေရှေ့မှာ ဖုံးကွယ်ထားရမှာပါ။
အမျိုးသားတွေကိုလည်း အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာတွေကို ကြည့်တာကို တားမြစ်ထားပါတယ်။ အဲဒီလိုပဲ အရွယ်ရောက် အမျိုးသမီးတွေကလည်း အမျိုးသားတွေကို ကြည့်လို့မရပါဘူး။
အမျိုးသားများအပေါ် ကန့်သတ်ချက် အသစ်များ

ကိုယ်ကျင့်တရားဥပဒေသစ်ဟာ အမျိုးသားတွေအပေါ်မှာလည်း ကန့်သတ်ချက်တချို့ ပြဌာန်းထားပါသေးတယ်။
အမျိုးသားတွေဟာ အိမ်အပြင်ကို ထွက်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်အလယ်ပိုင်း ခါးကနေ ဒူးအထိ ဖုံးအုပ်ထားရမှာပါ။ ဘာကြောင့်လဲဆိုရင် အဲဒီအစိတ်အပိုင်းတွေကို ဖုံးအုပ်ထားသင့်တဲ့အရာလို့ သတ်မှတ်ထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်နေတာကြောင့် ဖြစ်ပါတယ်။
ပြည်နယ်တော်တော်များများမှာရှိတဲ့ ဆံပင်ညှပ်သမားတွေက အမျိုးသားတွေကို မုတ်ဆိတ်ရိတ်ပေးတာ၊ တိပေးတာတွေကို တာလီဘန်တွေက တားမြစ်ထားပြီး ဒါတွေက ရှာရီယာဥပဒေနဲ့ အညီဖြစ်တယ်လို့ အခိုင်မာပြောပါတယ်။
နည်းဥပဒေအသစ်ရဲ့အောက်မှာဆိုရင် မုတ်ဆိတ်မွှေးတွေဟာ လက်ချောင်းအရှည်တိုင်း ရှိရမယ်ဆိုပါတယ်။ ဒီကိုယ်ကျင့်တရား ဥပဒေမှာ အမျိုးသားတွေ လည်စည်းအဝတ် ဝတ်ဆင်တာကိုလည်း တားမြစ်ထားပါတယ်။
မိုတာစဘင်းဆိုတာ ဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိုတာစဘင်း(Mohtasabeen) ဆိုတာက ဥပဒေကို လိုက်နာရေး စိစစ်ကြပ်မတ် ဆောင်ရွက်ဖို့ တာဝန်ယူထားကြသူတွေဖြစ်ပြီး ပြည်နယ်အားလုံးမှာ သူတို့ရှိမှာ ဖြစ်ပါတယ်။ သူတို့တွေက ဥပဒေ လိုက်နာမှု ရှိ မရှိကို ကြီးကြပ်ပြီး မလိုက်နာတဲ့သူတွေကို တရားရုံးကို ရောက်အောင် ဆောင်ကျဥ်းမယ့်သူတွေ ဖြစ်ပါတယ်။
ဥပဒေသစ်ရဲ့ ပြဌာန်းချက်တွေနဲ့အတူ သူတို့ရဲ့ စီမံခန့်ခွဲပိုင်ခွင့် အာဏာတွေဟာ အရင်ကထက် ပိုပြီးခိုင်မာလာပါတယ်။ အထူးသဖြင့် သူတို့ဟာ တာလီဘန်ခေါင်းဆောင်ရဲ့ အပြည့်အဝ ထောက်ခံမှု ရရှိထားတာကြောင့် ဖြစ်ပါတယ်။
အိမ်အပြင်ကို လွင့်ပျံလာတဲ့ အမျိုးသမီးတွေရဲ့ အသံတွေနဲ့ သီချင်းသံတွေကို သူတို့က တိတ်ဆိတ်စေမှာဖြစ်ပြီး ကန့်သတ်ထားတဲ့ ဆံပင်၊ မုတ်ဆိတ်ပုံစံမထားတဲ့ ဥပဒေမလိုက်နာတဲ့ အမျိုးသားတွေကိုလည်း မုတ်ဆိတ်၊ ဆံပင်ညှပ်ဖို့ တောင်းဆိုပါလိမ့်မယ်။
ဒီဥပဒေမှာ ပြောထားတာက ကျင့်ဝတ်ထိန်းသိမ်းရေးရဲတပ်ဖွဲ့တွေဟာ ဖခင် ဒါမှမဟုတ် အရွယ်ရောက်တဲ့ အစ်ကို၊ မောင်တွေ မပါဘဲ ဟီဂျပ်မဝတ်ထားတဲ့ အမျိုးသမီးတွေ အငှားယာဥ် တားစီးတဲ့အခါ တင်ဆောင် ခရီးပို့ပေးတာမလုပ်ဖို့ အငှားယာဥ်မောင်းတွေကို တားမြစ်ထားပါတယ်။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကားတစ်စီးထဲမှာ ဘေးချင်းယှဉ်ထိုင်တာကိုလည်း ခွင့်မပြုပါဘူး။

ဓာတ်ပုံ ရင်းမြစ်, QUDRATULLAH RAZWAN/EPA-EFE/REX/Shutterstock
ဒီဥပဒေသစ်မှာဆိုရင် သက်ရှိတွေရဲ့ ဓာတ်ပုံတွေကို ပုံနှိပ်တာ၊ သိမ်းထားတာ၊ ဖန်တီးတာတွေကိုလည်း တားမြစ်ထားပါတယ်။ ဒါကြောင့် ငှက်တစ်ကောင်၊ တိရစ္ဆာန် ဒါမှမဟုတ် မိသားစုဝင် တစ်ယောက် ယောက်စတဲ့ သက်ရှိတစ်စုံတရာရဲ့ ပုံကို ပန်းချီရေးဆွဲတာကိုတောင် ကန့်သတ်လိုက်တာဖြစ်ပါတယ်။
စည်းကမ်းအသစ်အရ သက်ရှိတွေရဲ့ ရုပ်ထုတွေကို ရောင်းချ ဝယ်ယူမှုကိုလည်း တားမြစ်ထားပါတယ်။
ဥပဒေအရ ကျင့်ဝတ်ထိန်းသိမ်းရေးရဲတပ်ဖွဲ့ဟာ တိပ်ခွေ၊ ရေဒီယိုတွေကို ရှာရီယာ ဥပဒေအရ တေးသီချင်းဖွင့်တာဟာ “ဟာရမ်” မြောက်တာကြောင့် တိပ်ခွေနဲ့ ရေဒီယိုတွေကို အလွဲသုံးစားပြုလုပ်တာ ကာကွယ်ဖို့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့အနေနဲ့ ဒါကို ကြပ်မတ်ဖို့လည်း ဥပဒေအသစ်မှာ တောင်းဆိုထားတာ တွေ့ရပါတယ်။ ရုပ်ပုံတွေကို ကြည့်ရှုတာနဲ့ ထုတ်လုပ်တာအပြင် သက်ရှိတွေကို ရုပ်ရှင်ရိုက်ကူးတာကိုလည်း တားမြစ်ထားပါတယ်။
ဒါပေမဲ့ စည်းမျဉ်းသစ်တွေနဲ့ ဆန့်ကျင်နေတာကတော့ တာလီဘန်အစိုးရ အရာရှိအားလုံးနီးပါးဟာ ကင်မရာတွေမှာ ထွက်ပေါ်လာကြပါတယ်။အဲဒီထဲမှာ အခုဥပဒေစည်းမျဥ်းသစ်တွေကို ကိုင်တွယ်တဲ့ ကိုယ်ကျင့်တရားထိန်းသိမ်းရေးဝန်ကြီးဌာနက ဝန်ကြီး မိုဟာမက် ခါလက် ဟန်နာဖီတောင် ပါဝင်နေပါတယ်။
အရေးယူဒဏ်ခတ် ပိတ်ပင်မှုတွေက ဘာတွေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥပဒေသစ်မှာ ပြောထားတာက တကယ်လို့ လူတစ်ယောက်ဟာ “ရှုတ်ချစရာလုပ်ရပ်”တစ်ခုခုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်မယ်ဆိုရင် ဒီလုပ်ရပ်အတွက် ''ဘုရားဒဏ်ခတ်မှာ စိုးရိမ်ပြီး မကောင်းမှုပျောက်အောင် အကြံဉာဏ် ရယူတာ'' ကနေ ဒဏ်ငွေ၊ နောက် ထောင် ၃ ရက်ချမှတ်ခံရတာတွေအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီဥပဒေပြဌာန်းကျင့်သုံးတာကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။
အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထောက်အကူပြုအဖွဲ့က ခေါင်းဆောင် ရိုဇာ အိုတွန်ဘာယီဗာ ပြောတာက “ဆယ်စုနှစ်နဲ့ချီတဲ့စစ်ပွဲတွေပြီးတဲ့နောက်ပိုင်း၊ ကြောက်စရာကောင်းတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေရဲ့အလယ်မှာ အာဖဂန်လူထုဟာ ဆုတောင်းပွဲနောက်ကျနေရုံ၊ မိသားစုဝင်မဟုတ်တဲ့ ဆန့်ကျင်ဘက်လိင် တစ်ဦးတစ်ယောက်ကို ဖြတ်ကနဲ ကြည့်မိရုံနဲ့၊ ဒါမှမဟုတ် ကိုယ်ချစ်ရသူတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကို ပိုင်ဆိုင်ထားမိရုံနဲ့ ထောင်ဒဏ်ချမှတ်ခံရတာ ဒါမှမဟုတ် ခြိမ်းခြောက်ခံရတာထက်ပိုတဲ့ ပြုမူဆက်ဆံခံရတာမျိုး ထိုက်တန်ပါတယ်” လို့ ဘီဘီစီကို ပြောပါတယ်။
အပြည့်အဝ အကောင်အထည် မဖော်သေး
တာလီဘန်အစိုးရဟာ အီရန်နိုင်ငံလို ဘာသာရေးခေါင်းဆောင်တွေကပဲ နိုင်ငံကို အုပ်ချုပ်တဲ့ စည်းကမ်းတစ်ခုကို ချမှတ်လာတာဖြစ်ပြီး ကိုယ်ကျင့်တရားဥပဒေကို တရားဝင်အကောင်အထည်ဖော်ဖို့ နောက်ဆုတ်မှာ မဟုတ်ပေမဲ့ ကဘူးလ်မြို့တော်အပါအဝင် နိုင်ငံရဲ့ တချို့ဒေသတွေမှာတော့ ဥပဒေကို စနစ်တကျ အကောင်အထည် မဖော်သေးပါဘူး။
ကိုယ်ကျင့်တရားဝန်ကြီးဌာနရဲ့ သတင်းအရင်းအမြစ်တစ်ယောက်က နည်းဥပဒေတွေ ထပ်ထွက်လာနိုင်ဖို့ မူဘောင်တစ်ခုကို ရေးဆွဲနေတယ်လို့ ဘီဘီစီ ပတ်ရှ်တို ဌာနကို ပြောပါတယ်။
သူပြောပြချက်အရဆိုရင် ဒီမူဘောင်အပြီးသတ်တာနဲ့ တပြိုင်တည်း ဥပဒေအကောင်အထည်ဖော်တဲ့အခါမှာ ပိုပြီး ရှင်းလင်းလာလိမ့်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီဥပဒေအရ ပုဒ်မအများစုဟာ နိုင်ငံ့နေရာ အတော်များများမှာ စတင်နေပြီဖြစ်ပါတယ်။
အကျင့်သီလကောင်း ပြန့်ပွားရေးနဲ့ ဒုစရိုက်တားဆီးရေးဝန်ကြီးဌာနကတော့ အာဖဂန်နစ္စတန် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲမှာ အလုပ်အလုပ်ဆုံး ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။
အဲဒီဝန်ကြီးဌာနအပြောအရဆိုရင် ပြီးခဲ့တဲ့နှစ်မှာ ရှာရီယာဥပဒေကို မလိုက်နာတဲ့အတွက် လူပေါင်း တစ်သောင်းသုံးထောင်ကျော်ကို ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့တွေက ယာယီထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။