ရုရှား အတိုက်အခံ နာရေး ကျင်းပ - မတ်လ ၁ ရက် နိုင်ငံတကာသတင်းများ

russia

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နာဗယ်လ်နီရဲ့ နာရေးကို မော်စကိုမှာ ကျင်းပ

ရုရှား အတိုက်အခံ ခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီ ရဲ့ နာရေးကို မော်စကိုမြို့က ဘုရားကျောင်းတကျောင်းမှာ ကျင်းပနေချိန်မှာပဲ သူ့ကို ထောက်ခံသူ လူအုပ်ကြီးက အပြင်မှာ တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။

ရဲတွေအများကြီး ချထားတဲ့ကြားက သူတို့က နာဗယ်လ်နီရဲ့ နာမည်ကို ဟစ်အော် ခဲ့ကြပါတယ်။

မစ္စတာ နာဗယ်လ်နီရဲ့ ရုပ်အလောင်းကို သူနေခဲ့တဲ့ အရပ်က ဘုရားကျောင်းဆီ အနက်ရောင် အသုဘကားနဲ့ ယူဆောင်လာခဲ့ပါတယ်။

သမ္မတပူတင် အစိုးရကို အတိုက်အခံ လုပ်ခဲ့လို့ သူရဲကောင်းလို့ ရှုမြင်ခံရတဲ့ နာဗယ်လ်နီအတွက် ပန်းတွေကို ပူဆွေးသူတွေက ယူဆောင်လာကြပါတယ်။

ရုရှားအစိုးရကို အပြင်းထန်ဆုံး ဝေဖန်ခဲ့သူ အာတိတ် အကျဉ်းစခန်းမှာ အရင်နှစ်ပတ်က သေဆုံးခဲ့မှုကြောင့် သမ္မတ ပူတင် လက်ချက်နဲ့ သေတာဆိုပြီး သူ့ထောက်ခံသူတွေနဲ့ အနောက်အုပ်စု ခေါင်းဆောင်တချို့ဘက်က စွပ်စွဲမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒါကို ရုရှားအစိုးရက ပယ်ချခဲ့ပြီး သူ့နာရေးသတင်းကိုလည်း အစိုးရမီဒီယာတွေမှာ ချန်လှပ်ခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး ထိုးကျ

china, usa

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် ကုန်သွယ်ရေး တာဝန်ခံ ကက်သရင်းတိုင်

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး အဆက်အဆံ ထိုးကျနေတာဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး ကွဲပြားမှု ရှိလာတာကို ပြနေတဲ့အတွက် တိုးတက်မှု ဖြစ်နိုင်ကြောင်း အမေရိကန် ထိပ်တန်း ကုန်သွယ်ရေး အရာရှိတယောက်က ပြောကြားလိုက်ပါတယ်။

ဒီလို မကျဆင်းခင်က အမေရိကန်နဲ့ တရုတ် တနိုင်ငံနဲ့ တနိုင်ငံ မှီခိုမှု သိပ်များပြီး ထိခိုက်နစ်နာမှုတွေ ဖြစ်လာကာ တင်းမာမှုတွေ တက်လာနိုင်တယ်လို့ စိုးရိမ်ခဲ့ကြကြောင်း ကက်သရင်းတိုင်က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ် အပြန်အလှန် ရောင်းချတဲ့ ကုန်စည် အရေအတွက်ဟာ မနှစ်က ၁၇ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။

အမျိုးသား လုံခြုံရေးအတွက် ပူပန်မှုကြောင့် တရုတ်လုပ် လျှပ်စစ်ကားတွေကို စစ်ဆေးရမယ့် သွင်းကုန်စာရင်းထဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖြည့်စွက် ထည့်သွင်းလိုက်ပြီးနောက် ကက်သရင်းတိုင်ရဲ့ မှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့တွေကို ထိန်းချုပ်ဖို့ ဗီယက်နမ် ညွှန်ကြား

vietnam

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ညွှန်ကြားလွှာမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး လက်မှတ်ပါရှိ

ဗီယက်နမ်မှာ နိုင်ငံရေး အုံကြွမှု မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို တင်းကျပ်အောင် ထိန်းချုပ်ဖို့ အရာရှိတွေကို အမိန့်ပေးခဲ့ကြောင်း ကွန်မြူနစ် ခေါင်းဆောင်ပိုင်းဆီက ထွက်လာပုံရတဲ့ အထောက်အထားတခုက ပြနေပါတယ်။

လမ်းညွှန်ချက် ၂၄ လို့ သိကြတဲ့ ဒီစာရွက်ကို အပြည့်အစုံ စစ်ဆေးအတည်မပြုနိုင်ပေမယ့် ကွန်မြူနစ် ပါတီထုတ် စာရွက်စာတမ်းတွေထဲမှာ ဒီညွှန်ကြားချက်ကို ထည့်သွင်းဖော်ပြတာကို တွေ့ရတဲ့အတွက် အစစ်အမှန် ဖြစ်နိုင်ကြောင်း ပရောဂျက် ၈၈ ခေါ် ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောပါတယ်။

မနှစ် ဇူလိုင်လက ထုတ်တဲ့ ဒီညွှန်ကြားချက်မှာ ဗီယက်နမ်နဲ့ နိုင်ငံတကာ ဆက်ဆံရေး တိုးတက်လာတာကို အသိအမှတ်ပြုပေမယ့် အမျိုးသားလုံခြုံရေးက ဦးစားပေးထားပါတယ်။

ဗီယက်နမ် နိုင်ငံသားတွေ ပြည်ပ ခရီးသွားလာမှုကို ထိန်းချုပ်ဖို့ အရာရှိတွေကို အမိန့်ပေးထားပြီး အလုပ်သမား သမဂ္ဂတွေနဲ့ ပြည်ပ အဖွဲ့အစည်းတွေကို စောင့်ကြည့်လေ့လာဖို့လည်း ပါရှိပါတယ်။

နိုင်ငံထဲမှာ တဦးချင်း အခွင့်အရေးတွေကို ပိုဖိနှိပ် ထိန်းချုပ်လာနိုင်တဲ့ လက္ခဏာ ဆောင်နိုင်ကြောင်း သုံးသပ်သူတွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် မီး ၄၆ ယောက်သေ

bangladesh

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အပေါ်ထပ်တွေကို ချက်ချင်း မီးကူးသွား

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မြို့တော်က စားသောက်ဆိုင် တခု မီးလောင်ရာမှာ အနည်းဆုံး လူ ၄၆ ယောက်သေဆုံးခဲ့ပြီး သိသာတဲ့ မီးဘေး လုံခြုံရေး အားနည်းမှုတွေကြောင့် လောင်တာလို့ မီးသတ်သမားတွေက ပြောပါတယ်။

ဒီအဆောက်အဦမှာ အရေးပေါ် ထွက်ပေါက် မရှိသလို ထမင်းချက်တဲ့ ဂတ်စ်အိုးတွေကိုလည်း လှေကားဘေးနဲ့ မီးဖိုထဲမှာ ထားကြောင်း မီးသတ်ဌာန အရာရှိတယောက်က ပြောပါတယ်။

ခုနစ်ထပ် အဆောက်အဦရဲ့ အောက်ဆုံးထပ်က စားသောက်ဆိုင်မှာ ကြာသပတေးနေ့ညက မီးစလောင်ခဲ့ပြီး အပေါ်ထပ်တွေကို ချက်ချင်း မီးကူးသွားတဲ့အတွက် လူဒါဇင်နဲ့ချီပြီး ပိတ်မိနေခဲ့ပါတယ်။

လူအများအပြား မီးခိုးမွှန်ပြီး အသက်ရှူကျပ် သေဆုံးခဲ့ရသလို အသက်ဘေး စိုးရိမ်ရတဲ့အထိ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

ဒီအတွက် စုံစမ်းစစ်ဆေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ထုတ်ထားပါတယ်။